ဘင်္ဂလားဒေ့ရှ် မရမာတွေရဲ့ဆန္ဒပြပွဲတွေနဲ့ စစ်တကောင်းရောက် ရခိုင်စစ်ရှောင်တွေရဲ့စိုးရိမ်ချက်

မြန်မာ၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံနယ်စပ်နဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားဒေ့ရှ် စစ်တကောင်းဒေသ၊ ခါဂရာချရီခရိုင်၊ ဂွမ်မာရာမြို့မှာ ဌာနေ မရမာ တိုင်းရင်းသားတွေရဲ့ဆန္ဒပြပွဲ စစ်တပ်နဲ့ ထိပ်တိုက်တွေ့ပြီး အဓိကရုဏ်းအသွင်ဆောင်ခဲ့လို့ သေဆုံးသူ ၄ ဦးအထိ မြင့်တက်လာပါတယ်။

ဂွမ်မာရာမှာ မတည်ငြိမ်မှုတွေဆက်ရှိနေပြီး ဘင်္ဂလားဒေ့ရှ်စစ်တပ်က လူစုကို သေနတ်ပစ်ခတ် ဖြိုခွင်းမှုကြောင့် ဒဏ်ရာရသူလည်း ၄၀ ကျော်ရှိနေပါတယ်။

စက်တင်ဘာ ၂၃ ရက်က ခါကာဆိုရီခရိုင်၊ သိန်ဂီးနာလာမှာ အသက် ၁၂ နှစ်အရွယ် မရမာလူမျိုး မိန်းကလေးတစ်ဦး မုဒိမ်း ကျင့်ခံရတဲ့ ဖြစ်စဥ်နောက်မှာ ဒီရုန်းရင်းဆန်ခတ်မှုဖြစ်လာတာပါ။

ဒီပြဿနာကြောင့် စစ်တကောင်းဒေသတွင်းတင်မက ရခိုင်စစ်ပွဲကြောင့် ရခိုင်ဒေသတွေကနေ စစ်တကောင်းဒေသကို ထွက်ပြေးတိမ်းရှောင်ကြနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတွေအတွက်လည်း မလုံခြုံမှုတွေဖြစ်လာနေပါတယ်။

လူမျိုးရေးအခြေခံတဲ့ပဋိပက္ခ မဖြစ်လာဖို့လည်း ဘင်္ဂလားဒေ့ရှ်အစိုးရက အထူးသတိထားကိုင်တွယ်နေပါတယ်။

မုဒိမ်းကျင့်ခံရမှုနောက်က ဆန္ဒပြမှုနဲ့ မီးရှို့ပျက်စီးမှုတွေ

စက်တင်ဘာ ၂၃ ရက်ညပိုင်းက မရမာလူမျိုး မိန်းကလေးဟာ ကျူရှင်က အပြန်မှာ မုဒိမ်းကျင့်ခံခဲ့ရပြီး ကစားကွင်းတစ်ခုမှာ စွန့်ပစ်ခံခဲ့ရပါတယ်။

"မိန်းကလေး မုဒိမ်းကျင့်ခံရတာကို အရေးမယူလို့ဆိုပြီး ကန့်ကွက်ဆန္ဒပြကြတာ။ အဲဒါကနေ စဖြစ်သွားတာ" လို့ စစ်တကောင်းမှာနေထိုင်သူ မြန်မာတစ်ဦးက ပြောပါတယ်။

အမျိုးသမီးငယ်ဟာ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရတာဖြစ်ပေမဲ့ ကျူးလွန်တယ်လို့ သံသယရှိသူ တစ်ဦးကိုပဲ ဖမ်းထားနိုင်တဲ့အပေါ် ဒေါသထွက် ဆန္ဒပြကြတာလို့လည်း သူက ပြောပါတယ်။

စွပ်စွဲချက်တွေအတိုင်း ဒီဖြစ်ရပ်ဟာ အုပ်စုဖွဲ့ကျူးလွန်မှု ဟုတ် မဟုတ် ဆိုတာကိုတော့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဘက်က တစုံတရာ ထုတ်မပြောထားသေးပါဘူး။

ဒါပေမဲ့ ဒီဖြစ်ရပ်ဖြစ်အပြီး ရက်ပိုင်းအကြာမှာတော့ စစ်တကောင်းတောင်တန်းဒေသတင်မက မြို့တော် ဒါကာမှာပါ ဌာနေတိုင်းရင်းသားတွေရဲ့ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာပါတယ်။

စက်တင်ဘာ ၂၈ ရက်မှာတော့ ဘင်္ဂလားဒေ့ရှ်စစ်တပ်က ဆန္ဒပြပွဲတွေကို ဦးဆောင်တဲ့ ကျောင်းသားတွေနဲ့ စစ်တကောင်းမှာ တွေ့ဆုံစကားပြောခဲ့ပါတယ်။

အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သံသယရှိသူ အမျိုးသားတစ်ဦးကိုလည်း ဖမ်းထားပြီးဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကပြောပြီး မုဒိမ်းမှုသံသယရှိသူကို ဖမ်းဆီးထားပေမဲ့ လမ်းတွေပိတ်ဆို့ပြီး ဘာကြောင့်ဆန္ဒပြနေတာလဲလို့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က မေးခွန်းမေးမြန်းတာတွေပြုလုပ်ခဲ့ပါတယ်။

အဲဒီနောက်မှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တွေ ထိပ်တိုက်တွေ့ခဲ့တာပါ။

"တွေ့ဆုံပြီး ၁၀ မိနစ် အကြာမှာ စစ်တပ်က ရုတ်တရတ် ကျောင်းသားတွေကို စတိုက်ခိုက်ခဲ့တယ်။ စစ်တပ်ရဲ့ အနောက်မှာ ဘင်္ဂါလီ အခြေချသူတွေ ပါလာတယ်" လို့ ဆန္ဒပြပွဲတွေမှာ ရှိနေခဲ့တဲ့ ကျောင်းသား တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အဓိကရုဏ်းနောက်မှာ နေအိမ်တွေ၊ ဈေးကြီး၊ ဈေးငယ် ၁၆ ခု၊ ဘုန်းကြီးကျောင်းတချို့ နဲ့ ဆိုင်ကယ်တွေ မီးရှို့ခံရပြီး လက်သည်မပေါ်ခဲ့ဘဲ အပြန်အလှန်စွပ်စွဲမှုတွေသာ ရှိနေပါတယ်။

သေဆုံးသူတွေထဲမှာ ရခိုင်မျိုးနွယ်ဝင်တွေဖြစ်တဲ့ အသက် ၁၈ နှစ်အရွယ် မဦးလှမေ၊ အသက် ၂၄ နှစ်အရွယ် ကိုမြတ်လှဖြူနဲ့ နောက်ထပ် အမည်မသိရသေးတဲ့ လူ ၂ ဦးတို့ ပါဝင်တယ်လို့ဘင်္ဂလားဒေ့ရှ်သတင်းတွေက ဖော်ပြပါတယ်။

ဒဏ်ရာရသူတွေက ဆေးရုံတွေမှာ အရေးပေါ်ဆေးကုသမှု ခံယူနေရပြီး စစ်တကောင်းလူထုနဲ့ ဘင်္ဂလားဒေ့ရှ်တပ်ကြား ပဋိပက္ခမှာ တင်းမာနေဆဲ အခြေအနေဖြစ်ပါတယ်။

စစ်တကောင်းဒေသခံအများစုကတော့ ဘင်္ဂလားဒေ့ရှ် စစ်တပ်က ဒေသခံတွေရဲ့ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်မှုကို လက်နက်အားကိုးနဲ့ နှိမ်နင်းနေတယ်လို့ စွပ်စွဲပြောဆိုထားကြပါတယ်။

ဘင်္ဂလားဒေ့ရှ်စစ်တပ်ကို အိန္ဒိယနိုင်ငံလုံးဆိုင်ရာ သက္ကမကျောင်းသားများသမဂ္ဂ (AICSU) က ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပြီး အိန္ဒိယအစိုးရက ကြားဝင်ဖြေရှင်းပေးဖို့ တောင်းဆိုထားပါတယ်။

ဘင်္ဂလား‌ဒေ့ရှ် ပြည်ထဲရေးဝန်ကြီးဌာနကတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာ မုဒိန်းမှုနဲ့ဆက်စပ်ပြီး သံသယရှိသူ ၃ ဦးမှာ ၁ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးထားတယ်လို့ ဘီဘီစီ ဘင်္ဂလီ ဘာသာစကားဌာနက ရေးပါတယ်။

ကျောင်းသားတွေ ဦးဆောင်တဲ့ လှုပ်ရှားမှု

Jumma ကျောင်းသားလှုပ်ရှားမှုဆိုတဲ့ ဒီ စစ်တကောင်းဒေသက ဆန္ဒပြပွဲတွေကို ကျောင်းသားထုက ဦးဆောင်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့ ရုန်းရင်းဆန်ခတ်မှုတွေမှာတော့ ကျောင်းသား ၆ ဦးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်ထားပြီး အခုချိန်ထိ သတင်းအစအနမရသေးဘူးလို့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

သူကတော့ ဒီတိုက်ခိုက်မှုတွေ၊ ရုန်းရင်းဆန်ခတ်မှုတွေဟာ ရွှေ့ပြောင်းအခြေချလာတဲ့ ဘင်္ဂါလီတွေကြောင့်လို့ စွပ်စွဲပါတယ်။

ကျောင်းသားတွေကတော့ ဘင်္ဂလားဒေ့ရှ် စစ်တပ် နဲ့ ဘင်္ဂါလီတွေ အပေါ် ဒီလို စွပ်စွဲချက်တွေက စစ်တကောင်းဒေသမှာ ပုံမှန်လိုဖြစ်နေပြီလို့ ပြောကြပါတယ်။

ဘီဘီစီနဲ့ မေးမြန်းခွင့်ရတဲ့ မရမာ ကျောင်းသားတစ်ဦးကတော့ ဘင်္ဂလားဒေ့ရှ် စစ်တပ် နဲ့ ဘင်္ဂါလီတွေ ပူးပေါင်းပြီး အခုလိုလုပ်ဆောင်ချက်တွေဟာ စစ်တကောင်းဒေသမှာ ပုံမှန်လိုဖြစ်နေတဲ့ အခြေအနေလို့ ဆိုပါတယ်။

စစ်တကောင်းတောင်တန်းဒေသ နိုင်ငံသားများကောင်စီရဲ့ ပူးတွဲအတွင်းရေးမှူး အဒူ မာဂျစ် ကတော့ ဒီလို စွပ်စွဲမှုတွေကို ငြင်းဆိုထားပါတယ်။

လက်ရှိ မြို့ပေါ်မှာတော့ ညမထွက်ရအမိန့်ဆက်ရှိနေပြီး ဘင်္ဂလား‌ဒေ့ရှ် စစ်တပ်ကလည်း ကင်းလှည့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တကောင်းဒေသမှာ ရခိုင်မျိုးနွယ်စုဝင် မရမာ လူမျိုးအပါအဝင် ဌာနတိုင်းရင်းသား ၁၁ စုကို ဘင်္ဂလားဒေ့ရှ်အစိုးရက အသိမှတ်ပြုထားပါတယ်။

မရမာလူမျိုးတွေဟာ ရခိုင်ဌာနေ မျိုးနွယ်စုထဲမှာ ပါဝင်ပြီး အများစုဟာ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ် မောင်တောမြို့နယ်ထဲမှာ အခြေချနေထိုင်ကြပါတယ်။

စစ်တကောင်းမှာ ၁၉၄၇ ခုနှစ်ကစလို့ ဘင်္ဂါလီလူမျိုး ၂ ရာခိုင်နှုန်း နဲ့ ဌာနတိုင်းရင်းသား ၉၈ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ အစိုးရအချက်အလက်တွေကို ကိုးကားပြီး ကျောင်းသားတစ်ဦးက ပြောပါတယ်။

"၂၀၂၁ ခုနှစ်ကစလို့ အခုချိန်ထိ အခြေချသူတွေနဲ့ ဌာနေတိုင်းရင်းသားလူဦးရေက ၅၀/ ၅၀ ရာခိုင်နှုန်း ရှိပါတယ်" သူက ပြောပါတယ်။

စစ်တကောင်း‌ဒေသဟာ လက်ရှိမှာ ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေကနေ ထွက်ပြေးကြတဲ့ ရခိုင်စစ်ရှောင်တွေ၊ နိုင်ငံရေးသမားတွေ နဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ ခိုလှုံရာလည်းဖြစ်တယ်လို့ ရခိုင်သတင်းသမားတစ်ဦးက ပြောပါတယ်။

"ဘူးသီးတောင်၊ မောင်တော၊ တိုက်ပွဲတွေ ဖြစ်ပြီးတဲ့နောက်မှာ ပြေးလာကြတာ များပါတယ်။ စစ်တွေက လူတွေလည်း ရှိပါတယ်။ မရမာတွေ၊ ရခိုင်တွေက လူနည်းစုတိုင်းရင်းသားတွေ ဖြစ်တယ်" လို့ သူက ပြောပါတယ်။

အခုလို ပဋိပက္ခ ဖြစ်စဉ်တွေကြောင့်လည်း ခိုလှုံတိမ်းရှောင်နေသူတွေမှာ စိုးရိမ်စိတ်တွေ မြင့်တက်နေပါတယ်။

"အခုလိုမျိုးဖြစ်တော့ ပိုပြီး စိုးရိမ်ရတာပေါ့။ အကာအကွယ်ပေးရမယ့် စစ်တပ် နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကလည်း အကာအကွယ်မပေးဘူးဆိုတော့ ပိုပြီးတော့ စိုးရိမ်ရတယ်။ မနေ့ကဆိုလည်း အမျိုးသမီးတွေ၊ ကလေးတွေ၊ လူကြီးတွေ အများကြီးဖမ်းခံရတယ်။ ဈေးဆိုင်တွေ၊ ဘုန်းကြီးကျောင်းတွေဆိုလည်း ရာနဲ့ ချီပြီးဖျက်ဆီးခံရတာ" လို့ စစ်တကောင်းမှာ ရှိနေတဲ့ ရခိုင်လူမျိုးတစ်ဦးက သူနေထိုင်တဲ့နေရာမှာဖြစ်နေတဲ့ အခြေအနေကို ပြောပြပါတယ်။

ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတွေကတော့ ဘင်္ဂလားစစ်တပ်ရဲ့ ဖမ်းဆီးခံရမှာစိုးလို့ ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရကတော့ မုဒိမ်းကျင့်ခံခဲ့ရတဲ့ မိန်းကလေးအပါအဝင် မိသားစုတွေရဲ့ အခြေအနေတွေနဲ့ ဖြစ်စဥ်နောက်ဆက်တွဲ ထုတ်ပြန်ချက်ထုတ်လာတာ မရှိသေးပါဘူး။

ဘင်္ဂလားဒေ့ရှ် မရမာ ကျောင်းသားများကောင်စီကတော့ ဆန္ဒပြသူတွေအပါအဝင် သက်ဆိုင်သူတွေအားလုံး ငြိမ်းချမ်းစွာအဖြေရှာကြဖို့ မုဒိမ်းမှု ကျူးလွန်သူတွေ၊ လက်နက်ကိုင်တိုက်ခိုက်သူတွေကိုလည်း ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ပေးဖို့ တောင်းဆိုထားပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်စစ်တပ် မီဒီယာနဲ့ ပြည်သူ့ဆက်ဆံရေးဌာန (ISPR) က သတင်းထုတ်ပြန်ရာမှာတော့ အခုကာလအတွင်းမှာ ပြည်တွင်းနဲ့ ပြည်ပက ဘလော်ဂါတွေက လူမျိုးစုပဋိပက္ခဖြစ်အောင် မီးစထိုး လှုံ့ဆော်နေတယ်လို့ စွပ်စွဲပါတယ်။