ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြင်းခြံမှာ အပြင်းအထန်တိုက်ခိုက်ခဲ့တဲ့ မြို့တွင်းတိုက်ပွဲ ၂ ရက်တာ
ဧပြီလ ၁၈ ရက်နေ့က မြင်းခြံမြို့မှာ အမှတ် ၁၂ ရပ်ကွက်၊ အမှတ် ၄ အေးကျင်းရပ်ကွက်၊ အမှတ် ၁၉ စွန်းလွန်းရပ်ကွက်တို့နဲ့ အတူ ရှားတောကျေးရွာကလည်း မြို့ပေါ်တက် ဆန္ဒပြခဲ့ကြပါတယ်။ မြင်းခြံမြို့ပေါ်မှာ အခုနောက်ပိုင်း ဆန္ဒပြပွဲတော်တော်များများဟာ ပြောက်ကျားပုံစံဖြစ်လာပါတယ်။ စစ်တပ်ပေါ်လာရင် ဆန္ဒပြသူတွေ ပျောက်သွားပြီး တခြားနေရာမှာ ပြန်ပေါ်လာတတ်ပါတယ်။ မြို့နဲ့တော်တော်လေးအလှမ်းကွာတဲ့ ဧရာဝတီမြစ်ကမ်းဘေးက သပြောသာရွာ၊ ဆိတ်ညံတို့မှာတောင် ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။
ကမ္ဘောဇမီနီဘဏ်ပေါက်ကွဲ
ညနေ ၄ နာရီခွဲအချိန်လောက်မှာ နှစ်ကျိပ်ရှစ်ဆူဘုရားလမ်းထိပ်၊ ဗိုလ်ချုပ်လမ်းပေါ်မှာရှိတဲ့ ကမ္ဘောဇမီနီဘဏ်မှာ ပေါက်ကွဲမှုဖြစ်ပြီး အဆောက်အအုံအရှေ့ပိုင်းပျက်စီးသွားခဲ့ပါတယ်။ ပျက်စီးသွားတဲ့ဓာတ်ပုံတွေကို အွန်လိုင်းမှာ အများအပြားတွေ့ရှိရပါတယ်။
မြို့ပေါ်အနှံ့ပစ်ခတ်
စစ်ကောင်စီရဲ့ စစ်တပ်ဟာ မြို့ထဲနေရာအနှံ့အပြားမှာ လိုက်လံပစ်ခတ်ခဲ့ပါတယ်။ အဲသလို လိုက်လံပစ်ခတ်မှုကြောင့် ရဲစခန်းအနောက်ဘက်နားရှိ အမှတ် ၈ ရပ်ကွက်ထဲမှာ လူငယ်တစ်ယောက် ကျည်ဆံထိမှန်ခဲ့ပါတယ်။ အမှတ် ၈ ရပ်ကွက်ထဲရှိ ဘူးကိုင်းသားဆန်ဆိုင်မှာ အလုပ်လုပ်တဲ့လူငယ်ဟာ ပစ်ခတ်သံတွေကြောင့် ဆိုင်တံခါးကို ထပိတ်စဥ် မျက်ခုံးရိုးကိုကျည်ဆန်ထိမှန်သွားခဲ့တာလို့ မြင်းခြံမြို့က ကိုဇော်ကြီးက ဘီဘီစီကို ပြောပါတယ်။
ကျည်ဆန်ထိမှန်သူလူငယ်ဟာ မြင်းခြံဘောလုံးကွင်းရဲ့တောင်ဘက် အမှတ် ၁၅ ရပ်ကွက်မှာ နေထိုင်သူဖြစ်ပါတယ်။
သူ့ကို ကျည်ဆန်ထိမှန်ချိန်ဟာ မွန်းလွဲပိုင်းအချိန်ဖြစ်ပါတယ်။ ကျည်ဆန်ထိမှန်ခံထားရသူလူငယ်ဟာ အခုထိ သတိပြန်လည်မလာဘဲ ကိုးမားဖြစ်လိမ့်မယ်လို့ မှန်းဆနေကြတယ်လို့ မြင်းခြံလူငယ်ကိုချစ်သူက ဆိုပါတယ်။
တခြားတနေရာမှာ နောက်ထပ်လူငယ်တယောက်လည်း လက်ကို ကျည်ဆံထိမှန်ခဲ့တယ်လို့ကိုချစ်သူက ဆိုပါတယ်။
ကွေ့ကြီးကိုစီးပြီ
မြင်းခြံမြို့မှာ အခိုင်အမာအတားအဆီးတွေ ခံတပ်သဖွယ်လုပ်ထားတဲ့နေရာကတော့ အမှတ် ၆ ကွေ့ကြီး (ဂွေ့ကြီးလို့အသံထွက်) ရပ်ကွက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနှံ့အပြားက မြို့တွေအများအပြားဆန္ဒပြကြရာမှာ မြင်းခြံဟာ ပြင်းပြင်းထန်ထန် အဖိနှိပ်ခံရတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ မြင်းခြံမြို့ပေါ်မှာတော့ အမှတ် ၆ ကွေ့ကြီးရပ်ဟာ ပြင်းပြင်းထန်ထန် အဖိနှိပ်ခံရတဲ့ နေရာတစ်နေရာဖြစ်ပါတယ်။ ကွေ့ကြီးဟာ မြင်းခြံမြို့ရဲ့ မုန်တိုင်းဗဟိုချက်ပမာဖြစ်ပါတယ်။
ကွေ့ကြီး သပိတ်စခန်းမှာ လူငယ်တွေက အလံနက်ထောင်ခဲ့ကြပါတယ်။ လူငယ်တွေက ကျဆုံးသူတွေ အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ထောင်တဲ့အလံနက်ဟာ စစ်တပ်အတွက်တော့ သူတို့ကို စိန်ခေါ်တာလို့ မှတ်ယူကောင်းမှတ်ယူနိုင်ပါတယ်။
ဆန္ဒပြမှုတွေက တစ်မြို့လုံးအနှံ့အပြားမှာ ဖြစ်ခဲ့တာမှန်ပေမဲ့ စစ်တပ်ကတော့ ကွေ့ကြီးကိုသာ ပစ်မှတ်ထားပါတယ်။ ညမှောင်စပျိုးတဲ့အချိန်မှာ ဗျူဟာကျကျ ချေမှုန်းဖြိုခွင်းဖို့ရောက်လာခဲ့ပါတယ်။ ကလေးမြို့မှာ တာဟန်းခံတပ်ကို ဖြိုခွဲခဲ့တဲ့ နည်းဗျူးဟာနဲ့ အနည်းငယ်ဆင်တူပါတယ်။ ကွေ့ကြီးကခံတပ်အတားအဆီးတွေရှိရာကို အရှေ့ဘက်၊ တောင်ဘက်၊ မြောက်ဘက် အရပ်သုံးမျက်နှာကနေ ညှပ်ပူးညှပ်ပိတ်တိုက်ခိုက်ဖို့ချီတက်လာပါတယ်။ အရှေ့ဘက် ကွေ့ကြီးလမ်းမတော်အတိုင်း အနောက်ဘက်ခံတပ်ရှိရာ ဆင်းလာပါတယ်။ တောင်ဘက် နကူးတန်းဘက်က ပတ်ဝင်ပါတယ်။ မြောက်ဘက် အမှတ် ၂ ပြောင်းပြာ၊ အမှတ် ၅ ဝါးတန်းရပ်ကွက်တွေကတဆင့် လမ်းကြိုလမ်းကြားကနေ ချီတက်လာတယ်လို့ ကိုဇော်ကြီးက ဘီဘီစီကို ပြောပါတယ်။
“ကွေ့ကြီးထဲရောက်တာနဲ့ စက်သေနတ်တွေနဲ့ ဆက်တိုက်ပစ်တော့တာပဲဗျာ။ သူတို့က မီးဖြတ်ပြီးမှ ပစ်တာဗျ။ ကွေ့ကြီးရပ်ကွက်တစ်ခုလုံးမှောင်မည်းနေတာ။ မှောင်ကြီးမည်းမည်းထဲမှာ သူတို့သေနတ်တွေနဲ့ ပစ်ခတ်ကြတော့ အသံတွေက တဒိုင်းဒိုင်း အမှောင်ထဲမှာ မီးတွေတဝင်းဝင်းနဲ့ပေါ့ဗျာ။”
“အဲသလို ဆက်တိုက်ပစ်ခတ်တော့ လူငယ်တွေဘယ်နှယောက်ထိခိုက်သေဆုံးပါသလဲ။”
“လူငယ်တွေ မသေဘူးဗျ။ စစ်ကောင်စီဘက်က စစ်သား ၆ ယောက်သေဆုံးပါတယ်။”
“စစ်တပ်က စက်သေနတ်နဲ့ ဆက်တိုက်ပစ်တယ်လို့ ကိုဇော်ကြီးပြောပါတယ်။ သေတော့လည်း စစ်တပ်ဘက်ကပဲ သေဆုံးတယ်ဆိုတာက ဘယ်လိုကြောင့်ပါလဲ။”
“ကျွန်တော်တို့ဘက်က လူငယ်တွေက စစ်တပ်ကိုခံမတိုက်ကြပါဘူး။ သူတို့လာတာနဲ့ ဆုတ်ပြေးကြပါတယ်။ ညမှောင်မှောင်ထဲမှာ သူတို့က အရှေ့၊ အနောက်နဲ့ မြောက်ဘက်ကနေ သုံးဘက်ညှပ်ပစ်ခတ်ကြတဲ့အတွက် သူတို့ အချင်းချင်း ပစ်မိပြီး ၄ ယောက်ကျဆုံးပါတယ်။ သူတို့ပစ်လို့ အချိန်တော်တော်ကြာတော့ ခဏအပစ်နားတဲ့အချိန်မှာ လူငယ်တွေဘက်က အိမ်လုပ်လက်ပစ်ဗုံးတလုံးနဲ့ ပစ်တဲ့အတွက် နောက်ထပ် စစ်သား ၂ ယောက်ကျဆုံးပါတယ်။”
မြို့ခံလူငယ်တစ်ဦးဖြစ်တဲ့ ကိုချစ်သူကလည်း စစ်တပ်ဘက်က သေဆုံးမှုရှိကြောင်းပြောပါတယ်။ ဒါပေမဲ့ စစ်သားတွေက အလောင်းကောက်သွားတဲ့အတွက်အလောင်းမရဘူးလို့ ဆိုကြပါတယ်။ စစ်သားအလောင်း ဓာတ်ပုံ၊ ဗီဒီယိုတွေလည်း မတွေ့ရပါဘူး။ မြန်မာ့ရုပ်မြင်သံကြားက မြင်းခြံသတင်းကြေညာရာမှာတော့ စစ်သားကျဆုံးမှုရှိတယ်လို့ ကြေညာမသွားပါဘူး။
စစ်တပ်ဟာ ဧပြီလ ၁၈ ရက်နေ့က ည ၈ နာရီ ခွဲလောက်မှာ ကွေ့ကြီးကနေ ဆုတ်ခွာသွားပြီး အပြန်လမ်းမှာ အမှတ် ၅ ဝါးတန်းရပ်ကွက်၊ အမှတ် ၂ ပြောင်းပြာရပ်ကွက်နဲ့ အမှတ် ၃၊ အမှတ် ၄ အေးကျင်းရပ်ကွက်တို့မှာလည်း ပစ်ခတ်သွားခဲ့သေးတယ်လို့ ကိုဇော်ကြီးကဘီဘီစီကို ပြောပါတယ်။
အပြန်လမ်းမှာ ပစ်ခတ်မှုတွေအနက် အေးကျင်းဘက်မှာ ပစ်ခတ်မှုက အပြင်းထန်ဆုံးဖြစ်ပြီး ည ၁၀ နာရီလောက်အထိ ပစ်ခတ်ခဲ့တယ်လို့ သူက ဆိုပါတယ်။
ဧပြီ ၁၉ မနက်မှာ တကျော့ပြန်ပစ်ခတ်
ဧပြီလ ၁၉ ရက်မနက်မှာတော့ အခဲကြေပုံမရတဲ့ စစ်တပ်ဟာ စောစောစီးစီးပြန်ရောက်လာတယ်လို့ ကိုဇော်ကြီးက ပြောပါတယ်။
“မနက် ၇ နာရီခွဲပဲရှိသေးတယ်ဗျာ။ ရောက်လာပြီး လိုက်ပစ်တော့တာပဲ။ သပိတ်ကလူငယ်တွေက လက်နက် အင်အားမမျှတော့ မျက်နှာချင်းဆိုင်မခုခံဘဲ ရှောင်သွားကြပါတယ်။ အဲဒီတော့ သူတို့က ရပ်ကွက်ကို လိုက်ပစ်ပါတယ်။ ကွေ့ကြီး လမ်းမတော်လမ်းမကြီးရဲ့ ဘယ်ညာမှာရှိတဲ့ အိမ်တွေကိုဝင်ပြီး လူတွေကို ရိုက်ပါတယ်။ ပရိဘောဂတွေကို ဖျက်ဆီးပါတယ်။ လူမရှိတော့ဘဲ ထွက်ပြေးပြီး သော့ခပ်ထားတဲ့အိမ်တွေကို ဆိုရင် သော့ရိုက်ချိုးပြီး ဝင်ပါတယ်။ အိမ်ထဲမှာရှိတဲ့ပရိဘောဂပစ္စည်းတွေကိုလည်း အကုန်ဖျက်ဆီးပါတယ်။”
ကိုချစ်သူကတော့ ကိုထက်အာကာ အပါအဝင် လူ ၆ ယောက်အဖမ်းဆီးခံရတယ်လို့ ဆိုပါတယ်။ ကိုထက်အာကာက မနက် ၇ နာရီခွဲမှာ အိပ်ရာကတောင် မနိုးသေးတဲ့အချိန်မှာ စစ်တပ်က ရောက်လာပြီး သူ့ကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသ အဖွဲ့ဝင်မှန်းသိသွားလို့ ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
“လမ်းမတော်လမ်းမကြီးဘေးက ငွေစင်ရော်မုန့်နဲ့ကုန်စုံဆိုင်ကိုလည်း စစ်တပ်ကဝင်သွားပါတယ်။ ဒီကောင်တွေကို မုန့်တွေကျွေးပြီး မင်းတို့က ထောက်ပံ့နေတာမဟုတ်လားကွလို့ပြောပြီးတဆိုင်လုံးဖျက်ဆီးလိုက်ကြတာ စိစိညက်ညက်ကို ကြေမွသွားတာပါပဲ။ ဆိုင်ရှေ့မှာ မှန်ကောင်တာတို့ ရေခဲသေတ္တာတို့လို အပျက်အစီးတွေ မြင်မကောင်းပါဘူးဗျာ။ ဖျက်ဆီးပြီးတော့ ဆိုင်ရှေ့မှာ စစ်ထရပ်ကားကြီးဖင်ထိုးပြီး ဆိုင်ထဲက စားသောက်ကုန်တွေ အကုန်လုံးတင်သွားလိုက်ကြတာ၊ ဆိုးချက်တော့ဗျာ။” လို့ကိုချစ်သူကဆိုပါတယ်။
အဲဒီသတင်းကိုပဲ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား MRTV ဧပြီလ ၁၉ ရက် ည ၈ နာရီသတင်းအစီအစဥ်မှာ ကြေညာတော့ ဆိုင်ကယ် ၁၀ စီးနဲ့ လူအယောက် ၂၀ ငွေစင်ရော်ဆိုင်ကိုရောက်လာပြီး ပစ္စည်းတွေကို ဆိုင်ရှေ့ပုံမီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။ ရပ်ရွာတည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးမှုကို မလိုလားသူတွေက အဲဒီဖျက်ဆီးမှုကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျူးလွန်သယောင်မဟုတ်မမှန် ရေးသားထားကြတဲ့အတွက် ရေးသားသူတွေနဲ့ ဖျက်ဆီးသူတွေကို အရေးယူမယ်လို့ဆိုပါတယ်။
မြင်းခြံမြို့သူမြို့သားတွေရဲ့ အွန်လိုင်းအုပ်စုတွေထဲမှာတော့ ငွေစင်ရော်ကုန်စုံဆိုင်ကို စစ်တပ်က ဝင်ရောက်ဖျက်ဆီးတယ်လို့သာ တညီတညွတ်တည်းပြောဆိုကြပါတယ်။ စစ်တပ်ထရပ်ကားပေါ်မှာ မုန့်ထုပ်တွေတင်ထားတာကို ချောင်းရိုက်ထားတဲ့ဓာတ်ပုံတစ်ပုံကိုလည်း တွေ့ရပါတယ်။
အမှတ် ၆ ကွေ့ကြီးလူငယ်ပရဟိတအဖွဲ့ရဲ့ကားကိုလည်း ရိုက်နှက်ဖျက်ဆီးသွားတယ်လို့ ကိုဇော်ကြီးကဘီဘီစီကို ပြောပါတယ်။ “ရှေ့မှန်နောက်မှန်ရောအတွင်းထဲမှာပါ ဖျက်ဆီးသွားတာဗျ” လို့သူကဆိုပါတယ်။ ဓာတ်ပုံတွေထဲမှာလည်း အပျက်အစီးတွေ တွေ့မြင်ရပါတယ်။
အမှတ် ၆ ကွေ့ကြီးကို မနက်စောစောကတည်းက စစ်တပ်က သိမ်းပိုက်ထားခဲ့ပါတယ်။ စစ်တပ်က တချို့နေရာတွေမှာ လူယောင်မပြဘဲ ကင်းပုန်းဝပ်နေတဲ့အတွက် စစ်တပ်ရှိတာကို မသိတဲ့ ဆိုင်ကယ်စီးလူ ၂ ယောက် ကွေ့ကြီးထဲက သုံးဆူဘုရားအနားရောက်လာချိန်မှာ လိုက်လံပစ်ခတ်လို့ ဆိုင်ကယ်ထားပြီး လူအလွတ် ထွက်ပြေးခဲ့ရတယ်လို့လည်း ကွေ့ကြီးရပ်ကွက်သူရပ်ကွက်သားတချို့က ဘီဘီစီကို ပြောပါတယ်။
ဧပြီ ၁၉ ရက် ထိခိုက်သေဆုံးမှု
ဧပြီလ ၁၉ ရက်ကွေ့ကြီးရပ်ကွက်ဖြစ်စဥ်မှာ စစ်တပ်ဘက်က သေဆုံးသတင်းမကြားရပါဘူး။ အရပ်သားဘက်က သုံးယောက်ကျည်ဆန်ထိမှန်ခဲ့ပါတယ်။ တယောက်က လည်ပင်းကို ကျည်ဆန်ထိမှန်ပြီး နေရာမှာပဲ သေဆုံးသွားတယ်လို့ ကိုဇော်ကြီးက ပြောပါတယ်။ အမည်မသိရပါဘူး။
အမှတ် ၆ ကွေ့ကြီးမှာ သေဆုံးပေမဲ့ သူဟာ အမှတ် ၁၄ သပြေပင် ရပ်ကွက်သားလို့ဆိုပါတယ်။ နောက်ထပ် ၂ ယောက်ကျည်ဆန်ထိမှန်ရာမှာ ခြေထောက်မှာထိမှန်သူကို ရပ်ကွက်ထဲက အိမ်တစ်အိမ်က အိမ်ထဲဆွဲသွင်း ကယ်တင်လိုက်နိုင်တယ်လို့ဆိုပေမဲ့ နောက်ထပ်ဒဏ်ရာရသူရဲ့သတင်း အသေးစိတ်ကို မသိရပါဘူး။
အေးကျင်းမှာ တိုက်ပွဲ အသေးစားဖြစ်ပွား
နေ့ခင်းဘက်မှာတော့ အမှတ် ၃ ရပ်ကွက်နဲ့ အမှတ် ၄ ရပ်ကွက်ကို ပေါင်းခေါ်တဲ့ အေးကျင်းရပ်ကွက်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။
“ကွေ့ကြီးမှာတော်တော်ကို ပစ်ခတ်မှုပြင်းထန်နေတော့ အေးကျင်းဘက်က အသံဗုံးဖောက်ပြီး သူတို့ကိုလှန့်ကြပါတယ်။ ကွေ့ကြီးဘက် သက်သာအောင် လုပ်တာပေါ့ဗျာ။ ခါတိုင်းလည်း အဲသလိုလုပ်နေကျပါ။ အဲဒီမှာ အေးကျင်း ရွှေမြင်တင်ဘုရားမြောက်ဘက်မှာရှိတဲ့ သူတို့တပ်တွေက ဒေါသထွက်ပြီး ပြေးဆင်းလာကြတယ်ဗျ။ သူတို့လာတော့ လူငယ်တွေက ထွက်ပြေး၊ သူတို့ကလိုက်ပစ်တယ်။ ခါတိုင်းလိုပဲ သူတို့က လုပ်တာပါ။ ဒါပေမဲ့ ဒီနေ့တော့ လမ်းဘေးကအသင့်ကြိုချောင်းမြောင်းနေတဲ့လူငယ်တွေက လက်လုပ်သေနတ်တွေနဲ့ စောင့်ပစ်တော့ စစ်သား ၂ ယောက်ကျပါတယ်။” လို့ကိုချစ်သူက ဘီဘီစီကိုပြောပါတယ်။
လူငယ်တွေက ချောင်းမြောင်းပစ်ခတ်ပြီးထွက်ပြေးကြပါတယ်။ လူငယ်တွေကို ရှာမတွေ့လို့ဒေါသထွက်နေကြတဲ့ စစ်သားတွေဟာ အမှတ် ၃ ရပ်ကွက်နဲ့ အမှတ် ၄ ရက်ကွက်ထဲမှာ “ငါမသားတွေထွက်ခဲ့ထွက်ခဲ့” လို့အော်ပြီး သေနတ်နဲ့လိုက်ပစ်နေကြတာကို ဗီဒီယိုတချို့မှာ တွေ့ခဲ့ရပါတယ်။ အေးကျင်းရပ်ကွက်ဟာ မြေနိမ့်ချိုင့်ဝှမ်းထဲမှာ ရှိပြီး အရှေ့၊ အနောက်၊ တောင်၊ မြောက်တွေမှာ ကုန်းမြင့်တွေရှိပါတယ်။ တောင်မြောက်ကုန်းမြင့်နှစ်ခုကို ဆက်ထားတဲ့ မီးရထားသံလမ်းဟာ အေးကျင်းရပ်ကွက်ချိုင့်ဝှမ်းရဲ့အထက်ပေါ်က ဖြတ်သန်းသွားသလိုဖြစ်နေပြီး မီးရထားလမ်းဟာ ကားလမ်းအထက် ၁၅ ပေလောက်မြင့်ပါတယ်။ အဲဒီမီးရထားလမ်းပေါ်ကစီးပြီး စစ်တပ်က ပစ်ခတ်နေတဲ့ ဗီဒီယိုတွေကိုလည်း တွေ့မြင်ရပါတယ်။
အေးကျင်းလည်း မအေးရလေပြီ
အေးကျင်းရပ်ကွက်ကို တချိန်က ပူစနယ်ကျင်းလို့ခေါ်ပါတယ်။ အင်္ဂလိပ်ခေတ်မှာ ရပ်ကွက်တည်စက မီးမကြာခဏ လောင်တတ်လို့ ပူစနယ်ကျင်းနာမည်ကနေ အေးကျင်းလို့ နာမည်ပြောင်းခဲ့ပါတယ်။ ဒီနေ့ ဧပြီလ ၁၉ ရက်နေ့မှာတော့ အေးကျင်းဟာ မီးရှို့ခံခဲ့ရပြန်ပါတယ်။
လူငယ်တွေကို ရှာမတွေ့တဲ့အဆုံးမှာ ဆိုင်ကယ် ၃ စီးနဲ့ အိမ်တစ်အိမ်ကို စစ်တပ်ကမီးရှို့သွားခဲ့တယ်လို့ ကိုချစ်သူက ပြောပါတယ်။
“သူတို့ကမီးရှို့ပြီး ရပ်စောင့်နေကြတာဗျ။ မီးငြှိမ်းမလို့လာတဲ့သူတွေကို သေနတ်နဲ့ဆီးပစ်တော့ ဘယ်သူမှ မထွက်ရဲကြဘူး။ ဆိုင်ကယ် ၃ စီးလုံးကုန်တော့မှ ပြန်သွားတယ်။ သူတို့ပြန်သွားမှပဲ ရပ်ကွက်က မီးထွက်ငြှိမ်းရဲတော့တယ်။”
၂ ရက်အတွင်း သေဆုံးဒဏ်ရာရစာရင်း
အရပ်သား ၁ ယောက်သေဆုံးပြီး မျက်ခုံးမှာကျည်ဆန်ဖောက်ဝင်သူဟာ ကိုးမားဖြစ်နေတယ်လို့ ဆိုကြပါတယ်။ နောက်ထပ် အရပ်သားအနည်းဆုံး ၄ ယောက် ဒဏ်ရာရထားပါတယ်။ အဖမ်းဆီးခံရသူ အနည်းဆုံး ၆ ဦးရှိပါတယ်။ စစ်တပ်ဘက်က ၈ ယောက်သေဆုံးပြီး ၁၂ ယောက် သို့မဟုတ် ၁၆ ယောက်ဒဏ်ရာရတယ်လို့ ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုနေကြပါတယ်။
လမ်းပေါ်မှာ စစ်သားနဲ့ ဆန္ဒပြသူမှတပါး အခြားအရပ်သားတော်တော်များများဟာ လမ်းပေါ်မထွက်ရဲသလောက် ဖြစ်နေကြတာမို့ အခုအချိန်မှာ သေဆုံးသူစာရင်းဟာ အတိအကျအတည်ပြုဖို့ အလွန်ခက်ခဲနေပါတယ်။