ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကလေးသတို့သမီးကနေ ထိပ်တန်းကာယဗလမယ် ဖြစ်လာတဲ့ အာဖဂန်အမျိုးသမီး
- ရေးသားသူ, မဟ်ဂျူဘာ နိုရိုဇီ
- ရာထူးတာဝန်, ဘီဘီစီ အာဖဂန်ဌာန
ရိုယာကာရီမီဟာ အာဖဂန်နစ္စတန်မှာ အသက် ၁၅ နှစ်မှာတင် ကလေးသတို့သမီး ဖြစ်ပြီး မိခင်ဘဝရောက်ခဲ့ပေမဲ့ အခုတော့ ဥရောပရဲ့ ထိပ်တန်းကာယဗလမယ်တစ်ဦး ဖြစ်လာခဲ့ပါပြီ။
ကမ္ဘာ့ကာယဗလချန်ပီယံပြိုင်ပွဲမှာ သူဘဝဇာတ်ကြောင်းဟာ အစဥ်အလာ အတားအဆီးတွေကို ဆန့်ကျင်တိုက်ဖျက်ပြီး ကိုယ့်ပုံရိပ်ကိုယ် ပြန်တည်ဆောက်တာနဲ့ အကန့်အသတ်မျိုးစုံနဲ့ ရင်ဆိုင်နေရဆဲ အမျိုးသမီးတွေအတွက် အားကျစရာ ဖြစ်လာပါတယ်။
ရိုယာက ပြီးခဲ့တဲ့ ၁၄ နှစ်တုန်းက သူ့အမေ၊ သူ့သားငယ်တို့နဲ့အတူ အာဖဂန်နစ္စတန်ကနေ ထွက်ပြေးလာပြီး နော်ဝေးနိုင်ငံမှာ ခိုလှုံခဲ့သူပါ။
အသက် ၃၀ မှာ ကမ္ဘာ့ကာယဗလ ချန်ပီယံပြိုင်ပွဲမှာ ယှဉ်ပြိုင်နိုင်တဲ့ ဘဝသစ်တစ်ခု ရလာပေမဲ့ မွေးရပ်မြေက အမျိုးသမီးတွေရဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ စိုးရိမ်မှုတွေ ဆက်ရှိနေပါတယ်။
၂၀၂၁ မှာ တာလီဘန်တွေ အာဏာပြန်ရပြီးကတည်းက အာဖဂန်အမျိုးသမီးတွေကို ကန့်သတ်ထားတာတွေကို သူက စိုးရိမ်နေပါတယ်။
"လေ့ကျင့်ရေးခန်းမကို သွားတိုင်း အာဖဂန်နစ္စတန်မှာတုန်းကအချိန်ကို မှတ်မိနေသေးတယ်။ ကျွန်မကို လွတ်လွတ်လပ်လပ် အားကစားလေ့ကျင့်ခန်း လုပ်ဖို့တောင် ခွင့်မပြုတာကိုပေ့ါ" လို့ ရိုယာက ဘီဘီစီ အာဖဂန်ဌာနကို ပြောပါတယ်။
"ကျွန်မ ကံကောင်းပြီး အဲဒီအခြေအနေကနေ လွတ်မြောက်နိုင်ခဲ့ပေမဲ့ အမျိုးသမီး တော်တော်များများဟာ ပညာရေးလို အခြေခံလူ့အခွင့်အရေးတွေတောင် မရကြသေးဘူး။ အဲဒါ တက့ယ်ကို ဝမ်းနည်းကြေကွဲစရာပဲ။"
မိန်းကလေးတွေ အသက် ၁၂ နှစ်ကျော်တဲ့အခါ ကျောင်းတက်ခွင့်ကို အာဖဂန်အာဏာရှင်တွေက တားမြစ်ထားတာကို ရိုယာက အဓိကရည်ညွှန်း ပြောဆိုနေတာပါ။
ခုခံတိုက်ပွဲဝင်ခဲ့တဲ့ ဇာတ်လမ်းတွေ
ရိုယာက ခုခံတိုက်ပွဲဝင်တဲ့ဇာတ်လမ်းတွေကို ပြန်ပြောပြရတာကိုက တိုက်ပွဲဝင်နေတာလို့ ယုံကြည်ပါတယ်။
"ဒီနေ့ ခေတ်မှာ အာဖဂန်မိန်းကလေးတွေရဲ့အသံကို ကျောင်းတောင် တက်ခွင့်မရတဲ့အထိ အာဏာပိုင်တွေက ဖိနှိပ်ထားတယ်။ အမျိုးသားအုပ်ထိန်းသူမပါဘဲ အိမ်ကတောင် မထွက်ရဘူး၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချခွင့်၊ စဥ်းစားတွေးခေါ်ခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်၊ ချစ်ကြိုက်ခွင့်၊ ကိုယ့်ဘဝကိုယ်ရှင်သန်ခွင့်တွေ မရှိပါဘူး။"
၂၀၂၁ မှာ အမေရိကန်စစ်တပ်တွေ ပြန်ထွက်သွားပြီး ကသောင်းကနင်းဖြစ်နေချိန်မှာ အနောက်နိုင်ငံတွေရဲ့ ထောက်ခံမှုရထားတဲ့ အစိုးရကို တာလီဘန်တွေက သိမ်းပိုက်လိုက်ပါတယ်။ အဲဒီ့နောက် မိန်းကလေးနဲ့အမျိုးသမီးတွေအပေါ် အကန့်အသတ်တွေ တင်းတင်းကျပ်ကျပ် လုပ်ခဲ့ပါတယ်။
"ကျွန်မတို့ အရမ်းကြိုးစားပြီး စွဲစွဲမြဲမြဲ လုပ်မယ်။ ဒါမှ ကျွန်မပတ်ဝန်းကျင်မှာ အရင်ဆုံး အပြောင်းအလဲတွေ ဖန်တီးနိုင်မယ်။"
"အာဖဂန်အမျိုးသမီးတွေ အကြောက်တရားမရှိဘဲ အသက်ရှင်နေထိုင်နိုင်တဲ့၊ ကိုယ့်ကိုယ်ပိုင်ဘဝ အတိုင်း နေနိုင်ပြီး အိပ်မက်တွေ အကောင်အထည်ဖော်နိုင်တဲ့နေ့ ရောက်လာမယ်လို့မျှော်လင့်တယ်" လို့ ရိုယာက ပြောပါတယ်။
နော်ဝေကို ပြောင်းလာ
ရိုယာက တာလီဘန်တွေ အာဏာ ပြန်မရခင်က "ဘဝကိုတောင် မကြိုက်ဘူး" လို့ ပြောပါတယ်။
အဲဒီအချိန်က ခင်ပွန်းကို ထားခဲ့ပြီး အာဖဂန်နစ္စတန်ကနေ ထွက်ပြေးဖို့ဆုံးဖြတ်ချက်က ရိုးရာဓလေ့ထုံးတမ်းစဉ်လာတွေနဲ့အညီ နေထိုင်တဲ့အာဖဂန်အမျိုးသမီးတစ်ယောက်အတွက် အန္တရာယ်နဲ့ခြိမ်းခြောက်မှုတွေ အများကြီးရှိနိုင်တဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။
နော်ဝေမှာတော့ ရိုယာက လုံးဝ ခြားနားတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ယဉ်ကျေးမှုအသစ်၊ အလုပ်ရှာတာ၊ ဘာသာစကားသစ်လေ့လာရတာတွေကို ကြုံရပါတယ်။
အစပိုင်းမှာ အားလုံးကို တစ်ပြိုင်နက်တည်း လုပ်ရတာ ခက်ပေမဲ့ နောက်ဆုံးတော့ သူ့ကြိုးစားမှုတွေကို အသီးအပွင့် ခံစားလာရပါတယ်။ ရိုယာက သူနာပြုပညာ သင်ယူပြီး နော်ဝေ မြို့တော် အော်စလိုက ဆေးရုံတစ်ရုံမှာ အလုပ်လုပ်ခဲ့ပါတယ်။
ကာယဗလ သင်ယူ
ရိုယာ ကာယဗလ လေ့ကျင့်ခန်းတွေနဲ့ စထိတွေ့တာဟာ သူ့ဘဝရဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်လာပါတယ်။ အားကစားခန်းမတွေကို သွားတာဟာ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတင် မကပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ပြန်တည်ဆောက်ပြီး သူဘယ်သူလဲဆိုတာကို ပြန်သတ်မှတ်တဲ့ နည်းတစ်ခုလည်း ဖြစ်ပါတယ်။
အရိုးစွဲနေတဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးအကန့်အသတ်တွေကနေ လွတ်မြောက်ဖို့ ကိုယ်ကာယလေ့ကျင့်ခန်းတွေက ကူညီပေးတယ်လို့ သူက ပြောပါတယ်။
သူ့အလုပ်အကိုင်ဖြစ်တဲ့ သူနာပြုအလုပ်နဲ့အတူ၊ ရိုယာက အာဟာရပညာနဲ့ ကျန်းမာရေးလမ်းညွှန်ပညာကို ဆက်လေ့လာပြီး နောက်ဆုံးမှာ ကျန်းမာကြံ့ခိုင်ရေးဆိုင်ရာပညာဘွဲ့ကို ရခဲ့ပါတယ်။
ရိုယာနဲ့ သူရဲ့ ဒုတိယအိမ်ထောင်ဘက်တို့ဟာ အာဖဂန်နစ္စတန်က ပထမဆုံး ကိုယ်ကာယကြံ့ခိုင်ရေးသမားစုံတွဲအဖြစ် အခုတော့ အသိအမှတ်ပြုခံရပါပြီ။ ခံနိုင်ရည်ရှိမှုနဲ့ ပြောင်းလဲမှုကို ကိုယ်စားပြုတဲ့ ထူးခြားတဲ့ ပြယုဂ်တစ်ခုပါပဲ။
ပြီးခဲ့တဲ့ နှစ်မှာ သူနာပြုအလုပ်ကနေထွက်ပြီး ကာယကြံ့ခိုင်ရေးလောကထဲမှာ အသက်မွေးဝမ်းကျောင်း လုပ်ဖို့ ရိုယာ ဆုံးဖြတ်ခဲ့ပါတယ်။ သူဘဝရဲ့ပုံစံကို ပြောင်းလဲလိုက်တဲ့ စွန့်စားရတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ အလုပ်ပြောင်းတာထက် အာဖဂန်နစ္စတန်မှာ ကြုံခဲ့ရတဲ့ ကန့်သတ်ချုပ်ချယ်မှုတွေနောက်ပိုင်း လွတ်လပ်မှုတွေနဲ့အညီ နေရတာက စိန်ခေါ်မှုပိုကြီးတယ်လို့ သူက ပြောပါတယ်။
"ကျွန်မတို့အတွက် အကြီးဆုံးစိန်ခေါ်မှုက သူများတွေက ကျွန်မတို့အတွက် သတ်မှတ်ထားတဲ့ နယ်နိမိတ်တွေနဲ့ ဘောင်တွေကို ဖောက်ထွက်ဖို့ပဲ။ အဲဒါတွေက စာနဲ့ရေးထားတာမဟုတ်ပေမဲ့ ဓလေ့ထုံးစံ၊ ယဥ်ကျေးမှု၊ ဘာသာရေး ဒါမှမဟုတ် ဘာဖြစ်ဖြစ် အဲဒီလို နာမည်ပေါင်းစုံနဲ့ ရှိနေတာပါ။ ဒါပေမဲ့ လမ်းသစ်ထွင်ဖို့ ဆုံးဖြတ်တဲ့အခါ အဲဒီမူဘောင်တွေကနေ ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်အောင်လုပ်ရမယ်" လို့ သူက ပြောပါတယ်။
သူ့ရဲ့ အားကစားလှုပ်ရှားမှုတွေအပြင် ရိုယာက အာဖဂန်နစ္စတန်နိုင်ငံ အတွင်းအပြင်က အာဖဂန်အမျိုးသမီးတွေနဲ့ လူမှုကွန်ရက်ကနေ ဆက်သွယ်ပါတယ်။ သူတို့နဲ့ ကိုယ်ခန္ဓာကျန်းမာရေး၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ ကိုယ့်ပုံစံကိုယ် ပြန်တည်ဆောက်ရေးရဲ့ အရေးပါတဲ့အကြောင်းတွေကို ပြောပါတယ်။
အာဖဂန်အမျိုးသမီးတိုင်းရဲ့ အောင်မြင်မှုဟာ ပုဂ္ဂိုလ်ရေးအောင်မြင်ထက် ပိုတယ်၊ လူ့အဖွဲ့အစည်းထဲမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို ပြန်သတ်မှတ်တဲ့ ခြေလှမ်းဖြစ်တယ်လို့ ရိုယာက ယုံကြည်ပါတယ်။
ကမ္ဘာ့ချန်ပီယံအတွက် လမ်းကြောင်း
နိုဝင်ဘာ ၂၇ ရက်မှာ စမယ့် ကမ္ဘာ့ကာယဗလချန်ပီယံပြိုင်ပွဲမှာ ပြိုင်ဖို့ ရိုယာ ပြင်ဆင်နေပါတယ်။
အခုနှစ် Stoperiet ကာယဗလပြိုင်ပွဲရဲ့ ကျန်းမာကြံ့ခိုင်ရေး အမျိုးအစား ပြိုင်ပွဲမှာ သူရွှေတံဆိပ်ဆု ရပြီးတဲ့နောက် ထိပ်ဆုံးကို သွားဖို့ အရှိန်ရလာပါတယ်။ အဲဒီအမျိုးအစားပြိုင်ပွဲဟာ သဘာဝ ကျန်းမာကြံ့ခိုင်ရေး၊ ကျန်းမာတဲ့အသွင်အပြင်နဲ့ သိမ်မွေ့တဲ့အလှတရားကို အထူးအလေးပေးပါတယ်။
ကြွက်သားထုကြီးမားတာကို အလေးထားတဲ့ ကာယဗလပြိုင်ပွဲ အမျိုးအစားတွေနဲ့မတူဘဲ fitness- ကျန်းမာကြံ့ခိုင်ရေးအမျိုးအစားမှာ ကိုယ်ခန္ဓာ အချိုးအစားကျတာ၊ ကျန်းမာတဲ့အသားအရေနဲ့ သဘာဝ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်တာတွေကို ဒိုင်လူကြီးတွေက ကြည့်ပါတယ် ။
သူက တောာက်တောက်ပပ ကျောက်ကလေးတွေပါတဲ့ အစိမ်းရောင် ဘီကီနီနဲ့ ဝင်ပြိုင်ပါတယ်။ သူ့ကြွက်သားအမြှောင်းတွေကို ထင်ရှားအောင် အသားအရေကို ရွှေညိုရောင် လုပ်ထားပါတယ်။ ဆံပင်ကိုဟိုက်လိုက်ဖောက်ဆိုးထားပြီး မိတ်ကပ်ကိုလည်း ပြိုင်ပွဲ စံနှုန်းတွေအတိုင်း ပြင်ထားပါတယ်။
ကိုယ်ကာယဗလပြိုင်ပွဲတွေမှာ အားကစားသမားတွေရဲ့ အဝတ်အစားရွေးချယ်မှုကနေ မိတ်ကပ်နဲ့ အသားအရေ ရွှေညိုရောင်အဆင့်အထိ အသွင်အပြင်အားလုံးဟာ ဒိုင်လူကြီးတွေ အမှတ်ပေးတဲ့ အဓိက အခန်းတွေမှာ ပါဝင်ပါတယ်။
အဲဒီအောင်မြင်မှုတွေနောက်မှာတော့ ရိုယာဟာ ဂုဏ်သတင်းကြီးတဲ့ Norway Classic 2025 မှာလည်း အနိုင်ရခဲ့ပါတယ်။ ဒါဟာ မြောက်ပိုင်းဥရောပမှာတော့ ကာယဗလပြိုင်ပွဲတွေထဲမှာ အရေးအကြီးဆုံးပြိုင်ပွဲတစ်ခုဖြစ်ပြီး ဆွီဒင်၊ နော်ဝေ၊ ဒိန်းမတ်တို့လို့ စကန်ဒီနေးဗီးယားနိုင်ငံတွေက အားကစားသမားတွေကို ဆွဲဆောင်မှုအရှိဆုံး ပြိုင်ပွဲလည်း ဖြစ်ပါတယ်။
အဲဒီအောင်မြင်မှုက ဥရောပချန်ပီယံပြိုင်ပွဲမှာ ရိုယာအတွက် နေရာတစ်ခု ရစေခဲ့ပါတယ်။ စစ်ဘေးဒဏ်ခံခဲ့ရတဲ့ အာဖန်နစ္စတန်၊ ကဘူးလ်ကနေ နိုင်ငံတကာစင်မြင့်ကို တက်လှမ်းနိုင်တဲ့ သူ့ဘဝကို ပြောင်းသွားစေခဲ့တဲ့ခြေလှမ်း ဖြစ်ပါတယ်။
ခင်ပွန်းရဲ့ ထောက်ခံမှု
ရိုယာဟာ နော်ဝေမှာ သူ့ဒုတိယခင်ပွန်း ကမေးလ် ဂျာလာလူဒင်နဲ့ တွေ့ခဲ့ပါတယ်။ သူကလည်း အာဖဂန်လူမျိုးပါ။ ကာယဗလလောကထဲမှာ ရောက်နေတာ ကြာနေပြီဖြစ်ပြီး ရိုယာကို အဓိက အားပေးသူတွေထဲက တစ်ဦးပါ။
"ရိုယာကို စင်ပေါ်မှာ မြင်ရတာဟာ ကျွန်တော်တို့ အတူတူတည်ဆောက်ခဲ့တဲ့ အိပ်မက်တွေ ပြည့်မြောက်သွားတာပါပဲ" လို့ ကမေးလ်က တက်တက်ကြွကြွ ပြောပါတယ်။
သူက စိတ်အားလူအား အားပေးတာတွေကို ရိုယာက တန်ဖိုးထားပါတယ်။
"ကမေးလ်ကို မတွေ့ခင်က ကျွန်မ အားကစား လုပ်ခဲ့ပေမဲ့ ပရော်ဖက်ရှင်နယ်အဆင့် မဟုတ်ခဲ့ဘူး" လို့ သူက ပြောပါတယ်။
"သူပံ့ပိုးပေးလို့ ပြိုင်ပွဲ ဝင်ပြိုင်ဖြစ်တာ၊ ဖောက်ထွက်တဲ့ လမ်းကြောင်းကို ရွေးဖြစ်တာပါ။ ယောကျ်ားတစ်ယောက်က မိန်းမတစ်ယောက် ဘေးမှာ ရပ်ပေးရင် အံ့သြစရာတွေ ဖြစ်လာနိုင်တာကို ယုံကြည်တယ်"လို့ သူက ပြောပါတယ်။
အောင်မြင်မှုတွေ ရလာပေမဲ့ အာဖဂန်နစ္စတန်က ရိုယာရဲ့မိသားစုက သူ့ကို ဆက်မထောက်ခံတော့ပါဘူး။
ဒါပေမဲ့ ရိုယာက "ကျွန်မ ကိုယ်ကိုယ့်ကိုယ် ရွေးချယ်ခဲ့ပြီ။ အနာဂတ် ပိုကောင်းအောင် ကြိုးစားခဲ့တယ်" လို့ ပြောပါတယ်။
သူ့ရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေမှာတော့ ဝေဖန်သံတွေနဲ့ ပြည့်နေပြီး မကြာခဏ အကြမ်းဖက်မှုနဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေ ပါဝင်တယ်။
သူလုပ်နေတာတွေကို ဝေဖန်တာတချို့ကို သူက ပယ်ချပါတယ်။
"လူတွေက ကျွန်မ အပေါ်ယံအသွင်အပြင်နဲ့ ဘီကီနီပဲ မြင်ကြတယ်။ ဒါပေမဲ့ နောက်ကွယ်မှာ နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခခံရတာ၊ ကြိုးစားထားတာနဲ့ ဇွဲလုံ့လတွေ ရှိတယ်။ ဒီအောင်မြင်မှုတွေက လွယ်လွယ်ကူကူ ရလာတာ မဟုတ်ပါဘူး။"