ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နေပြည်တော်ကိုတာဝန်ယူရတဲ့ ကစထ ၆ ကို တပ်အင်္ဂါစဥ်ကနေဖယ်ရှား
နေပြည်တော်လုံခြုံရေးကို အဓိကကိုင်တွယ်ရတဲ့ အမှတ် ၆ စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ-၆)ကို ဖျက်သိမ်းလိုက်ပြီး ကစထ-၅ အောက်ကို ထည့်သွင်းဖွဲ့စည်းလိုက်တယ်လို့ နေပြည်တော်က ဘီဘီစီသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
မြန်မာနိုင်ငံရဲ့ မြို့တော်ကို နေပြည်တော်ကို ရွှေ့ပြီးနောက်ပိုင်း ၂၀၀၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ကစထ-၆ ဟာ ၁၈ နှစ်အကြာမှာ တပ်အင်္ဂါစဥ်ကနေ ဖယ်ရှားခံရတာလည်း ဖြစ်ပါတယ်။
စစ်ဆင်ရေးအထူးအဖွဲ့နယ်မြေတွေထဲမှာ အမှတ် ၅ စစ်ဆင်ရေးအထူးအဖွဲ့က အရေးအကြီးဆုံးဖြစ်လာပြီး နေပြည်တော်တိုင်းစစ်ဌာနချုပ်နဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်အပြင် မန္တလေးနဲ့ တောင်ငူအခြေစိုက် စစ်တိုင်းနှစ်ခုကိုပါ တွဲကိုင်ရမှာပါ။
စစ်တိုင်းကွပ်ကဲမှုတိုးချဲ့ထားတဲ့ အမှတ် ၅ စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးကို ပြီးခဲ့တဲ့ရက်ပိုင်းကမှ ပြောင်းရွှေ့ခန့်အပ်ထားတာ ဖြစ်ပါတယ်။
ကစထ ၅ ခုရဲ့တာဝန်တွေ
စစ်ဆင်ရေးအထူးအဖွဲ့ မှူးတွေက တိုင်းစစ်ဌာနချုပ် ၁၄ ခုက တိုင်းမှူးတွေအထက်က ဒုတိယဗိုလ်ချုပ်ကြီးတွေဖြစ်ပြီး ၆ နေရာ ရှိရာကနေ ၅ နေရာပဲ ရှိတော့မှာဖြစ်ပါတယ်။
ကစထ-၁ က ကချင်ပြည်နယ်၊ မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုပဲ ကိုင်ရတော့မှာပါ။
ကချင်လွတ်လပ်ရေးတပ် KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF အားကောင်းတဲ့ နယ်မြေတွေလည်းဖြစ်ပါတယ်။
အရင် ကစထ-၁ အောက်က မန္တလေးအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ကစထ-၅ အောက်ကို ပြောင်းရွှေ့လိုက်ပါတယ်။
ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်ကိုကိုင်တွယ်ရတဲ့ စစ်တိုင်း ၄ ခု ပါဝင်တဲ့ ကစထ- ၂ က တော့အပြောင်းအလဲမရှိပါဘူး။
လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ခိုလမ် အခြေစိုက်အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နဲ့ ကျိုင်းတုံ အခြေစိုက်တြိဂံတိုင်းစစ်ဌာနချုပ်တို့က ကစထ-၂ အောက်မှာ ပါဝင်ပါတယ်။
ဒါကြောင့် ကစထ-၂ ဟာ အင်အားအကောင်းဆုံးတိုင်းရင်းသားလက်နက်ကိုင်တပ်ဖြစ်တဲ့ ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA အပါအဝင် ကိုးကန့်တပ်၊ တအာင်းတပ်၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်တွေနဲ့ ရင်ဆိုင်ရတဲ့ နယ်မြေဖြစ်ပါတယ်။
ကစထ-၃ ကတော့ ရခိုင်ကိုတာဝန်ယူရတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် နှစ်ခုကို တာဝန်ယူရမှာဖြစ်ပြီး အနောက်ဘက် တကျောလုံးဖြစ်ပါတယ်။
ဒီနယ်မြေကတော့ အာရက္ခတပ်တော်နဲ့ အဓိက ရင်ဆိုင်နေရတာဖြစ်ပါတယ်။
ကစထ-၄ က အပြောင်းအလဲမရှိဘဲ မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်နဲ့ တနင်္သာရီတိုင်းကို တာဝန်ယူရတဲ့ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တွေ ပါဝင်နေပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU၊ မွန်တပ်တွေ၊ တနင်္သာရီတိုင်းထဲက PDF တွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ဆင်ရေးနယ်မြေဖြစ်ပါတယ်။
အပြောင်းအလဲကြီးကြီးမားမားဖြစ်တာ အမှတ် ၅ စစ်ဆင်ရေးအထူးအဖွဲ့ဖြစ်ပြီး မန္တလေးအခြေစိုက်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ တောင်ငူအခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်တို့ကို ကိုင်တွယ်ရမှာပါ။
ကစထ-၅ ရဲ့ ကွပ်ကဲမှုနယ်မြေထဲ နေပြည်တော်၊ မန္တလေး၊ ပဲခူးနဲ့ ရန်ကုန် စတဲ့အဓိကအကျဆုံး တိုင်းဒေသကြီးတွေပါဝင်နေတာတွေ့ရပြီး ရွေးကောက်ပွဲလုံခြုံရေးအတွက် အဓိကတာဝန်ပေးထားတယ်လို့ သိရပါတယ်။
ကစထ ရာဇဝင်
စစ်ဆင်ရေးအထူးအဖွဲ့တွေကို ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက်မှာ စဖွဲ့ခဲ့တာဖြစ်ပြီး နှစ်ခုနဲ့ပဲ စတင်ခဲ့တာပါ။
ကစထ-၁ နဲ့ ကစထ-၂ ဖြစ်ပြီး အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည်ခွဲကိုင်ရတာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် ၂၀၀၁ ခုနှစ်မှာ ကစထ- ၃ နဲ့ ကစထ-၄ ဆိုပြီး ထပ်တိုးချဲ့ပါတယ်။
၂၀၀၅ ခုနှစ်ရောက်မှ ကစထ-၅ ကိုဖွဲ့လိုက်တာဖြစ်ပြီး ကွယ်လွန်သူ သမ္မတဟောင်း ဦးမြင့်ဆွေက စတင်တာဝန်ယူခဲ့သူဖြစ်ပါတယ်။
ကစထ တွေ ပြင်ဆင်ဖွဲ့စည်းတာနဲ့ ပတ်သက်လို့အကောင်းမြင်သူတွေလည်းရှိကြပြီး ကစထ ငါး ခုနဲ့လည်း လုံလောက်တယ်လို့ စစ်ဘက်သတင်းရင်းမြစ်တချို့က ပြောပါတယ်။
"ကစထ ၆ က စဖွဲ့တုန်းက အရန်အနေနဲ့ပဲ ဖွဲ့ခဲ့တာပါ" လို့ အငြိမ်းစားစစ်ဘက်အရာရှိတစ်ဦးက ပြောပါတယ်။
ဒါပေမဲ့နောက်ပိုင်းမှာ စစ်ဆင်ရေးနယ်မြေတွေသတ်မှတ်ပေးခဲ့ပြီး နာမည်ကြီး ကစထ-၆ မှူးတွေကတော့ လက်ရှိဒုချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ လာဘ်စားမှုနဲ့ ထောင်ကျနေတဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မိုးမြင့်ထွန်းတို့ဖြစ်ပါတယ်။
ကစထ-၆ ဟာ နေပြည်တော်တစ်ခုတည်းကိုင်ရပေမဲ့ တခါတလေ မကွေးကိုလည်း တွဲကိုင်ရတတ်ပါတယ်။
ကစထမှူးတွေ တန်ခိုးထွားသလား
တိုင်းမှူးတွေရဲ့အထက်မှာရှိတဲ့ ဒုတိယဗိုလ်ချုပ်ကြီးအဆင့် ကစထမှူးနေရာကို ရာထူးကြီးတွေ ဆက်လက်ရယူဖို့ "လမ်းခုလတ်တထောက်နားရာနေရာ" လို့ သုံးသပ်သူတွေ ရှိသလို လုပ်ပိုင်ခွင့်များများစားစားမရှိတဲ့နေရာလို့ အဆိုးမြင်သူတွေလည်းရှိပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကစထ-၂ မှူး ဖြစ်ခဲ့ဖူးသလို ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကလည်း ကစထ-၆ မှူး လုပ်ခဲ့ဖူးပါတယ်။
ကစထမှူးတွေဟာ စစ်အင်္ဂါစဥ်အရ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရာထူးတွေထဲမှာ အမြင့်ဆုံးဖြစ်ပါတယ်။
သူ့နောက်မှာမှ အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးတွေရှိနေတာဖြစ်ပါတယ်။
ဒါပေမဲ့ ဒါဇင်နဲ့ချီတဲ့ ကစထမှူးအများစုကတော့ စစ်ရုံးမှာရုံးထိုင်ပြီးတော့ပဲ တပ်ကနေအနားယူသွားကြရတယ်လို့ အငြိမ်းစားစစ်ဘက်အရာရှိတွေက ပြောပါတယ်။
ဗိုလ်ချုပ်စိန်အောင်၊ဗိုလ်ချုပ်ချစ်ဆွေ၊ရဟတ်ယာဥ်ပျက်ကျပြီး ကွယ်လွန်ခဲ့တဲ့ အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးတင်ဦးတို့ ကစထမှူး လုပ်ခဲ့စဥ်ကာလတွေက ကစထမှူးတွေက တန်ခိုးအထွားဆုံးကာလလို့ တပ်အသိုင်းအဝိုင်းမှာ ဆိုစမှတ်ရှိပါတယ်။
"အဲဒီတုန်းက စစ်ဆင်ရေးမှာ ညံ့တဲ့ အရာရှိတွေကို ကစထမှူးက ရာထူးကတန်းဖြုတ်၊ အရပ်ဝတ်ပြောင်းပြီး ရဟတ်ယာဥ်နဲ့ ပြန်ထည့်ပေးလိုက်တာပဲ။ တော်တဲ့သူဆိုလည်း ရာထူးတိုးပေးဖို့ ထောက်ခံချက်ပေးတယ်" လို့ အငြိမ်းစားစစ်ဘက်အရာရှိတစ်ဦးက ပြောပါတယ်။
လက်ရှိစနစ်မှာတော့ ကစထမှူးတွေဟာ စစ်တိုင်းတွေကိုခွဲပြီးတာဝန်ယူထားကြပေမဲ့ အရေးကြီးကိစ္စတွေမှာ တိုင်းမှူးတွေက ကက(ကြည်း)နဲ့ တိုက်ရိုက်ဆက်သွယ်တာဖြစ်လို့ ကစထမှူးတွေရဲ့ အာဏာက အပြည့်မရှိနေဘူးလို့ သုံးသပ်ကြသူတွေလည်းရှိပါတယ်။
"ဒါပေမဲ့ ပြဿနာတက်ရင်တော့ ကစထမှူးတွေက တာဝန်ခံရတာမျိုးကရှိပြန်ရော" လို့ အငြိမ်းစားစစ်ဘက်အရာရှိတစ်ဦးက ပြောပါတယ်။
ရခိုင်ကရိုဟင်ဂျာပြဿနာ၊ အာဏာသိမ်းပြီးတဲ့နောက်ဖြစ်ခဲ့တဲ့ ရှမ်းပြည်နယ်က နယ်မြေဆုံးရှုံးမှုတွေအတွက် ကစထမှူးတွေ အနားပေးခံခဲ့ရတာကို သူက ဥပမာပေးပါတယ်။