ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လူငယ်ဆန္ဒပြခေါင်းဆောင် လုပ်ကြံခံရပြီးနောက် ဘင်္ဂလားဒေ့ရှ်မှာ ပြင်းထန်ဆူပူမှုတွေပြန်ဖြစ်
- ရေးသားသူ, ဂျက်ဆီကာရုန်စလေ
- ရေးသားသူ, အန်ဘာရန်ဆန်အန်သီရာဂျန်
- ရာထူးတာဝန်, ကမ္ဘာ့ရေးရာသတင်းထောက်
ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာကို ရာထူးက ဖြုတ်ချခဲ့တဲ့ လူငယ်လှုပ်ရှားမှုက ထင်ရှားတဲ့ဆန္ဒပြလူငယ် ခေါင်းဆောင်တစ်ဦး ကြာသပတေးနေ့ က သေဆုံးသွားပါတယ်။ သူသေဆုံးသွားပြီးနောက်မှာတော့ ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြဆူပူမှုတွေ ပြန်လည်ဖြစ်ပွားနေပါတယ်။
သေဆုံးသူဟာ ၂၀၂၄ လူထုအုံကြွမှုက ဆန္ဒပြခေါင်းဆောင်ဖြစ်တဲ့ ရှာရစ်ဖ် အော့စ်မန်ဟာဒီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အပတ်က ဒါကာမြို့ ဗလီတစ်ခုက သူ ထွက်ခွာလာချိန် မျက်နှာဖုံးစွပ်ထားတဲ့ လူတစုရဲ့ တိုက်ခိုက်ပစ်ခတ်မှုကိုခံခဲ့ရပါတယ်။ လုပ်ကြံခံရပြီးနောက် သူ့ကို စင်ကာပူက ဆေးရုံတစ်ခုကို ပို့ဆောင်ကုသနေချိန်မှာ ရရှိခဲ့တဲ့ဒဏ်ရာတွေကြောင့် ကြာသပတေးနေ့က သေဆုံးခဲ့တာဖြစ်ပါတယ်။
သူတိုက်ခိုက်ခံရမှုဟာ ၂၀၂၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ လူထုအုံကြွမှုနောက်ပိုင်း ပြန်လည်ကျင်းပမယ့် ပထမဆုံးရွေးကောက်ပွဲရက်ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ကြေညာပြီး တစ်ရက်အကြာမှာဖြစ်ပွားခဲ့တာပါ။
သေဆုံးခဲ့တဲ့ လူငယ်ခေါင်းဆောင် ရှာရစ်ဖ်အော့စ်မန်ဟာဒီ က လာမယ့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဥ်ထားသူလည်းဖြစ်ပါတယ်။
ကြာသပတေးနေ့က သူသေဆုံးသွားကြောင်း အတည်ပြုသတင်းထွက်ပေါ်လာတဲ့နောက်မှာ သူ့ကိုထောက်ခံသူ ရာပေါင်းများစွာက တိုက်ခိုက်သူတွေကို ဖမ်းဆီးပေးဖို့ ဒါကာမြို့ရဲ့ လမ်းမတွေပေါ်နဲ့ မြို့တော်ရှိ ရင်ပြင်တစ်ခုမှာ ဆန္ဒပြဖို့ စုဝေးခဲ့ကြပြီး ဆူပူမှုတွေဖြစ်ပေါ်ခဲ့တာပါ။
နောက်ပိုင်းမှာ ဆန္ဒပြသူတွေဟာ ထင်ရှားတဲ့ ဘင်္ဂလားဒေ့ရှ် ထိပ်တန်းသတင်းစာတိုက်တွေဖြစ်တဲ့ The Daily Star နဲ့ Prothom Alo တို့ရဲ့ ရုံးခန်းတွေကို ဖျက်ဆီးခဲ့ကြပြီး အဆောက်အဦတစ်ခုကို မီးရှို့ခဲ့ကြပါတယ်။
"လူရာပေါင်းများစွာ ဒီမှာစုဝေးပြီး တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြပါတယ်" လို့ ရဲအရာရှိတစ်ဦးက BBC Bangla ကိုပြောကြားပါတယ်။
အခင်းဖြစ်ပွားရာနေရာကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို စေလွှတ်ခဲ့ပြီး မီးသတ်သမားတွေကလည်း အဆောက်အဦတွေအတွင်း ပိတ်မိနေတဲ့ သတင်းထောက်တွေကို ကယ်တင်ခဲ့ပါတယ်။
မီးရှို့တိုက်ခိုက်ခံရတဲ့ အဲဒီ ဘင်္ဂလားဒေ့ရှ် ထိပ်တန်းသတင်းစာတိုက်တွေဟာ ဟာဆီနာ ခိုလှုံရာ အိမ်နီးချင်းအိန္ဒိယနိုင်ငံနဲ့ ပတ်သက်ဆက်နွှယ်နေတယ်ဆိုပြီး စွပ်စွဲခံထားရတယ်လို့ နိုင်ငံတကာသတင်းတချို့မှာဖော်ပြထားပါတယ်။
အသက် ၃၂ နှစ်အရွယ် ဟာဒီ ဟာ ကျောင်းသားဆန္ဒပြအဖွဲ့ အင်ကီလာ့ဘ်မန်ချာရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာနဲ့ သူ့ကိုလက်ခံထားတဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံကို ပွင့်ပွင့်လင်းလင်း ဝေဖန်သူတစ်ဦးဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် သတင်းတချို့မှာတော့ အာဏာပိုင်တွေက တရားခံတွေကို ဖမ်းဆီးနိုင်ရေး သတင်းပေးသူတွေကို တာကာငွေ ၅ သန်း (အမေရိကန်ဒေါ်လာ ၄၂,၀၀၀ ခန့်) ဆုကြေးပေးအပ်မယ်လို့ ကြေညာထားကြောင်းရေးကြပါတယ်။
ဟာဒီက လုပ်ကြံခံရမှုမတိုင်ခင်မှာ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုတွေနဲ့ နေအိမ်မီးရှို့ခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေရရှိထားတယ်လို့ အစောပိုင်းကပြောထားကြောင်းလည်း ဘင်္ဂလားဒေ့ရှ် သတင်းတချို့ ကဖော်ပြပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးပါတီတွေက ဟာဒီ သေဆုံးမှုအတွက် ဝမ်းနည်းကြောင်းထုတ်ပြန်ပြီး ပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ်ပြီး တရားဥပဒေအရ အရေးယူပေးဖို့ ကြားဖြတ်အစိုးရကို တိုက်တွန်းထားကြပါတယ်။
အိမ်စောင့်အစိုးရကို ဦးဆောင်နေတဲ့ နိုဘယ်ဆုရှင် မိုဟာမက် ယူနွတ်စ်က ဟာဒီရဲ့ သေဆုံးမှုက "နိုင်ငံအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှု" လို့ မှတ်ချက်ပေးထားပါတယ်။
"အကြောက်တရား၊ ထိတ်လန့်မှုတွေနဲ့ သွေးထွက်သံယိုမှုတွေက နိုင်ငံရဲ့ ဒီမိုကရေစီနိုင်ငံတော်ဆီ ချီတက်မှုကို ရပ်တန့်လို့မရပါဘူး" လို့ ကြာသပတေးနေ့က ရုပ်မြင်သံကြားမိန့်ခွန်းမှာ ယူနွတ်က ထည့်ပြောခဲ့ပါတယ်။
ကြားဖြတ်အစိုးရက လာမယ့်စနေနေ့ကို အမျိုးသားအဆင့် ဝမ်းနည်းကြေကွဲဖွယ်နေ့အဖြစ် ကြေညာထားပါတယ်။
ဟာဒီ ပစ်သတ်ခံရပြီး မကြာခင်မှာပဲ ယူနွတ်စ် က ဒါဟာ ကြိုတင်ပြင်ဆင်ထားတဲ့ တိုက်ခိုက်မှုဖြစ်ပြီး "ပူးပေါင်းကြံစည်သူတွေရဲ့ ရည်ရွယ်ချက်က ရွေးကောက်ပွဲကို နှောင့်ယှက်ဖို့ပါပဲ" လို့ပြောပါတယ်။
"ရွေးကောက်ပွဲကို နှောင့်ယှက်ဖို့ ရည်ရွယ်တဲ့ အကြမ်းဖက်မှုပုံစံကို လုံးဝ သည်းခံမှာ မဟုတ်ပါဘူး" လို့ ယူနွတ်စ်က ပြောကြားခဲ့ပါတယ်။
"ဒီဖြစ်ရပ်ဟာ တိုင်းပြည်ရဲ့ နိုင်ငံရေး အခင်းအကျင်းအတွက် စိုးရိမ်စရာတစ်ခုပါပဲ''
ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး သံသယရှိသူတချို့ကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။
ဟာဆီနာဟာ သီတင်းတစ်ပတ်ကြာ ကျောင်းသားဦးဆောင်ခဲ့တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားပြီးနောက် ၂၀၂၄ သြဂုတ်လ ၅ ရက်မှာ အိန္ဒိယနိုင်ငံကို ထွက်ပြေးခဲ့ပြီး ၁၅ နှစ်ကြာ အာဏာရှင် အုပ်ချုပ်မှုကို အဆုံးသတ်ခဲ့ရပါတယ်။
ဆူပူအုံကြွမှုအတွင်း လူပေါင်း ၁၄၀၀ သေဆုံးခဲ့တဲ့ အင်အားသုံးခွင့်ပြုမှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ရာဇ၀တ်မှုတွေအတွက် အပြစ်ရှိကြောင်း နိုဝင်ဘာလက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရပါတယ်။