ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိန္ဒိယ လယ်သမားတွေကို ချမ်းသာစေတဲ့ 'ဂမ္ဘီရ' အောင်မဲညိုပန်း
- ရေးသားသူ, ပရီတီ ဂုပ္ပတား
- ရာထူးတာဝန်, နည်းပညာ သတင်းထောက်
ပြာလွင်လွင် ပန်းတွေပွင့်တဲ့ အောင်မဲညိုပင်ဟာ နွယ်ပင်ဖြစ်ပြီး အိန္ဒိယမှာ အပရာဇိတလို့ သိကြပါတယ်။
ထိုင်းနဲ့ အင်ဒိုနီးရှားမှာ အောင်မဲညိုပန်းတွေ အဓိကစိုက်ပြီး သုံးစွဲသူလည်း များပါတယ်။ မြန်မာမှာတော့ ကျေးလက်တောနယ်မှာ အောင်မဲညိုကို ခြံစည်းရိုးက ခြုံနွယ်အဖြစ် မြင်နိုင်ပါတယ်။
အခုတော့ ကမ္ဘာအနှံ့ အောင်မဲညိုကို လိုချင်သူတွေ များလာလို့ အိန္ဒိယက စွန့်ဦးတီထွင် စီးပွားရေးသမားတွေကို ဆွဲဆောင်လာပါတယ်။
"သဘာဝအရောင် ပါတဲ့ ဆိုးဆေးတွေကို ကမ္ဘာအနှံ့ ဝယ်လိုအားက တအား တက်လာတယ်" လို့ ဗာရှီကာ ရက်ဒီက ရှင်းပြပါတယ်။ သူက သဘာဝဆိုးဆေးတွေကို ပြည်ပ တင်ပို့သူ ဖြစ်ပါတယ်။
ဒီလိုတောင်းဆိုမှု များလာတဲ့အကြောင်းကတော့ စားသုံးသူတွေက သဘာဝပစ္စည်းတွေကို ပိုသဘောကျလာတာနဲ့ သဘာဝနည်းက မဟုတ်တဲ့ အစားအသောက် ဆိုးဆေးတွေအပေါ် အမေရိကန်နဲ့ ဥရောပက ထိန်းချုပ်မှု ပိုတင်းကျပ်လာလို့ ဖြစ်ပါတယ်။
၂၀၂၁ မှာ အမေရိကန် အစားအစာနဲ့ ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့(FDA)က အောင်မဲညိုပန်းကို အစားအသောက် ထပ်ဖြည့်ပစ္စည်းအဖြစ် အသိအမှတ်ပြုပါတယ်။
ဒါပေမဲ့လည်း ဥရောပဘက်ကတော့ ဒီပန်းသုံးတာနဲ့ ပတ်သက်ပြီး ၂၀၂၂ မှာ စိုးရိမ်ကြောင်း ပြောခဲ့ပါတယ်။
ဥရောပသမဂ္ဂရော ဗြိတိန်ကပါ အောင်မဲညိုပန်းကို အစားအသောက် "အသစ်အဆန်း " အဖြစ် စာရင်းသွင်းထားလို့ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲမှုမှာ ခွင့်ပြုချက် ရဖို့ လိုနေပါသေးတယ်။
ဒါပေမဲ့လည်း အိန္ဒိယက စီးပွားရေးသမားတွေက ဒီပန်းရဲ့ဖြစ်ထွန်းမှု အလားအလာကို မြင်နေကြပြီး အိန္ဒိယစျေးကွက်ကိုလည်း ဖွံ့ဖြိုးစေချင်ကြပါတယ်။
အိန္ဒိယမှာ အောင်မဲညိုကနေ စီးပွားရေး အကျိုးအမြတ် ရနိုင်တယ်လို့ မြင်ကြသူတွေ ရှိပါတယ်။
ရက်ဒီလိုပဲ နီတက်ရှ် ဆင်းကလည်း ဒီပန်းက အိန္ဒိယမှာ လူကြိုက်များနိုင်ခြေ ပိုရှိတယ်လို့ မြင်ပါတယ်။
ဒါကြောင့် ၂၀၁၈ က စပြီး လက်ဖက်ရည်ပြာ အမှတ်တံဆိပ်နဲ့ အိန္ဒိယ အောင်မဲညို လက်ဖက်ရည်ကို ထုတ်လုပ်ပါတယ်။
ပြီးခဲ့တဲ့ ၇ နှစ်အတွင်း အောင်မဲညို ပန်းပွင့်အရေအတွက်နဲ့ အရည်အသွေး တိုးတက်လာအောင် ခြံသမားတွေနဲ့ ဆင်း လုပ်ကိုင်ခဲ့ပါတယ်။
ခြံသမား ငါးယောက်နဲ့ စခဲ့ပြီး အခုဆိုရင် နိုင်ငံအနှံ့ လူ ခြောက်ရာနဲ့ လုပ်နေတာပါ။
ဒီမှာ ပန်းခူးရတာက အဓိက အရေးကြီးပါတယ်။ ဒီအလုပ်ကို အမျိုးသမီးတွေက အဓိက လုပ်တာပါ။
ပန်းခူးပြီးရင် အခြောက်လှမ်းရပါတယ်။ ဒါကိုလည်း သေချာ ဂရုစိုက် လုပ်ရပါတယ်။
လက်ဖက်ရည်ပြာ ကုမ္ပဏီကို မရောက်ခင် ခြံသမားတွေက အခြောက်လှမ်းတာ စလုပ်ပါတယ်။ ကုမ္ပဏီမှာတော့ စိုထိုင်းမှုကို စစ်ဆေးပြီး နောက်တခါ အခြောက်လှမ်းပါတယ်။
အရောင်က မျက်စိကျစရာ ကောင်းရုံသာမက အောင်မဲညိုပန်းမှာ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိကြောင်း တွေ့ရှိလာပြီး သုတေသနတွေ ထပ်လုပ်ဖို့ လိုနေပါတယ်။
ချင်နိုင်းက သျှရီ ရာမာချန္ဒရာ အဆင့်မြင့် ပညာရေးနဲ့ သုတေသန သိပ္ပံက တွဲဖက်ပါမောက္ခ ဗီဆူပရီယားက ဆီးချို ဖြစ်နိုင်ခြေရှိသူတွေကို သုတေသန လုပ်ခဲ့ပြီး အောင်မဲညိုပွင့်ပါတဲ့ လက်ဖက်ရည်သောက်သူတွေမှာ မသောက်သူတွေထက် သကြား ထိန်းချုပ်မှု ပိုကောင်းကြောင်း တွေ့ရှိခဲ့ပါတယ်။
ပုရှ်ပဲလ် ဘစ်စဝပ်က အနောက်ဘင်္ဂလားမှာ ခြံလေးပိုင်ပြီး လက်ဖက်ရည်ပြာ ကုမ္ပဏီအတွက် အောင်မဲညို စိုက်ပါတယ်။
" အရင်က စပါးနဲ့ ဟင်းသီးဟင်းရွက် စိုက်ခဲ့ပေမယ့် မရောင်းနိုင်လို့ အရှုံးပေါ်တာတွေ ရှိခဲ့တယ်" လို့ သူက ပြောပါတယ်။
ဒါပေမဲ့ အရင် ၇ နှစ်အတွင်း အောင်မဲညိုကြောင့် အားလုံး ပြောင်းကုန်ပါတယ်။
စိုက်လို့လည်း လွယ်တယ်လို့ သူက ပြောပါတယ်။
"သိပ္ပံနည်းကျ နည်းတွေ သုံးပြီး ကီလို ၅၀ ကနေ ၈၀ ထိ တိုးထွက်လာပါတယ်။ ရတဲ့ငွေနဲ့ မြေထပ်ငှားပြီး စိုက်ပါတယ်။ စိုက်ခင်းပိုများလာလို့ ထွက်နှုန်းလည်း တိုးလာသလို ဝင်ငွေလည်း တက်လာပါတယ် " လို့ ဆိုပါတယ်။
အိန္ဒိယ နေရာတချို့မှာတော့ ဒီပန်းက တကယ် အကျိုးပြုပါတယ်။
" ဒီနှစ်ပိုင်း အနားက ရွာတွေက လူတွေ ကျွန်တော်တို့လို လိုက်ပြီး ဒီပန်းပင်ကို စိုက်ကြတယ် " လို့ ဘစ်စဝပ်က ပြောပါတယ်။