ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာဆီယံတွင်း မြန်မာအရေး ဖြေရှင်းဖို့ရာ အင်ဒိုဘာလို့ ဦးဆောင်နေတာလဲ
မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အကျပ်အတည်းကို အာဆီယံအဖွဲ့ အနေနဲ့ ကြား၀င် ဖြေရှင်းပေးနိုင်ဖို့ အင်ဒိုနီးရှားနိုင်ငံက ဦးဆောင် ဆော်ဩတာ တွေ့နေရပါတယ်။
မြန်မာအရေး အထူးအစည်းအ၀ေး တစ်ရပ် အာဆီယံ အဖွဲ့တွင်း ကျင်းပနိုင်ဖို့ အင်ဒိုနီးရှား ကြိုးပမ်းတာ ဖြစ်ပါတယ်။
လွန်းပျံဒစ်ပလိုမေစီ
ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ အာဆီယံ အလှည့်ကျ ဥက္ကဌ ဘရူနိုင်းနဲ့ စင်္ကာပူကို အင်ဒို နိုင်ငံခြားရေး ၀န်ကြီး ရက်တနိုမာဆုဒီ သွားပြီး မြန်မာအရေး အမြင်ချင်း ဖလှယ်ပါတယ်။
ဒီတစ်ပတ်မှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ကို လာရုံတင်မက၊ မြန်မာပြည် နေပြည်တော်ထိ သွားဖို့ မစ္စ မာဆုဒီ စီစဥ်ခဲ့ပါတယ်။
နေပြည်တော် ခရီးစဥ်ကိုတော့ မစ္စ မာဆုဒီ ဖျက်လိုက်ပြီး မြန်မာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ၀န်ကြီးနဲ့ ဘန်ကောက်မှာပဲတွေ့ပါတယ်။
ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ဒွန် ပရာမု၀ီနိုင်း အပါအ၀င် မစ္စ မာဆုဒီ၊ ဦး၀ဏ္ဏမောင်လွင် သုံးပွင့်ဆိုင် တွေ့တာ ဖြစ်ပါတယ်။
သူတို့ကြား ဘာတွေ ပြောခဲ့လဲ ဆိုတဲ့ အတိအကျ အသေးစိတ်တွေ မသိရပါဘူး။
မြန်မာ စစ်ကောင်စီနဲ့ရော လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH နဲ့ပါ ဆွေးနွေး နေပါတယ် ဆိုပြီး မစ္စမာဆုဒီက ဂျကာတာကို ပြန်ရောက်ပြီး ထုတ်ပြောပါတယ်။
မစ္စမာဆုဒီက ဒီ ရက်တွေ အတွင်း မြန်မာအရေးနဲ့ ပတ်သက်ပြီး ""Shuttle diplomacy" "လွန်းပျံဒစ်ပလိုမေစီ" နည်းနဲ့ သူလုပ်နေတယ်လို့ ဆိုပါတယ်။
ဘရူနိုင်း၊ စင်္ကာပူ၊ ထိုင်း အစရှိသဖြင့် နိုင်ငံတွေကြား လွန်းထိုးသွားလာတာ သက်သက်ကို ဆိုလိုတာ မဟုတ်ပါဘူး။
အာဏာသိမ်း စစ်ကောင်စီနဲ့ CRPH လို တိုက်ရိုက် ဆွေးနွေး ညှိနှိုင်းတာတွေ မလုပ်နိုင်သေးတဲ့ မတူတဲ့ ဘက်နှစ်ဘက်ကြား အင်ဒိုကြား၀င်ပေးနေတာကို ရည်ညွှန်းတာ ဖြစ်ပါတယ်။
ဒီတော့ အင်ဒိုနီးရှားနဲ့ CRPH ကြားမှာ တကယ် ဘာတွေ ပြောထားဆိုထားပါသလဲ ....
CRPH ဘက်က ပြောကြားချက်
CRPH အနေနဲ့ ရန်ကုန်က အင်ဒိုနီးရှား သံရုံးနဲ့ကြား အဆက်အသွယ် ရှိတယ်လို့ CRPH အဖွဲ့၀င် ဒေါ်ဖြူဖြူသင်းက ဘီဘီစီကို ပြောပါတယ်။
မြန်မာ့ နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ အတွက် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအသစ် လုပ်ငန်းစဥ်ကို လက်သင့်ခံရေး အင်ဒို တွန်းအားပေး နေတယ်ဆိုတဲ့ အချက်ကို CRPH က မေးခွန်း ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။
ရန်ကုန်က အင်ဒိုနီးရှား သံရုံးရှေ့ လူထု ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး၊ မစ္စ မာဆုဒီလည်း နေပြည်တော် ခရီးစဥ်ကို ရွှေ့ဆိုင်းခဲ့ပါတယ်။
ရွေးကောက်ပွဲသစ်ကို လက်သင့်ခံရေးမူ မကိုင်စွဲထားပါဘူးလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးရုံးက ငြင်းပါတယ်။
ရွေးကောက်ပွဲ အသစ်နဲ့ ပတ်သက်ပြီး ဘယ်လို သဘောထားတွေ ရှိလဲ ဆိုတာ ကောက်ခံတာမျိုး မြန်မာ ပြည်သူတွေ လက်မခံတဲ့ လုပ်ရပ် ဆက်မလုပ်ဘူး ဆိုပြီး ရန်ကုန် အင်ဒိုနီးရှား သံရုံးက ကတိပေးတယ်လို့ ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။
ဘန်ကောက် သုံးပွင့်ဆိုင် တွေ့ဆုံပွဲမှာရော အင်ဒို ဘာပြောလဲ
ဦး၀ဏ္ဏမောင်လွင်နဲ့ ဘန်ကောက် ဒွန်မောင်း လေဆိပ်မှာ ခနတာ တွေ့ဆုံခဲ့တယ်လို့ မစ္စမာဆုဒီက အတည်ပြုပါတယ်။
အိမ်ရှင် ထိုင်း နိုင်ငံခြားရေး ၀န်ကြီး ဒွန် ပရာမု၀ီနိုင်း လည်း ရှိနေတဲ့ အဲဒီ အစည်းအ၀ေးမှာ မြန်မာပြည် လက်ရှိ အခြေအနေ၊ မြန်မာပြည်သူတွေ ဘေးကင်း လုံခြုံနိုင်ရေးတို့ အတွက် စိုးရိမ်နေတဲ့ အကြောင်း ပြောခဲ့တယ်လို့ မစ္စမာဆုဒီက ဆိုပါတယ်။
"ထိန်းထိန်းသိမ်းသိမ်း ပြုမူကြဖို့နဲ့ သွေးထွက်သံယို ဖြစ်ရပ်မျိုးတွေ ရှောင်လွှဲနိုင်ဖို့ အလို့ငှာ အင်အားသုံး ဖြေရှင်းတာမျိုး မလုပ်ဖို့ ပြောခဲ့တယ်" ဆိုပြီး မစ္စမာဆုဒီက ဂျကာတာ ပြန်အရောက် သတင်းစာ ရှင်းလင်းပွဲလုပ်ပါတယ်။
တွေ့ဆုံ ဆွေးနွေး အဖြေရှာတာမျိုး၊ ရင်ကြားစေ့ရေး၊ ယုံကြည်မှု တည်ဆောက်ရေး စတာတွေ လုပ်နိုင်တဲ့ အခြေအနေကောင်းတွေ ဖန်တီးပေးဖို့လည်း တောင်းဆိုခဲ့တယ်လို့ မစ္စမာဆုဒီက ဆိုပါတယ်။
ဦး၀ဏ္ဏမောင်လွင်ရဲ့ ဘန်ကောက်ခရီးစဥ် အပေါ် ထိုင်းရဲ့ သဘောထား
ဦး၀ဏ္ဏမောင်လွင်ရဲ့ ဖေဖေါ်၀ါရီ ၂၄ ခရီးစဥ်ဟာ အာဏာသိမ်း စစ်တပ်က ခန့်ထားတဲ့ အစိုးရ အဖွဲ့၀င် တစ်ယောက်ရဲ့ ပထမဆုံး နိုင်ငံခြား ခရီးစဥ် ဖြစ်ပါတယ်။
ဦး၀ဏ္ဏမောင်လွင်ဟာ ထိုင်း၀န်ကြီးချုပ် ပရာယွတ်ကျန်အိုချာနဲ့ တွေ့ခဲ့သလို၊ အထက်မှ ပြောထားသလို ထိုင်းနဲ့အင်ဒို နိုင်ငံခြားရေး ၀န်ကြီးတွေနဲ့လည်း သုံးပွင့်ဆိုင် တွေ့ပါတယ်။
ထိုင်းအစိုးရက ဦး၀ဏ္ဏမောင်လွင် သူတို့နိုင်ငံကို ရောက်လာတယ်ဆိုတာကို အတည်ပြုပါတယ်။ ဒါပေမယ့် ဘာတွေ ဆွေးနွေးသလဲ ဆိုတဲ့ အသေးစိတ်တွေကိုတော့ မပြောပါဘူး။
ဒါ့အပြင်၊ ဦး၀ဏ္ဏမောင်လွင်ရဲ့ ခရီးစဥ်ဟာ ပြည်ပ နိုင်ငံခြားရေး၀န်ကြီး တစ်ယောက်ရဲ့ တရား၀င် ခရီးစဥ် အဖြစ်လဲ ထိုင်းအစိုးရက မသုံးနှုံးပါဘူး။
"အလွတ်သဘောလာတာ" ဆိုပြီး ထိုင်း၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်ကျန်အိုချာက သတင်းထောက်တွေကို ပြောပါတယ်။
"(ထိုင်းနဲ့မြန်မာ) မိတ်ဆွေနိုင်ငံတွေ ဖြစ်တဲ့အတွက် တစ်ဘက်နဲ့တစ်ဘက် ဘာပြောလဲ ဆိုတာ နားထောင်ရမယ်။ အာဆီယံ အဖွဲ့၀င် နိုင်ငံချင်း ပူးပေါင်း ဆောင်ရွက်ဖို့ အင်မတန်လိုတယ်။ အားလုံး အဆင်ပြေ ချောမွေ့အောင် အားပေးတာမျိုး ဖြစ်တယ်။" လို့ ထိုင်း၀န်ကြီးချုပ်က ဆိုပါတယ်။
မြန်မာအရေးမှာ အင်ဒိုက ဘာ့ကြောင့် အတက်ကြွဆုံး ဖြစ်နေတာလဲ
လက်ရှိ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေထဲမှာ အင်ဒိုရဲ့ မစ္စမာဆုဒီဟာ အတွေ့အကြုံ အများဆုံး တစ်ယောက် ဖြစ်တယ်လို့ အကဲခတ်တွေက ထောက်ပြကြပါတယ်။
"ရိုဟင်ဂျာအရေး' တုန်းကလည်း အလားတူ လွန်းပျံဒစ်ပလိုမေစီ လွန်းပျံ သံခင်းတမန်ခင်းနည်း သုံးပြီး ကြား၀င်ပေးခဲ့တဲ့ အတွေ့အကြုံကောင်းတွေ မစ္စမာဆုဒီမှာ ရှိနေတယ်လို့ ဆိုပါတယ်။
တခါ၊ အင်ဒိုနီးရှားရဲ့ ဒေသတွင်း သံတမန်ရေး တက်ကြွမှုကို ကြည့်ရင်လည်း အာဆီယံနိုင်ငံတွေရဲ့ စုပေါင်း ဆုံးဖြတ်ချက် ထွက်ဖို့လိုလာတိုင်း နယ်မြေအကြီးဆုံး၊ လူဦးရေအများဆုံး အင်ဒိုက ဦးစီးဦးဆောင် လုပ်လေ့ရှိတာကို အကဲခတ်တွေ သတိထားမိပါတယ်။
အင်ဒိုနဲ့ အပြိုင် တက်ကြွပြီး ဦးဆောင်မှု ကဏ္ဍကို ရယူတတ်ကြတဲ့ နိုင်ငံတွေကတော့ အစဥ်အလာအရ ထိုင်းနဲ့ ဖိလစ်ပိုင်တို့ ရှိခဲ့ပါတယ်။
အများနဲ့မတူ တမူထူးတဲ့ လက်ရှိ ဖိလစ်ပိုင် သမ္မတ ဒူတာတေးရဲ့ နိုင်ငံခြားရေးမူကို ပုံသေ ခန့်မှန်းလို့ မရနိုင်သလို၊ သူက ပြည်တွင်းရေးကိုပဲ အထူး အာရုံစိုက်တတ်သူ ဖြစ်ပါတယ်။
ထိုင်းကို ကြည့်ပြန်ရင်လည်း အစိုးရကို ဦးဆောင်နေသူဟာ စစ်အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဖြစ်ပါတယ်။
မြန်မာပြည်ထဲမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံတာတွေ အကြီးအကျယ် လုပ်ထားတဲ့ စင်္ကာပူလည်းပဲ မြန်မာအရေး ဆွေးနွေးတာတွေကို ဦးစီးဦးဆောင် လုပ်လိုပုံမရဘူးလို့ သုံးသပ်ကြပါတယ်။
ရိုဟင်ဂျာ အရေးမှာကတည်းက အင်ဒိုရဲ့ ချည်းကပ်မှုဟာ မလေးရှားနဲ့ မတူပါဘူး။
မလေးရှားက မြန်မာ အာဏာပိုင်တွေကို အတော်လေး ပြင်းပြင်းထန်ထန် ၀ေဖန်ခဲ့ပါတယ်။ အင်ဒိုကတော့ ၀ေဖန်ရှုတ်ချတာ၊ အပြစ်တင်တာတွေကို ဦးစားပေး လုပ်တာမျိုး မရှိခဲ့ပါဘူး။
အခု မြန်မာစစ်တပ် ပြောနေတဲ့ "စည်းကမ်းပြည့်၀တဲ့ ဒီမိုကရေစီ" ဆိုတာ အင်ဒိုနီးရှားမှာ ဆူဟာတို အာဏာရလာတော့ ပြောတဲ့ အခင်းအကျင်းသစ် New Order ကို ပုံစံတူ ယူထားတာ၊ မှီငြမ်းထားတာပဲလို့ ထောက်ပြကြသူတွေ ရှိပါတယ်။
လူမျိုးစု အမျိုးမျိုး ရှိတဲ့ တိုင်းပြည်ကို စုစည်း ထားရေးမှာ စစ်တပ်က အဓိက အခန်းကဏ္ဍမှာ ရှိနေပြီး၊ နိုင်ငံရေး အရ တိုးတက်မှုတွေ တဖြည်းဖြည်း ပြောင်းလဲဖောင်ဆောင်တယ် ဆိုတဲ့ အင်ဒိုနီးရှားမိုဒယ်ကို မြန်မာစစ်ခေါင်းဆောင်တွေ ပုံစံတူ ယူလိုပုံရတယ်လို့ အကဲခတ်တွေက ဆိုပါတယ်။
အင်ဒိုဟာ မြန်မာနဲ့ နယ်နမိတ်လည်း ထိစပ်မနေတဲ့ အတွက် အစဥ်အဆက် နှစ်နိုင်ငံ ဆက်ဆံရေး အရှုပ်အထွေးမျိုး မရှိပါဘူး။
ဒါ့အပြင် ငဲ့ကွက် ထည့်တွက်စရာ စီးပွားရေး အကျိုးစီးပွားတွေလည်း မြန်မာပြည်ထဲမှာ များများစားစား ရှိမနေတဲ့ အတွက် မြန်မာ အရေး အဖြေရှာကြဖို့ အာဆီယံ နိုင်ငံတွေထဲ အင်ဒိုဟာ အတက်ကြွ အလှုပ်ရှားဆုံးနိုင်ငံ ဖြစ်နေတာ ဆိုပြီး သုံးသပ်မှုတွေကိုလည်း တွေ့ရပါတယ်။