ဟစ်တလာရဲ့ ဒီအန်အေကို လေ့လာသင့်သလား။ ဒါမှမဟုတ် ဒီအတိုင်း ထားလိုက်သင့်သလား။

    • ရေးသားသူ, တစ်ဖ်နီ ဝါသိုင်မာ

အဒေါ့ဖ် ဟစ်တလာရဲ့ သွေးကို အသစ်ဆန်းဆုံးနည်းနဲ့ ဒီအန်အေ ခွဲခြမ်းစိတ်ဖြာခဲ့တဲ့ ရလဒ်တွေအရ ထူးခြားချက် တချို့ တွေ့ခဲ့ပြီး သူ့မျိုးရိုးနဲ့ သူအသက်ရှိစဉ်က ကျန်းမာရေး အခြေအနေတွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ ကျွမ်းကျင်သူအဖွဲ့ရဲ့ အသေးစိတ် သိပ္ပံနည်းကျ စမ်းသပ်မှုတွေဟာ ဟစ်တလာမှာ ဂျူးမျိုးရိုး ရှိ၊ မရှိ ဆိုတဲ့ ကောလာဟလကို ချေဖျက်နိုင်ခဲ့သလို (သူ့မှာ မရှိပါ)၊ မျိုးပွားအင်္ဂါတွေ ဖွံ့ဖြိုးမှုကို ထိခိုက်စေတဲ့ မျိုးရိုးဗီဇဆိုင်ရာ ချို့ယွင်းချက်တစ်ခု ရှိနေတယ်ဆိုတာကိုလည်း သွေးစွန်းနေတဲ့ အဝတ်စဟောင်းတစ်ခုကနေ ဆုံးဖြတ်နိုင်ခဲ့ပါတယ်။

ဟစ်တလာဟာ လိင်အင်္ဂါ သေးငယ်ပြီး ဝှေးစေ့တစ်ဖက်သာ ရှိတယ်လို့ သတင်း ခေါင်းစဉ်တွေမှာ ဖော်ပြပြီး အကြီးအကျယ် အာရုံစိုက်နေကြချိန်မှာ၊ ပိုမိုလေးနက်တဲ့ ဒီအန်အေ တွေ့ရှိချက်တွေအရ သူ့မှာအော်တစ်ဇင်၊ စိတ်ကစဉ့်ကလျားရောဂါနဲ့ စိတ်အတက်အကျမြန်တဲ့ရောဂါတွေ ဖြစ်နိုင်ခြေ အလားအလာ အမြင့်ဆုံး ၁ % အတွင်းမှာ ရှိတယ်လို့ သုတေသီတွေက ဆိုပါတယ်။

ဒါဆိုရင် သူ့မှာ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါ ရှိခဲ့နိုင်ပါသလား။ လုံးဝမဟုတ်ပါဘူး၊ ဒါဟာ ရောဂါရှာဖွေတွေ့ရှိမှု တစ်ခုမဟုတ်ဘဲ ဖြစ်နိုင်ခြေရှိကြောင်း ညွှန်ပြချက်သာ ဖြစ်တယ်လို့ ဆေးသုတေသီတွေက အတိအလင်း ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဒီ သုတေသနက ကျင့်ဝတ်ဆိုင်ရာ လိုက်နာမှုရှိရဲ့လားဆိုတဲ့ အချက်တွေနဲ့ ကဲ့ရဲ့ စွဲချက်တင်မှုတွေ ဖြစ်ပေါ်စေနိုင်တဲ့ စိုးရိမ်မှုတွေ ရှိနေဆဲဖြစ်ပြီး ဒီသုတေသနကို လုပ်ဆောင်ဖို့ သင့် မသင့် ဆိုတဲ့ မေးခွန်းကိုလည်း ထောက်ပြစရာ ဖြစ်လာပါတယ်။

"ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်မ အတော်ကို စဉ်းစားပူပန်ခဲ့ရပါတယ်" လို့ ပါမောက္ခ တူရီ ကင်း က Channel 4 က ပြခဲ့တဲ့ "ဟစ်တလာ ရဲ့ ဒီအန်အေ - အာဏာရှင် တယောက်ရဲ့ မူပိုင်ပုံစံ" ဆိုတဲ့ စာတန်းထိုး မှတ်တမ်းရုပ်ရှင်မှာ ပြောပါတယ်။

ဒီစီမံကိန်းမှာ ပါဖို့ ပြီးခဲ့တဲ့နှစ်အနည်းငယ်တုန်းက ပထမဆုံးအကြိမ် အဆိုပြုခံရတဲ့အခါ အဒေါ့ဖ် ဟစ်တလာလို လူတယောက်ရဲ့ ဒီအန်အေကို လေ့လာမှုရဲ့ နောက်ဆက်တွဲသက်ရောက်မှုတွေကို သူကောင်းကောင်းသိထားတယ်ဆိုတာနဲ့ "ကျွန်မက ကိစ္စတွေကို လူပြောများအောင် ချဲ့ကားလုပ်ရတာကို စိတ်မဝင်စားပါဘူး" လို့ ပါမောက္ခ ကင်းက ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် နောက်ဆုံးမှာတော့ ဒီလေ့လာမှုကို တစ်ချိန်ချိန်မှာ တစ်ယောက်ယောက်က လုပ်မှာ ဖြစ်တဲ့အတွက် သူရဲ့ ကြီးကြပ်မှုအောက်မှာ ဒီသုတေသနကို ပညာရပ်ဆိုင်ရာ တင်းကျပ်မှုနဲ့ လုံခြုံရေးစနစ်တွေ ပြည့်ပြည့်စုံစုံ လုပ်နိုင်လိမ့်မယ်လို့ သူက ရှင်းပြပါတယ်။

ပါမောက္ခ ကင်းက ထိခိုက်လွယ်ပြီး ထင်ရှားတဲ့ စီမံကိန်းတွေနဲ့ မစိမ်းတဲ့သူတစ်ဦး ဖြစ်ပါတယ်။ သူဟာ ၂၀၁၂ က လက်စတာမြို့ ကားရပ်နားကွင်းတစ်ခုအောက်မှာ တူးဖော်တွေ့ရှိခဲ့တဲ့ တတိယမြောက် ရစ်ချတ် ဘုရင်ရဲ့ အရိုးစုကို ဘယ်သူဘယ်ဝါဆိုတာ အတည်ပြုဖို့ မျိုးရိုးဗီဇစစ်ဆေးမှုကို ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

သုတေသနအတွက် အထောက်အထား

အခု သက်တမ်း အနှစ် ၈၀ ရှိပြီဖြစ်တဲ့ သွေးစွန်းနေတဲ့ အဝတ်စဟာ ဒုတိယကမ္ဘာစစ်အပြီး ဘာလင်မြို့ကို မဟာမိတ်တပ်တွေ ဝင်ရောက်လာချိန်မှာ ဟစ်တလာ သူ့ကိုယ်သူ သတ်သေခဲ့တဲ့ မြေအောက် ဗုံးခိုကျင်းထဲက ဆိုဖာကနေ ဖြတ်ယူထားတာ ဖြစ်ပါတယ်။

ဒီဗုံးခိုကျင်းကို စစ်ဆေးကြည့်တဲ့အခါ အမေရိကန် စစ်တပ်က ဗိုလ်မှူးကြီး ရိုးစ်ဝဲလ် ပီ ရိုဇန်ဂရန်း က ထူးခြားတဲ့ စစ်နိုင်အထိမ်းအမှတ် ပစ္စည်းတစ်ခု ရယူနိုင်တဲ့ အခွင့်အရေးတခု အဖြစ် ဆိုဖာခုံ ပိတ်စ ကို သိမ်းဆည်းခဲ့တာပါ။

အခုတော့ အဲဒီပစ္စည်းကို အမေရိကန်ပြည်ထောင်စု ဂက်တီဘတ်စ် သမိုင်းပြတိုက်မှာ ပြထားပါတယ်။

ဒီပိတ်စပေါ်က သွေးဟာ ဟစ်တလာရဲ့ သွေးအစစ်အမှန် ဆိုတာကို သိပ္ပံပညာရှင်တွေက လက်ခံ ယုံကြည်ထားပါတယ်။ အကြောင်းကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုက ရထားခဲ့ကြတဲ့ သူ့ဆွေမျိုးသားချင်းတွေထဲက အမျိုးသား တယောက်ရဲ့ ဒီအန်အေ နမူနာနဲ့ ဝိုင် ခရိုမိုဇုမ်းကို အတိအကျ တိုက်ဆိုင်စစ်ဆေးနိုင်ခဲ့လို့ ဖြစ်ပါတယ်

အဓိက တွေ့ရှိချက်များ

အခုအခါမှာ ပညာရှင်တွေအချင်းချင်း ပြန်သုံးသပ်နေတဲ့ အဲဒီ ရလဒ်တွေဟာ တကယ့်ကို စိတ်ဝင်စားစရာ ကောင်းလှပါတယ်။

ဒါဟာ ဟစ်တလာရဲ့ ဒီအန်အေကို ပထမဆုံး ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပြီး ကမ္ဘာ့အဆိုးဆုံး အာဏာရှင်စနစ် ကျင့်သုံးခဲ့သူတွေထဲက တယောက်ရဲ့ မျိုးဗီဇ ဆိုင်ရာ ဖွဲ့စည်းပုံကို မြင်တွေ့နိုင်ဖို့ သူ့ရဲ့ ဒီအန်အေကို လေးနှစ်အတွင်းမှာ သိပ္ပံပညာရှင်တွေက ဖော်ထုတ် နိုင်ခဲ့ကြတာပါ။

ဟစ်တလာမှာ ဂျူးမျိုးရိုးလုံးဝမရှိတာ ပညာရှင်တွေ အပြောအရ သေချာသွားပါတယ်။ ဒါဟာ ၁၉၂၀ ပြည့်နှစ်တွေကတည်းက ပျံ့နှံ့နေတဲ့ ကောလာဟလတစ်ခုပါ။

နောက်ထပ် အဓိက တွေ့ရှိချက်တစ်ခုကတော့ သူ့မှာ ကော်လ်မန်း ဆင်ဒရုန်း (Kallmann syndrome) ရှိနေတာဖြစ်ပြီး အဲဒါဟာ လူပျိုဖော်ဝင်တာနဲ့ မျိုးပွားအင်္ဂါ ဖွံ့ဖြိုးမှုတွေကို ထိခိုက်စေနိုင်တဲ့ မျိုးရိုးဗီဇဆိုင်ရာ ချို့ယွင်းချက်တစ်ခု ဖြစ်ပါတယ်။

အထူးသဖြင့် အဲဒါဟာ သေးငယ်တဲ့ လိင်အင်္ဂါနဲ့ ဝှေးစေ့တစ်လုံးတည်းရှိတဲ့ အခြေအနေကို ဖြစ်စေနိုင်ပါတယ်။ စစ်အတွင်း အင်္ဂလိပ် သီချင်းတစ်ပုဒ်ကို သိတယ်ဆိုရင် ဒါဟာ ဟစ်တလာနဲ့ ပတ်သက်ပြီး ပျံ့နှံ့နေတဲ့ နောက်ထပ် ကောလာဟလတစ်ခု ဖြစ်ခဲ့တာကို သိပါလိမ့်မယ်။

ကော်လ်မန်း ဆင်ဒရုန်းဟာ လိင်စိတ်ဆန္ဒကိုလည်း ထိခိုက်စေနိုင်ပြီး အဲဒါဟာ အထူးစိတ်ဝင်စားဖို့ ကောင်းပါတယ်လို့ မှတ်တမ်းတင်အစီအစဉ်မှာ ပါဝင်တဲ့ သမိုင်းပညာရှင်နဲ့ ပေါ့စ်ဒမ်တက္ကသိုလ်က ကထိက ဒေါက်တာ အဲလက်စ် ကေးက ပြောပါတယ်။

"ဒီအချက်က ဟစ်တလာရဲ့ ကိုယ်ရေးကိုယ်တာ ဘဝအကြောင်း အတော်များများကို ပြောပြနေတာပါ။ ပိုတိကျအောင် ပြောရရင် သူ့မှာ ကိုယ်ရေးကိုယ်တာ ဘဝဆိုတာ မရှိခဲ့ဘူးဆိုတာကိုပါ" လို့ သူက ရှင်းပြပါတယ်။

ဟစ်တလာဟာ ဘာကြောင့် "ကိုယ်ရေးကိုယ်တာဘဝကို လုံးဝနီးပါး ဖယ်ထားပြီး" နိုင်ငံရေးကို အပြည့်အဝ လုပ်ဆောင်ခဲ့တာလဲဆိုတာ သမိုင်းပညာရှင်တွေ အငြင်းပွားခဲ့ကြတာ ကြာပြီဖြစ်ပြီး အခုတွေ့ရှိချက်က အဲဒီအကြောင်းကို ရှင်းပြနိုင်တယ်လို့ ဆိုပါတယ်။

အခုလို တွေ့ရှိချက်တွေကြောင့် ဒီသုတေသနတွေဟာ စိတ်ဝင်စားဖွယ်ရာ ဖြစ်ရုံသာမက အသုံးဝင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ပါမောက္ခ ကင်း ကတော့ "သမိုင်းနဲ့ မျိုးဗီဇပညာရပ်ကို ပေါင်းစပ်လိုက်တာပါပဲ" လို့ ဆိုပါတယ်။

စိတ်ကျန်းမာရေးဆိုင်ရာ ဖြစ်နိုင်ခြေများ

ပိုရှုပ်ထွေးပြီး အငြင်းပွားဖွယ် ရလဒ်တွေကတော့ ဟစ်တလာမှာ အာရုံကြောဆိုင်ရာ ကွဲပြားမှု ဒါမှမဟုတ် စိတ်ကျန်းမာရေး အခြေအနေတစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုပြီး ရှိခဲ့နိုင်တယ်လို့ ညွှန်ပြနေတဲ့ ရလဒ်တွေပဲ ဖြစ်ပါတယ်။

သူရဲ့ ဗီဇကလပ်စည်းအစုကို လေ့လာပြီး မျိုးဗီဇမျိုးကွဲတွေ အများကြီးပါတဲ့ မျိုးဗီဇအမြောက်အမြား စုပေါင်းတွက်ချက်မှု ရမှတ်- Polygenic score တွေနဲ့ နှိုင်းယှဉ်ကြည့်ရာမှာ ဟစ်တလာဟာ အော်တစ်ဇင်ရောဂါ၊ အေဒီအိတ်ချ်ဒီ၊ စိတ်ကစဉ့်ကလျားရောဂါ နှင့် စိတ်အတက်အကျမြန်ရောဂါတို့ ဖြစ်ပွားနိုင်ခြေ မြင့်မားတာကို တွေ့ခဲ့ကြပါတယ်။

ဒါဟာ သိပ္ပံပညာ ရှုပ်ထွေးသွားတဲ့ နေရာပါ။

ဗီဇအမြောက်အမြားစုပေါင်းတွက်ချက်မှု ရမှတ် ဆိုတာကတော့ လူတစ်ဦးရဲ့ ဒီအန်အေကို စစ်ဆေးလိုက်ပြီး ရောဂါတစ်ခုခု ဖြစ်နိုင်ခြေကို တွက်ချက်ပေးတာ ဖြစ်ပါတယ်။

နှလုံးရောဂါနဲ့ အဖြစ်များတဲ့ ကင်ဆာရောဂါလိုရောဂါတွေ လူတစ်ဦးချင်းစီရဲ့ ရောဂါဖြစ်ပွားနိုင်ခြေကို ဖြစ်နိုင်ခြေရှိမရှိ သိရှိဖို့ အသုံးဝင်နိုင်ပါတယ်။ ဒါပေမဲ့ ဒါက သူတို့ရဲ့ ဒီအန်အေကို လူဦးရေ အများကြီးရဲ့ နမူနာနဲ့ နှိုင်းယှဉ်တာသာ ဖြစ်တဲ့အတွက် တစ်ဦးချင်းစီအဆင့်ကို ရောက်ရှိလာတဲ့အခါ တွေ့ရှိချက်တွေဟာ သေချာဖို့ အတော်နည်းနိုင်ပါတယ်။

ဘီဘီစီ ကြည့်ရှုခဲ့ရတဲ့ မှတ်တမ်းတင်အစီအစဉ် တစ်လျှောက်လုံးမှာ ကျွမ်းကျင်သူတွေက ဒီ ဒီအန်အေ ခွဲခြမ်းစိတ်ဖြာမှုဟာ ရောဂါရှာဖွေအတည်ပြုချက် မဟုတ်ဘဲ၊ ဖြစ်နိုင်ခြေရှိတဲ့ လက္ခဏာတစ်ခုသာ ဖြစ်တယ်ဆိုတာကို အလေးအနက် ထပ်တလဲလဲ ပြောဆိုနေကြပါတယ်။ ဒါဟာ ဟစ်တလာမှာ အဲဒီဝေဒနာတွေ ရှိနေခဲ့တယ်လို့ မဆိုလိုတဲ့ သဘောပါ။

ဒါပေမဲ့ မျိုးရိုးဗီဇဆိုင်ရာ သိပ္ပံပညာရှင်တချို့က ဒီတွေ့ရှိချက်တွေဟာ အရာရာကို လွယ်လွယ်လုပ်လိုက်တဲ့ သဘောဖြစ်နေတယ်ဆိုတဲ့ စိုးရိမ်မှုတွေကို ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

လန်ဒန်မြို့ ကင်းစ်ကောလိပ်က မှုခင်းမျိုးရိုးဗီဇဆိုင်ရာ ပါမောက္ခ ဒီနီစ် စန္ဒီကမ်း ကုတ်ကတော့ သူတို့ဟာ "ယူဆချက်တွေကို လွန်လွန်ကဲကဲ ဖော်ထုတ်တင်ပြခဲ့ကြတယ်" လို့ ခံစားရကြောင်း သူက ထောက်ပြပါတယ်။

၂၀၁၈ ခုနှစ်က အလားတူ သွေးနမူနာကို စမ်းသပ်ခဲ့ဖူးတဲ့ ပါမောက္ခ ကုတ်ကတော့ "စရိုက် ဒါမှမဟုတ် အပြုအမူပိုင်း ကိစ္စရပ်တွေနဲ့ ပတ်သက်လာရင် အတော်အသုံးမဝင်ဘူးလို့ ထင်မိတယ်"လို့ ဘီဘီစီကို ပြောပါတယ်။

"မျိုးရိုးဗီဇရှိပေမဲ့ ရောဂါလက္ခဏာမပြတဲ့" အခြေအနေ ကြောင့် ရလဒ်တွေကို အခြေခံပြီး လူတစ်ယောက်မှာ ရောဂါတစ်ခုခု ရှိ၊ မရှိ ခန့်မှန်းချက်တွေ မထုတ်ချင်ဘူးလို့ သူက ပြောပါတယ်။

အလားတူ မျိုးဗီဇဗေဒပညာရှင် ဒေါက်တာ ဆွန်ဒ်ယာ ရာမန် ကလည်း "ကိုယ့်ရဲ့ ဒီအန်အေထဲမှာ တစ်ခုခု ပါနေရုံနဲ့ ကိုယ်က အဲဒီအတိုင်း ဖြစ်လာမယ်လို့ မဆိုလိုပါဘူး" လို့ နားလည်ရလွယ်အောင် ပြောပြပါတယ်။

ကိန်းဘရစ်ချ်တက္ကသိုလ်က အော်တစ်ဇင်သုတေသနစင်တာရဲ့ ညွှန်ကြားရေးမှူး ပါမောက္ခ ဆိုင်မွန် ဘရွန်းကိုဟင်း ကလည်း အဲဒီမှတ်တမ်းရုပ်ရှင်ထဲမှာ "ဇီဝကမ္မ ဖြစ်စဥ် ကနေ အပြုအမူဆီကို ကူးပြီး ပြောဆိုမှုဟာ ကြီးမားတဲ့ ခြားနားချက်တခုကို ခုန်ကူးလိုက်သလိုပဲ"လို့ သူက ဆိုထားပါတယ်။

"ဒီလို မျိုးရိုးဗီဇ ရလဒ်တွေကို ကြည့်ပြီး ခွဲခြားဆက်ဆံခံရနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ လူတွေက 'ငါ့ရဲ့ ရောဂါဟာ ဒီလို ကြောက်စရာကောင်းတဲ့ အလုပ်တွေ လုပ်ခဲ့တဲ့သူနဲ့ ဆက်နွှယ်နေတာလား' ဆိုပြီး တွေးကောင်း တွေးမိနိုင်ပါတယ်" လို့ ဆိုပါတယ်။

ထည့်သွင်းစဉ်းစားရမယ့် တခြားအချက်တွေ အများကြီး ရှိနေချိန်မှာ "အရာအားလုံးကို မျိုးရိုးဗီဇအပေါ်မှာပဲ ပုံချလိုက်တဲ့ အန္တရာယ်ရှိပါတယ်" လို့ သူက ပြောပါတယ်။

ယူကေက အမျိုးသား အော်တစ်ဇင်အသင်းက မြန်မြန်ဆန်ဆန် တုံ့ပြန်ခဲ့ပြီး ဒီတွေ့ရှိချက်တွေကို "အပေါစားနည်း" လို့ ဝေဖန်ခဲ့ပါတယ်။

"ညံ့ဖျင်းတဲ့ သိပ္ပံပညာထက်တောင် ပိုဆိုးတယ်။ (မှတ်တမ်းရုပ်ရှင်က) အော်တစ်ဇင်ဝေဒနာရှင်တွေရဲ့ ခံစားချက်ကို လုံးဝ ထည့်မတွက်တာကို တုန်လှုပ်မိပါတယ်" လို့ သုတေသနဆိုင်ရာလက်ထောက် ဒါရိုက်တာ တင်မ် နစ်ချိုးလ်က ပြင်းပြင်းထန်ထန် ဝေဖန်ထားတဲ့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

"အော်တစ်ဇင်ရောဂါရှိသူတွေဟာ ဒီလိုအဆင့်မျိုးထက် ပိုကောင်းတဲ့ ဆက်ဆံမှုကို ရထိုက်ပါတယ်။"

ဒီလို စိုးရိမ်ပူပန်မှုချက်တွေကို အဲဒီ မှတ်တမ်းရုပ်ရှင်ဇာတ်ကားကို ထုတ်လုပ်တဲ့ Channel 4 နဲ့ Blink Films တို့ဆီကို ဘီဘီစီက တင်ပြခဲ့ပါတယ်။

ထုတ်ပြန်ချက်တစ်စောင်မှာ ပါမောက္ခ ဘရွန်းကိုဟင်းလို ကျွမ်းကျင်သူတွေက "လူတစ်ဦးရဲ့ အပြုအမူဟာ မျိုးရိုးဗီဇတစ်ခုတည်းကြောင့်မဟုတ်ဘဲ ပတ်ဝန်းကျင်၊ ကလေးဘဝနဲ့ ဘဝအတွေ့အကြုံတွေ၊ ပြုစုပျိုးထောင်ပုံ၊ ပညာရေးနဲ့ အရင်းအမြစ်တွေ၊ ယဉ်ကျေးမှုအကြောင်းတွေ အပါအဝင် အကြောင်းရင်းအများကြီးရဲ့ ရလဒ်ဖြစ်တယ်"လို့ ထောက်ပြထားပါတယ်။

"အစီအစဥ်ထဲမှာ ဖော်ပြထားတဲ့ မျိုးရိုးဗီဇ အကြောင်းတွေက ဟစ်တလာအကြောင်း ပိုသိအောင် ပြရုံပဲ ဖြစ်ပြီး သူဟာ တစ်ခုခုကို လုပ်မယ်လို့ ဇီဝဗေဒအရ ကြိုတင်သတ်မှတ် ခံထားရတယ်ဆိုတာ ပြောနေတာ မဟုတ်ပါဘူး" လို့ ထုတ်ပြန်ချက်မှာ အလေးထား ဖော်ပြထားပါတ​ယ်။

ဒီမှတ်တမ်းရုပ်ရှင်ရဲ့ နာမည်ကလည်း ဝေဖန်စရာဖြစ်စေခဲ့ပါတယ်။ အထူးသဖြင့် ဒုတိယပိုင်းဖြစ်တဲ့ " အာဏာရှင်ရဲ့ မူလပုံကြမ်း" ဆိုတဲ့ အပိုင်းပါ။

ပါမောက္ခ ကင်းကတော့ ဒါဟာ သူသာဆိုရင် ရွေးချယ်မှာမဟုတ်တဲ့ နာမည်လို့ ပြောကြားပါတယ်။

အစီအစဉ်ထဲမှာ ပါဝင်ထားတဲ့ သမိုင်းပညာရှင် ပါမောက္ခ သောမတ်စ် ဝက်ဘာကလည်း ဘီဘီစီကို ပြောရာမှာ သူတို့အနေနဲ့ "အာဏာရှင် ဗီဇ (dictator gene) ဆိုတာ မရှိဘူး" ဆိုတာကို အလေးပေး ပြောထားပေမဲ့ ခေါင်းစဉ်နာမည်ကို ကြားရတဲ့အခါ အံ့အားသင့်သွားတယ်လို့ ပြောပါတယ်။

ဘီဘီစီနဲ့ စကားပြောခဲ့တဲ့အချိန်မှာ ဒီမှတ်တမ်းရုပ်ရှင်ကို မကြည့်ရသေးတဲ့ အဲဒီ ပါမောက္ခက ဒီ ဒီအန်အေဆိုင်ရာ စိစစ်လေ့လာမှုဟာ စိတ်လှုပ်ရှားစရာလည်းဖြစ်သလို စိုးရိမ်စရာလည်းဖြစ်တယ်လို့ ပြောပါတယ်။

"စိတ်လှုပ်ရှားစရာကောင်းတာက ဟစ်တလာရဲ့ ကိစ္စမှာ ကျွန်တော် သံသယရှိခဲ့တဲ့ အချက်အလက် တော်တော်များများကို အတည်ပြုပေးလိုက်လို့ပါ... ဒါပေမဲ့ လူတွေက မျိုးဗီဇဆိုင်ရာကိစ္စရပ်တွေကို လွန်လွန်ကဲကဲ အဓိပ္ပာယ်ကောက်ယူသွားမလား၊ ' မကောင်းဆိုးရွားဗီဇ (evil gene)' ကို ရှာဖွေဖို့ ကြိုးစားသွားကြမလားဆိုတာကိုတော့ စိုးရိမ်မိပါတယ်။"

အစီအစဉ်ထဲမှာ ဖော်ပြထားတဲ့ အထူးသဖြင့် အော်တစ်ဇင်နဲ့ တခြား အလားတူ ရောဂါလက္ခဏာတွေ ရှိသူတွေက ဒါကို ဘယ်လို တုံ့ပြန်ကြမလဲဆိုတာကိုလည်း သူက စိုးရိမ်နေပါတယ်။

ရှုပ်ထွေးတဲ့ သိပ္ပံပညာရပ်ဆိုင်ရာ အကြောင်းအရာတွေကို သာမန်ပြည်သူတွေ နားလည်အောင် မှန်ကန်တဲ့ အစီအစဉ်တစ်ခု လုပ်ဖို့ ကြိုးစားတဲ့အခါ အခက်အခဲနဲ့ ကမောက်ကမတွေ အများကြီးရှိပါတယ်။

"ဒါက ရုပ်မြင်သံကြားပါ။ တစ်ခါတစ်ရံတော့ ရိုးရှင်းအောင် လုပ်ရတာတွေ ဖြစ်တတ်ပါတယ်" လို့ သိပ္ပံပညာရှင်တစ်ဦးအနေနဲ့ သူရဲ့ တာဝန်ဝတ္တရားတွေနဲ့ မီဒီယာရဲ့ အခြေအနေတွေကြားမှာ ဟန်ချက်ညီအောင် ထိန်းညှိရာမှာ အတွေ့အကြုံများတဲ့ ပါမောက္ခ ကင်းက ပြောပါတယ်။

"သူတို့တွေ (မှတ်တမ်းရုပ်ရှင် ပြုလုပ်သူတွေ)က တခြားနည်းနဲ့ လူသိများသွားအောင် အများကြီး ချဲ့ကားနိုင်တာပဲ။ ဒါပေမယ့် သူတို့မလုပ်ခဲ့ဘူး။ သူတို့က သိမ်မွေ့တဲ့အချက်တွေကို ရဖို့ ကြိုးစားခဲ့ကြတယ်... ပြီးတော့ ကျွန်မတို့က စည်းတွေ၊ ကန့်သတ်ချက်တွေ ထားပေးခဲ့ကြတယ်။"

Channel 4 ကတော့ ဒီအစီအစဉ်ရဲ့ နာမည်ကို "ဒီအန်အေကို ယေဘုယျအားဖြင့် 'ဘဝရဲ့ မူပုံစံ (blueprint of life)' လို့ သိကြတယ်" ဆိုတဲ့ အချက်နဲ့ ကာကွယ်ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် "ပရိသတ်အများအပြားဆီ ကျယ်ကျယ်ပြန့်ပြန့် ရောက်နိုင်မယ့် အစီအစဉ်တွေကို လုပ်ပေးဖို့က သူတို့ရဲ့တာဝန်ဖြစ်ပြီး ဒီအစီအစဉ်ရဲ့ ရည်ရွယ်ချက်ကလည်း ရှုပ်ထွေးတဲ့ သိပ္ပံနည်းကျ အယူအဆတွေနဲ့ သမိုင်းဆိုင်ရာ သုတေသနတွေကို ကြည့်ရှုသူအားလုံး နားလည်နိုင်အောင် ဆောင်ကျဉ်းပေးဖို့ပဲဖြစ်တယ်" လို့လည်း ဆိုပါတယ်။

ဒီစီမံကိန်းအတွက် ကျင့်ဝတ်ပိုင်းဆိုင်ရာ မေးခွန်းတွေလည်း အများကြီးရှိပါတယ်။

ဟစ်တလာရဲ့ ခွင့်ပြုချက် ဒါမှမဟုတ် သူ့ရဲ့ တိုက်ရိုက်သားစဉ်မြေးဆက်တစ်ဦးဦးရဲ့ ခွင့်ပြုချက်ကို မရနိုင်ခဲ့ရင် သူ့ရဲ့ ဒီအန်အေကို စစ်ဆေးသင့်သလား။

ပြီးတော့ သူဟာ သမိုင်းတလျှောက်မှာ အဆိုးဆုံး ရက်စက်မှုကြီးတစ်ခုအတွက် တာဝန်ရှိသူဖြစ်တယ်ဆိုတဲ့ အချက်နဲ့ ဒီကိစ္စက ဘယ်လိုမျိုး ဆက်စပ်နေသလဲ။ ဒါဟာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုအခွင့်အရေးကို ပယ်ဖျက်လိုက်တာလား။

"ဒါဟာ ဟစ်တလာပါ။ သူဟာ ဒီအန်အေ သုတေသန ဘယ်သူမှ မလုပ်နိုင်တဲ့ လျှို့ဝှက်ထားသူ မဟုတ်ပါဘူး။ အဲဒီဆုံးဖြတ်ချက်ကို ဘယ်သူက ချမှတ်မှာလဲ" လို့ ပါမောက္ခ ကင်းက ချေပခဲ့ပါတယ်။

သမိုင်းပညာရှင် ဆူဘတ်ဒရာ ဒတ်စ်ကလည်း သဘောတူညီခဲ့ပါတယ်။

"ဒါဟာ သိပ္ပံပညာရှင်တွေ လုပ်တဲ့ အရာပါပဲ။ ဒီအန်အေ နမူနာယူခံခဲ့ရတဲ့၊ သေဆုံးတာ ကြာပြီ ဖြစ်တဲ့ လူပုဂ္ဂိုလ်တွေ ရာချီ ရှိပါတယ်။ ဒါဟာ သိပ္ပံနဲ့ ရှေးဟောင်းသုတေသနမှာ သမားရိုးကျ လုပ်ရိုးလုပ်စဉ်တစ်ခုပါပဲ။ ဒါကို ကျွန်တော်တို့က ဘယ်လိုမျိုး အဓိပ္ပာယ်ကောက်ယူကြသလဲဆိုတာကမှ ပြဿနာဖြစ်လာတာပါ" လို့ ဆိုပါတယ်။

သမိုင်းပညာရှင် ဒေါက်တာ ကေးကတော့ "အချက်အလက်တွေ မှန်ကန်ပြီး အရာအားလုံးကို အထပ်ထပ် ပြန်စစ်ဆေးထားသရွေ့တော့" ကျင့်ဝတ်ဆိုင်ရာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ဖို့ မရှိဘူးလို့ ပြောပါတယ်။

ဟစ်တလာရဲ့ ဒီအန်အေကို ကိုင်တွယ် သင့်သလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီးလည်း "ဟစ်တလာဟာ သေဆုံးပြီး နှစ်ပေါင်း ၈၀ ရှိပါပြီ။ သူ့မှာ တိုက်ရိုက်သားစဉ်မြေးဆက် မရှိသလို သားသမီးလည်း မရှိခဲ့ပါဘူး။ သူဟာ မရေမတွက်နိုင်တဲ့ လူပေါင်းများစွာကို ဆင်းရဲဒုက္ခတွေ ဖြစ်စေခဲ့သူပါ။ သူ့ရဲ့ ဒီအန်အေကို စိစစ်လေ့လာတဲ့ ကျင့်ဝတ်ဆိုင်ရာ အကျပ်အတည်းနဲ့ ယှဉ်ပြီး ချိန်ဆကြည့်ဖို့ လိုအပ်ပါတယ်" လို့ ဆိုပါတယ်။

စိတ်ဝင်စားစရာကောင်းတာက ဥရောပက ဓာတ်ခွဲခန်းအများအပြားဟာ ဒီစီမံကိန်းမှာ ပါဖို့ ငြင်းဆန်ခဲ့ကြပြီး စမ်းသပ်စစ်ဆေးမှုတွေ လုပ်ပေးခဲ့တာကတော့ အမေရိကန်က ဓာတ်ခွဲခန်းတစ်ခု ဖြစ်ပါတယ်။

မှတ်တမ်းရုပ်ရှင်သမားတွေကတော့ ဒီသုတေသနဟာ နိုင်ငံနှစ်နိုင်မှာ သုံးသပ်ခဲ့တဲ့၊ "ပညာရပ်ဆိုင်ရာ ကျင့်ဝတ် စံနှုန်းတွေကို ပြန်လည်သုံးသပ်မှု အဆင့်ဆင့်ကို ဖြတ်သန်း အောင်မြင်ပြီး ဖြစ်တယ်" လို့ ဘီဘီစီကို ပြောပါတယ်။

ဒါဆို ဒီသုတေသနကို လုံးဝ ပြုလုပ်သင့်ပါသလား။ မျိုးရိုးဗီဇဆိုင်ရာ သိပ္ပံပညာရှင်တွေနဲ့ သမိုင်းပညာရှင်တွေ အမျိုးမျိုးကို ဘီဘီစီက မေးမြန်းခဲ့ရာမှာ ဘယ်သူ့ကို မေးမြန်းသလဲဆိုတာပေါ် မူတည်ပြီး အဖြေက ကွဲသွားပါတယ်။

မှတ်တမ်းရုပ်ရှင်ထဲမှာ ပါဝင်ခဲ့ကြသူတွေကတော့ သဘာဝကျကျပဲ လုပ်သင့်တယ်လို့ ဖြေကြပါတယ်။ ဒါဟာ လူတွေကို စိတ်ဝင်စားစေရုံသာမက ကြောက်ရွံ့တုန်လှုပ်စေတုန်းပဲဖြစ်တဲ့ ဟစ်တလာဆိုတဲ့ ပုဂ္ဂိုလ်ရဲ့အကြောင်းကို ပိုပြီး ပြည့်ပြည့်စုံစုံ သိဖို့ အကူအညီ ပေးတယ်လို့ ဆိုပါတယ်။

"အတိတ်က အစွန်းရောက်မှုတွေကို နားလည်နိုင်ဖို့ လုပ်နိုင်သမျှ လုပ်သင့်တယ်" လို့ ပါမောက္ခ ဝက်ဘာက ယုံကြည်ထားပါတယ်။

"ပွင့်ပွင့်လင်းလင်းပြောရရင်" "ဒီအကြောင်းအရာတွေဟာ အရင်ကတည်းက ရှိနေခဲ့ပြီးသားပါ... ဒီအတွေးအခေါ်ကို လူတွေရဲ့ ဦးနှောက်ထဲမှာ ကျွန်တော်တို့က ရုတ်တရက် ရိုက်သွင်းတာ မဟုတ်ပါဘူး။ ဟစ်တလာမှာ ရောဂါဝေဒနာတချို့ ရှိမရှိနဲ့ ပတ်သက်ပြီး လူတွေက ဆယ်စုနှစ်ချီပြီး မှန်းဆခဲ့ကြတာပါ"လို့ ဒေါက်တာကေးက ဆိုပါတယ်။

သမိုင်းပညာရှင်အားလုံးကတော့ သဘောတူကြတာ မဟုတ်ပါဘူး။

"ဟစ်တလာရဲ့ လုပ်ရပ်တွေအပေါ် ဘာစောဒက တက်စေသလဲဆိုတာကို ရှင်းပြဖို့ကြိုးစားတဲ့ ဒီနည်းလမ်းဟာ မရေရာလှဘူးလို့ ထင်ပါတယ်" လို့ ယူထရက် တက္ကသိုလ်က အပြည်ပြည်ဆိုင်ရာသမိုင်း လက်ထောက် ကထိကဖြစ်သူ အီဗာ ဗူကူဆစ်က ဆိုပါတယ်။

အစုလိုက်အပြုံလိုက် အကြမ်းဖက်မှုကျူးလွန်ခြင်းကို အာရုံစိုက်လေ့လာတဲ့ ဒေါက်တာ ဗူကူဆစ်က ဘီဘီစီကို ပြောကြားရာမှာ လူတွေ စိတ်ဝင်စားကြတဲ့ အကြောင်းရင်းကို သူ နားလည်တယ်လို့ ပြောပေမဲ့ "ကျွန်မတို့ ရှာဖွေနေတဲ့ အဖြေတွေကို ဒီအန်အေစစ်ဆေးမှုတစ်ခုတည်းနဲ့တော့ ရှာတွေ့မှာ မဟုတ်ပါဘူး" လို့လည်း ဆိုခဲ့ပါတယ်။

ဒီသုတေသနဟာ စိတ်ဝင်စားစရာကောင်းတယ်ဆိုပေမဲ့ သမိုင်းရဲ့ တကယ့်သင်ခန်းစာတွေကို မှေးမှိန်သွားစေတဲ့ အန္တရာယ်ရှိတယ်လို့ သမိုင်းပညာရှင် အန်း ဗန် မောရစ်က ဆိုပါတယ်။

ဒီသင်ခန်းစာကတော့ "သာမန်လူတွေဟာ အခြေအနေတချို့မှာ စက်ဆုပ်ရွံရှာဖွယ် အကြမ်းဖက်မှုတွေကို ကျူးလွန်နိုင်၊ လှုံ့ဆော်နိုင် ဒါမဟုတ် လက်ခံနိုင်တယ်" ဆိုတာပါပဲ။

ဟစ်တလာရဲ့ (ဖြစ်နိုင်ခြေရှိတဲ့) သေးငယ်တဲ့ လိင်အင်္ဂါအပေါ်မှာပဲ အာရုံစိုက်တာဟာ လူအစုလိုက်အပြုံလိုက် အကြမ်းဖက်မှုနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ဘယ်လို ဖြစ်ခဲ့သလဲ၊ ဘာကြောင့်ဖြစ်ရသလဲဆိုတာနဲ့ ပတ်သက်ပြီး ဘာသင်ခန်းစာမှ ပေးနိုင်မှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

လေ့လာမှုက ပြီးဆုံးသွားပြီဖြစ်ပြီး သုတေသနကို အကဲဖြတ်သူ ပညာရှင်တွေက ပြန်သုံးသပ်နေဆဲဖြစ်တဲ့အတွက် တစ်ချိန်ချိန်မှာတော့ အပြည့်အစုံ ရှာဖွေတွေ့ရှိချက်တွေကို သိနိုင်မှာ ဖြစ်ပါတယ်။

ဒီရလဒ်တွေကို အလွန် ဂရုတစိုက်နဲ့ အသုံးပြုကြဖို့ ပါမောက္ခ ဝက်ဘာက ပြောပေမဲ့ တစ်နည်းနည်းနဲ့တော့ အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

"ဒါကတော့ သုတေသနရလဒ်တွေရဲ့ ကောင်းတဲ့အချက်ပါ။ ဒါက နောင် နှစ်ပေါင်း ၅ နှစ်၊ ၁၅၀ နှစ်၊ နှစ်ပေါင်း ၅၀၀ ကြာမှလည်း ဖြစ်လာနိုင်ပါတယ်။ ဒီသုတေသနဟာ အနာဂတ်မှာ ပညာတတ်တဲ့လူတွေက ဒါတွေကို အသုံးပြုလာကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။"

ဒါပေမယ့် ဒီရလဒ်တွေကို ဘယ်လိုအသုံးပြုကြမလဲဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။

အားလုံးဟာ "သိပ္ပံနည်းကျ အချက်အလက်တွေကို လိုက်နာပြီး" ကျွန်တော်တို့ သိထားတာနဲ့ မသိသေးတာတွေကို ရှင်းရှင်းလင်းလင်း ဖော်ပြဖို့ လိုအပ်တယ်လို့ ဒေါက်တာ ကေးက ဆိုပါတယ်။

ဒီထဲမှာ မီဒီယာတွေ ဘယ်လိုမျိုး သတင်းဖော်ပြကြသလဲဆိုတာလည်း ပါဝင်ပါတယ်။

"ဒီမှတ်တမ်းတင်အစီအစဉ်ကို ကြည့်ရှုသူတိုင်း ဒါကို တိတိကျကျ ရေးဖို့ တာဝန်ရှိပါတယ်၊ ခွဲခြားဆက်ဆံခံရတာတွေ ဖြစ်မလာတာ သေချာအောင် လုပ်ရပါမယ်။"

"ဒီအစီအစဥ်မျိုးဟာ သူချည်းသက်သက်၊ သမိုင်းအကြောင်းအရာ နောက်ခံအခြေအနေတွေနဲ့ ခွဲကြည့်လို့ မရပါဘူး။"