တရုတ်သတင်းပေးလို့ ရှမ်းမြောက်က မူးယစ်ဆေးဝါးထုတ်တဲ့နေရာကို စစ်တပ်ဖမ်းဆီး

တရုတ်ဘက်က သတင်းပေးမှုကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါနဲ့ မိုင်းရယ်မြို့နယ် တွေထဲက အကြီးစားမူးယစ်ဆေးဝါးထုတ်လုပ်တဲ့ နေရာ ၃ ခုကို ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာစစ်ကော်မရှင် တာဝန်ရှိသူတွေက ‌ပြောပါတယ်။

ဇန်နဝါရီ ၁၄ ရက်က မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ အနီးစခန်းလေဆိပ်မှာ ပြုလုပ်ခဲ့တဲ့ မူးယစ်ဆေးဝါးနဲ့ မူးယစ်ဆေးဝါးတွေ ချက်လုပ်ပစ္စည်းများသိမ်းဆည်းရမိမှုနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီလိုပြောခဲ့တာဖြစ်ပါတယ်။

တရုတ်က သတင်းပေးတယ်လို့ သတင်းစာရှင်းလင်းပွဲ မှာပါဝင်တဲ့ စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပေမဲ့ ဘယ်အချိန်က သတင်းစပေးခဲ့တယ်ဆိုတာနဲ့ ဘယ်လို ဝင်ရောက်စီးနင်းတယ်ခဲ့တယ်ဆိုတာတော့အတိအကျ သူက မပြောသွားပါဘူး။

စစ်ကော်မရှင် အပြောအရ မြန်မာ့သမိုင်းမှာစံချိန်တင်ပမာဏရှိတဲ့ မူးယစ်ဆေးဝါးတွေလို့ ဆိုပြီး အဲဒီဖမ်းဆီးမှုကို မြန်မာရဲတပ်ဖွဲ့ ကွန်မန်ဒို တပ်ခွဲ ၃ ခု၊ စစ်တပ်ရဲ့ တပ် ရင်း ၃ ရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။

မူးယစ်ဆေးဝါးမျိုးစုံကို တစ်နေရာတည်းမှာ ချက်လုပ်ထုတ်လုပ်ပြီး အသင့်ထုပ်ပိုးကာ စျေးကွက်ထဲ ဖြန့်ဖြူးတဲ့အဆင့်ထိ ပြုလုပ်နေတဲ့ နေရာသုံးခုလို့ ရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

စစ်တပ်က အဲဒီရှင်းလင်းပွဲကို ပြည်တွင်းပြည်ပ သတင်းထောက်တွေနဲ့ အတူ နိုင်ငံခြား သံရုံးတွေက သံတမန်တချို့နဲ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာရုံး က တာဝန်ရှိသူတွေကိုပါ ခေါ်ယူပြသခဲ့ပါတယ်။

မူးယစ်ဆေးထုတ်လုပ်တဲ့ နေရာသုံးခုထဲက ဒုတိယနေရာတစ်ခုတည်းမှာတင် အိုက် ၂၇ တန်နဲ့ စိတ်ကြွဆေးပြား သန်း ၈၁၀ ခန့် ထုတ်လုပ်နိုင်တဲ့ ဓာတုပစ္စည်းတွေကို ဖမ်းမိခဲ့တာကြောင့် အဲဒီမူးယစ်ဆေးတွေ စျေးကွက်ထဲ ရောက်သွားရင် ကျပ် ဘီလျံ ၁၆၂၀ ခန့် တန်ဖိုးရှိမယ်လို့ သတင်းစာရှင်းလင်း ပွဲမှာ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းကိရိယာတွေကို လေ့လာဖော်ထုတ်ချက်အရ အိုက်စ် ၂၇ တန် (ဒါမှမဟုတ်) စိတ်ကြွဆေးပြား သန်း (၈၁၀)ထက် ပိုမိုများပြားတဲ့ မူးယစ်ဆေးဝါးတွေကို ပုံမှန်ထုတ်လုပ်နေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်ကော်မရှင် ကတော့ မိုင်းရယ်နဲ့ သီပေါ မြို့တွေဟာ ၁၀၂၇ စစ်ဆင်ရေးမတိုင်ခင်တုန်းကဆိုရင် စစ်တပ်နဲ့ တချို့ဒေတွေက ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) ထိန်းချုပ်ခဲ့တဲ့ဒေသတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒီစခန်း သုံးခုကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းက စပြီး ရဲနဲ့တပ် ပူးပေါင်းအဖွဲ့တွေ ထောက်လှမ်းခဲ့ပြီး နောက်ဆုံးမှာ လေကြောင်းတိုက်ခိုက်မှုအကူအညီနဲ့ ဒီစခန်းတွေကို သိမ်းနိုင်ခဲ့တယ်လို့ စစ်တပ်ကပြောပါတယ်။

ဒီဖမ်းဆီးရမိတဲ့ စခန်းသုံးခုစလုံးမှာ အဓိကအားဖြင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုကို နည်းပညာမြင့်တဲ့ စက်ကိရိယာတွေနဲ့ တွင်တွင်ကျယ်ကျယ် ထုတ်လုပ်‌နေတယ်လို့လည်း ပြသပါတယ်။

ဒါအပြင် မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ စက်ပစ္စည်းတွေ၊ ပေါင်းအိုးတွေ၊ ဂတ်စ်အိုးတွေ၊ မီးစက်တွေ၊ Star Link အင်တာနက်စက်တွေ၊ မော်တော်ယာဥ်တွေနဲ့ SSPP/SSA ယူနီဖောင်း ဝတ်စုံတွေ ဖမ်းမိခဲ့တယ်ဆိုပြီး ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ပါတယ်။

SSPP ဝတ်စုံတွေကိုမိတယ်လို့ စစ်တပ်က ပြောပေမဲ့ ဖမ်းမိတဲ့ လူတွေထဲမှာ SSPP တပ်ဖွဲ့ဝင် တစ်ဦးမှ ပါဝင်တာ မတွေ့ရပါဘူး။ စစ်တပ်သတင်းစာရှင်းလင်းပွဲမတိုင်ခင်ရက်ပိုင်းကတော့ မူးယစ်ဆေးထုတ်လုပ်မှုတွေဟာ သူတို့ နဲ့ မသက်ဆိုင်ဘူးလို့ SSPP/SSA အဖွဲ့က ငြင်းဆိုထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၁၀ ရက်က အဲဒီ ထုတ်ပြန်ချက်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) အနေနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်းတွေမှာ ပါဝင်ပတ် သက်ခြင်း မရှိကြောင်း၊ ပါဝင်ပတ်သက်တဲ့သူတွေ ရှိခဲ့ရင်လည်း စိစစ်ဖော်ထုတ် အ‌ရေးယူသွားမယ်လို့ ဖော်ပြပါတယ်။

အသေးစိတ်ထပ်မံသိရဖို့ ဘီဘီစီက SSPP ပြောခွင့်ရသူတွေထံ ဇန်နဝါရီ ၁၅ ရက် မှာ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

ရှမ်းပြည်အရေး ကျွမ်းကျင်သူတချို့က တော့ ပမာဏကြီးမားတဲ့ မူးယစ်ဆေးထုတ်လုပ်တဲ့စခန်းကို လက်နက်ကိုင် အဖွဲ့တွေ မပါဘဲနဲ့ ဒီလို ရပ်တည်ဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့ ရှမ်းပြည်အရေး ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။

ဖမ်းဆီးရမိထားတဲ့သူတွေဟာ မူးယစ်ဆေးချက်လုပ်တဲ့နေရာမှာလုပ်ကိုင်နေတဲ့ အနီးဝန်းကျင်က ရှမ်းတိုင်းရင်းသားအများစု ဖြစ်တယ်လို့ ဒီစခန်းတွေကို ဦးဆောင်ဝင်ရောက်စီးနင်းခဲ့တဲ့ ရဲမှူး ဝင်းကျော်ဇောက ပြောပါတယ်။

အခု မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တဲ့ ဒီနေရာတွေဟာ အရင် စစ်တပ် စိုးမိုးထိန်းချုပ်ခဲ့တဲ့ နေရာတွေ ဖြစ်ပေမဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ ဖြစ်ပွားခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် အဲဒီနေရာမှာ နယ်မြေထိန်းချုပ်မှု လျော့ရဲခဲ့တဲ့ အချိန် အခုလို အခွင့်ကောင်းယူပြီး မူးယစ်ဆေး ထုတ်လုပ်တာတွေ အွန်လိုင်းလိမ်လည်မှုတွေ လုပ်လာတယ်လို့ မြန်မာ စစ်တပ်ဘက်က ထုတ်ပြန်ပါတယ်။

ဘီဘီစီ က တွေ့ရှိချက်အရ အဲဒီမူးယစ်ဆေးထုတ်လုပ်တဲ့နေရာတွေက အဆောက်အဦတွေဟာနှစ်ပေါင်းများစွာ အချိန်ယူတည်ဆောက်ထားတာမျိုးလို့ နားလည်ရပါတယ်။

စစ်တပ်ရဲ့ သတင်းစာရှင်းလင်းပွဲကို နီပေါ၊ လာအို၊ ပါကစ္စတန်၊ ဘရူနိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက သံအမတ်ကြီးတွေ၊ သံတမန်တွေ၊ စစ်သံမှူးတွေ၊ တရုတ်နိုင်ငံ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးကော်မရှင်၊ ထိုင်းနိုင်ငံ မူးယစ် ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့၊ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး (UNODC)တို့က တာဝန်ရှိသူတွေ တက်ရောက်ကြပါတယ်။