ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ICJ ကြားနာပွဲမှာ ဘာတွေ ဖြစ်လာနိုင်လဲ - ဂမ်ဘီယာရှေ့နေအဖွဲ့ခေါင်းဆောင်နဲ့ မေးမြန်းခန်း
ဇန်နဝါရီ ၁၂ ရက်နေ့ ဆိုရင်၊ ကုလသမဂ္ဂ အဖွဲ့ရဲ့ အမြင့်ဆုံး တရားစီရင်ရေး အဖွဲ့ ဖြစ်တဲ့ သဟေ့ဂ်မြို့ အခြေစိုက် အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ဂမ်ဘီယာက မြန်မာကို ရိုဟင်ဂျာတွေ အပေါ် လူမျိုးတုန်း သတ်ဖြတ်မှု ဂျီနိုဆိုက် ကျူးလွန်တယ် ဆိုပြီး စွပ်စွဲ ထားတဲ့ အမှုကိစ္စ အတွက် လူသိရှင်ကြား ကြားနာပွဲတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။
သီတင်းနှစ်ပတ်ကျော်ကြာ ပြုလုပ်ဖို့ စီစဥ်ထားတဲ့ အဲဒီ ကြားနာပွဲတွေမှာ ဂမ်ဘီယာနဲ့ မြန်မာ နှစ်ဘက် ကိုယ်စားလှယ်တွေဟာ ဥပဒေကြောင်း ဆိုင်ရာ နှုတ်နဲ့ လျှောက်ထား ချေပ တာတွေ တလှည့်စီ ပြုလုပ်ကြမှာ ဖြစ်သလို၊ သက်သေတွေ၊ နှစ်ဘက်တင်သွင်းတဲ့ ကျွမ်းကျင်သူ ပညာရှင်တွေကို မေးမြန်းတာတွေပါ ပါဝင်မှာ ဖြစ်ပါတယ်။
ဒီ ကြားနာပွဲဟာ အမှု ကိစ္စကြီး တစ်ခုလုံးရဲ့ အဆုံးသတ် အဆင့်ကို ရောက်လာတာလား၊ ဘယ် အချက်အလက် အချင်းအရာတွေ အပေါ် အဓိက အာရုံစိုက်ကြမှာလဲ ... ကြားနာပွဲ အဆုံးသတ် ဘာတွေ ဆက်ပြီး ဖြစ်လာနိုင်လဲ ဆိုတာတွေကို ဂမ်ဘီယာရဲ့ ရှေ့နေအဖွဲ့ကို ဦးဆောင်တဲ့ အာဆလန် ဆူလေမန်နဲ့ မေးမြန်းထားပါတယ်။ မစ္စတာ ဆူလေမန်ဟာ အမေရိကန် ရှေ့နေ အဖွဲ့ ဖိုလီ ဟော့ဂ် LLP မှာ နိုင်ငံတကာ အမှုကိစ္စတွေကို တာဝန်ယူ ကိုင်တွယ်တဲ့ အကြီးတန်း ရှေ့နေ ဖြစ်ပါတယ်။
ဘီဘီစီသတင်းထောက် ကိုဝေဖြိုး မေးမြန်းထားပါတယ်။
ဘီဘီစီ။ ။ ကြားနာပွဲကလည်း မကြာခင် စတော့မှာဆိုတော့ အာဆလန် အလုပ်ရှုပ်နေမယ် ဆိုတာ နားလည်ပါတယ်။ နှစ်အတန်ကြာ ရှိခဲ့ပြီ ဖြစ်တဲ့ ဒီ တရားရေးအမှု ကိစ္စဟာ ကျနော့်ရဲ့ နားလည်မှု မလွဲဘူးဆိုရင်တော့ နောက်ဆုံး အဆင့်ရောက်လာတာလို့ ပြောနိုင်မယ် ထင်ပါတယ်။ အဲဒါ ဟုတ်လား အာဆလန် ... ဒါ နောက်ဆုံး အဆင့်ပဲလား။
အာဆလန် ဆူလေမန်။ ။ ဒါ နောက်ဆုံးအဆင့် ဖြစ်ကောင်း ဖြစ်သွားနိုင်ပါတယ်။ နောက်ဆက်တွဲ အဆင့်လည်း ရှိကောင်း ရှိနိုင်တဲ့ အတွက်၊ ကျွန်တော့် အနေနဲ့ကတော့ အခု အဆင့်ဟာ အရေးကြီးဆုံး အဆင့်လို့ပဲ ပြောချင်ပါတယ်။ ဒီအမှု ကိစ္စမှာ နှစ်ဘက် လျှောက်ထားကြတဲ့ အချက်အလက်တွေနဲ့ သက်သေ အထောက်အထားတွေဟာ ဘယ်လောက်ခိုင်မာပြီး၊ ဥပဒေကြောင်းအရ ဘယ်လောက် ဆီလျော် ညီညွတ်မှု ရှိသလဲ ဆိုတာကို တရားရုံးက အဆုံးအဖြတ် ပေးရမယ့် အဆင့် ဖြစ်ပါတယ်။
ဒ့ါကြောင့် ICJ ရုံးတော် အနေနဲ့ နှစ်ဘက်ရဲ့ လျှောက်ထားချက်တွေကို နားထောင်ပြီး၊ လူမျိုးတုန်း သတ်ဖြတ်မှု ဂျီနိုဆိုက်ဒ် အတွက် မြန်မာဟာ တာဝန် ရှိသလား ဆိုတာကို ဆုံးဖြတ်ပေးရမှာ ဖြစ်ပါတယ်။ ဂျီနိုဆိုက်ဒ် မြောက် မမြောက် ဆိုတဲ့ အချက်ကပဲ ဒီ အမှုတစ်ခုလုံးရဲ့ ဥပဒေကြောင်းဆိုင်ရာ ပင်မ ကိစ္စချင်းရာ ဖြစ်ပါတယ်။
အဲဒီတော့ အခု ကြားနာပွဲဟာ အဲဒီ ပင်မ အချက်အပေါ် မူတည်ပြီး တရားရုံးတော်က ကြားနာသွားမှာ ဖြစ်သလို၊ ကြားနာအပြီး ဆုံးဖြတ်ချက်ပါ တပါတည်း ချပေးမှာ ဖြစ်ပါတယ်။
ခင်ဗျားက နောက်ဆုံးအဆင့်လားလို့ မေးတဲ့ အခါ ကျွန်တော့် အနေနဲ့ "ဟုတ်တယ်" လို့ ဖြေလိုက်ဖို့ ဝန်လေးနေရတာကတော့ .... တကယ်လို့သာ ဂမ်ဘီယာရဲ့ စွဲဆိုမှု အောင်မြင်ပြီ ဆိုရင် ... အဓိပ္ပာယ်က မြန်မာဟာ ဂျီနိုဆိုက်အမှုအတွက် တာဝန် ရှိတယ်လို့ တရားရုံးတော်က ဆုံးဖြတ်ပြီ ဆိုရင် ... နောက်ဆက်တွဲ လုပ်ငန်းစဥ် တချို့ ရှိလာနိုင်ပါတယ်။
အဲဒီ လုပ်ငန်းစဥ်တွေကတော့ ဘယ်အပေါ် မှာ အာရုံ စိုက်မှာလဲ ဆိုရင် နစ်နာသူတွေကို ဘယ်လို ဖြည့်ဆည်း ဆောင်ရွက် ပေးရမယ် ... လျော်ကြေးတွေ ပေးရမယ် ဆိုတဲ့ အမိန့်တွေ ချမှတ်နိုင်ဖို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် သက်ဆိုင်သူတွေကို စာအားဖြင့် ဖြစ်စေ၊ နှုတ်အားဖြင့် ဖြစ်စေ ဖြေဆိုဖို့ရာ တောင်းဆိုတဲ့ ထပ်တိုး လုပ်ငန်းစဥ်တချို့၊ မေးခွန်းတချို့ တရားရုံးတော်ဘက်က ရှိလာနိုင်ပါတယ်။
ဘီဘီစီ။ ။ ဂျီနိုဆိုက်မြောက်မမြောက် ဆိုတဲ့ တရားရုံး ဆုံးဖြတ်ချက် ကတော့ အယူခံခွင့် မရှိတဲ့ အဆုံးသတ် အဆုံးဖြတ် ဖြစ်တယ်လို့ နားလည်ထားပါတယ်။ အဲဒါ ဟုတ်ပါသလား ခင်ဗျာ။
အာဆလန် ဆူလေမန်။ ။ ဒါမှန်ပါတယ်။ တရားရုံးတော်ရဲ့ ဆုံးဖြတ်ချက်ကို အယူခံ တက်ခွင့်မရှိပါဘူး။ မြန်မာဟာ လူမျိုးတုန်း သတ်ဖြတ်မှု ဂျီနိုဆိုက် အတွက် တာဝန်ရှိသလား ဆိုတာနဲ့ ဂျီနိုဆိုက် မဖြစ်အောင် ပိတ်ပင် တားဆီးရေး ဆိုင်ရာ နိုင်ငံတကာ ပဋိညာဥ်ကို ဖောက်ဖျက် ကျူးလွန်ခဲ့သလား ဆိုတဲ့ အဆုံးသတ် အဆုံးဖြတ်ကို တရားရုံးတော်က ချမှတ်မှာ ဖြစ်ပါတယ်။ အဲဒီ အဆုံးအဖြတ် အတွက်တော့ အယူခံ တက်တဲ့ နောက်အဆင့် ရှိမှာ မဟုတ်ပဲ၊ နစ်နာသူတွေ အပေါ် ဘယ်လို ဖြည့်ဆည်းပေးရမယ် ဆိုတာတွေ အတွက်သာ နောက်ဆက်တွဲ လုပ်ငန်းစဥ် တချို့ ရှိလာနိုင်ပါတယ်။
ဘီဘီစီ။ ။ အခု ကြားနာပွဲတွေဟာ သီတင်းနှစ်ပတ်ကျော် ကြာတဲ့ ထိအောင် အချိန်ယူမယ်လို့ သိထားရပါတယ်။ ဘယ်လိုမျိုး မတူညီတဲ့ ကြားနာမှု အမျိူးမျိုး ပါဝင်လိမ့်မလဲ ဆိုတာ နည်းနည်း ရှင်းပြပေးပါ့လား။
အာဆလန် ဆူလေမန်။ ။ ဟုတ်ပါတယ်။ သီတင်း ၃ ပတ် လောက်ကို အချိန်ယူပြီး ရုံးတော်က ကြားနာသွားမှာပါ။ ဒါဟာ တွေ့ခဲ့ရဖူးတဲ့ ICJ ရုံးတော် ရှေ့မှောက် ကြားနာပွဲတွေနဲ့ နှိုင်းယှဥ်ရင်၊ ပုံမှန်ထက်ကို ပိုပြီး အချိန်ယူတာမျိုး ဖြစ်ပါတယ်။ အကြောင်းကတော့ အမှုမြောက်မမြောက် ဆိုတဲ့ အမှုရဲ့ merits အပေါ် ဆုံးဖြတ်ရတဲ့ အခါ နှစ်ဘက် တင်သွင်း သမျှ အချက်အလက်တွေ အားလုံး အပေါ် ရုံးတော် အနေနဲ့ ဆန်းစစ်ဖို့ လိုပါတယ်။ ဒီအမှုမှာ တင်သွင်းထားတဲ့ အချက်အလက်တွေကလည်း အင်မတန်မှ များပြားပါတယ်။ ဒါ့အပြင်၊ ကြားနာပွဲရဲ့ အစိတ်အပိုင်း အနေနဲ့ သက်သေတွေ အပေါ် စစ်မေးသွားမှာ ဖြစ်လို့၊ အဲဒီ အတွက်လည်း အချိန် ပေးထားတာ ဖြစ်လို့ သီသတင်း ၃ ပတ် လောက်အထိ ကြာမြင့်မှာ ဖြစ်ပါတယ်။
ဘီဘီစီ။ ။ ဟုတ်ကဲ့ ကျေးဇူးပါ။ အာဆလန် ရှင်းပြသွားသလို အခု ကြားနာပွဲတွေဟာ အမှုကိစ္စ မြောက်မြောက် ဆိုတာကို ဆန်းစစ် သွားမှာ ဖြစ်ပြီး၊ မြန်မာကို ကိုယ်စားပြုတဲ့ သူတွေဘက်က ဒီအမှုရဲ့ အစပိုင်းမှာ အဓိက ပြောနေခဲ့ကြတာ ကတော့ ဂမ်ဘီယာနဲ့ မြန်မာ နှစ်နိုင်ငံကြား အငြင်းပွားကြတာလည်း မဟုတ်၊ ICJ အနေနဲ့လည်း မြန်မာ အပေါ် တရားစီရင်ပိုင်ခွင့် မရှိ ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။ ကို အဓိက ပြောနေခဲ့ကြပါတယ်။ အဲဒါတွေကိုလည်း ICJ ဘက်က ရုံးတော် အနေနဲ့ မြန်မာ အပေါ် တရားစီရင် ပိုင်ခွင့် ရှိတယ်လို့ ဆုံးဖြတ်ချက် ချပြီး ဖြစ်တဲ့ အတွက်၊ အခု အဆင့်မှာ .... မြန်မာဘက်က ပြုလုပ်မယ့် အဓိက ခုခံကာကွယ် ချေပချက် တွေက ဘာတွေ ဖြစ်နိုင်လဲ ခင်ဗျ။
အာဆလန် ဆူလေမန်။ ။ ခင်ဗျားပြောတာ မှန်ပါတယ်။ အမှု စီရင်ပိုင်ခွင့် ရှိမရှိ ဆိုတဲ့ အပေါ် တရားရုံးတော်ဘက်က ဆုံးဖြတ်ချက် ချခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီ အဆင့် အလွန် ... မြန်မာဘက်က ရေးသားတင်သွင်း လျှောက်ထားနေခဲ့တာကို ကြည့်ရင်တော့ .... ဂျီနိုဆိုက်မှု မြောက်ပါတယ် ဆိုပြီး ဂမ်ဘီယာဘက်က ကိုးကား တင်သွင်း နေတာတွေဟာ မခိုင်လုံဘူးလို့ ပြောဆိုတာ ဖြစ်ပါတယ်။ စွပ်စွဲသူ ဂမ်ဘီယာ ထံမှာ ဥပဒေစကားနဲ့ ဆိုရင် "burden of proof" ဆိုတဲ့ တာဝန် ရှိတယ် ... ဆိုလိုတာ စွပ်စွဲမှုတွေ မှန်ကန်ကြောင်း ခြွင်းချက်မရှိ သက်သေပြဖို့လိုတယ် ... အဲဒါတွေ ပြည့်မှီအောင် မပြနိုင်ဘူး ဆိုပြီး မြန်မာဘက်က ပြောဆိုတာ ဖြစ်ပါတယ်။
သူတို့ရဲ့ ပြောဆိုချက်တွေမှာ အဓိက လွှမ်းမိုးနေတာကတော့ ... သူတို့ ပြုလုပ်ခဲ့တာတွေဟာ ဥပဒေနဲ့ ညီညွတ်တဲ့ အကြမ်းဖက်ဝါဒ နှိမ်နှင်းရေး counter-terrorism စစ်ဆင်ရေးတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဘီဘီစီ။ ။ အာဆလန် ကိုယ်စားပြုတဲ့ ဂမ်ဘီယာ ဘက်ခြမ်းကို ကြည့်ရင်တော့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး မစ်ရှင်အဖွဲ့က ထုတ်ပြန်ထားတာတွေ အပေါ် အတော်လေး ကိုးကားထားခဲ့ပြီး၊ သက်သေ ထွက်ဆိုချက် တော်တော် များများကိုလည်း ကိုးကားနေခဲ့တာ တွေ့ရပါတယ်။ အခု အဆင့်မှာရော ဂမ်ဘီရာဘက်က လျှောက်ထားချက်တွေက ဘာဖြစ်လိမ့်မလဲ။
အာဆလန် ဆူလေမန်။ ။ ကျွန်တော်တို့ရဲ့ ကိုးကားချက်တွေဟာ မတူတဲ့ ရင်းမြစ် အမျိူးမျိူးတွေ အပေါ် အခြေခံပြီး အင်မတန် ကျယ်ပြန့်ပါတယ်။ အဲဒီထဲမှာ ခင်ဗျား ပြောသလို ကုလသမဂ္ဂ အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေလည်း ပါဝင်ပါတယ်။ ယုံကြည်ရတဲ့ ရင်းမြစ်တွေရဲ့ ထွက်ဆိုချက်တွေ၊ လွတ်လပ်ပြီး ဘယ်အဖွဲ့ကိုမှ ကိုယ်စားမပြုတဲ့ ရင်းမြစ်တွေရဲ့ ထွက်ဆိုချက်တွေလည်း ပါဝင်ပါတယ်။
အသုံးပြု ကိုးကားတဲ့ ရင်းမြစ်တွေဟာ ဘယ်လိုပဲ များပြားပါစေ ... သူတို့ အားလုံး ပြောနေတာ ကတော့ အချက်အလက် တစ်ခုတည်းကိုပဲ ညွှန်ပြနေပါတယ်။ အဲဒါကတော့ မြန်မာဟာ ရိုဟင်ဂျာတွေ အပေါ် လူမျိုးတုန်းသတ်ဖြတ်မှု မြောက်အောင် ကျူးလွန်ခဲ့တယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။
ခင်ဗျား ပြောတဲ့ ကုလသမဂ္ဂ ယန္တရား အဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေကလည်း အင်မတန်မှ အရေးကြီးပါတယ်။ အဲဒီ အချိန်က ကုလသမဂ္ဂက ဖွဲ့စည်းပေးခဲ့တဲ့ အချက်အလက်ရှာဖွေရေး မစ်ရှင် အဖွဲ့ ဟာ ၂၀၁၆-၁၇ နှစ်တွေမှာ ရခိုင်ထဲ မြန်မာ စစ်တပ် ဘာတွေ ပြုမူ ခဲ့သလဲ ဆိုတာတွေကို အသေးစိတ် အချက်အလက်တွေ၊ သက်သေတွေနဲ့ တကွ စုံစမ်း ဖော်ထုတ်ထားတာ ဖြစ်ပါတယ်။
အချက်အလက် ရှာဖွေရေး မစ်ရှင် နောက်မှာ မြန်မာအရေး လွတ်လပ်တဲ့ စုံစမ်းရေး ယန္တရား ဒဗယ်အိုင် ဒဗယ်အမ် (IIMM) ကို ဖွဲ့စည်း ထူထောင်ပြီး စုံစမ်းတာတွေ၊ သက်သေ အချက်အလက် ရယူ စုဆောင်းတာတွေ ဆက်လက် လုပ်ဆောင်ပါတယ်။ အဲဒီ ကုလ ယန္တရား ဆီက ထွက်လာတဲ့ အစီရင်ခံစာတွေဟာလည်း မြန်မာနိုင်ငံထဲ ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုတာတွေကို အသေအချာ နားလည် နိုင်စေပါတယ်။ နိုင်ငံတကာကလည်း ယုံကြည်ကိုးစားတာ ခံရတဲ့ ဩဇာရှိ အစီရင်ခံမှုတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုးစားတဲ့ သက်သေ အချက်အလက်တွေထဲမှာလည်း ဒဗယ်အိုင် ဒဗယ်အမ် ရဲ့ တွေ့ရှိချက်တွေ ပါဝင်ပါတယ်။
အခု ကျွန်တော်တို့ ပြောခဲ့တဲ့ ကုလ ယန္တရား ၂ ခု သာမက ကုလရဲ့ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ထုတ်ပြန်ချက်တွေလည်း ရှိနေပါတယ်။ ဒါတွေအားလုံးဟာ ကျွန်တော်တို့ ကိုးကားထားသမျှတွေရဲ့ အစိတ်အပိုင်း တစ်ခု သာ ဖြစ်ပြီး၊ တခြား ကိုးကားမှုတွေလည်း ကျွန်တော်တို့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ထားပါတယ်။ ဥပမာ ပြောရရင် အစိုးရနဲ့ မသက်ဆိုင်တဲ့ လူ့အခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ စုံစမ်းရေး အဖွဲ့တွေရဲ့ တွေ့ရှိချက်တွေ၊ အစိုးရ အဖွဲ့အစည်းတွေရဲ့ တွေ့ရှိချက် ထုတ်ပြန်ချက်တွေလည်း ရှိနေပါတယ်။
အစိုးရ အဖွဲ့အစည်းလို့ ဆိုရာမှာ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ တွေ့ရှိ ထုတ်ပြန်ချက်တွေ ပါဝင်ပြီး၊ အမေရိကန် အာဏာပိုင်တွေ ရှေ့မှောက် ကျွမ်းကျင်သူတွေ၊ သက်ဆိုင်သူတွေရဲ့ သက်သေ ထွက်ဆိုမှုတွေလည်း ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သက်သေထွက်ဆိုထားပြီး၊ အခု အမှုကိစ္စမှာ ကိုးကားထားပါတယ်။ ဒါ့အပြင်၊ မြန်မာ စစ်တပ်ကနေ ဘက်ပြောင်းလာကြတဲ့ စစ်သားတွေ ကိုယ်တိုင်ရဲ့ ထွက်ဆိုချက်တွေလည်း ပါဝင်ပါတယ်။
အဲဒီ တွေ့ရှိချက်၊ ထွက်ဆိုချက်တွေကို အထောက်အပံ့ ဖြစ်စေတဲ့၊ မှန်ကန်ကြောင်း ပြနိုင်တဲ့ ဂြိုဟ်တုဓာတ်ပုံ အထောက်အထားမျိုးတွေလို တခြား သက်သေ အချက်အလက်တွေလည် း အများအပြား ရှိနေပါတယ်။ အခု ပြောသမျှ အရာတွေ အားလုံးဟာ အခြေခံ အချက်တစ်ချက်တည်းကိုပဲ ညွှန်ပြနေပါတယ်။ အဲဒါကတော့ မြန်မာဟာ လူမျိုးတုန်းသတ်ဖြတ်မှု ဂျီနိုဆိုက် အတွက် တာဝန် ရှိတယ် ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။
ဘီဘီစီ။ ။ ဟုတ်ကဲ့၊ ဘယ်အချက်တွေကို ကိုးကားထားလဲ ဆိုတာကို အာဆလန် အခု ရှင်းပြ သွားတယ်ဆိုတော့ ... ဂမ်ဘီယာ အနေနဲ့ ရုံးတော်ကို ဘာတွေ တောင်းဆိုသွားမှာလဲ ... ဘယ်လို ဆုံးဖြတ်ပေးဖို့ တောင်းဆိုမှာလဲ။
အာဆလန် ဆူလေမန်။ ။ မြန်မာဟာ ဂျီနိုဆိုက် အမှု ကျူးလွန်ခဲ့တယ် .... ဂျီနိုဆိုက် ဆိုင်ရာ ပဋိညာဥ် အပေါ် တခြား ဖောက်ဖျက် ကျူးလွန်တာတွေလည်း လုပ်ခဲ့တာ မှန်ကြောင်း ရုံးတော် ဘက်က ဆုံးဖြတ်ပေးပါ ဆိုပြီး ကျွန်တော်တို့ တောင်းဆိုမှာ ဖြစ်ပါတယ်။ အဲဒီလို ဂျီနိုဆိုက် ဖြစ်ခဲ့ကြောင်း အသိအမှတ်ပြုတာနဲ့ အညီ နစ်နာခဲ့သူတွေ အတွက် မြန်မာဘက်က ဘာတွေ ဖြည့်ဆည်း ပေးရမလဲ ဆိုတာတွေပါ ရုံးတော် အနေနဲ့ ဆုံးဖြတ်ပေးဖို့ တောင်းဆိုမှာ ဖြစ်ပါတယ်။
အလားတူ ဖြစ်ရပ်တွေ ထပ်ပြန်ကျော့ပြီး မဖြစ်ရအောင် အာမခံချက်နဲ့ တကွ၊ နစ်နာခဲ့ရမှုတွေ အတွက် ပုံစံ အမျိုးမျိုးနဲ့ ပြန်လည် ဖြည့်ဆည်းပေးရေး ကိစ္စတွေ ပါဝင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစောပိုင်းမှာ ဆွေးနွေးခဲ့သလို၊ နစ်နာမှုတွေကို ဘယ်လို ဘယ်ပုံတွေ ပြန်လည် ဖြည့်ဆည်းပေးရမလဲ ဆိုတဲ့ အသေးစိတ် အချက်အလက်တွေ ကတော့ ... အခု ကြားနာပွဲတွေ အလွန်ကျမှပဲ အပြည့်အဝ ပုံပေါ်လာမှာ ဖြစ်ပါတယ်။
ဘီဘီစီ။ ။ ဟုတ်ကဲ့၊ အစောပိုင်းက အာဆလန် ပြောသွားတဲ့ အထဲမှာလည်း ပါတယ် ... အခု ကြားနာပွဲတွေမှာ သက်သေတွေကိုလည်း စစ်မေးသွားမှာ ဖြစ်သလို၊ ကျွမ်းကျင်သူတွေကိုလည်း စစ်မေးမှာ ဖြစ်တယ်လို့ နားလည်ထားပါတယ်။ အာဆလန် တို့ အနေနဲ့ ဘယ်လိုမျိုး ကျွမ်းကျင်သူမျိုးကို ရုံးတော် ရှေ့မှောက် လူသက်သေ အနေနဲ့ ခေါ်ယူဖို့ ရှိပါသလဲ။
အာဆလန် ဆူလေမန်။ ။ ရုံးတော်ရှေ့မှောက် ထွက်ဆိုမယ့် ကျွမ်းကျင်သူ လူသက်သေကို ကျွန်တော်တို့ တင်သွင်းဖို့ ရှိပါတယ်။ သူဟာ စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူ ဖြစ်ပါတယ်။ သူဟာ ရခိုင်ထဲ မြန်မာ စစ်တပ် ပြုမူခဲ့တဲ့ "နယ်မြေရှင်းလင်းရေး" ခေါင်းစဥ်အောက်က အပြုအမူတွေ အကြောင်း သူ့ရဲ့ တွေ့ရှိချက်၊ သုံးသပ်ချက်တွေကို ရုံးတော် ရှေ့မှောက် ထွက်ဆိုသွားမှာ ဖြစ်ပါတယ်။
စစ်တပ်ရဲ့ အပြုအမူတွေဟာ မြန်မာဘက်က ပြောသလို အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး ဆိုတာထက် ကျော်လွန်တဲ့ အစိတ်အပိုင်းတွေ ပါဝင်နေပြီး၊ genocidal intent လို့ ခေါ်တဲ့ လူမျိုးစု တစ်ခုလုံးကို သုတ်သင် ရှင်းလင်း ပစ်ဖို့ အထိ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာကို ဘယ်အချက်တွေက ညွှန်ပြ နေသလဲ ဆိုတာတွေကို အဲဒီ စစ်ဘက် ရေးရာ ကျွမ်းကျင်သူက ထွက်ဆို သွားမှာ ဖြစ်ပါတယ်။
ဘီဘီစီ။ ။ အခု ကျွန်တော် မေးမယ့် အကြောင်းအရာဟာ အရင် တစ်ခေါက်တုန်းကလဲ ကျွန်တော်တို့ နည်းနည်း ပြောဖြစ်ခဲ့ကြပါတယ်။ အခု ရခိုင်ထဲမှာလည်း ပြည်တွင်းစစ် ဖြစ်နေပြီး၊ ရိုဟင်ဂျာတွေ အဓိက နေထိုင်တဲ့ နေရာတွေ အပါအဝင် ရခိုင်က နေရာ အများစုဟာ အာရ်ကန် အာမီ အေအေ ရဲ့ ထိန်းချုပ်မှုအောက် ရှိနေပါတယ်။ အဲဒီလို လက်ရှိ ပစက္ခ အကြောင်းအရာ အချက်အလက်တွေရော အာဆလန်တို့ ရုံးတော်ကို ပြောမှာတွေထဲ ပါဝင်လား။
အာဆလန် ဆူလေမန်။ ။ တစ်နည်းတစ်ဖုံတော့ ပါဝင်နေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြောမှာတွေထဲ မြန်မာဟာ ICJ ကနေ ချမှတ်ထားတဲ့ ကြားဖြတ် အစီအမံ provisional measures တွေကို လိုက်နာဖို့၊ အကောင်အထည် ဖော်ဖို့ ပျက်ကွက်ခဲ့တယ် ဆိုတဲ့ အစိတ်အပိုင်း ပါဝင်မှာ ဖြစ်ပါတယ်။ မြန်မာဘက်က လိုက်နာဖို့ လိုတဲ့ ကြားဖြတ် အစီအမံတွေ ဆိုပြီး ၂၀၂၀ ဇန်နဝါရီလကတည်းက ICJ ကနေ ချမှတ်ခဲ့ပါယ်။ ဂျီနိုဆိုက် ဖြစ်ရပ်တွေ ဆက်ပြီး မဖြစ်ဖို့ ထိန်းချုပ်ရမယ်၊ ဖြစ်ပျက်ထားတာတွေရဲ့ သက်သေ အထောက်အထားတွေကို မပျောက်ပျက်အောင် ထိန်းသိမ်း ထားရမယ် ... ဘာတွေ လုပ်ဆောင်ထားသလဲ ဆိုတာတွေကို ရုံးတော်ထံ ပုံမှန် အစီရင်ခံရမယ် စတဲ့ အချက်တွေ ပါဝင်ပါတယ်။
ကျွန်တော်တို့ အခု ပြောမှာတွေထဲ အဲဒီ ကြားဖြတ် အစီအမံတွေကို မြန်မာက လိုက်နာ ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ပြီး၊ ပုံစံ အမျိုးမျိုးနဲ့ ဖောက်ဖျက် ကျူးလွန်ခဲ့တယ် ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။ အဲဒီ အကြောင်း ပြောတဲ့ အခါ၊ ဂမ်ဘီယာဘက်က အခု အမှုကိစ္စ စတင် တိုင်ကြားခဲ့တဲ့ အချိန်ကာလရဲ့ နောက်ပိုင်း .... ရခိုင်ထဲ ဘာတွေ ဆက်ပြီး ဖြစ်နေခဲ့သလဲ ဆိုတာတွေကိုပါ ထည့်သွင်း ပြောဆိုဖို့ လိုပါတယ်။ မြန်မာ စစ်တပ်ရဲ့ အပြုအမူတွေကိုကြည့်ရင် ရိုဟင်ဂျာနဲ့ ရခိုင် လူမှု အသိုင်းအဝိုင်း ၂ ခု ကြားမှာ ပြဿနာတွေ ဖြစ်အောင် ဆက်လက် ဖန်တီး နေခဲ့တယ် ဆိုတဲ့ အချက်မျိုးတွေ ပါဝင်ပါတယ်။ ဒါဟာ ICJ ရဲ့ ကြားဖြတ် အမိန့်တွေကို ချိူးဖောက်တာပဲ ဖြစ်ပါတယ်။ အဲဒီလို ရှုထောင့်မျိုးတွေ ကနေ ရခိုင်ထဲက နောက်ပိုင်း အခြေအနေတွေ အကြောင်းလည်း အခု ကြားနာပွဲတွေမှာ ဆွေးနွေးသွားဖို့ ရှိပါတယ်။
ဘီဘီစီ။ ။ အာရ်ကန်အာမီရဲ့ အပြုအမူတွေနဲ့ ပတ်သက်ပြီးတော့ရော ဆွေးနွေးသွားဖို့ ရှိပါသလား။
အာဆလန် ဆူလေမန်။ ။ လက်ရှိ မြေပြင်က အခြေအနေကို ကြည့်ရင်၊ အာရ်ကန် အာမီ ဟာ ရခိုင်မြောက်ပိုင်း တခွင်လုံး အပါအဝင် ရခိုင်ထဲက နေရာအားလုံး နီးပါးကို လက်တွေ့ ထိန်းချုပ်ထားတဲ့ ဒီဖက်တို အဖွဲ့ ဖြစ်တယ် ဆိုတာ မှန်ကန်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အခု အမှု ကိစ္စမှာ အခြေခံ အာရုံ စိုက်ထားတာက ဂျီနိုဆိုက် အမှု အတွက် မြန်မာမှာ တာဝန် ရှိသလား ဆိုတဲ့ အပေါ် ဖြစ်ပါတယ်။ ဒါ့ကြောင့် လက်ရှိ မြေပြင်က ပစက္ခ အခြေအနေတွေကို မှတ်သားရင်းမှာပဲ၊ မြန်မာ စစ်တပ်ရဲ့ အပြုအမူတွေ အပေါ် အဓိ အာရုံစိုက်သွားမှာ ဖြစ်ပါတယ်။
ဘီဘီစီ။ ။ ရုံးတော်ရဲ့ အဆုံးအဖြတ်ဟာ ဂမ်ဘီယာ တောင်းဆိုတာတွေနဲ့ ကိုက်ညီမယ်လို့ ဘယ်လောက် အထိ ယုံကြည်ထားလဲ။
အာဆလန် ဆူလေမန်။ ။ ကျွန်တော်တို့ အင်မတန်မှ ယုံကြည်ပါတယ်။ ဒီ အမှုကိစ္စကို ဂမ်ဘီယာဘက်က ပေါ့ပေါ့တန်တန် တည်ဆောက် ထားခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဆွေးနွေးခဲ့ကြသလို ကုလသမဂ္ဂ အဖွဲ့အစည်း အမျိုးမျိုးရဲ့ အင်မတန် ခိုင်မာတဲ့ တွေ့ရှိချက်တွေ အပေါ် အပြန်ပြန် အလှန်လှန် ဆန်းစစ် သုံးသပ်ခဲ့တဲ့ အပြင် ကိုယ်တိုင် ရင်းမြစ် အမျိုးမျိုးဆီကနေ သက်သေ အထောက်အထား အစုလိုက် အပုံလိုက်ကို စုဆောင်း ကိုးကားထားတာ ဖြစ်ပါတယ်။
ဒီ အမှုကို ဂမ်ဘီယာက တိုင်ကြားပြီးတဲ့ နောက်မှာကို ... ဖြစ်ပျက်ခဲ့တာတွေ ဖြစ်ပျက် နေတာတွေရဲ့ သက်သေ အထောက်အထားတွေဟာ ပိုလို့တောင်မှ ထွက်ပေါ် လာခဲ့ပါတယ်။ အဲဒါတွေကလည်း ဂမ်ဘီယာရဲ့ တိုင်ကြားမှုကို ပိုပြီး အားကောင်း သွားစေတဲ့ အချက်အလက်တွေ ချည်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် လွတ်လပ်ပြီး၊ ယုံကြည်ကိုးစားဖွယ်ရာ ဖြစ်တဲ့ ရင်းမြစ်အမျိုးမျိုး ဆီက ရတဲ့ ခိုင်မာလှတဲ့ သက်သေတွေကို သုံးသပ်ခြင်းအားဖြင့် ရုံးတော် အနေနဲ့ မြန်မာဟာ ရိုဟင်ဂျာတွေ အပေါ် လူမျိုးတုန်း သတ်ဖြတ်မှု ဂျီနိုဆိုက် ကျုးလွန်ခဲ့ကြောင်း တွေ့ ရှိလိမ့်မယ်လို့ ကျွန်တော်တို့ အင်မတန်မှ ယုံကြည်ထားပါတယ်။
ဘီဘီစီ။ ။ အဲဒီ အတိုင်း ဖြစ်လာရင်တော့ ... ရိုဟင်ဂျာတွေ နစ်နာ ဆုံးရှုံး ခဲ့ရတာတွေ အတွက် ဘယ်လို အစားထိုး ဖြည့်ဆည်းမှုတွေ၊ လျော်ကြေးတွေ ပေးဆောင်ရမယ် ဆိုပြီး ICJ က သတ်မှတ်မယ်မယ် ဆိုတော့ကား ... ရိုဟင်ဂျာတွေ အနေနဲ့ ICJ ရဲ့ အမိန့်ထဲ ဘယ်အချက်တွေ ပါဝင်မယ် ဆိုပြီး မျှော်လင့်နိုင်လဲ။
အာဆလန် ဆူလေမန်။ ။ ကျွန်တော့် အနေနဲ့ကတော့ ဘယ်အရာတွေ ဘယ်အရာတွေ တော့ ဖြစ်လာလိမ့်မယ် ဆိုပြီး အတိအကျ အချက်အလက် သဘောနဲ့ အခုအချိန်မှာ မျှော်လင့်ချက်တွေ ကြီးကြီးမားမား တင်ကြို ထားမှာကို မဖြစ် စေချင်ပါဘူး။
မှားယွင်းခဲ့မှုတွေ အတွက်၊ ကျူးလွန်သူတွေဘက်က ဘယ်လို ပြင်ဆင် ဆောင်ရွက် ပေးရမလဲ၊ ဆုံးရှုံးနစ်နာခဲ့သူတွေကို ဘယ်လို နစ်နာကြေးတွေ ပေးရမလဲ ... စတဲ့ remedies လို့ ခေါ်တဲ့ နစ်နာကြေး သတ်မှတ်ချက်ထဲမှာ ... ဘယ်အချက်တွေကို အတိတကျ ထည့်သွင်းမလဲ ဆိုတာကို ရုံးတော်ကပဲ အဆုံးသတ် ဆုံးဖြတ်ပေးရမှာ ဖြစ်တဲ့ အတွက် ၊ ရုံးတော် အပေါ်မှာပဲ မူတည်နေပါတယ်။
ကျွန်တော်တို့ဘက်ကတော့ ဘယ်အချက်တွေ ထည့်သွင်းသင့်သလဲ ဆိုပြီး တောင်းဆိုသွားမှာတွေ ရှိပါတယ်။ ပထမဆုံး အချက်ကတော့ .... ရိုဟင်ဂျာတွေ အပေါ် ပစ်မှတ်ထားတိုက်ခိုက်တာတွေ၊ ဂျီနိုဆိုက် ကျူးလွန်တာတွေ ထပ်ပြီး မဖြစ်ရလေအောင် အာမခံချက် ရှိဖို့ ဆိုတာ ဖြစ်ပါတယ်။ နောက်ပြီး၊ မြန်မာဘက်က ဖန်တီးပေးရမယ့် အဓိက အချက်ထဲမှာ ကိုယ့်ရဲ့ မြေကို စွန့်ခွာ ထွက်ပြေးခဲ့ကြရ သူတွေ ကိုယ့်မွေးရပ်မြေဆီ၊ ကိုယ့်အိမ်ကိုယ့်ရာတွေဆီ ပြန်လာနိုင်ရေးလည်း ပါဝင်ပါတယ်။
ပြန်လာနိုင်ရုံနဲ့ မပြီး၊ ဘေးကင်းလုံခြုံစွာ လူ့ဂုဏ် သိက္ခာနဲ့ အညီ နေထိုင်နိုင်ရေးနဲ့ လူ့ဘဝကို တည်ဆောက်နိုင်ရေးတို့ အပေါ်မှာလည်း အာမခံချက် ရှိဖို့ လိုပါတယ်။ အဲဒီ အခြေခံ အချက်တွေအပေါ်ကနေမှ ထပ်လောင်းလို့ နစ်နာ ဆုံးရှုံးခဲ့ရသမျှတွေ အတွက် ဘယ်ပုံဘယ်နည်းနဲ့ အစားထိုးပေးမှုတွေ၊ ဖြည့်ဆည်းပေးမှုတွေ၊ လျော်ကြေးတွေ မြန်မာ အနေနဲ့ လုပ်ဆောင်ရမလဲ ဆိုတဲ့ အသေးစိတ် အချက်တွေကတော့ အခု ကြားနာမှု အဆုံးသတ်မှာ ပိုပြီး ပုံပေါ် လာမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ဘက်ကတော့ နစ်နာသူ ရိုဟင်ဂျာတွေ အတွက် အခိုင်အမာဆုံး အရာတွေ ဖန်တီးပေးနိုင်ဖို့ တောင်းဆိုမှာ ဖြစ်ပါတယ်။ တရားရုံးဘက်က ဘယ်လို ဆုံးဖြတ်မယ်၊ ဘာတွေ ထည့်သွင်းမလဲ ဆိုတာကို ကျွန်တော့် အနေနဲ့ တရားရုံးကို ကျော်လွန်ပြီး မပြောနိုင်ပါဘူး။ ဒီတော့ ဘာတွေတော့ ရလိမ့်မယ် ဆိုပြီး အခု အချိန်ကတည်းက သေချာပေါက် သဘော ပြောတာမျိုးတွေ လုပ်ခြင်းအားဖြင့် ရိုဟင်ဂျာတွေ အတွက် မလိုလားအပ်တဲ့ မျှော်လင့်ချက်မျိုးတွေ မဖြစ်ပေါ် စေ့ချင်ပါဘူး။
ဘီဘီစီ။ ။ ICJ ရဲ့ အဆုံးအဖြတ်တွေဟာ ဥပဒေကြောင်းအရ စည်းနှောင်မှု ရှိတယ်လို့ နားလည်ထားပါတယ်။ အဲဒီလို ဥပဒေ သဘော သက်ဝင်မှု ရှိအောင်၊ လိုက်နာ ဆောင်ရွက်အောင် ဘယ် အဖွဲ့အစည်းတွေက တာဝန်ယူ ကြပ်မတ် ဖော်ဆောင်ပေးမှာလဲ ခင်ဗျ။
အာဆလန် ဆူလေမန်။ ။ နိုင်ငံတကာ ဥပဒေအောက် ICJ ရဲ့ အဆုံးအဖြတ်တွေဟာ ၁၀၀% ဥပဒေ အရ စည်းနှောင်မှု ရှိပါတယ်။ သက်ဝင်အောင်၊ လိုက်နာအောင် ဆောက်ရွက်နိုင်တဲ့ နည်းလမ်းတွေလည်း တစ်ခု မက ရှိပါတယ်။ လိုအပ်လာရင် လုံခြုံရေးကောင်စီကနေ အရေးယူ ဆောင်ရွက်တာမျိုးတွေ အပါအဝင် ကုလသမဂ္ဂ ကိုယ်တိုင် လုပ်ဆောင်လို့ ရနိုင်တာတွေ ရှိပါတယ်။ တစ်နိုင်ငံချင်းစီ အနေနဲ့လည်း ICJ ဆုံးဖြတ်ချက်တွေ သက်ဝင် လိုက်နာစေရေး လုပ်ဆောင်နိုင်ကြပါတယ်။ ကုလသမဂ္ဂရဲ့ အမြင့်ဆုံး တရားစီရင်ရေး ယန္တရားဖြစ်တဲ့ ICJ ရဲ့ ဆုံးဖြတ်ချက်တွေသာ ရှိလာပြီ ဆိုရင် အာဆီယံလို ဒေသတွင်း အဖွဲ့အစည်းတွေက အစ အဲဒီ အဆုံးအဖြတ်တွေနဲ့ လျော်ညီစွာ မြန်မာအရေး မူဝါဒ ချမှတ်တာတွေ၊ မြန်မာဘက်က ဖော်ဆောင်ဖို့ ပျက်ကွက်ရင် အရေးယူကိုင်တွယ်တာတွေလည်း လုပ်ဆောင်နိုင်ပါတယ်။
ဘီဘီစီ။ ။ ICJ ရဲ့ ဆုံးဖြတ်ချက်တွေဟာ အလိုအလျောက် လုံခြုံရေးကောင်စီထံ လွှဲပေးမှာလား။ ICJ ရဲ့ အမိန့်တွေကို မြန်မာလိုက်နာရေး လုံခြုံရေးကောင်စီကနေပါ ဆုံးဖြတ်ချက် ချဖို့ဆိုရင် နောက်ထပ် လုပ်ဆောင်ရမှာတွေ ရှိသေးလား။
အာဆလန် ဆူလေမန်။ ။ ICJ ကနေ ဆုံးဖြတ်ချက် ထွက်လာပြီ ဆိုတာနဲ့ အဲဒီ ဆုံးဖြတ်ချက်တွေကို ကုလသမဂ္ဂ အဖွဲ့အစည်း အသီးသီးကို အသိပေးသွားမှာ ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။ လုံခြုံရေးကောင်စီ ကနေပါ နောက်ဆက်တွဲ သီးခြား ဆုံးဖြတ်ချက် ချဖို့ ဆိုရင်တော့၊ ဥပမာ - ICJ အမိန့်တွေကို မြန်မာ လိုက်နာဖို့ ပျက်ကွက်တာမျိုးကို လုံခြုံရေးကောင်စီထဲမှာ ဆွေးနွေးလာအောင် ဆိုရင်တော့ ... အဲဒီ အချိန်ကျမှ သီးခြား လုပ်ဆောင်ဖို့ လိုပါတယ်။