မြန်မာပြည်ထဲ ကလေးတွေကို လိင်ပိုင်းကျူးလွန်ခဲ့သူ ဗြိတိသျှလူမျိုး ထောင် ၆ နှစ်ကျ

မြန်မာနိုင်ငံထဲ ကလေးသူငယ် ယောက်ျားလေးတွေကို လိင်ပိုင်း မတော်မတရား ပြုခဲ့တဲ့ အသက် ၆၆ နှစ် အရွယ် အမျိုးသားတစ်ဦးကို အင်္ဂလန် ရာဇဝတ် တရားရုံးတော်တစ်ခုက ထောင်ဒဏ် ၆ နှစ် အမိန့်ချလိုက်ပါတယ်။

ခရစ္စတိုဖာ ဘန်း Christopher Behn ဆိုသူကို အက်ဆက်စ်နယ်၊ ချမ်းစ်ဖို့ဒ်မြို့ ရုံးတော်က ဇူလိုင်လ ၈ ရက်နေ့မှာ ပြစ်ဒဏ် ချမှတ်လိုက်တာ ဖြစ်တယ်ဆိုပြီး အင်္ဂလန်နဲ့ ဝေလနယ် တို့အတွက် အစိုးရ တရားစွဲ ဌာနဖြစ်တဲ့ Crown Prosecution Service (CPS) က ထုတ်ပြန်ပါတယ်။ ထောင်က ထွက်လာပြီးရင်လည်း ၆ နှစ် ခြေချုပ်နဲ့ နေရမှာ ဖြစ်ပါတယ်။

အဲဒီသူဟာ မြန်မာနိုင်ငံကို ၂၀၁၆ ခုနှစ်တုန်းက စက်ဘီးစီးခရီး အဖွဲ့နဲ့ လာရောက်ခဲ့သူ ဖြစ်ပြီး၊ ခရီးစဥ်အပြီး ငပလီ ကမ်းခြေတဝိုက် နောက်ထပ် ၄ ည ဆက် နေခဲ့တယ်လို့ ဆိုပါတယ်။

အကာအကွယ်မဲ့ ထိခိုက်လွယ်တဲ့ ကလေးတွေကို ပစ်မှတ်ထား

(အော့နှလုံးနာဖွယ် အကြောင်းအရာ စာသားတွေ ပါကြောင်း ကြိုတင် သတိပေးပါတယ်။)

အဲဒီကာလ အပိုင်းအခြားမှာ အဲဒီသူဟာ လိင်ပိုင်း မတော်မတရား လုပ်ဖို့ ရည်ရွယ်ချက်နဲ့ အရွယ်မရောက်သေးတဲ့ ယောက်ျားလေး ကလေးငယ်တွေကို ချည်းကပ်ခဲ့ပြီး၊ ယူကေကို နိုဝင်ဘာ ၂၅ ရက်နေ့ ၂၀၁၆ မှာ ပြန်လာခဲ့တယ်လို့ CPS ရဲ့ ထုတ်ပြန်ချက်ထဲ ရေးထားပါတယ်။

အဲဒီကျူးလွန်သူဟာ ၁၃ နှစ်အောက်ငယ်တဲ့ မြန်မာ ယောက်ျားလေး ကလေးငယ် ၁၁ ယောက်ရဲ့ ကိုယ်လုံးတီး ဓာတ်ပုံတွေကို ရိုက်ကူးခဲ့ပါတယ်။

အနည်းဆုံး ကလေးငယ်တစ်ယောက်ကို လိင်ပိုင်း တိုက်ခိုက်ခဲ့ပြီး၊ အဲဒီလို တိုက်ခိုက်နေစဥ်မှာလည်း ဓာတ်ပုံတွေ ဆက်တိုက်ရိုက်ကူး မှတ်တမ်းတင်ခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးမိပုံ

ဘန်းကို ၂၀၂၀ ဖေဖေါ်ဝါရီလမှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ လန်ဒန်မြို့ နိုင်ငံတကာ လေဆိပ်တစ်ခုဖြစ်တဲ့ ဂက်ဝစ်မှာ ခရီးထွက်ဖို့လုပ်နေတုန်း ဖမ်းခဲ့တာဖြစ်ပြီး သူနဲ့အတူ ရှိနေတဲ့ ပစ္စည်းတွေကိုပါ သိမ်းဆည်းခဲ့ပါတယ်။

သိမ်းမိတဲ့ ပစ္စည်းတွေထဲ "ဂါမင်" အမျိုးအစား ဂျီပီအက်စ် တစ်လုံးလည်း ပါပြီး၊ နောက်ပိုင်း အဲဒီ ဂျီပီအက်စ်ဟာ အမှုမှာ အရေးကြီးတဲ့ သက်သေဖြစ်လာပါတယ်။

(ဂျီပီအက်စ် ဆိုတာ ဂြိုဟ်တုကဆင့် ကိုယ်ရောက်နေတဲ့ နေရာ၊ သွားလိုတဲ့ နေရာတွေကို ပြသ လမ်းညွှန်တဲ့ စနစ် ဖြစ်ပါတယ်)

အဲဒီသူရဲ့ ဂါမင် ဂျီပီအက်စ် ထဲမှာ ဓာတ်ပုံတွေ ဘယ်နေရာမှာ ရိုက်ခဲ့သလဲ ဆိုတဲ့ တည်နေရာ မှတ်တမ်းတွေ တွေ့ရှိခဲ့ပြီး၊ သက်သေ အနေနဲ့ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။

အသက် ၅ နှစ်နဲ့ ၉ နှစ်ကြား ကလေးတွေ ပစ်မှတ်ထားခံခဲ့ရ

ဘန်းရဲ့ လက်ပ်တော့ပ် ကွန်ပျူတာထဲကနေ ကလေးသူငယ်တွေရဲ့ မဖွယ်မရာ ပုံတွေ ၂၆၅ ပုံထိအောင် NCA လို့ ခေါ်တဲ့ ယူကေရဲ့ ရာဇဝတ်မှုခင်းများ ဆိုင်ရာ အထူး စုံထောက် အဖွဲ့က တွေ့ရှိခဲ့ပါတယ်။

အဲဒီပုံတွေထဲက ကလေးတွေဟာ ၅ နှစ်နဲ့ ၉ နှစ် အရွယ်ကြားသာ ရှိသေးတဲ့ ကလေးသူငယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

"မြန်မာပြည်ထဲ အရွယ်မရောက်တဲ့ ကလေးတွေအပေါ် ခရစ္စတိုဖာဘန်း ကျူးလွန်ခဲ့တာတွေဟာ အင်မတန် အော့နှလုံးနာစရာ၊ စက်ဆုပ်ဖွယ်ရာ ကောင်းပါတယ်။ လိင်အမြတ်ထုတ်ဖို့၊ စော်ကားတိုက်ခိုက်ဖို့ နဂိုကြံရွယ်ချက် ရှိရှိနဲ့ကို အကာအကွယ်ပေးသူ မရှိကြတဲ့ ထိခိုက်လွယ်တဲ့ ကလေးသူငယ်တွေကို ချည်းကပ်ခဲ့တာ ဖြစ်တယ်" ဆိုပြီး CPS အဖွဲ့က အထူးအမှုလိုက်ရှေ့နေ ဂျော်ဂျီးနား ဗင်တူရဲလားက ပြောပါတယ်။

"ကလေးတွေကို ကိုယ်နေဟန်ထား ပုံစံအမျိုးမျိုးပြစေပြီး ဓာတ်ပုံတွေ ရိုက်ယူခဲ့တယ်။ အဲဒီရက်တွေမှာပဲ ဘန်းရဲ့ ကျူးလွန်မှုတွေဟာ ပုံတွေ ရိုက်ကူး တာထက်ပိုပြီး ဆိုးရွား ပြင်းထန်လာခဲ့တယ်" ဆိုပြီးတော့လည်း မစ္စ ဗင်တူရဲလားက ဆိုပါတယ်။

ဘန်းရဲ့အမှုကို ကိုင်တွယ်ခဲ့တဲ့ NCA အဖွဲ့က အရာရှိ ဂရေဟမ် အဲလစ်ကလည်း ....

"အဲဒီသူဟာ ဒီလို ကိစ္စမျိုး ကျူးလွန်ဖို့ အမြဲချောင်းနေတဲ့ မုဆိုးပဲ။ သူပစ်မှတ်ထားတာ အလွယ်တကူ အနိုင်ကျင့် စော်ကားနိုင်တဲ့ ထိခိုက်လွယ် ကလေးသူငယ်တွေကို ဖြစ်တယ်။ သူ့ရဲ့ ကင်မရာရှေ့ မရောက်ရောက်အောင် အမျိူးမျိူး ဖြားယောင်း သိမ်းသွင်းပြီး သူ့ရဲ့ ရွံရှာစက်ဆုပ်ဖွယ် စိတ်အလိုအာသာကို ပြည့်မြောက်စေသူ ဖြစ်တယ်" လို့ ဆိုပါတယ်။

အဲဒီလိုလူမျိုးတွေဟာ တိုးရစ် ခရီးသည်တွေ အသွင်နဲ့ ကမ္ဘာလှည့်ပြီး ပြစ်မှု ကျူးလွန် တတ်ကြတာ ဖြစ်တယ်လို့လည်း NCA အရာရှိ အဲလစ်က သတိပေးပါတယ်။

"ခရီးသွား လိင်အကြမ်းဖက်သမား ဘန်းလို လူမျိုးတွေဟာ သူတို့ ကျူးလွန် ခဲ့တာတွေက တော်ရုံ လူမသိနိုင်တဲ့ နေရာတွေ၊ ကမ္ဘာနဲ့ အဆက်ပြတ်တဲ့ နေရာတွေမှာ ဖြစ်လို့ သူတို့ကိုယ်သူတို့ ဘယ်တော့မှ အဖမ်းခံရမှာ မဟုတ်ဘူးလို့ ယူဆထားလေ့ ရှိတယ်"

"အဲ့ဒါ လုံးဝ မဟုတ်ဘူး။ တိုင်းပြည် နယ်နမိတ် တွေဟာ ဘန်းလိုမျိုး လူတွေကို အပြစ်ပေး အရေးယူနိုင်ဖို့ အကန့်အသတ် မဖြစ်စေတော့ပါဘူး။ NCA အနေနဲ့ နိုင်ငံတကာ မိတ်ဖက်အဖွဲ့တွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်း လုပ်ဆောင်နေတယ်။ နိုင်ငံရပ်ခြားမှာ ပြစ်မှုကျူးလွန်တဲ့ ဗြိတိသျှ နိုင်ငံသားတွေကို ယူကေထဲမှာ သေချာပေါက် အပြစ်ပေး အရေးယူနိုင်ရေး အတွက် ဆောင်ရွက်နေတယ်" ဆိုပြီးတော့လည်း ဂရေဟမ် အဲလစ်က ပြောပါတယ်။

ခရစ္စတိုဖာဘန်းဆိုတာ ဘယ်သူလဲ

ယူကေရဲ့ အရှေ့တောင်ပိုင်း ကမ်းရိုးတမ်းနဲ့ လန်ဒန်မြို့တော်ကြားမှာ အက်ဆက်စ် Essex ဆိုတဲ့ နယ်ရှိပါတယ်။

CPS ထုတ်ပြန်ချက်အရ ဧပြီ ၆ ရက်၊ ၁၉၅၅ မှာ မွေးတဲ့ ၆၆ နှစ် အရွယ် ဘန်းဟာ အဲဒီ အက်ဆက်စ်နယ်၊ ကိုလ်ချက်စတာမြို့၊ မားဆီးလမ်းမှာ နေတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် သူ့အမှုကို အက်ဆက်စ်နယ်ထဲက ချမ်းစ်ဖို့ဒ်မြို့ ရာဇဝတ်တရား ရုံးတော်က စီရင်ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အက်ဆက်စ်နယ်ခံ သတင်းစာရဲ့ အဆိုအရ အဲဒီသူဟာ အငြိမ်းစား အင်္ဂျင်နီယာ တစ်ယောက်၊ ပင်စင်စား တစ်ယောက်လို့ ဆိုပါတယ်။

ယူကေ ဗဟိုအဆင့် အထူး ရာဇဝတ်မှု စုံထောက် အဖွဲ့က သူတို့ စုံစမ်းနေတဲ့ တခြား အမှုကိစ္စတွေနဲ့ ပတ်သက်ပြီး သတိထား စောင့်ကြည့် နေသူတွေထဲမှာ ဘန်းလည်း ပါဝင် နေခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးတော့ ပြီးခဲ့တဲ့နှစ် ဖေဖေါ်ဝါရီလထဲမှာ သူ့ကို ပြည်ပခရီး ထွက်ခွင့် မပြုတော့ပဲ လေဆိပ်မှာပဲ ဖမ်းခဲ့ပြီး နောက်ဆက်တွဲ သက်သေတွေ ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ခိုင်မာတဲ့ သက်သေအထောက်အထား အများအပြား တွေ့ရှိရတာကြောင့် ဘန်းဟာ ဖုံးကွယ်ငြင်းဆိုတာမျိုး မလုပ်နိုင်တော့ပဲ ဇွန်လ ၈ ရက်နေ့မှာ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။