ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ်ဓာတ်ငွေ့ပိုက်လိုင်းစောင့် စစ်တပ်စခန်းကိုပါ တိုက်တဲ့မြင်းခြံ PDF တွေရဲ့စစ်ဆင်ရေး
မန္တလေးနဲ့ နေပြည်တော် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ကို အစွဲပြုပြီး စစ်တပ် အခြေချနေရာတွေကို ပစ်မှတ်ထားတဲ့ ၉/ အညာမြေစစ်ဆင်ရေးကို မြင်းခြံခရိုင်ထဲက ပြည်သူ့ကာကွယ်ရေး(PDF)ပူးပေါင်းတပ်တွေ မေ ၁၅ မှာ စတင်ခဲ့ကြပါတယ်။
ဒါဟာ လွန်ခဲ့တဲ့ ၉ လတုန်းက ပြုလုပ်ခဲ့တဲ့ မြင်းခြံခရိုင်အထူးစစ်ဆင်ရေး(MDSO) နောက်ပိုင်း ခရိုင်ထဲမှာ အကြီးဆုံးစစ်ဆင်ရေးလည်းဖြစ်ပါတယ်။
၉/အညာမြေစစ်ဆင်ရေးအတွင်း တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးစောင့်တဲ့ စစ်တပ်စခန်း ၂ ခု အပါအဝင် ရဲစခန်းနဲ့ အခြေချနေရာ ၁၂ ခုကို တိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်နဲ့ ပြည်သူ့စစ်(အရပ်အခေါ် ပျူစောထီး) အားကောင်းတယ်လို့ သတ်မှတ်ခံရတဲ့ မြင်းခြံခရိုင်ထဲမှာ အခုစစ်ဆင်ရေးက ဘယ်လောက် ခရီးပေါက်ခဲ့ပါသလဲ။
မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးနဲ့ ငါန်းဇွန်က PDF ထိုးစစ်
၉/အညာမြေစစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ရင်း ၁၁ ခု၊ ကွန်မန်ဒိုတပ်ဖွဲ့ ၂ ဖွဲ့၊ ဒရုန်းတပ်ဖွဲ့ နဲ့ မြို့နယ် ၄ မြို့နယ် ပဖကတွေ ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။
မြင်းခြံခရိုင်ထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ မေလ ၁၅ ကနေ ၁၇ ရက်အထိ တောင်သာနယ်ထဲက ထနောင်းကုန်း ပျူရွာစခန်း၊ မြို့အဝင်ဂိတ်နဲ့ တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စောင့်တဲ့ စစ်ကောင်စီအခြေချနေရာတွေကို တိုက်ခဲ့ကြပါတယ်။
"ထနောင်းကုန်းရွာက တောင်သာမှာ နောက်ဆုံးကျန်တဲ့ပျူရွာပဲ။ တခြားပျူရွာတွေက လက်ကျန် အင်အားတွေလည်း ဒီရွာမှာ စုနေတာ။ ပျူခေါင်းဆောင်ရဲ့အဖေကို ဖမ်းနိုင်ခဲ့တယ်" လို့ တောင်သာပကဖ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
နွားထိုးကြီးမြို့နယ်ထဲမှာလည်း တရုတ်ပိုက်လိုင်း လုံခြုံရေးယူတဲ့ စစ်ကောင်စီစခန်းနေရာအပြင် ဝက်လူးရဲစခန်း၊ မြို့မစခန်းနဲ့ ဇီရွာအနီးက စစ်ကြောင်းတွေကို ပူးပေါင်းအဖွဲ့တွေ တိုက်ခဲ့ကြပါတယ်။
တရုတ်ရဲ့ စီမံကိန်းတွေကို အကာအကွယ်ပေးဖို့ ကတိကဝတ်ပြုထားတဲ့ စစ်ကောင်စီတပ်ကတော့ တိုက်ပွဲအတွင်း နွားထိုးကြီးနဲ့ တောင်သာကို လေကြောင်းကနေ ဖိအားပေးခဲ့ပါတယ်။
တောင်သာပကဖ ပြန်ကြားရေးတာဝန်ခံက "လေယာဥ်က တစ်နေ့ကို အနည်းဆုံး ၇ ကြိမ်လောက် လာတယ်။ တစ်ခါလာချရင် ဗုံးသုံးလေးလုံးလောက် ကြဲတာ" လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း လေကြောင်းဗုံးနဲ့ လက်နက်ငယ်ကြောင့် အရပ်သားသေဆုံးတာရှိတယ်လို့ ပြောပေမဲ့ အတိအကျတော့ သူက မပြောပါဘူး။
စစ်တပ်အင်အား ၃၀ လောက်ရှိတဲ့ မြို့အဝင်ဂိတ်ကို တိုက်ခဲ့ပြီး ဂိတ်နားက ထွေအုပ်ရုံးကနေ ဝန်ထမ်းနဲ့ မိသားစု ၁၁ ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးခဲ့ပါတယ်။
"အခုတော့ စစ်မေးနေဆဲပါပဲ။ မိသားစုတွေကတော့ ပြန်လွှတ်ပေးမှာပါ"လို့ သူကဆိုပါတယ်။
နွားထိုးကြီးက ဝက်လူးရဲစခန်းကို PDF တွေဝင်တိုက်ချိန်မှာ စစ်တပ်က လေကြောင်း အကြိမ် ၂၀ ထက်မနည်း လာပစ်ခဲ့ပါတယ်။
မြင်းခြံမှာတော့ ဆီးမီးခုံရဲစခန်း၊ ကျောက်ပြုတ်ရွာပျူစခန်း၊ တောင်ရှေ့ဂိတ်အထိုင်စခန်း၊ ၁၈ ရပ်ကွက်နဲ့ ခရိုင်အထွေထွေအုပ်ချုပ်မှူးရုံးတို့ကို ဝင်တိုက်ခဲ့ပါတယ်။
မြင်းခြံမြို့ကနေ ကားနဲ့ ၁၅ မိနစ်လောက်သာ သွားရတဲ့ ကျောက်ပြုတ်ရွာက စစ်တပ်နဲ့ပျူစောထီးအထိုင်စခန်းကို တိုက်ချိန်မှာတော့ ရဲဘော် ၃ ဦးကျဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရတယ်လို့ မြင်းခြံမြို့နယ် ပကဖတာဝန်ရှိသူက ပြောပါတယ်။
"မြင်းခြံဘက်က လေကြောင်း လာတာနည်းတယ်။ ပျူစောထီးခေါင်းဆောင် သီတာယုမွန်တို့အဖွဲ့တွေ အင်အား အလုံးအရင်းနဲ့ စစ်ကူတစ်သုတ်ပြီး တစ်သုတ်လာကြတာ"လို့ သူကပြောပါတယ်။
ဒါအပြင် ငါန်းဇွန်မြို့အဝင်ဂိတ်နဲ့ မြို့သာဘဏ်အစောင့်ကင်းစခန်းတို့လည်း တိုက်ခိုက်ခံရပါတယ်။
စစ်ဆင်ရေး ဖော်ဆောင်ခဲ့တဲ့ ၄ မြို့နယ်စလုံးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ မြို့နဲ့အနီးဆုံးကို ချဥ်းကပ်ခဲ့ကြတာ ဖြစ်ပါတယ်။
နွားထိုးကြီးမှာတော့ မြို့မရဲစခန်းအထိ တိုက်ခဲ့တာပါ။
မြင်းခြံပြည်သူ့စစ် (အရပ်အခေါ် ပျူစောထီး) ခေါင်းဆောင်အဖြစ် လူသိများတဲ့ (ဒေါ်)သီတာယုမွန်ကတော့ PDF တွေဟာ အင်အားရာနဲ့ချီသုံးပြီး မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးကို အပြတ်တိုက်ဖို့ စီစဉ်ထိုးစစ်ဆင်ခဲ့တာလို့ People Media ကို ဖြေထားပါတယ်။
မြင်းခြံက တစ်ခုတည်းသော စစ်အခြေစိုက်စခန်း ခမရ ၁၅ ကိုပါ ဦးတည်တယ်လို့ သူက ဆိုထားတာပါ။
ဒီစစ်ဆင်ရေးမှာ စစ်ကောင်စီတပ်ဘက်က အင်အား ၅၀ ကျော်သေဆုံးတယ်လို့ စစ်ဆင်ရေးဖော်ဆောင်တဲ့အဖွဲ့တွေဘက်က ထုတ်ပြန်ပါတယ်။ ဒီအရေအတွက်ကို ဘီဘီစီ အနေနဲ့ သီးခြား အတည်မပြုနိုင်ပါဘူး။
ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်ကျဆုံးတာကို ထုတ်ပြန်တာမရှိပေမဲ့ (ဒေါ်)သီတာယုမွန်ကတော့ PDF တွေ အကျအဆုံးများတယ်လို့ ဆိုပါတယ်။
မြင်းခြံခရိုင်က တိုက်ပွဲတွေမှာ စစ်တပ်က လေကြောင်းပစ်ကူပေးတာ ဒီတစ်ကြိမ်မှာ အများဆုံးပဲလို့လည်း သူက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ခံနေရတဲ့ နွားထိုးကြီး
ပြီးခဲ့တဲ့နှစ်က ဖော်ဆောင်ခဲ့တဲ့ မြင်းခြံခရိုင်အထူးစစ်ဆင်ရေးနောက်ပိုင်းမှာ မြင်းခြံနယ်ထဲက နွားထိုးကြီး PDF တပ်ဖွဲ့တွေ ဟာ ရန်ကုန်-မန္တလေးအမြန်လမ်းအထိ တက်ပြီး စစ်ကောင်စီကို ခြိမ်းခြောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
"တော်လှန်ရေးအစပိုင်းက သေနတ်ကို ပုဆိုးဖုံးပြီးသွားရာကနေ ဒီနှစ်ပိုင်းမှာ ပေါ်ပေါ်ထင်ထင် သွားလာနိုင်နေပြီ" လို့ မြင်းခြံမြို့နယ် ပကဖ တာဝန်ရှိသူက ဘီဘီစီကိုပြောပါတယ်။
ဒီလို လှုပ်ရှားမှု နယ်မြေ ကျယ်ပြန့်လာတာဟာ စစ်ကောင်စီအတွက် ခြိမ်းခြောက်မှုတစ်ခုလို့ မှတ်ယူကြသူတွေလည်း ရှိပါတယ်။
"မြင်းခြံဟာ မိတ္ထီလာနဲ့ ထိစပ်နယ်မြေဖြစ်တယ်။ နေပြည်တော်အထိ ခြိမ်းခြောက်နိုင်တဲ့နယ်မြေ ဖြစ်တယ်။ မြင်းခြံမှာ စကစကင်းစင်သွားရင် မိတ္ထီလာကို စနိုင်မယ့်အနေအထားပဲ" လို့ CDM ဗိုလ်ကြီးဇင်ယော်က ဘီဘီစီ ကိုပြောပါတယ်။
မိတ္ထီလာဟာ စစ်ကောင်စီတပ်အတွက် လေကြာင်းအင်အားဖြစ်စေတဲ့ လေတပ်စခန်းအပြင် အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ်နဲ့ တပ်ရင်းတပ်ဖွဲ့ ၄၀ နီးပါးအခြေချလို့ တပ်မြို့အဖြစ် မှတ်ယူခံထားရတဲ့မြို့ ဖြစ်ပါတယ်။
ပူးပေါင်းအဖွဲ့တွေရဲ့ မေ ၁၅ ရက် စစ်ဆင်ရေးမှာ စစ်ကောင်စီရဲ့စခန်း ၁၂ ကို တိုက်နိုင်ပြီး လက်နက်ခဲယမ်းတွေ အများအပြား သိမ်းယူနိုင်ခဲ့ပေမဲ့ စခန်းတွေကို ပထမ စစ်ဆင်ရေးတုန်းကလိုပဲ ဆက်လက်ထိန်းနိုင်တာ မရှိခဲ့ပါဘူး။
ဒီတိုက်ပွဲကို တိုက်ခဲ့ကြတဲ့ ပကဖအဖွဲ့တွေကတော့ တပ်စခန်းမထိန်းနိုင်တာဟာ လက်နက်ခဲယမ်းမတောင့်တင်းတာနဲ့ စစ်တပ်ရဲ့လေကြောင်းဖိအားကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။
"ကျောက်ပြုတ်ဆို မြို့နဲ့ကပ်နေတဲ့နေရာလေ။ ဒီလိုနေရာကို လက်နက်ခဲယမ်းမစုံဘဲနဲ့ ဘယ်လိုမှ မထိုင်နိုင်ဘူး" လို့ မြင်းခြံမြို့နယ် ပကဖတာဝန်ရှိသူကပြောပါတယ်။
မြင်းခြံဟာ ပျူစောထီး အားကောင်းနေသေးတဲ့ နယ်မြေဖြစ်တယ်လို့ ဆိုပါတယ်။
တောင်သာမှာတော့ လေကြောင်းပစ်ကူဟာ မိနစ်ပိုင်းအတွင်းလာရောက်တာကြောင့် စခန်းတွေတိုက်ပြီးရင် အတွင်းအထိ ဝင်ပြီး ရှင်းလင်းချိန်မရဘဲ ပြန်ဆုတ်ရတာလို့ တောင်သာ ပကဖ ပြန်ကြားရေးကပြောပါတယ်။
"မြေပြင်ကို စိတ်မပူရဘူး။ ဝေဟင်ကိုပဲ ပူရတာ" လို့သူကပြောပါတယ်။
ဒီနယ် ၂ ခုမှာ စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီ စစ်ကြောင်းနဲ့ လေကြောင်းကနေ လာပစ်တာမရှိပေမဲ့ နွားထိုးကြီးမှာတော့ လေကြောင်းက နေ့စဉ်လာရောက်ပစ်ခတ်နေတယ်လို့ မြေပြင်အခြေအနေသိရှိသူက ဆိုပါတယ်။
"ဘယ်နကြိမ်လဲဆိုတာ ရေတောင်မရေနိုင်ဘူး။ စက်တပ်လေထီးရော၊ ဂျက်ဖိုက်တာ၊ Y12 အကုန်ပဲ" လို့ သူကပြောပါတယ်။
နွားထိုးကြီးအခြေအနေနဲ့ပတ်သက်လို့ ပကဖတာဝန်ခံ နဲ့ စစ်ဆင်ရေးကွပ်ကဲရေးမှူးကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမဲ့ နယ်မြေအခြေအနေကို ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။