ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပြည်ထဲရေးဝန်ကြီးဟောင်းရဲ့ မိသားစုလုပ်ငန်းတွေ တိုင်ကြားခံရ
ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ရဲ့ မိသားစုစီးပွားရေးလုပ်ငန်းတွေ နဲ့ပတ်သက်လို့ တိုင်ကြားစာ အမြောက်အများရောက်နေတယ်လို့ စစ်ရုံးက လာတဲ့သတင်းတွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ အပတ်ကတည်းက ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ရုံးလာ မတက်တော့တဲ့အကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက သတင်းအရင်းအမြစ်တွေက ဘီဘီစီကို ပြောပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ပြီးခဲ့တဲ့ သြဂုတ်လဆန်းက ဝန်ကြီးနေရာအပြောင်းအလဲမှာ ပြည်ထဲရေးဝန်ကြီးနေရာကနေ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး အဖြစ်ပြောင်းရွှေ့ခဲ့ပါတယ်။
‘‘ဗိုလ်ချုပ်ကြီး စိုးထွဋ် ကို ဆေးခွင့်ပေးထားတယ်’’ လို့ စစ်ရုံးက သတင်းအရင်းအမြစ်က ဘီဘီစီကို ပြောပြီး ဝန်ကြီးဟာ သူ့နေအိမ်မှာ ရှိနေတယ် လို့ အတည်ပြုပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ဟာ အူမကြီးကင်ဆာဝေဒနာခံစားနေရပြီး ဒီရောဂါကြောင့်ပဲ ပြည်ထဲရေးဝန်ကြီးရာထူးကနေ အနားပေးခံရတာလို့ သုံးသပ်မှုတွေ ရှိသလို တိုင်ကြားမှုတွေကြောင့် အနားပေးခံရတာ လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ရဲ့ ကတော် ဒေါ်နီလာစိန်နဲ့ သားသမီးတွေက ပြည်ထဲရေးဝန်ကြီး အရှိန်အဝါကို သုံးပြီး ကုမ္ပဏီတွေထောင် လုပ်ငန်းအစုံလုပ်ခဲ့တဲ့အကြောင်း တိုင်ကြားထားကြတာလို့ စစ်ရုံးက သတင်းအမြစ်တစ်ဦးက ပြောပါတယ်။
‘‘ဆောက်လုပ်ရေးလုပ်ငန်း၊ စားသောက်ဆိုင် လုပ်ငန်း နဲ့ ရဲတပ်ဖွဲ့ကို ယူနီဖောင်း သွင်းတဲ့ ကိစ္စတွေကအစ ပါတယ်’ လို့ သူက ပြောပါတယ်။
စစ်ကောင်စီရဲ့ အကြောင်းတွေကို စုံစမ်းဖော်ထုတ်နေတဲ့ Justice For Myanmar ကတော့ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ရဲ့ သားတွေဟာ Cherry Chapter Myanmar Co. Ltd. နဲ့ Strong Step Co. Ltd တို့ကိုလည်း လုပ်ကိုင်လည်ပတ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီကုမ္ပဏီတွေက သတ္တုတူးဖော်ရေး၊ ရေနံနဲ့ သဘာဝဓါတ်ငွေ့ တူးဖော်ထုတ်လုပ်ရေး၊ ဆောက်လုပ်ရေး၊ ခရီးသွားလုပ်ငန်း၊ သစ်ထုတ်လုပ်ရေး၊ ကုန်စည်ထုတ်လုပ်ရေး၊ ကုန်းကြောင်း၊ လေကြောင်း၊ ရေကြောင်း သယ်ယူပို့ဆောင်ရေး၊ လက်လီလက္ကားကုန်သွယ်ရေး၊ ကုန်စည်သိုလှောင်ရုံလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ အနုပညာ၊ ဖျော်ဖြေရေး၊ လူမှုလုပ်ငန်းနဲ့ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေ အပါအဝင် လုပ်ငန်းကဏ္ဍအစုံမှာ ပါဝင် လုပ်ဆောင်နေတယ် လို့ ဖော်ပြထားပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနဟာ သူ့လက်အောက်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန နဲ့ မီးသတ်ဦးစီးဌာန တို့ ရှိလို့ အုပ်ချုပ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် တစ်နိုင်ငံလုံးကို လွှမ်းခြုံထားတဲ့ အရေးကြီးတဲ့ ဝန်ကြီးဌာန ဖြစ်ပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနအောက်က ဌာနတွေရဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေနဲ့ ဌာနဆိုင်ရာ အပြောင်းအရွှေ့တွေကအစ ဝန်ကြီးဟောင်း မိသားစုက ခြယ်လှယ်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
‘‘ဝန်ကြီးဟောင်း မိသားစုက လူမုန်းများတယ်။ အခုလို ရာထူးအရှိန်အဝါ အားနည်းသွားတဲ့အချိန်မှာ တိုင်ကြတာလို့မြင်တယ်’’ လို့ သူက ပြောပါတယ်။
ပြည်ထဲရေးဒုဝန်ကြီး နဲ့ ရဲချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင် လည်း ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် နဲ့ အဆင်မပြေခဲ့ဘူးလို့ ပြည်ထဲရေးနဲ့ စစ်ရုံး အသိုင်းအဝိုင်းကနေ သိရပါတယ်။
ဒါပေမဲ့ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ယုံကြည်စိတ်ချမှုကိုတော့ အရယူနိုင်ခဲ့သူလို့ စစ်တပ်အသိုင်းအဝိုင်းမှာ နာမည်ကြီးပါတယ်။
ဒါ့အပြင် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ရဲ့ ဇနီး ဒေါ်နီလာစိန်ဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ဇနီး ဒေါ်ကြူကြူလှနဲ့လည်း ရင်းနှီးတဲ့ဆက်ဆံရေးရှိသူဖြစ်တယ်လို့ စစ်တပ်အသိုင်းအဝိုင်းကနေ သိရပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ကိစ္စအဝဝ ကို တာဝန်ယူဆောင်ရွက်ရသူအဖြစ် စစ်ဗိုလ်ချုပ်တွေကြားမှာ နာမည်ကြီးပြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို အမည်ပြောင်အဖြစ် အထွေထွေမန်နေဂျာ (General Manager)လို့ ခေါ်ကြကြောင်းလည်း သိရပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ဟာ ၂၀၀၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရဟတ်ယာဉ်မတော်တဆမှုမှာ အတွင်းရေးမှူး(၂) ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးနဲ့အတူ ကွယ်လွန်ခဲ့တဲ့ ဝန်ကြီးချုပ်ရုံးဝန်ကြီး ဗိုလ်မှူးချုပ်လွန်းမောင်ရဲ့ သား ဖြစ်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ဟာ ဗိုလ်သင်တန်း အပတ်စဉ် ၆၄ (OTS – 64) ဆင်းဖြစ်ပြီး သူနဲ့ နှစ်တူတဲ့ စစ်တက္ကသိုလ်အပတ်စဉ်က(၂၄) ပါ။ လက်ရှိ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးသန်းထွန်းဦးတို့ရဲ့ အပတ်စဉ် ဖြစ်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ဟာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးကနေ စစ်ဥပဒေချုပ် ဖြစ်လာခဲ့ပြီး စစ်ရုံးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သဘောကျမှုကို အရယူနိုင်ခဲ့တယ်လို့ ဆိုကြပါတယ်။
ဒါကြောင့် တပ်ချုပ်ရဲ့ ယုံကြည်စိတ်ချရသူတွေကိုပဲ တာဝန်ပေးတဲ့ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ဖြစ်လာပါတယ်။
ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ကို ၂၀၂၀ ခုနှစ် မှာ အနားပေးပြီးတဲ့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ပြည်ထဲရေးဝန်ကြီးအဖြစ် အမည်စာရင်းသွင်းခဲ့ပါတယ်။
NLD အစိုးရလက်ထက်မှာ ပြည်ထဲရေးဝန်ကြီးဖြစ်ခဲ့တဲ့သူက အာဏာသိမ်းပြီးတဲ့နောက် စစ်အစိုးရမှာလည်း ပြည်ထဲရေးဝန်ကြီးအဖြစ် ပြန်လည်ပါဝင်လာပြီး စစ်ကောင်စီအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။
စစ်ကောင်စီရဲ့အစိုးရဖွဲ့စည်းပုံအပြောင်းအလဲမှာ ပြည်ထဲရေးဝန်ကြီးဟာ ဒုတိယဝန်ကြီးချုပ်အထိ တိုးမြှင့်ခံခဲ့ရပါတယ်။
ဒါပေမဲ့ ခြောက်လအတွင်းမှာပဲ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ရဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွားလာခဲ့ပြီး ပြည်ပအထိ သွားရောက် ကုသမှုခံခဲ့ရပါတယ်။
စစ်ကောင်စီရဲ့ အရေးပေါ်ကာလသက်တမ်း မတိုးခင် ဇူလိုင်လကတည်းက ပြည်ထဲရေးဝန်ကြီးအပြောင်းအလဲဖြစ်လိမ့်မယ်လို့ သတင်းတွေထွက်ခဲ့ပြီး တကယ်လည်း ပြည်ထဲရေးဝန်ကြီးနေရာက အနားပေးခံရကာ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က သူ့နေရာကို ဆက်ခံပါတယ်။
ပြည်ထဲရေးဝန်ကြီးဟောင်းရဲ့ တိုင်ကြားစာတွေ နဲ့ ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်ပဲ ဆုံးဖြတ်မှာဖြစ်တယ်လို့ စစ်ရုံးကလာတဲ့သတင်းတွေက ဆိုပါတယ်။