မြန်မာအရေး ကုလပျက်ကွက်မှုများဆိုတဲ့ အစီရင်ခံစာထွက်ပေါ်

မြန်မာပြည် စစ်အာဏာသိမ်း ခံရမှုအပေါ် ကုလသမဂ္ဂရဲ့ တုံ့ပြန် ကိုင်တွယ်ပုံဟာ မလုံလောက်ဘူးဆိုပြီး အသေးစိတ် ဆန်းစစ်ထားတဲ့ အစီရင်ခံစာတစ်စောင် ထွက်လာပါတယ်။

နယူးယောက်မြို့ အခြေစိုက် နိုင်ငံတကာ ငြိမ်းချမ်းရေး အင်စတီကျူ့ IPI က ထုတ်ပြန်တာ ဖြစ်ပြီး မြန်မာအရေးမှာ ကုလသမဂ္ဂ အဖွဲ့အနေနဲ့ ဦးဆောင်မှု မပေးနိုင်၊ လမ်းကြောင်း ချမပြနိုင် ဖြစ်နေတယ်လို့ ဝေဖန်ထားပါတယ်။

အဖွဲ့အစည်း အဆင့်ဆင့်အတွင်းမှာလည်း မြန်မာအရေးနဲ့ ပတ်သက်ပြီး တစ်ခုနဲ့တစ်ခု ဟန်ချက်ညီ ပုံစံတူ လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ရာ ပျက်ကွက် နေခဲ့တယ်လို့လည်း အဲဒီ အစီရင်ခံစာထဲ ကောက်ချက် ချထားပါတယ်။

အခု အစီရင်ခံစာကို ရေးသားဖို့ရာ မြန်မာပြည်ထဲ လှုပ်ရှားနေတဲ့ ကုလသမဂ္ဂ အပါအဝင် အကူအညီပေးရေး အေဂျင်စီ အဖွဲ့ ၂၀ နီးပါးနဲ့ အင်တာဗျူး မေးမြန်းတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံထဲမှာ ဆန္ဒပြပြည်သူတွေ ရက်ရက်စက်စက် အကြမ်းဖက် ဖြိုခွဲခံနေခဲ့ရတဲ့ သီတင်းပတ်တွေ အတွင်းမှာ၊ ပြည်သူတွေကို ဥပဒေကြောင်းအရ ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာ အထောက်အကူ ပြုနိုင်ဖို့ ဖြစ်စေ အခြေခံ အကာအကွယ်ပြုပေးရေး အစီအစဥ်တွေ ဖြည့်ဆည်းပေးရေးမှာ အကြီးအကျယ် ပျက်ကွက်ခဲ့တယ်လို့ အဲဒီ အစီရင်ခံစာထဲ ဆန်းစစ်ထားပါတယ်။

လူ့သားချင်း စာနာနားလည်မှုဆိုင်ရာ အကူအညီတွေ လျစ်လျူရှု ခံရတဲ့ အဖြစ်အပျက်တွေကို အာရုံစိုက်တဲ့ ဂျနီဗာ အခြေစိုက် The New Humanitarian သတင်းဌာနက ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂကို မေးတဲ့အခါ .... "ကုလအဖွဲ့ကြီးရဲ့ တုံ့ပြန်မှုတိုင်းဟာ အများပြည်သူကို အကာအကွယ်ပြုပေးနိုင်ရေးနဲ့ လူ့အခွင့်အရေး ရှုထောင့်တွေပေါ် ဗဟိုပြုပြီး လုပ်ဆောင်တာ ဖြစ်တယ်" ဆိုပြီး ကုလပြောခွင့်ရ တစ်ယောက်က ဖြေကြားတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းခံခဲ့ရပြီး နောက်ပိုင်း နိုင်ငံတကာ စစ်တမ်းတွေအရ မြန်မာ့ ဘဏ်စနစ်အပါအဝင် စီးပွားရေး တစ်ခုလုံး ရပ်တန့်သလောက် ဖြစ်သွားပြီး လက်နက်ကိုင် ပဋိပက္ခတွေ ပြင်းထန်လာကာ လူ နှစ်သိန်းကျော် အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီနဲ့ အထွေထွေ ညီလာခံလို အဓိက အခန်းကဏ္ဍတွေမှာ ဦးဆောင်မှုနဲ့ ပတ်သက်ပြီး လစ်ဟာမှုတွေ၊ စနစ်အရကို အလုပ်မဖြစ်နိုင်တဲ့ မှားယွင်းမှုတွေ ရှိနေတယ်လို့ အစီရင်ခံစာကို ဦးဆောင် ရေးသားတဲ့ ဒေမီယံ လစ်လီက The New Humanitarian သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောပါတယ်။

လုံခြုံရေးကောင်စီ အနေနဲ့ မြန်မာ အရေးမှ မဟုတ်ဘူး၊ သူတို့ လုပ်နိုင်ရက်သားနဲ့ ပျက်ကွက်တဲ့ အရေးကိစ္စတွေ အများကြီးပဲလို့ ဒေမီယံ လစ်လီက ဆိုပါတယ်။

အာဆီယံ အဖွဲ့ကတဆင့် မြန်မာ့အကျပ်အတည်းကို လျှော့ချ အဖြေရှာမယ်ဆိုတဲ့ နည်းကို လုံခြုံရေးကောင်စီ အနေနဲ့ ပိုပြီး ထိရောက်အောင် အားပေးဆောင်ရွက်တာတွေ ပြုလုပ်နိုင်တယ်လို့လည်း ဒေမီယံက ပြောပါတယ်။

အခုထက်ထိ မြန်မာ့အရေး ဖြေရှင်းဖို့ရာ နိုင်ငံရေးအရ တိကျတဲ့ လုပ်ငန်းစဥ်တစ်ရပ် မဖော်ဆောင်နိုင်သေးပဲ ဖြစ်နေပြီး၊ မြန်မာပြည် အနေနဲ့ ဖြေရှင်းရေး လုပ်ငန်းစဥ်တစ်ရပ်ကို အရေးတကြီး လိုအပ်နေပြီလို့လည်း ထောက်ပြပါတယ်။

အာဆီယံက ကမကထလုပ် ဖြေရှင်းဖို့ ဆိုတာ တရုတ်၊ ရုရှား အပါအဝင် လုံခြုံရေးကောင်စီတွင်း အားလုံးလက်ခံ သဘောတူထားတဲ့ နည်းလမ်း ဖြစ်ပါတယ်။

အင်ဒိုနီးရှား၊ ဂျကာတာမြို့ မြန်မာအရေး အာဆီယံ ဆွေးနွေးပွဲကနေ အာဆီယံ သံအဖွဲ့ မြန်မာပြည်ထဲ လာရေး အပါအဝင် သဘောတူမှု ၅ ချက် ရထားတယ်လို့ ဆိုပေမယ့် ဆွေးနွေး အဖြေရှာရေး လုပ်ငန်းစဥ်တစ်ရပ် တကယ်တမ်း ပေါ်ပေါက် မလာနိုင် ဖြစ်နေပါတယ်။

အာဆီယံလမ်းကြောင်းကို အားပေးတယ်ဆိုရင် တကယ်တမ်း တိတိကျကျ လုပ်ငန်းစဥ် စနိုင်ဖို့ရာ လုံခြုံရေးကောင်စီကနေ အခုထက်ပို အများကြီး ပိုလုပ်ပေးနိုင်တယ်လို့ ဒေမီယံ လစ်လီက ပြောနေတာ ဖြစ်ပါတယ်။

ဒေမီယံ လစ်လီဟာ မြန်မာနိုင်ငံထဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ အပြစ်ရှိသူတွေကို အရေးယူနိုင်ရေးကို အာရုံစိုက် လုပ်ဆောင်တဲ့ "တာဝန်ယူ တာဝန်ခံမှု ရှိစေရေး မြန်မာ ပရောဂျက်" ကို ဦးဆောင်သူ တစ်ဦး ဖြစ်သလို၊ ကိုယ်တိုင် ပါလက်စတိုင်း ဒုက္ခသည်အရေးနဲ့ တောင်ဆူဒန် အရေးတို့မှာ ကုလသမဂ္ဂ တာဝန်ရှိသူတစ်ယောက် အဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

ဒီအချိန်မှာပဲ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က အာဏာသိမ်း စစ်တပ် ချုပ်ကိုင်မှုအောက် ကျရောက်နေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း အပေါ်မှာပါ ပိတ်ဆို့ အရေးယူတာတွေ လုပ်ကြဖို့ ထပ်မံ ဆော်ဩပါတယ်။

ဇူလိုင် ၇ ရက်နေ့၊ ဂျနီဗာမှာ ကျင်းပနေတဲ့ လူ့အခွင့်အရေးကောင်စီ ညီလာခံရဲ့ ကဏ္ဍတစ်ရပ် အနေနဲ့ မစ္စတာ အင်ဒရူးစ်က မြန်မာပြည် လူ့အခွင့်အရေး အခြေအနေတွေ အကြောင်း ပြောရင်းမှာပဲ၊ သူ တောက်လျှောက် ဆော်ဩနေခဲ့တာကို ထပ်လောင်း တိုက်တွန်း ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်၊ ဗြိတိန်နဲ့ အီးယူနိုင်ငံတွေက အာဏာသိမ်း စစ်တပ်ရဲ့ စီးပွားရေး လုပ်ငန်းတွေကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ထားပေမယ့်၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကဏ္ဍ မပါဝင် သေးပဲ ဖြစ်နေပါတယ်။

မုတ္တမကမ်းလွန်ပြင်ကနေ ဓာတ်ငွေ့ထုတ်ပြီး ထိုင်းကိုပို့တဲ့ လုပ်ငန်းထဲ အမေရိကန် ရှက်ဗရွန်၊ ပြင်သစ် တိုတယ် တို့ အဓိက ပါဝင်ပတ်သက်နေပါတယ်။

"ရေနံနဲ့ သဘာဝ ဓာတ်ငွေ့က ရတဲ့ ငွေကြေးဟာ အာဏာသိမ်း စစ်တပ်ကို အသက်ဆက်ပေးနေတယ်။ အဲ့ဒါကို ရပ်မှဖြစ်မယ်" လို့ မစ္စတာ အင်ဒရူးစ်က ပြောပါတယ်။

"မြန်မာပြည်သူတွေဟာ သူတို့တိုင်းပြည်ကို သူတို့ ကယ်တင်နိုင်အောင် ကြိုးစားနေတာမှာ နိုင်ငံတကာရဲ့ အကူအညီ အင်မတန် လိုအပ်နေတာမို့၊ သိပ်မနောက်ကျလွန်းခင် ကူညီကြပါ" လို့လည်း မစ္စတာ အင်ဒရူးစ်က ပြောပါတယ်။

NUG ကြားကာလ အစိုးရ ထူထောင်ထားရှိတဲ့ လုပ်ရပ်ကို ကိုယ့်တိုင်းပြည်ကိုယ် ကယ်နိုင်အာင် မြန်မာပြည်သူတွေရဲ့ ကြိုးစားမှု အဖြစ် မစ္စတာ အင်ဒရူးစ်က ရည်ညွှန်း ပြောဆိုပါတယ်။

NUG ဟာ ရိုဟင်ဂျာ မျိုးနွယ်စုတွေကို ကြိုဆိုတဲ့ သမိုင်းဝင် ခြေလှမ်းမျိုး စနှင့်ခဲ့ပြီးတာ အပါအဝင်၊ အနာဂတ် စည်းလုံး ညီညွတ်သော မြန်မာနိုင်ငံတော်သစ် ပေါ်ထွန်းရေး အခြေခံတွေကို ဖော်ဆောင်နေတာဖြစ်လို့ လူ့အခွင့်အရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ NUG နဲ့ လက်တွဲ လုပ်ဆောင်ပါ ဆိုပြီးတော့လည်း မစ္စတာ အင်ဒရူးစ်က တိုက်တွန်းပါတယ်။

ကုလ အထူးကိုယ်စားလှယ်ရဲ့ အကြံပြုချက်ထဲ မြန်မာပြည်ဆိုင်ရာ အရေးပေါ် ညွန့်ပေါင်း အဖွဲ့တစ်ခု ထူထောင်ထားရှိဖို့ ဆိုတာလည်း ပါဝင်ပါတယ်။

အဓိကကတော့ စစ်တပ်ကို စီးပွားရေး အရ ပိတ်ဆို့တာတွေ တညီတညာတည်း လုပ်ဆောင်လိုတဲ့ နိုင်ငံတွေ၊ စစ်တပ်လက်ထဲ လက်နက်တွေ ရောက်မသွားအောင် တားဆီးလိုတဲ့ နိုင်ငံတွေ စုစည်းပြီး မြန်မာနိုင်ငံ ဆိုင်ရာ အရေးပေါ် မဟာမိတ် အဖွဲ့ အဖြစ် ဖွဲ့စည်းထားရှိဖို့ မစ္စတာ အင်ဒရူးစ်က တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။