ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရှစ်နှစ်သမီး သေဆုံးတဲ့ ဘင်္ဂလားဒေ့ရှ် အဓမ္မမှုကို အုံကြွ ဆန္ဒပြ
- ရေးသားသူ, ဂယ်ဗင် ဘတ္တလာ
- ရာထူးတာဝန်, ဘီဘီစီသတင်း
သတိပေးချက်။ ဒီဆောင်းပါးမှာ စာဖတ်သူတချို့ စိတ်မချမ်းမြေ့စရာ အသေးစိတ် အချက်အလက်တွေ ပါ၀င်ပါတယ်။
ဘင်္ဂလားဒေ့ရှ် မှာ ရှစ်နှစ်အရွယ် မိန်းကလေးတဦး အဓမ္မပြုကျင့်ခံရပြီးနောက် ရတဲ့ ဒဏ်ရာတွေကြောင့် ကြာသပတေးနေ့က ကွယ်လွန်သွားတဲ့အတွက် နိုင်ငံအနှံ့ အုံကြွ ဆန္ဒပြနေကြပါတယ်။
မတ်လ ၅ ရက်ည နဲ့ နောက်နေ့မနက်ခင်းကြား အချိန်မှာ မဂူရာမြို့က သူ့အစ်မအိမ်ကို သွားလည်ရင်း အဓမ္မပြုကျင့်ခံခဲ့ရကြောင်း သေဆုံးသူရဲ့ မိခင်က တိုင်ကြားပါတယ်။
သူ့အစ်မရဲ့ ၁၈ နှစ်အရွယ် ခင်ပွန်းအပြင် သူ့ယောက္ခမ စုံတွဲနဲ့ ခဲအိုကိုပါ ဖမ်းဆီးပြီး ရမန်နဲ့ ချုပ်ထားပါတယ်။
ဒီမိန်းကလေး သေဆုံးကြောင်း သတင်းထွက်လာပြီးနောက် ကြာသပတေးနေ့ညက ဒီမုဒိမ်းမှု ဖြစ်တယ်ဆိုတဲ့ အိမ်ကို ဒေါသထွက်နေတဲ့ လူအုပ်က ၀ိုင်းပြီး မီးရှို့ခဲ့ကြပါတယ်။
သောကြာနေ့ ဒေသစံတော်ချိန် နေ့လယ် တနာရီလောက်မှာ နှလုံးသုံးခါရပ်ပြီး ဒီမိန်းကလေး သေဆုံးခဲ့ကြောင်း အစိုးရ ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
ဆရာဝန်တွေက အခြေအနေ တည်ငြိမ်အောင် နှစ်ခါ ကြိုးစားခဲ့ကြပေမယ့် တတိယအကြိမ်မှာ နှလုံးကို ပြန်နှိုးလို့ မရ ဖြစ်ခဲ့ကြောင်း ဒီထုတ်ပြန်ချက်မှာ ပါပါတယ်။
မတ်လ ၈ ရက်နေ့က ဒါကာက စစ်ဆေးရုံမှာ တင်ထားပြီးနောက် ခြောက်ရက် အသည်းအသန်ဖြစ်နေခဲ့ပါတယ်။
ကျွန်မသမီးလေး အသက်မသေဘူးလို့ ထင်ခဲ့ကြောင်း မိန်းကလေးဆုံးပြီးနောက် သူ့မိခင်က ပြောခဲ့တယ်လို့ ဒေသသတင်းစာတွေမှာ ပါပါတယ်။ အသက်မသေ ကျန်ခဲ့ရင် သူတယောက်တည်း အပြင်မသွားခိုင်းတော့ဘူးလို့လည်း အမေဖြစ်သူက ဆိုပါတယ်။
မိန်းကလေး အလောင်းကို မဂူရာကို စစ်ရဟတ်ယာဉ်နဲ့ ပြန်သယ်လာပြီးနောက် ဆန္ဒပြ လူအုပ်ကြီး စောင့်နေတဲ့ အားကစားကွင်းမှာ ဆင်းသက်ခဲ့ပါတယ်။
အခြေအနေ တည်ငြိမ်အောင် အာဏာပိုင်တွေ ကြိုးစားထိန်းသိမ်းခဲ့ရကြောင်း မဂူရာ ရဲစခန်းမှူးက ပြောတယ်လို့ ဒေးလီးစတား သတင်းစာက ဖော်ပြပါတယ်။
မဂူရာ မြို့လယ်ရင်ပြင်မှာလည်း လူထောင်ချီ စု၀ေးပြီး မိန်းကလေးကို သင်္ဂြိုဟ်ဖို့အတွက် စုဝေး ၀တ်ပြုခဲ့ကြကာ ည ခုနစ်နာရီခွဲမှာ သင်္ဂြိုဟ်ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် မြို့တော်က ဒါကာတက္ကသိုလ်မှာ ဒီမိန်းကလေးအတွက် နာရေးကို ကျင်းပပေးခဲ့သလို ကျောင်းသူတွေက ချီတက် ဆန္ဒပြပြီး မိန့်ခွန်းတွေ ပြောခဲ့ကြပါတယ်။
မတရားပြုကျင့်ခံရသူတွေအတွက် တရားမျှတမှု အမြန် ဖော်ဆောင်ပေးဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရကို ဆန္ဒပြသူအများအပြားက တောင်းဆိုကြပါတယ်။ အမျိုးသမီးနဲ့ ကလေးတွေ လုံခြုံရေးအတွက် ဥပဒေတွေ ပြင်ပေးဖို့လည်း ကြွေးကြော်ကြပါတယ်။
မုဒိမ်းမှုနဲ့ ပတ်သက်တဲ့ ဘင်္ဂလားဒေ့ရှ် ဥပဒေ ဖွင့်ဆိုချက်တွေ ပိုပြီး ရှင်းလင်းအောင် လုပ်ဖို့လည်း တိုက်တွန်းကြပါတယ်။ လက်ရှိ ဖွင့်ဆိုချက်တွေက မသဲကွဲဘူးလို့လည်း ဆိုပါတယ်။
မုဒိမ်းမှုနဲ့ လူသတ်မှု တရားခွင်ကို နောက် ခုနစ်ရက်အတွင်း စဖို့ မျှော်လင့်ကြောင်းလည်း ဥပဒေ အကြံပေး အဇစ် နာဇရူက ပြောပါတယ်။
ဒီအန်အေ မျိုးဗီဇနမူနာတွေ ယူထားပြီးလို့ ငါးရက်အတွင်း အဖြေရမယ်လို့ မျှော်လင့်ကြောင်း မစ္စတာ နာဇရူက ကြာသပတေးနေ့က လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ နောက်ပြီး လူ ၁၂ ယောက်၊ ၁၃ ယောက်လောက်ဆီက ထွက်ဆိုချက်တွေ ယူထားပြီးပြီ လို့လည်း ပြောပါတယ်။
တရားခွင်ကို ခုနစ်ရက်အတွင်း စနိုင်ရင်တော့ တရားမျှတမှု အမြန်ဆုံးရအောင် တရားသူကြီးတွေက ဆောင်ရွက်နိုင်မှာပါလို့လည်း သူက ဆိုပါတယ်။
၂၀၂၀ က ပြဋ္ဌာန်းတဲ့ ဘင်္ဂလားဒေ့ရှ် ဥပဒေအရ ကလေးသူငယ်တွေကို အဓမ္မကျင့်မှုဟာ သေဒဏ်မြောက်တဲ့ အမှု ဖြစ်ပါတယ်။
အသက် ၃၇ နှစ် အမျိုးသမီးတယောက်ကို အုပ်စုဖွဲ့ပြီး ရက်ရက်စက်စက် မတရားပြုကျင့်တာကို ဗီဒီယိုရိုက်ပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့သွားတဲ့အမှုအပါအ၀င် နာမည်ကြီး လိင်ပိုင်း အကြမ်းဖက်မှုတွေ ဆက်တိုက်ဖြစ်ပြီးနောက် ဒီဥပဒေကို ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။
မဂူရာက မိန်းကလေး အဓမ္မမှု ဖြစ်ပြီး တပတ်အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲက ဒေသစုံမှာ ဒီလိုအရွယ် ကလေးမုဒိမ်းမှု အနည်းဆုံး သုံးမှုလောက် ဖြစ်ခဲ့ကြောင်း သတင်းစာတွေက ဖော်ပြပါတယ်။
တချို့အမှုတွေမှာ ပြုကျင့်ခံရသူရဲ့ အိမ်နီးချင်းနဲ့ ဆွေမျိုးနီးစပ်တွေထဲက ကျူးလွန်တယ်လို့ စွပ်စွဲခံရပါတယ်။
ဥပဒေနဲ့ ခုံရုံးစင်တာရဲ့ စာရင်းဇယားတွေအရ လွန်ခဲ့တဲ့ ရှစ်နှစ်အတွင်း ဘင်္ဂလားဒေ့ရှ်မှာ ကလေးသူငယ် မတရားပြုကျင့်မှု ၃,၄၃၈ မှု အမှုဖွင့်ခဲ့ကြောင်း သိရပြီး အဓမ္မပြုကျင့်ခံရသူက ဒီထက်မက ပိုများပါတယ်။
ဒီလို ကျူးလွန်စော်ကားခံရသူ အနည်းဆုံး ၅၃၉ ယောက်က အသက် ခြောက်နှစ်အောက်တွေ ဖြစ်ကြပြီး ၉၃၃ ယောက်က ခုနစ်နှစ်နဲ့ ၁၂ နှစ်ကြားအရွယ်တွေ ဖြစ်ကြပါတယ်။
ဒီအဓမ္မမှု အများစုမှာ ကလေးတွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားသူ၊ မုဒိမ်းကျင့်သူအများစုက သူတို့နဲ့ သိကျွမ်းသူတွေ ဖြစ်ကြကြောင်းလည်း သုတေသနတွေက ပြနေပါတယ်။