ဘင်္ဂလားဒေ့ရှ်အစိုးရကို ဘာ့ကြောင့် သူ့ပြည်သူတွေက ဒေါသထွက်နေကြတာလဲ

အန်ဘာရာဆန် အီသီရာဂျန်

တောင်အာရှ ဒေသ အယ်ဒီတာ

ဘင်္ဂလားဒေ့ရှ်မှာ ကသောင်းကနင်းအခြေအနေတွေနဲ့ပါ။

လူဦးရေ သန်း ၁၇၀ ရှိတဲ့ ဒီတောင်အာရှနိုင်ငံမှာ လမ်းပေါ်ဆန္ဒပြပွဲတွေဖြစ်တာက အဆန်းမဟုတ်ပေမဲ့ ဒီတခါ ဖြစ်လာတဲ့ ဆန္ဒပြပွဲတွေက အတော်ပြင်းထန်သလို နိုင်ငံသားတွေမှတ်မိထားသမျှဆန္ဒပြပွဲတွေထဲ အဆိုးဆုံးတွေပါ။

အစိုးရအလုပ်တွေကို ကိုတာစနစ်နဲ့ခေါ်မှာကို ထောင်ပေါင်းများစွာသော တက္ကသိုလ်ကျောင်းသားတွေက မကျေနပ်တဲ့အတွက် ဆန္ဒပြဖို့ လှုံ့ဆော်လာခဲ့တာ သီတင်းပတ် အတော်ရှိလာခဲ့ပြီးတဲ့နောက် ဆန္ဒပြပွဲ တွေပေါ်ထွက်လာခဲ့တာပါ။

၁၉၇၁ မှာ ပါကစ္စတန်ဆီက လွတ်လပ်ရေးရအောင် တိုက်ပွဲဝင်ပေးခဲ့တဲ့ စစ်ပြန်တွေရဲ့ ဆွေမျိုးတွေအတွက် အစိုးရ အလုပ် ၃ ပုံ ၁ ပုံကို ပေးမယ်ဆိုတဲ့ ပေါ်လစီအပေါ် သူတို့ လူတွေစုဝေးကာ ဆန့်ကျင် ဆန္ဒပြကြတာပါ။

ဒီလို အလုပ်ပေးမယ့်စနစ်က ခွဲခြားဆက်ဆံတာဖြစ်ပြီး အရည်အချင်းအပေါ်မှာ ကြည့်ပြီး အလုပ်ပေးရမယ်လို့ ကျောင်းသားတွေက တောင်းဆိုကြပါတယ်။

တက္ကသိုလ်ဝင်းတွေအတွင်းမှာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေရာကနေ တနိုင်ငံလုံးမှာ မငြိမ်မသက်အခြေအနေကို ကူးပြောင်းသွားခဲ့ပါတယ်။

ရဲတွေနဲ့ အာဏာရပါတီ အဝါမီလိခ်ရဲ့ ကျောင်းသား အစုအဖွဲ့တို့က ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူတွေကို အကြမ်းဖက်လာတဲ့အတွက် လူတွေက ဒေါသထွက်ကုန်ကြတာလို့ ဆန္ဒပြပွဲစည်းရုံးလှုပ်ရှားသူတွေက ပြောပါတယ်။

အစိုးရကတော့ ဒီစွပ်စွဲမှုတွေကို ငြင်းပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် တနင်းလာနေ့က စပြီး ခိုက်ရန်ဖြစ်ပွဲတွေ ဖြစ်လာပါတယ်။ ။ အခုဆိုရင် ဆန္ဒပြပွဲတွေအတွင်း လူသေဆုံးတာ စုစုပေါင်း ၁၀၀ ကျော်ရှိလာခဲ့ပါပြီ။

အစိုးရက အင်တာနက်လိုင်းတွေကို ပိတ်ချကာ ဖုန်းဆက်သွယ်ရေးကိုလည်း ကန့်သတ်ခဲ့ပါတယ်။

“အခုက ကျောင်းသားတွေတင်မဟုတ်တော့ဘူး။ လူတန်းစား အလွှာစုံက လူတွေက ဆန္ဒပြပွဲထဲကို ပါလာကြတာ” လို့ ဒက္ကာ တက္ကသိုလ် လူမှုဗေဒဌာန လက်ထောက် ပါမောက္ခ ဒေါက်တာ ဆမ်မီနာ လုဖာက ဘီဘီစီကို ပြောပါတယ်။

ဆန္ဒပြပွဲတွေဖြစ်လာတာက အချိန်များစွာကို ကျော်ဖြတ်လာပြီးမှ ဖြစ်လာတာပါ။ ဘင်္ဂလားဒေ့ရှ်ဟာ ကမ္ဘာမှာ စီးပွားရေးတိုးတက်မှုနှုန်း အမြန်ဆုံးနိုင်ငံတွေထဲက တနိုင်ငံ ဖြစ်ပေမဲ့ ဒါဟာ တက္ကသိုလ်ဘွဲ့ရကျောင်းသားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးများလာတယ်လို့ မဆိုနိုင်ကြောင်း ကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။

ခန့်မှန်းချက်တွေအရ ဘင်္ဂလားဒေ့ရှ်လူငယ် အရေအတွက် ၁၈ သန်းလောက်ဟာ အလုပ်ရှာနေကြရကြောင်း သိရပါတယ်။ တက္ကသိုလ်ဘွဲ့ရတွေရဲ့ အလုပ်မရှိတဲ့ ရာခိုင်နှုန်းက ပညာသိပ်မတတ်တဲ့သူတွေထက် ပိုများပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ ကမ္ဘာ့ အသင့်ဝတ် အဝတ်အထည်ထုတ်လုပ်ရေး လုပ်ငန်းမှာ ထိပ်ဆုံးကပါ။ တနှစ်ကို ဒီနိုင်ငံက အမေရိကန်ဒေါ်လာ ၄၀ ဘီလျံဖိုးရှိတဲ့ အဝတ် တွေကို ကမ္ဘာ့စျေးကွက်ထဲ တင်ပို့တာပါ။

အဲဒီလုပ်ငန်းကဏ္ဍက လူ ၄ သန်းကျော်ကို အလုပ်ပေးနိုင်ပြီး အများစုက အမျိုးသမီး တွေပါ။ ဒါပေမဲ့ စက်ရုံအလုပ်အကိုင်တွေက လူငယ်မျိုးဆက်အတွက် မလုံလောက်ပါဘူး။

ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာရဲ့ အာဏာ ၁၅နှစ်ကာလအတွင်း ဘင်္ဂလားဒေ့ရှ်ဟာ လမ်းတွေ၊ တံတားတွေ၊ စက်ရုံတွေ အများကြီး တိုးပွားလာခဲ့ပါတယ်။ မြို့တော် ဒက္ကာမှာ မြေ‌အောက်ရထားလိုင်း တခုတောင် ရှိလာပါပြီ။

ဒီနိုင်ငံမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း နိုင်ငံသား တဦးချင်းဝင်ငွေက အရင်ကထက် ၃ ဆ တက်လာခဲ့ပြီး၊ ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာ လူဦးရေ ၂၅ သန်းကို ဆင်းရဲတွင်းကနေ ဆွဲထုတ်နိုင်ခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းပါတယ်။

ဒါပေမဲ့ ဒီတိုးတက်မှုအကျိုးစီးပွား တချို့ဟာ ၂၀၀၉ ကတည်းက အာဏာရ လာတဲ့ မစ္စ ဟာစီနာပါတီ အဝါမီလိခ်နဲ့ နီးစပ်သူတွေ ဆီကိုသာ ရောက်သွားတာလို့ အများက ပြောကြပါတယ်။

ဒေါက်တာ လုဖာက “ကျွန်တော်တို့ မြင်နေရတဲ့ လာဘ်စားမှုတွေက အများကြီးပဲ။ အထူးသဖြင့် အာဏာရပါတီနဲ့ နီးစပ်တဲ့သူတွေပေါ့။ လာဘ်စားတာကို အပြစ်မယူပဲ လွှတ်ပေးနေတာက အတော့်ကို ကြာနေပါပြီ” လို့ ပြောပါတယ်။

အရင် စစ်တပ်ဦးစီးချုပ်၊ အရင် ရဲချုပ်၊ အကောက်ခွန်ဌာန ထိပ်ပိုင်းအရာရှိတွေ၊ အစိုးရ ဝန်ထမ်းရွေးချယ်ရေးအဖွဲ့ အရာရှိတွေ အပါအဝင် မစ္စ ဟာစီနာရဲ့ အရင် ထိပ်တန်း အရာရှိတချို့ ရဲ့ လာဘ်စားမှုတွေအကြောင်း ပြောဆိုဆွေးနွေးကြတာတွေက ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းက ဘင်္ဂလား‌ဒေ့ရှ် လူမှုမီဒီယာတွေကို လွှမ်းမိုးထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ မစ္စ ဟာစီနာကို လာဘ်စားမှုတွေကို သူအရေးယူ မယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ဒီပြဿနာက ကြာရှည်နေပါပြီ။

လာဘ်ယူမှုတွေကြောင့် ဒေါ်လာ ၃၄ သန်းအထိ ရထားပြီးပြီလို့ စွပ်စွဲခံနေရတဲ့ သူ့ရဲ့ အိမ်တော်တွင်း လုပ်ငန်း ဆောင်တာ အကူဝန်ထမ်းကို အရေးယူပါ့မယ်လို့ ဝန်ကြီးချုပ်က ဒက္ကာမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပဲ ပြောခဲ့ပါတယ်။

“ဟယ်လီကော့ပတာ မရှိပဲ သူ ဘယ်ကို ငွေတွေ ရွှေ့သွားနိုင်မှာလဲ။ ဒီလောက်များတဲ့ ငွေတွေ ဘယ်လို သူရှာနိုင်မလဲ။ ဒါတွေ အသေအချာသိရရင် ကျွန်မ သူ့ကို ချက်ချင်းကို အရေးယူမယ်” လို့ သူပြောခဲ့ပါတယ်။

အဲဒီလူက ဘယ်သူဘယ်ဝါလဲ ဆိုတာကိုတော့ သူထုတ်မပြောပါဘူး။

ဒီလောက်များတဲ့ ငွေတွေ ရလာပုံက အစိုးရ ကန်ထရိုက် စာချုပ်တွေ ရဖို့ လော်ဘီ လုပ်ပေးတာတွေ၊ လာဘ်ငွေယူမှုတွေကတွေတဆင့် စုစုပြီး ရလာတာလို့ ဘင်္ဂလားဒေ့ရှ် မီဒီယာတွေက တုံ့ပြန်ပါတယ်။

ဒေါ်လာသန်းပေါင်းများစွာ တရားမဝင်နည်းတွေနဲ့ ရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ တချိန်က မစ္စ ဟာစီနာနဲ့ နီးစပ်တဲ့မဟာမိတ်လို့ မြင်ကြတဲ့ အရင် ရဲချုပ် ဘန်နာဇီယာ အာမက်ကို စုံစမ်းစစ်ဆေးဖို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီစွပ်စွဲချက်တွေကို ရဲချုပ်ဟောင်းက ငြင်းဆိုထားပါတယ်။

နေ့စဉ် လူနေမှုစရိတ်ကြီးမြင့်လာတဲ့ အရေးနဲ့ ရုန်းကန်နေကြရတဲ့ သာမန်ပြည်သူတွေ အဖို့ ဒီလို သတင်းတွေနဲ့ မလုံလောက်ပါဘူး။

အခုလို အာဏာပိုင်တွေရဲ့ လာဘ်စားမှု သတင်းတွေအပြင် မစ္စ ဟာစီနာရဲ့ အုပ်ချုပ်မှု ၁၅ နှစ်တာကာလအတွင်း ဒီမိုကရေစီ လွတ်လပ်ခွင့် ဘောင်တွေက ကျဉ်းမြောင်းလာတယ်လို့ လှုပ်ရှားတက်ကြွသူ အများအပြားက ထောက်ပြနေကြပါတယ်။

“ရွေးကောက်ပွဲ ၃ ခုဆက်တိုက်မှာ လွတ်လပ်ပြီးမျှတတဲ့ မဲပေးလုပ်ငန်းစဉ် သေသေချာချာ မရှိခဲ့ဘူး“ လို့ Human Rights Watch အဖွဲ့ တောင်အာရှဒါရိုက်တာ မီနာရှီ ဂန်ဂူလီက ဘီဘီစီကို ပြောပါတယ်။

“သူတို့ရဲ့ ခေါင်းဆောင်ကို ရွေးဖို့ အခြေခံကျတဲ့ ဒီမိုကရေစီ အခွင့်အရေးကို ငြင်းပယ်ခံရတဲ့ ပြည်သူတွေက ဘယ်လောက်အထိ မကျေမနပ်ဖြစ်နေကြသလဲဆိုတာကို သူ (ဝန်ကြီးချုပ်) က သိပုံမရသေးဘူး“ လို့ မစ္စ ဂန်ဂူလီက ပြောပါတယ်။

မစ္စဟာစီနာ လက်အောက်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မှာမဟုတ်ဘူးလို့ ဆိုကာ အဓိက အတိုက်အခံပါတီဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေး ပါတီ (BNP) က ၂၀၁၄ နဲ့ ၂၀၂၄ ရွေးကောက်ပွဲတွေမှာ ဝင်မပြိုင်ဘဲ သပိတ်မှောက်ခဲ့ပါတယ်။ သူတို့က ဘက်မလိုက်တဲ့ အိမ်စောင့်အစိုးရတခုရဲ့ လက်အောက်မှာ ရွေးကောက်ပွဲကျင်းပဖို့ တောင်းဆိုခဲ့ပါတယ်။

မစ္စဟာစီနာကတော့ အဲဒီတောင်းဆိုချက်ကို ပယ်ချခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၁၅ နှစ်တာ ကာလအတွင်း လူပေါင်း ၈၀ ကျော် ပျောက်ဆုံးသွားခဲ့တယ်၊ အဲဒီထဲက အများအပြားက အစိုးရကို ဝေဖန်တဲ့သူတွေလို့ လူ့အခွင့်အရေး အဖွဲ့တွေ က ပြောပါတယ်။

ဒီအစိုးရဟာ အတိုက်အခံတွေနဲ့ မီဒီယာကို နှုတ်ပိတ်သွားအောင် လုပ်နေတာလို့ စွပ်စွဲနေကြပြီး ဒီနှစ်ပိုင်းတွေအတွင်း ရှိတ်ခ်ဟာစီနာရဲ့ တဦးတည်း အာဏာ ချုပ်ကိုင်မှုတွေက ပိုကြီးထွားလာတယ်လို့ ဆိုနေကြပါတယ်။

ဒေါက်တာ လုဖာက “အစိုးရနဲ့ အာဏာရပါတီအပေါ် ဒေါသတွေက စုပုံလာတာ ကာလအတော်ကြာလာပြီ” လို့ ပြောပါတယ်။

“ပြည်သူတွေက အခုသူတို့ ဒေါသကို ထုတ်ပြကြတာ၊ သူတို့မှာ တခြားရွေးစရာ လမ်းမကျန်တော့လို့ အခုလို ဆန္ဒတွေ ထွက်ပြကြတာ။”

ဘင်္ဂလားဒေ့ရှ်မှာ နိုင်ငံအနှံ့ ကာဖျူးမိန့် ကို သောကြာနေ့က ထုတ်ပြန်ခဲ့ပြီးတဲ့နောက် မြို့တွေက လမ်းမတွေပေါ်မှာ တချို့ လူစုလူဝေး ဖြစ်လာတာကလွဲလို့ အများအားဖြင့် လူသူမရှိပဲ ချောက်ကပ်သွားခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာ တော့ ဘင်္ဂလားဒေ့ရှ် တရားရုံးချုပ်က အစိုးရ အလုပ် တွေကို ကိုတာနဲ့ ခန့်တဲ့ စနစ်ထဲက အစိတ်အပိုင်း အများအပြားကို ဖျက်သိမ်း လိုက် ပါတယ်။

အစိုးရ အလုပ်အကိုင်ပေါင်း ၉၃ % ရာခိုင်နှုန်းကို အရည်အချင်းပေါ် အခြေခံပြီး ရွေးချယ်ဖို့ တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပါတယ်။

တရားရေးဝန်ကြီးဌာနက အခုတရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို အလျင်အမြန် အကောင်အထည်ဖော်မယ်လို့ ဆိုပြီး သူတို့ရဲ့ လုပ်ဆောင်ချက်က အခု ဆန္ဒပြ ကြမှုတွေ ရပ်ဆိုင်းသွားအောင် ကြိုးစားတာဖြစ်တယ်လို့ ဆိုပါတယ်။