ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နှစ် ၁၀၀ ပြည့် ဘီဘီစီ - ဘီဘီစီ ရဲ့ အထင်ကရ လူများ အချိန်ကာလများ အမှတ်တရများ
ကမ္ဘာပေါ်မှာ အကြီးဆုံး အသံလွှင့်ဌာနကြီး ဖြစ်တဲ့ ဘီဘီစီကို ၁၉၂၂ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့က အင်္ဂလန်က လန်ဒန်မြို့မှာ တရားဝင် စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ဘီဘီစီရဲ့ သက်တမ်းတလျှောက်မှာ စိတ်လှုပ်ရှားစရာ အဖြစ်စုံကို ကျော်လွန်ဖြတ်သန်းခဲ့ပြီးလည်း ဖြစ်ပါတယ်။
ဘီဘီစီရဲ့ တည်ထောင်ခဲ့တာ ရာစုနှစ် တခု တိုင်လာချိန်မှာ အမှတ်ရစရာ အဖြစ်အပျက်တွေ၊ အထင်ကရ အရာ၀တ္တုတွေနဲ့ ထင်ပေါ် ကျော်ကြားသူတချို့အကြောင်းကို ပြန်ပြောင်း ကြည့်ကြရအောင်ပါ။
၁. ပထမဆုံး ဘီဘီစီ ရေဒီယို အသံလွှင့်ရုံ
အပျော်တမ်း အသံလွှင့်ရုံတော်တော်များများ ပိတ်သွားခဲ့ကြတဲ့ နောက်ပိုင်း ၁၉၂၂ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့မှာ အင်္ဂလန်က လန်ဒန်မြို့မှာ ဘီဘီစီက ပထမဆုံး အကြိမ် နေ့စဉ် ရေဒီယို အစီအစဉ်တွေကို စတင် ထုတ်လွှင့်ခဲ့ပါတယ်။
ပထမဆုံး အစီအစဉ်အဖြစ် သတင်းတွေကို ဂရင်းနစ် စံတော်ချိန် ညနေ ၆ နာရီမှာ ထုတ်လွှင့်ခဲ့ပါတယ်။ အဲဒီနောက်မှာ အမျိုးသား မိုးလေဝသနဲ့ ဇလဗေဒ ဌာနက စီစဉ်ပံ့ပိုးပေးထားတဲ့ မိုးလေဝသ သတင်းတွေကို ဆက်လက် ထုတ်လွှင့်ပေးခဲ့ပါတယ်။
အဲဒီ သတင်းတွေကို အစီအစဉ်ပိုင်း ညွှန်ကြားရေးမှူး အာသာ ဘားရိုးစ်က အင်္ဂလိပ် ဘာသာနဲ့ ဖတ်ကြားပေးခဲ့တာ ဖြစ်ပါတယ်။ ဘာရိုးစ်က သောတရှင်တွေ အနေနဲ့ မှတ်သားစရာ ရှိရင် မှတ်သားနိုင်အောင်လို့ သတင်းတွေကို အမြန် တကြိမ် နဲ့ အနှေးတကြိမ် နှစ်ကြိမ် ဖတ်ကြားပေးခဲ့ပါတယ်။
၂. ကမ္ဘာတလွှား သတင်းများရဲ့ အစ
၁၉၃၂ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ပဉ္စမမြောက် ဂျော့ချ် ဘုရင်က ယူကေတဝန်းနဲ့ ကမ္ဘာ့တခြား နယ်ပယ်တွေဆီကို သူ့ရဲ့ ပထမဆုံး တော်ဝင် ခရစ္စမတ် သတင်းစကားကို ဘီဘီစီကနေ ထုတ်လွှင့်ပြောကြားခဲ့ပါတယ်။ လှိုင်းတိုနဲ့ ထုတ်လွှင့်ခဲ့တာ ဖြစ်ပြီး အင်္ဂလိပ် ဘာသာစကား ပြောကြားကြတဲ့ ဗြိတိသျှ အင်ပါယာ အတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူလူထုအတွက် ရည်ရွယ်ထုတ်လွှင့်ပေးခဲ့တာ ဖြစ်ပါတယ်။ မိန့်ခွန်းထဲမှာ ဆီးနှင်းပြင်၊ လွင်ပြင်ကန္တာရနဲ့ ပင်လယ်သမုဒ္ဒရာတွေ ပိုင်းခြားထားတဲ့ လေလှိုင်းကတဆင့်သာ ရောက်နိုင်ကြားနိုင်ကြမယ့် လူအများဆီ ရည်ရွယ် ထုတ်လွှင့်ပေးမယ့် ဌာနကြီး ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ အဲဒီ မိန့်ခွန်းနဲ့ အတူ ဘီဘီစီရဲ့ အင်ပါယာ အသံလွှင့်ဌာနကြီးလည်း စတင် ဖြစ်တည်လာခဲ့ ပါတယ်။ အဲဒီ ဌာနကြီးဟာ ယနေ့ခေတ်မှာတော့ ဘီဘီစီရဲ့ ကမ္ဘာတလွှား သတင်းဌာနကြီးအဖြစ် ဆက်လက်ရှင်သန် လှုပ်ရှားနေဆဲ ဖြစ်ပါတယ်။
ဘီဘီစီရဲ့ ကမ္ဘာတလွှား သတင်းဌာနဟာ အခုဆိုရင် ဝန်ဆောင်မှု ပေးနေတဲ့ ဧရိယာ၊ ဘာသာစကားများနဲ့ ပရိတ်သတ်အားမှာ ကမ္ဘာပေါ်မှာ အကြီးဆုံး ဘာသာစုံ သတင်းဌာနကြီး ဖြစ်လို့နေပါပြီ။ ကမ္ဘာတလွှားကို အွန်လိုင်း၊ လူမှုကွန်ရက်၊ တီဗီနဲ့ ရေဒီယိုတွေကနေ ဘာသာစကား ၄၀ ကျော်နဲ့ ထုတ်လွှင့် တင်ဆက်ပေးနေပါတယ်။
၃. အထင်ကရ မိုက်ခရိုဖုန်း
၁၉၃၀ ပြည့်နှစ်တွေ အတွင်းက စီးပွားဖြစ်သုံး မိုက်ခရိုဖုန်းတွေ ဈေးကြီးလှတာကြောင့် ဘီဘီစီက မာကိုနီ ကုမ္ပဏီနဲ့ အတူတွဲပြီး ကိုယ်ပိုင် မော်ဒယ် မိုက်ခရိုဖုန်းကို တီထွင် ဖန်တီးခဲ့ကြပါတယ်။
ဒီလိုနဲ့ ၁၉၃၄ ခုနှစ်မှာ Type A လို့ခေါ်တဲ့ မိုက်ခရိုဖုန်း ပေါ်လာခဲ့ပြီးနောက်မှာ အသံလွှင့် လုပ်ငန်းတွေပါ တခေတ်ပြောင်းသွားစေခဲ့ပါတယ်။ အဲဒီ မိုက်ခရိုဖုန်းကိုပဲ ကောင်းသည်ထက် ကောင်းအောင် ဖန်တီး အဆင့်မြှင့်လာခဲ့ကြရာမှာ အဆုံးမတော့ ဂန္တဝင်မြောက် ဘီဘီစီမိုက်ခရိုဖုန်း ရယ်လို့ ကျော်ကြားလာတဲ့ အထိပဲ ဖြစ်ပါတယ်။ အဲဒီ မိုက်ခရိုဖုန်းကို ဗြိတိသျှ ရုပ်ရှင်တွေနဲ့ ပြဇာတ်ဇာတ်လမ်းရှည်တွေမှာ မကြာခဏ မြင်တွေ့ကြရလေ့ ရှိပါတယ်။
၄. ဘီဘီစီမှာ ပထမဆုံး တိုင်းတပါး ဘာသာစကားနဲ့ အသံလွှင့်တဲ့ ဘီဘီစီ အာရပ်ဘာသာဌာန
ဘီဘီစီ အာရပ်ဘာသာ ဌာနဟာ ၁၉၃၈ ခုနှစ်မှာ ပထမဆုံး အင်္ဂလိပ်ဘာသာ မဟုတ်တဲ့ ဘာသာစကားတခုနဲ့ စတင် အသံလွှင့်တဲ့ ဌာန ဖြစ်လာခဲ့ပါတယ်။
အီဂျစ် ရေဒီယို ဌာနကနေ ခေါ်ယူထားတဲ့ အာမက် ကာမဲလ် ဆူရို အက်ဖန်ဒီ က တင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။
အက်ဖန်ဒီဟာ အာရပ်ကမ္ဘာမှာ လူကြိုက်အများဆုံး အစီအစဉ် တင်ဆက်သူ တယောက်ဖြစ်တာကြောင့် သူ့ကို ခန့်အပ်လိုက်တဲ့ ဘီဘီစီ အာရပ်ဘာသာ ဌာန ဟာလည်း နေ့ချင်းညချင်း ကျော်ကြားလာခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ဆယ်စုနှစ် များစွာ အတွင်း ဘီဘီစီက တခြား ဘာသာစကား အသစ်တွေကိုလည်း ရေဒီယိုသာမက ရုပ်မြင်သံကြားနဲ့ပါ တိုးချဲ့ ထုတ်လွှင့် ပေးခဲ့ပါတယ်။
ဘီဘီစီ အွန်လိုင်း ကတော့ ၁၉၉၇ ခုနှစ်မှာ စတင်ပေါ်ပေါက်လာခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာ ဘာသာ စကား ဌာနတွေကလည်း လိုက်လံ တင်ဆက်ခဲ့ကြပါတယ်။ လူမှုကွန်ရက်တွေ ပေါ်လာပြီး နောက်မှာလည်း ဘီဘီစီ သတင်းဌာနနဲ့ ဘီဘီစီ ကမ္ဘာတလွှား ဌာနတွေရဲ့ အမှတ်တံဆိပ်တွေကို လူမှုကွန်ရက် ပလက်ဖောင်းစင်မြင့် များစွာမှာ တွေ့မြင်လာကြရပါတယ်။
လက်ရှိအချိန်မှာတော့ ဘီဘီစီ ကမ္ဘာတလွှား ဌာနဟာ ဒစ်ဂျစ်တယ် ဦးစားပေး အစီအစဉ်တွေကို တင်ဆက်ပေးဖို့ ဦးစားပေး ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
၅. ပထမဆုံး လူမည်း အမျိုးသမီး ထုတ်လုပ်ရေးမှူး
အူနာ မာဆင်ဟာ ဘီဘီစီရဲ့ ပထမဆုံး လူမည်းအမျိုးသမီး အစီအစဉ် ထုတ်လုပ်ရေးမှူး ဖြစ်ပါတယ်။ဂျမေကာသူ ဖြစ်ပြီး ၁၉၃၉ ခုနှစ် ဘီဘီစီမှာ စတင်တာဝန်ထမ်းဆောင်ချိန်မှာတော့ သူဟာ အတွေ့အကြုံရင့် သတင်းထောက် တစ်ဦးဖြစ်လို့နေပါပြီ။
သူပထမဆုံး ထမ်းဆောင်ရတဲ့ တာဝန်ကတော့ အလက်ဇန်းဒါး နန်းတော် ရုပ်မြင်သံကြား စတူဒီယိုတွေမှာ လက်ထောက် တယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီနောက် ၁၉၄၁ ခုနှစ်မှာ အစီအစဉ် ထုတ်လုပ်ရေး လက်ထောက်တယောက်အဖြစ် အင်ပါယာ အစီအစဉ်များ ဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ကဗျာနဲ့ပတ်သက်လို့ လေ့လာလိုက်စားခဲ့တာကလည်း Calling the West Indies မှာ တပတ်တခါ တင်ဆက်ပေးတဲ့ Caribbean Voices အစီအစဉ်ကို ဖန်တီးရာမှာ သူ့အတွက် အထောက်အကူ ရခဲ့ပါတယ်။
၆. ဒုတိယကမ္ဘာစစ်ရဲ့ နိဂုံး
၁၉၄၅ ခုနှစ် မေလ ၁ ရက်နေ့မှာ အဒေ့ါဖ် ဟစ်တလာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တဲ့ အကြောင်းကို ဘီဘီစီက ကြေညာခဲ့ပါတယ်။ ၁၉:၀၀ နာရီမှာ တင်ဆက်နေကျ အစီအစဉ်တွေကို ကြားဖြတ်ပြီး အီတလီက ဂျာမန် တပ်တွေ လက်နက်ချတဲ့အကြောင်းကို ကြေညာခဲ့ပါတယ်။ မေလ ၄ ရက်နေ့မှာ ဒိန်းမတ်ထဲက ဂျာမန်တပ်တွေ လက်နက်ချ ခဲ့ကြပြီးနောက် ဥရောပက ဒုတိယ ကမ္ဘာစစ်ကြီးရဲ့ နိဂုံးကို ရောက်လာခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီနောက် ရက်အနည်းငယ် အကြာအထိ ဒီကိစ္စက မသေမချာ ဖြစ်နေဆဲပါ။ မေလ ၇ ရက်မှာတော့ လန်ဒန်မြို့က ဘတ်ကင်ဟန် နန်းတော်ရှေ့မှာ လူတွေ စုရုံးရောက်ရှိလာကြပါတယ်။ ဒါပေမဲ့ တနိုင်ငံလုံး ၅ နှစ်ကြာ စောင့်နေရတဲ့ သတင်းစကားကတော့ ရောက်မလာသေးပါဘူး။
အကြောင်းက ဗြိတိသျှတွေအ နေနဲ့ နာဇီတွေကို နှိမ်နင်းပစ်လိုက်နိုင်ပြီ ဆိုတာနဲ့ ပတ်သက်လို့ ရုရှားနဲ့ အမေရိကန်တွေဆီက အတည်ပြုချက်ကို စောင့်ဆိုင်းနေရတဲ့ အတွက် ဖြစ်ပါတယ်။
အဲဒီနေ့ ၁၈:၀၀ နာရီမှာတော့ ဘီဘီစီက စောင့်မျှော်နေကြတဲ့ လူထုကြီးဆီကို ဗြိတိသျှ ဝန်ကြီးချုပ် ချာချီလ် အဲဒီညမှာ အသံလွှင့်မိန့်ခွန်း ပြောမှာ မဟုတ်ကြောင်း ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ ၁၉:၄၀ နာရီမှာတော့ တင်ဆက်နေတဲ့ အစီအစဉ်တွေကို ကြားဖြတ်ပြီး နောက်နေ့ကို ပထမဆုံး Victory in Europe သို့မဟုတ် VE day သတ်မှတ်မယ့် အကြောင်းကို ကြေညာခဲ့ပါတယ်။
ဥရောပမှာ ဒုတိယကမ္ဘာစစ်ကြီး တကယ်ပဲ ပြီးဆုံးသွားခဲ့ပါတယ်။ နောက်တရက်မှာ ချာချီလ်ရဲ့ ကြေညာချက် ထွက်လာတော့ သောတရှင် အများအပြားက ဒါကို စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော် နားဆင်ခဲ့ကြပါတယ်။ အောင်ပွဲ အခမ်းအနားတွေ ကျင်းပခဲ့ကြပါတယ်။
ဘီဘီစီကလည်း ၁၀ ရက်တိုင်တိုင် အထူးအစီအစဉ်တွေကို တင်ဆက်ပေးခဲ့ပါတယ်။ Broadcasting House အသံလွှင့် ရုံကြီးကိုလည်း ၁၉၃၇ နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် မီးမောင်းတွေ ထိုးပေးခဲ့ကြပါတယ်။
၇. ကမ္ဘာကြီးကို ချိတ်ဆက်ပေးတဲ့ ဘီဘီစီ တီဗီ
၁၉၆၇ ခုနှစ်မှာ ဘီဘီစီရဲ့ ရုပ်မြင်သံကြား အစီအစဉ် "Our World" က သမိုင်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။
အဲဒီ အချိန်မတိုင်ခင်အထိ ရုပ်မြင်သံကြားအစီအစဉ်တွေကို ဂြိုဟ်တုနေ တစ်ဆင့် ထုတ်လွှင့်တယ် ဆိုတာဟာ နိုင်ငံတချို့ဆီကိုသာဖြစ်ပြီး အစမ်းသဘော ချိတ်ဆက်ထုတ်လွှင့် နိုင်တာမျိုးသာ ဖြစ်ပါတယ်။
ဥပမာ ဘီဘီစီဟာ ၁၉၃၆ ခုနှစ်က စပြီး ကမ္ဘာပေါ်မှာ ပထမဆုံး ကြည်လင်ပြတ်သားမှုရှိတဲ့ ရုပ်မြင်အစီအစဉ်တွေကို တင်ဆက်ပေးနေခဲ့တာ ဖြစ်ပါတယ်။
ဗြိတိသျှတွေရဲ့ ပါဝင်မှု အဖြစ်လည်း အဲဒီအချိန်က နာမည်ကျော် The Beatles က သူတို့ရဲ့ All You Need Is Love သီချင်းနဲ့ ဖျော်ဖြေပေးခဲ့ပါတယ်။ A 45 rpm နဲ့ ထုတ်လွှင့်ခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာ အဲဒီသီချင်းကို ပရိတ်သတ်ကြား ဖြန့်ဖြူးရောင်းချခဲ့ရာမှာလည်း ချက်ခြင်းဆိုသလို လူကြိုက်အများဆုံး သီချင်း တပုဒ် ဖြစ်သွားခဲ့ပါတယ်။
အဲဒီ အစီအစဉ်ကနေ အစပြုပြီး နောက်ပိုင်းမှာ ၁၉၈၅ ခုနှစ်က တင်ဆက်ခဲ့ကြတဲ့ Live Aid လို မမေ့ရက်စရာ ရုပ်မြင်သံကြား တင်ဆက်မှုကြီးတွေပါ ဆက်ပြီး တွေ့မြင်လာခဲ့ရပါတယ်။
Live Aid ဟာ ရော့ခ် ဂီတပွဲကြီး တခုဖြစ်ပြီး အီသီယိုပီးယားက ငတ်မွတ် ခေါင်းပါးမှုဘေး ကြုံနေရသူတွေကို ကူညီဖို့ ရန်ပုံငွေ ရှာတဲ့ ပွဲဖြစ်ပါတယ်။ နာမည်ကျော် အဆိုတော် Bob Geldof နဲ့ Midge Ure တို့ ဦးဆောင် စီစဉ်ခဲ့ကြတာ ဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံပေါင်း ၆၀ ကျော်က ပရိတ်သတ် သန်းပေါင်း ၄၀၀ ကြည့်ရှုခဲ့ကြတဲ့ ဒီ Live Aid ပွဲဟာ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ဂြိုဟ်တုကနေ တဆင့် တိုက်ရိုက် ထုတ်လွှင့်ပြသတဲ့ ရုပ်မြင် သံကြား အစီအစဉ်လည်း ဖြစ်ပါတယ်။ အဲဒီ Live Aid ရဲ့ အောင်မြင်မှုမှာ ဘီဘီစီကလည်း အဓိက ကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။
၈.ပဟေဠိဆန်သော အဆိပ်လူးထီး
ဘီဘီစီ ကမ္ဘာတလွှား သတင်းထောက် ဂျော်ဂျီ မားကော့ဗ် ဟာ ထီးတလက်လို့ ထင်ရတဲ့ လက်နက် တမျိုးနဲ့ အသတ်ခံခဲ့ရပါတယ်။၁၉၇၈ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှာ မားကော့ဗ် လန်ဒန်မြို့ ရှိ ဘုရှ်ဟော့စ်က ဘီဘီစီရုံးကို အလာမှာ ထီးကိုင်ထားတဲ့ လူတယောက်က သူ့ ခြေထောက်ကို တစုံတခုနဲ့ ထိုးပြီး ထွက်ပြေးသွားခဲ့ပါတယ်။
အဲဒီနောက် မကြာခင်မှာ မားကော့ဗ် မကျန်းမမာ ဖြစ်လာပြီး ဆေးရုံ တင်လိုက်ရပါတယ်။ မားကော့ဗ်က သူ့ကို ဘူလ်ဂေးရီးယား လျှို့ဝှက် ထောက်လှမ်းရေးနဲ့ ကေဂျီဘီက အဆိပ်နဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆေးရုံဝန်ထမ်းတွေကို ပြောပြခဲ့ပါတယ်။
အဲဒီနောက် ၃ ရက်အကြာ အသက် ၄၉ နှစ်အရွယ်မှာ သူကွယ်လွန်သွားခဲ့ပါတယ်။ ဇနီးဖြစ်သူနဲ့ ၂ နှစ်အရွယ် သမီးငယ်တယောက် ကျန်ရစ်ခဲ့ပါတယ်။
မားကော့ဗ်ဟာ ဘူလ်ဂေရီးယား ကွန်မြူနစ်အစိုးရကို ဝေဖန်ပြစ်တင်သူ ဖြစ်သလို သူ့ကို လုပ်ကြံခဲ့တဲ့ ဖြစ်စဉ်ကို ကြည့်ပြီး ဆိုဗီယက်ရဲ့ ကေဂျီဘီ သို့မဟုတ် ဘူလ်ဂေးရီးယားက လျှို့ဝှက်ထောက်လှမ်းရေး အဖွဲ့တွေက လုပ်ကြံခဲ့တာ ဖြစ်မယ်လို့ ယူဆကြပါတယ်။ အဲဒီ အချိန်က လျှို့ဝှက်ထောက်လှမ်းရေး တပ်ဖွဲ့တွေရဲ့ မှတ်တမ်းတွေအရ သူ့ကို လုပ်ကြံခဲ့သူဟာ ပစ်ကာဒီလီ လို့ အမည်ဝှက်ပေးထားတဲ့ အေးဂျင့် တယောက် ဖြစ်ပါတယ်။
ဒါပေမဲ့ ဘယ်သူ တဦးတယောက်ကိုမှ ဒီလုပ်ကြံမှုနဲ့ ပတ်သက်လို့ ဖမ်းဆီး အရေးယူနိုင်ခဲ့ခြင်း မရှိပါဘူး။
၉. အာဖရိကရဲ့ တနှစ်တာ အကောင်းဆုံး အားကစားသမား
ဒီဆုကတော့ နှစ်စဉ် အာဖရိကတိုက်က အအောင်မြင်ဆုံး အားကစား သမားကို ရွေးချယ် ချီးမြှင့်တဲ့ ဆုလည်း ဖြစ်ပါတယ်။ အဲဒီဆုကို ရရှိခဲ့သူတွေထဲမှာ ပြီးခဲ့တဲ့ ၂၀၁၈ က ချီးမြှင့်ခံခဲ့ရတဲ့ လစ်ဗာပူးလ် အသင်းမှာ ကစားနေတဲ့ အီဂျစ်ဘောလုံးသမား မိုဟာမက် ဆာလာ လို့ ပရီးမီးယားလိဂ်မှာ ကစားနေကြတဲ့ ဘောလုံးသမားတွေလည်း ရှိပါတယ်။
၂၀၀၁ ခုနှစ်က စပြီး အဲဒီဆုကို ဘောလုံးသမားတွေ အတွက်သာ ချီးမြှင့်ခဲ့တာ ဖြစ်ပေမယ့် ၂၀၂၁ ခုနှစ်မှာတော့ အာဖရိကရဲ့ အကောင်းဆုံး အာကစား သမားဆုအဖြစ် ပြောင်းလဲ သတ်မှတ်ချီးမြှင့် ခဲ့ပါတယ်။ အားကစား လောက ပြောင်းလဲလာခဲ့တာနဲ့ အာဖရိက နွယ်ဖွား အားကစား သမားတွေရဲ့ စွမ်းဆောင်မှုတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ အခုလို ပြောင်းလဲ ချီးမြှင့်တာ ဖြစ်ပါတယ်။
အခုဆိုရင် အာဖရိကနွယ်ဖွား အားကစားသမားတွေဟာ အရင်ကထက် ပိုများတဲ့ အားကစားနည်း မျိုးစုံမှာ ယှဉ်ပြိုင်နေကြပြီ ဖြစ်ပါတယ်။
ဒီဆုကလည်း နောက်ကွယ်မှာ မှတ်သားစရာ သမိုင်းတခု ရှိနေပါတယ်။ အဲဒီ ဆုရဲ့ ပုံသဏ္ဍာန်ကို ဖန်တီးခဲ့သူဟာ တချိန်က ဆီယဲရာ လီယွန်းမှာ ကလေးစစ်သား ဖြစ်ခဲ့သူ ဖြစ်ပြီး အနုပညာမြောက် ဖန်တီးမှုတွေနဲ့ ထိတွေ့ခဲ့ပြီး နောက်မှာ ဝါသနာကြောင့် ဘဝအလှည့်အပြောင်းနဲ့ ကြုံလာခဲ့သူ ဖြစ်ပါတယ်။
၁၀. ဒေးဗစ် အက်တန်ဘာရာနဲ့ အစိမ်းရောင်ကမ္ဘာ
ဗြိတိသျှ လူမျိုး သဘာဝပတ်ဝန်းကျင် ပညာရှင်ဖြစ်တဲ့ ဒေးဗစ် အက်တန်ဘာရာဟာ ဘီဘီစီကနေ သူတင်ဆက်နေတဲ့ သဘာဝ တောရိုင်းတိရစ္ဆာန်တွေနဲ့ ပတ်သက်တဲ့ မှတ်တမ်း ရုပ်ရှင်တွေနဲ့ ထင်ရှားကျော်ကြားသူ ဖြစ်ပါတယ်။
နားဝင်ချိုပြီး တမူထူးခြားတဲ့ အသံပိုင်ရှင်လည်း ဖြစ်ကာ ဒီလို အစီအစဉ်တွေကို သူတင်ဆက်ပေးလာတာဟာ ဆယ်စုနှစ်ပေါင်း ၈ ခုတိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ကြည့်ရှုသူ ပရိတ်သတ် သန်းပေါင်းများစွာ ရှိတဲ့ သူတင်ဆက်တဲ့ အစီအစဉ်တွေထဲမှာ Blue Planet၊ The Life collection နဲ့ Natural World တို့လို ထင်ရှားကျော်ကြားတဲ့ အစီအစဉ်တွေလည်း ပါဝင်ကြပြီး Emmy နဲ့ Bafta လို ထူးချွန်ဆုတွေ များစွာလည်း ချီးမြှင့်ခံခဲ့ရပါတယ်။
ဒေးဗစ်အက်တန်ဘာရာဟာ ၁၉၆၀ ပြည့်နှစ်တွေက စပြီး ဘီဘီစီမှာ စတင် တာဝန်ထမ်းဆောင်ခဲ့ ပါတယ်။ အဲဒီနောက်မှာ ဘီဘီစီရဲ့ အကြီးတန်း စီမံခန့်ခွဲသူ တယောက် ဖြစ်လာခဲ့ပါတယ်။ သူဟာ ဘီဘီစီရဲ့ ရုပ်သံလိုင်းတွေထဲက တခုဖြစ်တဲ့ BBC Two ရဲ့ ထိန်းချုပ်ပဲ့ကိုင်သူ တယောက် အဖြစ်သာ မက ဘီဘီစီ ရုပ်မြင်သံကြားရဲ့ အစီအစဉ်ပိုင်း ဆိုင်ရာမှာပါ ညွှန်ကြားရေးမှူး တယောက်အဖြစ် တာဝန်ထမ်းဆောင် ခဲ့ပါတယ်။
ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုနဲ့ ပတ်သက်လို့ သူ့ရဲ့ လူထုပညာပေး လုပ်ငန်း တွေကြောင့် ၂၀၂၁ ခုနှစ်မှာ ကမ္ဘာ့ ကုလသမဂ္ဂရဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ဌာနက Champion of the Earth အဖြစ် သူ့ကို ချီးမြှင့် ဂုဏ်ပြုခဲ့ပါတယ်။ဒေးဗစ် အက်တန်ဘာရာရဲ့ နောက်ဆုံးပေါ် အစီအစဉ် တခုကတော့ ဘီဘီစီမှာ တင်ဆက်ပေးနေတဲ့ ၅ ပိုင်းတွဲ The Green Planet အစိမ်းရောင် ကမ္ဘာ အစီအစဉ်တွေပဲ ဖြစ်ပါတယ်။
အပူပိုင်း မုတ်သုံ သစ်တောကြီးတွေကနေ ကမ္ဘာ့မြောက်ဖျားက ရေခဲပြင်များအထိ ခရီးသွားလာပြီး တင်ဆက်ပေးထားပါတယ်။
အဲဒီ အစီအစဉ်မှာ ဒေးဗစ်အက်တန်ဘာရာက အပင်တွေဟာ ကမ္ဘာပေါ်မှာ မတူညီတဲ့၊ တခါတရံမှာ အင်မတန် ဆိုးရွားပြင်းထန်တဲ့ သဘာဝပတ်ဝန်းကျင် အခြေအနေမျိုး တွေနဲ့ ကြုံလာခဲ့ရင် ဘယ်လိုရင်ဆိုင် ရှန်သန်နေကြသလဲ ဆိုတာကို လေ့လာ တင်ပြ ထားတာဖြစ်ပါတယ်။