ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကတိုက်ပွဲနဲ့ ARSA ၅၃ ဦး ကို ဘင်္ဂလားဒေ့ရှ်တရားစွဲဆိုမှု
မြန်မာဘက်ကပစ်လိုက်တဲ့ သေနတ်ကျည်က ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲ ကျရောက်ခဲ့လို့ ဘင်္ဂလားဒေ့ရှ်အမျိုးသမီးငယ်တစ်ဦး အပါအဝင် အရပ်သားနှစ်ဦးဒဏ်ရာရခဲ့တဲ့နောက် ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာစစ်ကော်မရှင် သံအမတ်ကို ဆင့်ခေါ် ဆွေးနွေးခဲ့ပါတယ်။
တဖက်မှာလည်း ဘင်္ဂလားဒေ့ရှ်ဟာ အာရက္ခတပ်တော်(အေအေ)နဲ့ လည်း တွေ့ဆုံခဲ့တဲ့အကြောင်း အေအေနဲ့ နီးစပ်သူတွေဘက်က အတည်ပြုသတင်းတွေရှိခဲ့ပါတယ်။
တချိန်တည်းမှာပဲ မြန်မာဘက်တိုက်ပွဲကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ အာရကန်ရိုဟင်ဂျာ - ARSA တပ်ဖွဲ့ဝင် ၅၃ ဦးကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးပြီးတရားစွဲဆိုထားပါတယ်။
၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေလူမျိုးတုံးသတ်ဖြတ်ခံရတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ မြန်မာနဲ့ဂမ်ဘီယာ ကြားနာပွဲရှိနေချိန်မှာ ထွက်ပေါ်လာတဲ့ မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်က တိုက်ပွဲတွေကြောင့် သံတမန်တွေတွေ့ပြီးဖြေရှင်းကြတဲ့အထိဖြစ်လာတာပါ။
အေအေနဲ့ တွေ့ဆုံမှုမရှိဘူးလို့ ဘင်္ဂလားဒေ့ရှ်ငြင်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ အာရက္ခတပ်တော်(အေအေ)နဲ့ တရားဝင်ပြောဆိုဆက်သွယ်တာတွေမရှိဘူးလို့ ဘင်္ဂလားဒေ့ရှ် မီဒီယာတွေကို ဇန်နဝါရီ ၁၅ ရက်က ငြင်းဆိုတုံ့ပြန်ပါတယ်။
ဖြစ်စဥ်အစက ဇန်နဝါရီ ဒုတိယအပတ်ထဲမှာ နှစ်နိုင်ငံနယ်စပ်မှာ အေအေနဲ့ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်(ARSA)တို့ တိုက်ပွဲပြင်းထန်မှုက စတင်ခဲ့ပါတယ်။ အဲဒီ တိုက်ပွဲအတွင်း ပစ်ခတ်လိုက်တဲ့ကျည်တချို့ ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲ ကျရောက်ခဲ့တာကြောင့် ဒဏ်ရာရသူတွေရှိခဲ့ပါတယ်။
မောင်တောမြို့နယ်၊ နတ်မြစ်အတွင်းက အေအေရဲ့ ကင်းစခန်းတချို့ကို ARSA တပ်ဖွဲ့ဝင်တွေအပါအဝင် မွတ်ဆလင်လက်နက်ကိုင်ပူးပေါင်းတပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ မြေပြင်အခြေအနေသိတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
ARSA အပြင် ARA၊ RSO၊ RIM စတဲ့ မွတ်ဆလင်လက်နက်ကိုင်တပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ မောင်တောဒေသခံတချို့က ဆိုပါတယ်။
လက်ရှိမှာ နယ်စပ်က ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) က နယ်စပ်ကို အမြင့်ဆုံးသတိပေးချက် (High Alert) အဖြစ် သတ်မှတ်ကြေညာထားပါတယ်။
ဒီဖြစ်စဉ်တွေအပြီးမှာ ဇန်နဝါရီ ၁၃ ရက်က ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်နဲ့ အေအေဘက်က တာဝန်ရှိသူတချို့ တွေ့ဆုံခဲ့ကြတာလို့ အေအေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
အေအေနဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်(BGB)တို့ တွေ့ဆုံမှုက အောက်ခြေအဆင့်တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ဆုံးဖြတ်ခွင့်ရှိသူတွေရဲ့ တွေ့ဆုံမှုမဟုတ်တာကြောင့် ရလဒ်ထွက်တာမရှိဘူးလို့ သူကဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ ကပ်လျက်ရှိနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မောင်တောမြို့နယ်အပါအဝင် နယ်စပ်တကြောကို အာရက္ခတပ်တော်(အေအေ)က ထိန်းချုပ်ထားတာ တစ်နှစ်ကျော်ရှိလာပါပြီ။
အာရက္ခတပ်တော်(အေအေ)ဟာ ရခိုင်ပြည်နယ်ထဲက နယ်မြေအများစုကို ထိန်းချုပ်ထားပေမယ့် တရားဝင်အစိုးရ မဟုတ်တာကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်က ဆက်သွယ်ပြောထားတာမရှိဘူးလို့ ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံခြားရေးဝန်ကြီး မစ္စတာတိုဟစ်ဟူစိန်ရဲ့ ပြောဆိုချက်ကို ဘင်္ဂလားဒေ့ရှ်သတင်းဌာနတချို့က ဖော်ပြပါတယ်။
နယ်စပ်က ပဋိပက္ခဖြစ်တဲ့နေရာတွေမှာ မြန်မာစစ်တပ်ရဲ့ ထိန်းချုပ်မှုမရှိပေမယ့် စစ်ကော်မရှင်ရဲ့ သံအမတ် ဦးကျော်စိုးမိုးနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့ တွေ့ဆုံချိန်မှာ နယ်စပ်အခြေအနေတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ကန့်ကွက်ခဲ့တဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပါတယ်။
အလားတူ မြန်မာစစ်တပ်နဲ့လည်း သံတမန်ဆက်ဆံရေး ဖြတ်တောက်ထားတာမရှိဘူးလို့ မစ္စတာတိုဟစ်ဟူစိန်က ပြောထားပါတယ်။
မြန်မာစစ်ကော်မရှင်သံအမတ်နဲ့ ဘာကြောင့်တွေ့လဲ
စစ်တပ်ထိန်းချုပ်မှုမရှိတဲ့ နယ်စပ်ဒေသက တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကော်မရှင်ကို ဆင့်ခေါ်ဆွေးနွေးမှုတွေလုပ်ပြီး သတိပေးတာဟာ ဗဟိုအစိုးရဖြစ်လို့ ဆိုတဲ့ အချက်ထက်ကျော်လွန်နိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်းရှိနေပါတယ်။
မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်အရေးကျွမ်းကျင်သူ တချို့ကတော့ စစ်တပ်နဲ့ ARSA အပါအဝင် မွတ်ဆလင်တပ်တချို့ကြား လက်နက်လွှဲပြောင်းမှုတွေ ရှိခဲ့တာကြောင့် ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။
စစ်တပ်က နယ်စပ်ဒေသတကြောကို ထိန်းချုပ်ခဲ့ချိန် ကာလတွေမှာ ARSA နဲ့ ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့(RSO)နဲ့ ARA စတဲ့လက်နက်ကိုင်တပ်တွေ လှုပ်ရှားသွားလာကြတာတွေရှိခဲ့တယ်လို့ နယ်စပ်မှာနေထိုင်နေကြသူ ဒေသခံတချို့က ဆိုပါတယ်။
တစ်ဖက်မှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ဒုက္ခသည်စခန်း(IDP)မှာ ခိုလှုံနေတဲ့ စစ်တပ်ရဲ့ ပြည်သူ့စစ်ခေါင်းဆောင်ဟောင်း ဒိလ်မာမွတ်ကလည်း နယ်စပ်က မွတ်ဆလင်လက်နက်ကိုင်အဖွဲ့စုံဆီကိုသွားပြီး အစည်းအဝေးတွေလုပ်နေတယ်လို့ ဒီအခြေအနေကိုသိတဲ့ IDP ထဲမှာနေထိုင်နေတဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
"လက်နက်ကိုင်အဖွဲ့တွေကို သင့်မြတ်အောင်လုပ်နေတယ်။ ဒိလ်မာမွတ်ရဲ့ တွန်းအားနဲ့ပေါင်းပြီး မွတ်ဆလင်လက်နက်ကိုင်တပ်တွေက အေအေကို တိုက်နေကြတာ" လို့ သူကဆက်ပြောပါတယ်။
အေအေအနေနဲ့ မောင်တောဒေသကို မထိန်းချုပ်နိုင်ခင် စစ်တပ်နဲ့ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တဲ့အချိန်တွေမှာ ဒိလ်မာမွတ်ဟာ စစ်တပ်ဖွဲ့စည်းခဲ့တဲ့ မွတ်ဆလင်ပြည်သူ့စစ်တပ်ဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့တယ်လို့ မောင်တောဒေသခံတစ်ဦးက ပြောပါတယ်။
အလားတူ ARSA နဲ့ နယ်စပ်မှာ ပူးပေါင်းတိုက်ပွဲဝင်ခဲ့တဲ့ ARA မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ခေါင်းဆောင် နော်ဟူဘီဆောင်း ဆိုသူကလည်း လက်ရှိ ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်စခန်းတစ်ခုမှာနေထိုင်နေတယ်လို့ သူကဆိုပါတယ်။
'' ဒုက္ခသည်စခန်းတွေမှာ စစ်တပ်နဲ့ အချိတ်အဆက်ရှိခဲ့ကြသူတွေဟာ ဒုက္ခသည်အဖြစ်ခိုလှုံနေကြပြီး မွတ်ဆလင်လက်နက်ကိုင်တပ်တွေကြား အစည်းအဝေးတွေလုပ်ကြတယ်၊ စုဖွဲ့မှုဖြစ်ပြီးတိုက်ပွဲဖော်ဖို့ တွန်းအားပေးနေကြတယ်''လို့ သူကပြောပါတယ်။
အဲဒီအခြေအနေတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က သိရှိသဘောပေါက်တာကြောင့် စစ်ကော်မရှင်ရဲ့ သံအမတ်ကို ခေါ်ယူတွေ့ဆုံတာလို့ ရခိုင်နိုင်ငံရေးလေ့လာသူတစ်ဦးက ကောက်ချက်ချပါတယ်။
အေအေက စစ်တပ်ရဲ့ တောင်ပြို(လက်ဝဲ-လက်ယာ)ဗျူဟာစခန်းတွေကို သိမ်းပိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်တဲ့အချိန်မှာလည်း တောင်ပြို(လက်ဝဲ)စခန်းနဲ့ ARA ရဲ့ အဓိက တပ်စခန်းကြားမှာ ချိတ်ဆက်ထားတဲ့ ကွန်ကရစ်လူသွားလမ်းတွေကို တွေ့ရတယ်လို့ ၂၀၂၄ ခုနှစ်က သတင်းထုတ်ခဲ့ပါတယ်။
မွတ်ဆလင်လက်နက်ကိုင်တပ်တွေအကြောင်း ဘင်္ဂလားဒေ့ရှ်တုံ့ပြန်ချက်
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဘင်္ဂလားဒေ့ရှ်နဲ့ အေအေတို့ အောက်ခြေအဆင့် တွေ့ဆုံမှုမှာ မွတ်ဆလင်လက်နက်ကိုင်တပ်တွေကို ဘင်္ဂလားဒေ့ရှ်ဘက်က လက်ခံမထားဖို့ အေအေဘက်က ပြောခဲ့သလို စစ်ရေးလှုပ်ရှားပြင်ဆင်နေတာတွေကို ခွင့်မပြုဖို့လည်း ဆွေးနွေးခဲ့တဲ့အကြောင်း အေအေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်စခန်းတစ်ခုမှာ နေထိုင်နေတဲ့ ဘီဘီစီရဲ့ သတင်းရင်းမြစ်တစ်ဦးကတော့ ARSA အပါအဝင် မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တချို့ဟာ ဒုက္ခသည်စခန်းထဲမှာ ဝင်ထွက်သွားလာမှုတွေရှိနေတယ်လို့ ဇန်နဝါရီ ၁၅ ရက်မှာ ဘီဘီစီကို ပြောပါတယ်။
"စခန်းထဲက လူ့အခွင့်အရေးလှုပ်ရှားတဲ့သူတချို့ကို လှုပ်ရှားမှုတွေ ဆက်မလုပ်ဖို့ ပြောဆိုသတိပေးတာ၊ ခြိမ်းခြောက်တာတွေရှိနေတယ်" လို့ သူက ပြောပါတယ်။
ဒါပေမဲ့ စခန်းထဲမှာ စစ်ဝတ်စုံဝတ်ဆင်တာမျိုးမဟုတ်ဘဲ အရပ်သားဝတ်နဲ့ပဲ သွားလာရတာကြောင့် ဘယ်မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့ကလဲဆိုတာတော့ အတည်ပြုလို့မရနိုင်တဲ့အကြောင်း သူကပြောပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းကလည်း ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်က မွတ်ဆလင်တပ်တွေကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်(BGB)က လက်ခံပြီးထောက်ခံ အားပေးနေတယ်လို့ အေအေက စွပ်စွဲထုတ်ပြန်ခဲ့ပါတယ်။
ARSA အဖွဲ့ဟာ ရခိုင်တကျော့ပြန်တိုက်ပွဲမတိုင်ခင် မောင်တောနယ်ခြားစောင့်တပ်တွေနဲ့ ချိတ်ဆက်မှု ရှိခဲ့တယ်လို့ နယ်စပ်မှာနေထိုင်သူတွေနဲ့ ရခိုင်မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
ဒါ့အပြင် စစ်တပ်ဟာ တောင်ပြိုလက်ဝဲ၊ တောင်ပြိုလက်ယာ တိုက်ပွဲတွေတုန်းကလည်း သူတို့မဆုတ်ခွာခင် လက်နက်ခဲယမ်းတွေကို ARSA အဖွဲ့ဆီလွှဲပြောင်းပေးခဲ့ဖူးတယ်လို့ ဆိုကြပါတယ်။
ဒီပြောဆိုမှုတွေအပေါ်ကိုတော့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အရင်က နယ်စပ်တလျှောက်မှာ RSO နဲ့ ARSA နှစ်ဖွဲ့သာရှိခဲ့ပေမဲ့ လက်ရှိ မွတ်ဆလင်လက်နက်ကိုင် အဖွဲ့ ၅ ဖွဲ့အထိရှိလာနေတယ်လို့ မြေပြင်ရင်းမြစ်တချို့က ပြောပါတယ်။
အေအေကို တိုက်ခိုက်နေတဲ့ ARSA၊ RSO စတဲ့လက်နက်ကိုင်တပ်တွေရဲ့နောက်မှာ BGB ရဲ့ အရာရှိတချို့ ပါဝင်ပတ်သက်နေပြီး စခန်းနေရာပေးတာ၊ လက်နက်တပ်ဆင်ပေးတာနဲ့ စစ်သင်တန်းပေးတာတွေလုပ်နေတယ်လို့ ပြီးခဲ့တဲ့ ၂၀၂၅ စက်တင်ဘာမှာ အေအေက ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီအချိန်ကတည်းက အေအေရဲ့ စွပ်စွဲချက်တွေကို BGB ဘက်ကလည်း ပြန်လည်ငြင်းဆန်ခဲ့ပြီး နယ်စပ်မှာ လုံခြုံရေးနဲ့ တရားဥပဒေရေးတွေကို အလေးထားဆောင်ရွက်နေပြီး မွတ်ဆလင်လက်နက်ကိုင်တွေကို ထောက်ပံ့နေတာမရှိဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။
လက်ရှိမှာတော့ ARSA တပ်ဖွဲ့ဝင် ၅၃ ဦးကို တရားမဝင်ခိုးဝင်မှုနဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်(BGB)က ဖမ်းဆီးပြီး တရားစွဲဆိုထားပါတယ်။
အရင်ကတော့ ARSA တပ်ဖွဲ့ရဲ့ ခေါင်းဆောင်တချို့နဲ့ တပ်ဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ်ဘက်က ဖမ်းဆီးခဲ့ပေမယ့် အခုလို အစုလိုက်အပြုံလိုက်ဖမ်းဆီးမှုကတော့ ပထမဆုံးဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်က တက္ကနက် မြို့နယ်ထဲက ဝိုက်ချောင်း(ခေါ်) ဝါးခွပ်ချောင်းကျေးရွာမှာ ARSA တပ်ဖွဲ့ရဲ့ ခေါင်းဆောင်တချို့နဲ့ တပ်ဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ်စစ်တပ်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးခဲ့ချိန်မှာလည်း ARSA တပ်ဖွဲ့ဝင်တချို့ရဲ့ လက်နက်တွေတွေကိုပါ ဘင်္ဂလားဒေ့ရှ်စစ်တပ်က သိမ်းဆည်းသွားတယ်လို့ ဒီအခြေအနေကိုသိတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးထားတဲ့သူတွေကို ဇန်နဝါရီ ၁၂ ရက်ကစပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်နေပြီလို့ ဘင်္ဂလားဒေ့ရှ်သတင်းတချို့မှာ ဖော်ပြပါတယ်။
ဒီစုံစမ်းစစ်ဆေးမှုအရ ထွက်ပြေးလာရတဲ့ ရည်ရွယ်ချက်၊ အထောက်အထားတွေနဲ့ အခြားအသေးစိတ်အချက်အလက်တွေကို မေးမြန်းနေတယ်လို့ဆိုပြီး လက်နက်သိမ်းဆည်းမှုတွေနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က သတင်းတွေမှာ ဖော်ပြထားတာမရှိပါဘူး။
ဒီဖမ်းဆီးမှုဟာ ဘင်္ဂလားဒေ့ရှ်အနေနဲ့ ၂၀၂၆ ဖေဖော်ဝါရီမှာကျင်းပတော့မယ့် ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲအတွက် အတိုက်အခံပါတီတွေရဲ့ နယ်စပ်ပဋိပက္ခအရေးနဲ့ပတ်သက်တဲ့ ထောက်ပြချက်တွေကို ဖြေရှင်းဖို့အတွက် လုပ်လိုက်တာမျိုးလည်းဖြစ်နိုင်တယ်လို့ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ALD အတွင်းရေးမှူး ဦးမျိုးကျော်က သုံးသပ်ပါတယ်။
ARSA တပ်ဖွဲ့ဝင်တွေကို ခိုးဝင်မှုနဲ့သာ အမှုဖွင့်ထားတာကြောင့် လက်နက်ကိုင်ဆောင်တဲ့အချက်တွေကို ဘင်္ဂလားဒေ့ရှ်ဘက်က တရားစွဲဆိုမှုမှာ လျှော့ပေါ့အောင် ထိန်ချန်ထားတယ်လို့ သူက ဆက်ပြောပါတယ်။
"နိုင်ငံရေးအမြတ်ထုတ်ချင်တာရယ်၊ မွတ်ဆလင်လက်နက်ကိုင်တပ်တွေနဲ့ ပတ်သက်နေတယ်ဆိုတဲ့ပြောဆိုချက်တွေကို ပယ်ချချင်လို့ ဖမ်းပြတာမျိုးဖြစ်နိုင်ပါတယ်။ ဖမ်းဆီးခံထားရသူတွေကို ဘယ်လိုအရေးယူမလဲဆိုတာ စောင့်ကြည့်ဖို့လိုတယ်။"