PDF ဖမ်းမိတဲ့ ဦးစိန်လွင် အကြောင်း ပြည်သူ့စစ်ခေါင်းဆောင် ဒေါ်သီတာယုမွန် ဘာပြောလဲ

နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းထဲက ခြေမြန်တပ်ရင်း ခမရ ၁၅ အခြေစိုက်တဲ့ မြင်းခြံမြို့မှာ ပြည်သူ့စစ်ခေါင်းဆောင် ဒေါ်သီတာယုမွန်ရဲ့ ခင်ပွန်း ကို ဖမ်းမိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေက မှတ်တမ်းပုံတွေနဲ့ ထုတ်ပြလိုက်ပါတယ်။

ဒေါ်သီတာယုမွန်ဟာ မြင်းခြံသာမက တောင်သာ၊ နွားထိုးကြီးနယ်တကြောမှာ ပြည်သူ့စစ်တွေအပေါ် သြဇာလွှမ်းတဲ့ အမျိုးသမီးခေါင်းဆောင်အဖြစ် စစ်တပ်ထောက်ခံသူတွေက ပုံဖော်ထားပါတယ်။

တဖက် တော်လှန်ရေးတပ်တွေဘက်က ဒေါ်သီတာယုမွန်ကို ဖမ်းမိနိုင်ရေးလိုလားနေချိန်မှာ ဒေါ်သီတာယုမွန်ရဲ့ ခင်ပွန်း ဆိုသူ ဒု-ပြည်သူ့စစ်ခေါင်းဆောင်ကို ဖမ်းမိလိုက်တဲ့အခြေအနေလည်း ဖြစ်ပါတယ်။

ခင်ပွန်းဆိုသူ ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး ဒေါ် သီတာယုမွန်ဘက်က ဘယ်လိုတုံ့ပြန်ထားလဲ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက''မြင်းခြံခရိုင်အထူးစစ်ဆင်ရေး'' ဆိုတဲ့ အမည်နဲ့ ထိုးစစ်ဆင်ခဲ့တဲ့အထိ စစ်ရေးဗျူဟာမှာ အရေးပါတဲ့ အဲဒီနယ်က စစ်ရေးအခြေအနေက ဘယ်လိုဆက်ရှိနေလဲ။

ဒုပြည်သူ့စစ်ခေါင်းဆောင်လို့ပြောတဲ့ ဦးစိန်လွင် ဘယ်သူလဲ

ခရိုင်မြို့လည်းဖြစ်၊ စစ်တပ်ရဲ့ အမှတ် ၁၅ ခြေမြန်တပ်ရင်းရှိတဲ့ မြင်းခြံမြို့နဲ့ တောင်သာ၊ နွားထိုးကြီး တကြောမှာ ဒေါ်သီတာယုမွန်ရဲ့ ပြည်သူ့စစ်( အရပ်အခေါ် ပျူစောထီး)အဖွဲ့တွေ ဖြန့်ကြက်ထားတာကြောင့် ဒေသအခြေစိုက်တော်လှန်ရေးတပ်တွေနဲ့ မကြာခဏ ထိတွေ့တိုက်ပွဲတွေ ရှိနေပါတယ်။

အဲဒီလိုတိုက်ပွဲတွေမှာ စစ်တပ်က လေကြောင်းပစ်ကူတဲ့အထိ စစ်တပ်ရဲ့ ကျောထောက်နောက်ခံပြုမှုရထားတဲ့ မြင်းခြံ ပြည်သူ့စစ်ခေါင်းဆောင် ဒေါ်သီတာယုမွန်ရဲ့ ခင်ပွန်းဖြစ်သူ ပြည်သူ့စစ် ဒုခေါင်းဆောင် ဦးစိန်လွင်ကို ဖမ်းမိပြီလို့ PDF မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းက ဇန်နဝါရီ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။

မြင်းခြံခရိုင်တပ်ရင်းအဖွဲ့တွေက ရှောင်တခင် စစ်ဆေးချိန်မှာ ဦးစိန်လွင်ကို မြင်းခြံ - ပုဂံညောင်ဦးလမ်းပိုင်း မှာ ဇန်နဝါရီ ၁၄ ရက်မှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

သူ့ကိုဖမ်းမိချိန်မှာ မြင်းဆေး၊ ရာဘဆေးလို့ ခေါ်ဝေါကြတဲ့ မူးယစ်ဆေးပြားတွေ၊ သိန်း ၁၅၀ ဝန်းကျင်ရှိတဲ့ ငွေတွေနဲ့ ဒုတိယခေါင်းဆောင်လို့ ရေးထားတဲ့ ပြည်သူ့စစ် (ဌာန) စိစစ်ရေးကတ်ပြားကိုလည်း သိမ်းဆည်းရရှိခဲ့တယ်ဆိုပြီး ဓာတ်ပုံတွေနဲ့ ထုတ်ပြန်ပါတယ်။

"ဖမ်းမိတုန်းက သူနဲ့အတူ အမျိုးသားတစ်ယောက် အမျိုးသမီးနှစ်ယောက် ပါပါတယ်။ ကျန်တဲ့ သုံးယောက်က အရပ်သားတွေ၊ ပြည်သူ့စစ်တွေနဲ့ မသက်ဆိုင်ဘူးဆိုရင် ပြန်လွှတ်ပေးမှာပါ။ (ဦး) စိန်လွင်ကိုတော့ မလွှတ်ဘူးပေါ့" လို့ ဦးစိန်လွင်ကို တောင်သာ တပ်ရင်း ၃ရဲ့ ဒုတပ်ရင်းမှူး ကိုမင်းသားကြီးက ပြောပါတယ်။

တောင်သာ တပ်ရင်း ၃ က လက်ရှိမှာ ဦးစိန်လွင်ကို ထိန်းသိမ်းထားတဲ့အဖွဲ့ဖြစ်ပါတယ်။

ဦးစိန်လွင် ဖမ်းဆီးခံရတာကို သိရှိထားတယ်လို့ မြင်းခြံမြို့ ပြည်သူ့စစ်ခေါင်းဆောင် ဒေါ်သီတာယုမွန်က ဘီဘီစီကို ပြောပါတယ်။ ဒါပေမဲ့ ဒေါ်သီတာယုမွန်ကတော့ ဦးစိန်လွင်နဲ့ သူဟာ လွန်ခဲ့တဲ့ ၄ နှစ်ကတည်း က ကွာရှင်းခဲ့ကြပြီးပြီလို့ ပြောပါတယ်။

"ခင်ပွန်းဟောင်းပါ။ ၁၈ နှစ်ပေါင်းခဲ့တာ မှန်တယ်။ သဘောထား မတိုက်ဆိုင်လို့ ကွာရှင်းထားတာ ၄ နှစ်ရှိပြီ"လို့ ဒေါ်သီတာယုမွန်က ပြောပါတယ်။

ဦးစိန်လွင်ကို ဖမ်းဆီးခဲ့တဲ့ တောင်သာတပ်ရင်း ၃ ဒုတပ်ရင်းမှူး ကိုမင်းသားကြီး ကတော့'' သူတို့ ကွာရှင်းထားပေမဲ့ တစ်အိမ်တည်း အတူတူနေကြတယ်'' လို့ ဦးစိန်လွင်ဆီက ရရှိတဲ့ သတင်းအချက်အလက်ကို ပြန်ပြောပြပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် အရပ်အခေါ် ပျူစောထီး လို့ သိကြတဲ့ ပြည်သူ့စစ်တွေ စတင်ဖွဲ့စည်းချိန်မှာ ဒေါ်သီတာယုမွန်နဲ့ ဦးစိန်လွင်တို့ အကြင်လင်မယားအဖြစ် ဆက်ရှိနေကြဆဲဖြစ်ပါတယ်။

စစ်တပ်အရာရှိတွေဟောင်း ဦးဆောင်တဲ့ ကြံ့ခိုင်ရေးပါတီကို ထောက်ခံသူ ဒေါ်သီတာယုမွန်ဟာ ပြည်သူ့စစ်ခေါင်းဆောင် ဖြစ်လာချိန်မှာ ဦးစိန်လွင်ကို ဒုခေါင်းဆောင်အနေနဲ့ နေရာပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ သဘောထားမတိုက်ဆိုင်လို့ ကွာရှင်းခဲ့ကြတယ်လို့ ဒေါ်သီတာယုမွန်က ပြောပါတယ်။

တဖက်မှာလည်း ဦးစိန်လွင်ကို PDF တွေ ဖမ်းမိချိန်မှာ ပြည်သူ့စစ် ဒုခေါင်းဆောင်ဆိုတဲ့ ကတ်ကိုလည်း တွေ့ခဲ့ရတာကြောင့် ဦးစိန်လွင်ဟာ မြင်းခြံပြည်သူ့စစ် ဒု ခေါင်းဆောင် ဟုတ် မဟုတ် ဘီဘီစီက ဒေါ်သီတာယုမွန်ကို မေးခွန်းထုတ်ခဲ့ပါတယ်။

"သူက စာရွက်ပေါ်က ဒုခေါင်းဆောင်" လို့ ဒေါ်သီတာယုမွန်က ခပ်တိုတိုနဲ့သာ ဘီဘီစီကို တုံ့ပြန်ပြောဆိုပါတယ်။

ဒီလိုပြောဆိုချက်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတွေလက်ထဲ ရောက်နေတဲ့ ဦးစိန်လွင်ကို မထိခိုက်အောင် ပြောဆိုတာ ဖြစ်နိုင်တယ်လို့လည်း တော်လှန်ရေးအဖွဲ့တချို့က ကောက်ချက်ချကြပါတယ်။

မြင်းခြံ တော်လှန်ရေး စစ်ရေးအရင်းအမြစ်ကတော့ မြင်းခြံမြို့နယ်ထဲ စစ်တပ်က စစ်ကြောင်းထိုးတဲ့အခါမှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ စစ်ကြောင်းမှာ လိုက်ပါဖို့ ဦးစိန်လွင်က ဦးစီးဦးဆောင်လုပ်ခဲ့တယ်လို့ ပြောပါတယ်။

လက်ရှိမှာ ဦးစိန်လွင်ကို ယာယီထိန်းသိမ်းစစ်ဆေးနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ - NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်အတိုင်း အရေးယူဖို့လုပ်ဆောင်သွားမယ်လို့ ဒေသတွင်း သတင်းတချို့ကဖော်ပြပါတယ်။

ဒေါ်သီတာယုမွန်ရဲ မြင်းခြံပြည်သူ့စစ် ဘာကြောင့် အားကောင်း

မြင်းခြံဟာ ခရိုင်မြို့ဖြစ်တာကြောင့် ရေလမ်း၊ ကားလမ်း၊ မီးရထားလမ်းတွေပါ စုံလင်ပြီး ဆက်သွယ်ရေးကောင်းတဲ့ မြို့ဖြစ်ပါတယ်။

မြင်းခြံအနီး တလုတ်မြို့မြစ်ကမ်းဘေး ဧရာဝတီမြစ်အတွင်းမှာ စစ်သင်္ဘောတွေ ခုတ်မောင်းနေတာကို မကြာခဏတွေ့ရတာကြောင့် မြင်းခြံကို စစ်တပ်က လုံခြုံရေးအရ အလေးထားတာလို့ တော်လှန်ရေးအင်အားစုတချို့က ယူဆပါတယ်။

"မြင်းခြံကို ရရင် မြန်မာနိုင်ငံ အလယ်ပိုင်းကို သိမ်းပြီးသလောက်ဖြစ်သွားမှာ"လို့ မြင်းခြံ တော်လှန်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့ကြောင့်လည်း အမှတ် ၁၅ ခြေမြန်တပ်ရင်းရှိတဲ့ မြင်းခြံမြို့မှာ စစ်တပ်က ဒေါ်သီတာယုမွန်ဦးဆောင်တဲ့ ပြည်သူ့စစ် အဖွဲ့ကို ဖွဲ့စည်းပေးပြီး လက်နက်ခဲယမ်းအပြည့်အစုံ တပ်ဆင်ပေးထားတာလို့ သူက ဆိုပါတယ်။

ဒါတင်မက သူဟာ ၂၀၂၅ ဇူလိုင် ၃ ရက် မြန်မာအမျိုးသမီးများနေ့တုန်းက စစ်တပ်ရဲ့ ရဲဗလတံဆိပ်ချီးမြှင့်ခံထားရသူလည်းဖြစ်ပါတယ်။

ပြည်သူ့စစ်တွေကို ဒေါ်သီတာယုမွန် ဦးဆောင်တယ်လို့ စစ်တပ်ထောက်ခံသူတွေက တောက်လျှောက်ဖော်ပြနေကြပေမဲ့ စစ်ကြောင်းတွေမှာ သူလိုက်ပါတာနည်းတယ်လို့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။

"ကျွန်တော်တို့နဲ့ ဒေါ်သီတာယုမွန်နဲ့ ထိပ်တိုက်တွေ့တာတော့ မရှိသေးဘူး။ စစ်တပ်နဲ့စစ်ကြောင်းထိုးရင် သူ့လူတွေပဲ ပါတာ။ အခုဖမ်းတဲ့အထဲမှာလည်း သူပါမယ်လို့ ထင်ခဲ့တာ၊ သူမပါဘဲ သူ့ယောက်ျားပဲ ဖမ်းမိတယ်"လို့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။

မြင်းခြံမြို့ ၊ ၁၉ ရပ်ကွက်က ဒေါ်သီတာယုမွန်နေအိမ်ရှိတဲ့ လမ်းမှာ ဘယ်ညာပိတ်ထားပြီး ပြည်သူ့စစ် လုံခြုံရေးတွေ ချထားတယ်လို့ ဆိုပါတယ်။

"ရန်သူပေမဲ့ လေးစားရမယ့်အချက်တော့ရှိတယ်။ သူ က အမျိုးသမီးပေမဲ့ စိတ်မာတယ်၊ ပြတ်တယ်၊ လုပ်မယ်ဆိုရင် ရအောင်လုပ်တဲ့စိတ်ဓာတ်မျိုးပေါ့ဗျာ။ ဒါပေမဲ့ ရေလိုက်လွဲသွားတာပေါ့"လို့ ကို မင်းသားကြီးက ပြောပါတယ်။

မြင်းခြံမြို့ခံတစ်ဦးကတော့ လက်နက်အင်အားကောင်းပြီး ဩဇာညောင်းနေတဲ့ ဒေါ်သီတာယုမွန်တို့ ပြည်သူ့စစ်အဖွဲ့ကို မကြိုက်ပေမဲ့ မတတ်သာတဲ့အခြေအနေကြောင့် ဆက်ဆံရတဲ့အခြေအနေရှိတယ်လို့ ပြောပါတယ်။

သုံးပွင့်ဆိုင် မြင်းခြံ-နွားထိုးကြီး-တောင်သာ

မြင်းခြံခရိုင်ထဲက မြင်းခြံမြို့ကို အလယ်ထားပြီး တောင်သာနဲ့ နွားထိုးကြီးမြို့နယ်တွေက တြိဂံလို သုံးပွင့်ဆိုင် ရှိနေတာပါ။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်နဲ့သီတာယုမွန်ရဲ့ပျူစောထီး ပူးပေါင်းတပ်တွေဟာ အပြန်အလှန် နယ်မြေချဲ့ထွင်ခဲ့ကြရင်း ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။

မြင်းခြံ-တောင်သာ၊ မြင်းခြံ- နွားထိုးကြီး လမ်းပိုင်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်နိုင်ခဲ့ပေမဲ့ အင်အားထောင်ချီဖြည့်လာတဲ့ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းတပ်စစ်ကြောင်းထိုးလာပြီး ကျည်လိုအပ်ချက်တွေကြောင့် ပြန်ဆုတ်ခွာပေးခဲ့ရပါတယ်။

" မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး လမ်းမတလျှောက်က ရွာတွေကိုတော့ ဒေါ်သီတာယုမွန်တို့ ပြည်သူ့စစ်တွေ စိုးမိုးတာပေါ့၊ ကျန်တဲ့နေရာတွေကတော့ သူတို့ ထိန်းချုပ်ဖို့ ကြိုးစားသလို ကျွန်တော်တို့ကလည်း ဆုတ်ခွာခဲ့ရတဲ့နေရာတွေ ပြန်ရယူဖို့ ကြိုးစားနေတယ်"လို့ လက်ရှိ မြေပြင်စစ်ရေးအခြေအနေကို ကိုမင်းသားကြီး ပြောပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ တော်လှန်ရေးတပ်ရင်းတွေက မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (MDSO) ဆိုပြီး စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်ခဲ့သလို မိတ္ထီလာနဲ့ နီးကပ်တဲ့မြို့တွေဖြစ်တာကြောင့် တိုက်ပွဲတိုင်းမှာ စစ်တပ်ရဲ့ လေကြောင်းပစ်ကူတွေကို တော်လှန်ရေးအဖွဲ့တွေ ထိပ်တိုက်ရင်ဆိုင်ကြရတယ်လို့ဆိုပါတယ်။

မြင်းခြံခရိုင်ထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF ခရိုင်တပ်ရင်း ၉ ခု ရှိနေပြီး ဒေသကာကွယ်ရေးအဖွဲ့ ဒါဇင်ချီရဲ့ စစ်ရေးလှုပ်ရှားမှုတွေက ၂၀၂၆ နှစ်ဆန်းပိုင်းအထိ ဆက်ရှိနေပါတယ်။

မြင်းခြံ- နွားထိုးကြီး လမ်းတလျှောက်က ကျေးရွာ ၆ ရွာနဲ့ မြင်းခြံ-တောင်သာ လမ်းတလျှောက်က နန်းမြင့်တောင်၊ တောင်သာတောင်တွေမှာ စစ်တပ်နဲ့ပျူစောထီးတို့က တပ်စွဲထားကြပါတယ်။

မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်ကြားက ကျေးရွာ ၂၀ ဝန်းကျင်းမှာ ဒီလအတွင်း စစ်တပ်က စစ်ကြောင်းထိုး တပ်စွဲနေပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေဟာ အခု ဇန်နဝါရီ ဒုတိယပတ်ထိ ရှိနေတယ်လို့ သိရှိရပါတယ်။

"တောင်သာမှာဆိုရင် စစ်တပ်အခြေစိုက်မရှိဘူး။ ဒါပေမဲ့ ဒီနှစ်ထဲမှာ ဒရုန်းတွေ တော်တော်သုံးလာတယ်။ မြေပြင်ကနေတော့ လာတာမရှိဘူး" လို့ တောင်သာ တပ်ရင်း ၃ ဒုတပ်ရင်းမှူး ကိုမင်းသားကြီးက ပြောပါတယ်။

တောင်သာမြို့နယ်ဟာ တပ်မ ၁၀၁ အခြေစိုက်တဲ့ ပခုက္ကူမြို့နဲ့ ကပ်လျက်ဖြစ်သလို လေတပ်ရှိတဲ့ မိထ္ထီလာမြို့နဲ့လည်း ဆက်စပ်နေတဲ့ မြို့ဖြစ်တာကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ရင်းတွေအတွက် စိန်ခေါ်ချက်ကြီးမားတဲ့နေရာလို့ ဆိုပါတယ်။

ဒါပေမဲ့လည်း တောင်သာမြို့နယ်ထဲက ပျူစောထီးနဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေကို ဝင်ရောက်တိုက်ခိုက်တဲ့ စစ်ရေးလှုပ်ရှားမှုတွေကတော့ အဆက်မပြတ် ရှိနေတယ်လို့ ကိုမင်းသားကြီးက ပြောပါတယ်။

အပိုင်း ၃ ပိုင်းခွဲပြီး ကျင်းပနေတဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲမှာ မြင်းခြံမြို့အပြင် တောင်သာနဲ့ ငါန်းဇါန်မြို့နယ်တွေက လာမယ့်ဇန်နဝါရီ ၂၅ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း ၃ ထဲက မြို့နယ်တွေထဲမှာ ပါဝင်ပါတယ်။

ဒါကြောင့်လည်း စစ်တပ်က မြင်းခြံမြို့မှာ တော်လှန်ရေးအင်အားစုတွေဘက်က စစ်ဆင်ရေးတွေမလုပ်နိုင်ဖို့ လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏလုပ်နေသလို စစ်ကြောင်းထိုးတာလည်းရှိနေတယ်လို့ မြင်းခြံအခြေစိုက် သတင်းတွေက ဖော်ပြထားပါတယ်။