နေပြည်တော်စစ်ဆင်ရေးအထူးအဖွဲ့မှူး အပါအဝင်တိုင်းမှူးတွေ အပြောင်းအလဲဖြစ်

စစ်တပ်ရဲ့ အရေးပါတဲ့ စစ်ဆင်ရေးအထူးအဖွဲ့မှူး နှစ်နေရာ နဲ့ တိုင်းမှူး လေး နေရာအထိ ခုရက်ပိုင်းအတွင်း အပြောင်းအလဲတွေဖြစ်ခဲ့ပါတယ်။

နေပြည်တော်လုံခြုံရေးကို အဓိကကိုင်တွယ်ရတဲ့ အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့မှူး နေရာ နဲ့ ကချင်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး နဲ့ ချင်းပြည်နယ်တွေကို တာဝန်ယူရတဲ့ အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး နေရာတွေ အပြောင်းအလဲဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့မှူး အသစ်က ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်ဖြစ်လာပြီး သူက အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူးနေရာကနေ ရောက်လာတာပါ။

သြဂုတ်လဆန်းတုန်းက အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့မှူးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးက နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဖြစ်သွား လို့ အဲဒီနေရာက လစ်လပ်နေတာ ဖြစ်ပါတယ်။

‘’နေပြည်တော်က အရေးကြီးလို့ ရှာတာ တစ်လနီးပါးလောက်ကြာသွားတယ်။ ကြည့်ရတာ စိတ်ကြိုက်ရှာတွေ့ပုံမပေါ်ဘူး။ အဲဒါကြောင့် ကစထ (၁) ကို ကစထ (၆) ပြောင်းလိုက်ပုံရတယ်။’’ လို့ စစ်ရုံးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

လစ်လပ်သွားတဲ့ အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး နေရာကိုတော့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး ရောက်လာပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး အဖြစ်ရာထူးတိုးမြှင့်ခံရတာဖြစ်ပြီး မြစ်ကြီးနား အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် နဲ့ မန္တလေးအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တွေကို တာဝန်ယူရမှာ ဖြစ်ပါတယ်။

‘’သူက ဖိုက်တာ၊ တပ်ချုပ်က သူ့ကို သဘောကျတယ်’’ လို့ စစ်ရုံးက ဘီဘီစီ သတင်းအရင်းအမြစ်ကပြောပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော် နဲ့ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဟာ အမေရိကန် နဲ့ ဥရောပသမဂ္ဂက အရေးယူပိတ်ဆို့ခံရတဲ့ စာရင်းထဲမှာ ပါဝင်တဲ့ စစ်ဗိုလ်ချုပ်တွေ ဖြစ်ပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး နဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး နေရာတွေဟာ အရေးကြီးနေရာတွေဖြစ်ပြီး စစ်တပ်မှာ ရာထူးဆက်တိုးမယ့်သူတွေကို ထားလေ့ရှိပါတယ်။

ပြီးခဲ့တဲ့လပိုင်းက အမှတ်(၄)စစ်ဆင်ရေးအထူးအဖွဲ့မှူး ဖြစ်လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ က ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဟောင်း ဖြစ်ပါတယ်။

လစ်လပ်သွားတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနေရာကို ဗိုလ်ချုပ်ကြည်ခိုင်ရောက်လာပြီး သူက ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနေရာကနေ ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။

နေပြည်တော် တိုင်းမှူး ဗိုလ်ချုပ်ဝေလင်းကတော့ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနေရာကို ပြောင်းရွှေ့ခံရပြီး သူက နေပြည်တော် တိုင်းမှူးဖြစ်တာ လပိုင်းပဲ ရှိပါသေးတယ်။

နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးအသစ် အဖြစ် ဗိုလ်ချုပ်စောသန်းလှိုင် တာဝန်ပေးအပ်ခံရပြီး သူက ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး တာဝန်ကနေ ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်း အခြေစိုက်တဲ့ ကမ်းရိုးတန်းစစ်ဌာနချုပ်ဟာ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူး အရန်အင်အားပို့ခံရပြီးတဲ့နောက် တိုင်းမှူးအပြောင်းအရွှေ့ပါ ဖြစ်လာတာပါ။

ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ သတင်းထွက်ခဲ့တဲ့ တနင်္သာရီတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်း လည်း ဖယ်ရှားခံရပြီး ဗိုလ်မှူးကြီး မင်းမင်းလတ် က ဝန်ကြီးအသစ် ဖြစ်လာခဲ့ပါတယ်။

လက်ရှိအပြောင်းအရွှေ့တွေကို ကြည့်လိုက်ရင် စစ်တက္ကသိုလ် အပတ်စဉ် (၃၇)၊ (၃၈) နဲ့ (၃၉) က လူတွေ နေရာရလာတယ်လို့ စစ်ရေးအကဲခတ်တွေက ပြောပါတယ်။

အခု တပ်ထိပ်တန်းရာထူး အပြောင်းအလဲက ဒီလထဲမှာ ဒုတိယမြောက်ဖြစ်ပြီးတော့ သြဂုတ်လဆန်းက လည်း ဒုတိယ ဗိုလ်ချုပ်ကြီးတွေ အပါအဝင် တပ်အရာရှိ တစ်ဒါဇင်ကျော် အပြောင်းအရွှေ့ဖြစ်ခဲ့ပါသေးတယ်။

စစ်တပ်မှာ အရေးပါတဲ့ ရာထူးတစ်ခုဖြစ်တဲ့ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး ထိန်လင်း ခန့်အပ်ခံခဲ့ရပြီး သူကတော့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး နေရာကနေ တိုးမြှင့်ခန့်ထားခဲ့တာဖြစ်ပါတယ်။

အရင်က တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ရာထူးကို ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပူးတွဲ ကိုင်တွယ်ခဲ့ပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်မျိုးတင် ကို ခန့်အပ်ခဲ့ပေမဲ့ ကယားပြည်နယ်ဝန်ကြီးချုပ်အဖြစ် ပြောင်းရွှေ့လိုက်လို့ ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပူးတွဲ ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။

အဲဒီအပြောင်းအရွှေ့မှာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး နေရာ အပါအဝင် ဗိုလ်မှူးချုပ် ၁၀ ယောက်အထိ အပြောင်းအရွှေ့ လုပ်ခဲ့တာဖြစ်ပါတယ်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအသစ်က ဗိုလ်မှူးချုပ် ကြည်သိုက် ဖြစ်လာပါတယ်။

တစ်ဆက်တည်းမှာပဲ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ) တွေရှိတဲ့ လောက်ကိုင်၊ ကလေး၊ တနိုင်း နဲ့ ပြည် တို့မှာ ဒကစမှူးတွေ အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် တပ်အဆင့်အရာရှိတွေကို စစ်မြေပြင်ကွပ်ကဲမှု သင်တန်းတွေပေးနေတဲ့ စစ်ဦးစီးတက္ကသိုလ်ကျောင်းအုပ်ရာထူးအပြင်၊ တိုက်ခိုက်ရေးကျောင်းအုပ် တချို့လည်း အပြောင်းအရွှေ့တွေ ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်ကစလို့ စစ်ကောင်စီက အရပ်ဖက်မှာရော စစ်ဖက်မှာပါ အပြောင်းအရွှေ့တွေ လုပ်နေတာ ဖြစ်ပြီး တပ်မတော်အရန်အင်အားထဲက ဗိုလ်ချုပ်တွေ အပါအဝင် အရာရှိ ၆၁ ဦး အထိ တပ်က အနားပေးခဲ့ပါသေးတယ်။

စစ်ရေးအကဲခတ်တွေကတော့ တိုင်းမှူးတွေရဲ့ အထက်မှာရှိတဲ့ ကစထမှူး အပြောင်းအလဲတွေက အရေးကြီးတယ် လို့ထောက်ပြကြပါတယ်။

လက်ရှိပြောင်းလဲလိုက်တဲ့ အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့မှူး အသစ်က နေပြည်တော်ကို အဓိက တာဝန်ယူရမှာဖြစ်လို့ စစ်ကောင်စီရဲ့ နေပြည်တော်လုံခြုံရေးကို အာရုံစိုက်မှုကို မြင်သာစေတယ် လို့သုံးသပ်ပါတယ်။

ဒါ့အပြင် အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး အသစ်ကတော့ စစ်ရေးပြင်းထန်နေတဲ့ စစ်ကိုင်း၊ မကွေး၊ ကချင် နဲ့ ချင်း ကို ကိုင်တွယ်ရမှာဖြစ်လို့ အဲဒီနယ်မြေတွေမှာ တိုက်ပွဲတွေ ပိုဖော်ဆောင်လာနိုင်တယ် လို့ သုံးသပ်ကြပါတယ်။

‘’စစ်တပ်က ခံစစ်ရော တိုက်စစ်ပါ ပြင်လိုက်တဲ့သဘောပဲ’’ လို့ အငြိမ်းစား တပ်အရာရှိတစ်ဦးက သုံးသပ်ပါတယ်။