စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ တောင်ကိုရီးယား သမ္မတဟောင်း 'ယွန်း' ထောင်ဒဏ် ၅နှစ် ချခံရ

    • ရေးသားသူ, ဂျိတ်ကွန်းလ်
    • ရာထူးတာဝန်, တောင်ကိုရီးယားသတင်းထောက်
    • ရေးသားသူ, လီဟွန်ချိုင်း
    • ရေးသားပေးပို့သည့်နေရာ, ဆိုးလ်

၂၀၂၄ ခုနှစ်တုန်းက စစ်အုပ်ချုပ်ရေးကြေညာဖို့ ကြိုးပမ်းခဲ့မှုမှာ အာဏာအလွဲသုံးစားလုပ်မှု၊ တရားစီရင်ရေးကို အနှောင့်အယှက်ပေးမှုနဲ့ စာရွက်စာတမ်း အတုလုပ်မှုတွေနဲ့ ရာထူးက ဖယ်ရှားခံထားရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုးကို တရားရုံးက ထောင်ဒဏ် ငါးနှစ် ချမှတ်လိုက်ပါတယ်။

ဒါက ၂၀၂၄ ခုနှစ်တုန်းက မျှော်လင့်မထားဘဲ ရုတ်တရက် သူ ကြေညာခဲ့တဲ့ စစ်အုပ်ချုပ်ရေးအမိန့်နဲ့ ဆက်စပ်ပြီး စွဲချက်တင်ခံထားရတဲ့ အမှုလေးခုထဲမှာ ပထမဆုံးစီရင်ချက်အမိန့်ချခံရတာဖြစ်ပါတယ်။

သူ့ရဲ့ စစ်အုပ်ချုပ်ရေးအမိန့်က တာရှည်မခံလိုက်ပေမဲ့ နိုင်ငံတစ်ဝန်းမှာ ဆန္ဒပြပွဲကြီးတွေ ဖြစ်လာသလို ပါလီမန်အမတ်တွေလည်း လွှတ်တော်ဆီ အပြေးအလွှားရောက်လာကြပြီး သမ္မတယွန်းရဲ့ အမိန့်ကို တားဆီးဖို့ ကြိုးစားခဲ့ကြပါတယ်။

သောကြာနေ့က ကြားနာမှုမှာ ပါဝင်တဲ့ တရားသူကြီးတစ်ဦးကတော့ ယွန်းရဲ့ လုပ်ရပ်တွေက "တိုင်းပြည်ကို နိုင်ငံရေးအကျပ်အတည်းထဲကို ထိုးဆင်းစေခဲ့တယ်" လို့ပြောပါတယ်။ ယွန်းဟာ "သူ့ လုပ်ရပ်အမှားအယွင်းအတွက်လည်း နောင်တရကြောင်းမပြခဲ့ဘူး"လို့ ဆိုပါတယ်။

ဒီကနေ့ စီရင်ဆုံးဖြတ်ချက်က နောက်ဆက်လုပ်မယ့် တခြားအမှုတွေမှာ ရလဒ်ဘယ်လိုထွက်လာနိုင်မလဲဆိုတာကိုလည်း မြင်သာစေပါတယ်။ ယွန်းကို စွဲဆိုထားတဲ့ အမှုတွေထဲမှာ အာဏာအလွဲသုံးစားလုပ်မှုကစလို့ ရွေးကောက်ပွဲ မဲဆွယ်စည်းမျဉ်း ချိုးဖောက်မှုတာတွေအထိ ပါဝင်ပါတယ်။

အပြင်းထန်ဆုံး စွဲချက်ကတော့ ပုန်ကန်မှု ဖြစ်ပြီး အစိုးရရှေ့နေတွေကတော့ သေဒဏ်ချမှတ်ဖို့အထိ တောင်းဆိုထားပါတယ်။ အဲဒီအမှုအတွက် စီရင်ချက်ကို ဖေဖော်ဝါရီလမှာ ချမှတ်နိုင်ခြေရှိပါတယ်။

သောကြာနေ့ရုံးထုတ်မှာ သမ္မတဟောင်း ယွန်းကို ထောက်ခံသူ အယောက် ၁၀၀ ခန့်က တရားရုံးအပြင်ဘက်မှာ စုရုံးပြီး တိုက်ရိုက်ထုတ်လွှင့်ပြသနေတဲ့တရားစီရင်မှုကို ကြည့်ရှုခဲ့ကြပါတယ်။

သူတို့ထဲက အချို့က "ယွန်း ပြန်လည်အောင်နိုင်ပါစေ၊ ကိုရီးယားနိုင်ငံ ပြန်လည်ကြီးမြတ်ပါစေ" လို့ရေးသားထားတဲ့ အနီရောင် စာတန်းတွေကို ကိုင်ဆောင်ထားကြပါတယ်။ တရားသူကြီးက အပြစ်ရှိကြောင်း စီရင်ချက် ထုတ်ပြန်ချိန်မှာ ယွန်းကို ထောက်ခံသူတချို့က အော်ဟစ်ဆူညံခဲ့ကြသလို၊ အချို့ကတော့ ငြိမ်ငြိမ်သက်သက်နဲ့သာကြည့်နေပါတယ်။

တရားရုံးရဲ့ စီရင်ချက်ထဲမှာ သမ္မတယွန်းဟာ သူ့ကို လာရောက်ဖမ်းဆီးတာကို တားဆီးဖို့အတွက် သမ္မတရဲ့ သက်တော်စောင့်တွေကို အသုံးပြုခဲ့တာ၊ သူ စစ်အုပ်ချုပ်ရေးမကြေညာခင်မှာ အစိုးရတဖွဲ့လုံးနဲ့ တိုင်ပင်ဖို့ ပျက်ကွက်ခဲ့တာနဲ့ ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးက စစ်အုပ်ချုပ်ရေးကြေညာတာကို ထောက်ခံထားတယ်ဆိုတဲ့ စာရွက်စာတမ်းအတုတွေကို ပြုလုပ်ပြီးမှ ပြန်ဖျက်ဆီးလိုက်တာတွေအတွက် စွဲချက်တွေ ပါဝင်ပါတယ်။

"စွဲချက်တင်ခံရသူအနေနဲ့ သမ္မတတာဝန်ယူချိန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ နိုင်ငံ့ ဥပဒေကို ကာကွယ်ထိန်းသိမ်းရမယ့် တာဝန်ရှိပေမဲ့ အဲဒီတာဝန်တွေကိုလစ်လျူရှုခဲ့တယ်'' လို့ တရားသူကြီးက အမိန့်ချချိန်မှာ ပြောခဲ့ပါတယ်။

အခုကနဦး စတင်ချမှတ်ခဲ့တဲ့ အမှုနဲ့ ပတ်သက်တဲ့ စွဲချက်တွေအတွက် အစိုးရရှေ့နေက ယွန်း ကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်ဖို့ လျှောက်လဲခဲ့ပါတယ်။ တရားရုံးကတော့ နှစ်ဖက်လုံးက အယူခံ တင်သွင်းနိုင်ဖို့ တစ်ပတ် အချိန်ပေးထားပါတယ်။

သမ္မတဟောင်း ယွန်း ကတော့ သူ့ အပေါ် စွဲချက်တွေအားလုံးကို ငြင်းဆိုခဲ့ပြီး သူ့ကို ထုတ်တဲ့ဖမ်းဝရမ်းကလည်း တရားမဝင်ကြောင်း တုံ့ပြန်ချေပခဲ့ပါတယ်။ ဒါ့အပြင် အရေးပေါ် အာဏာကို အသုံးပြုရာမှာ အစိုးရအဖွဲ့ဝင် အားလုံးကို မဖြစ်မနေ တိုင်ပင်ရမယ်လို့ ဥပဒေမှာ သတ်မှတ်မထားကြောင်းလည်း သူက ချေပခဲ့ပါတယ်။

တရားရင်ဆိုင်နေရချိန်မှာလည်း သူက သူ့အပေါ်စုံစမ်းစစ်ဆေးခွင့်နဲ့ ဖမ်းဆီးခွင့် မူလကတည်းက ဥပဒေကြောင်းအရ ရှိမနေဘူးဆိုတာကို ပြောနေခဲ့ပါတယ်။ သူ့ရဲ့ စစ်အုပ်ချုပ်ရေး ကြေညာချက်ကလည်း လုပ်ထုံးလုပ်နည်းအရ ပျက်ကွက်မှုမရှိတဲ့အတွက် စွပ်စွဲမှု အများစုက ဥပဒေနဲ့ မညီဘူး၊ တရားမဝင်ဘူးလို့လည်း သူက ချေပပါတယ်။

စွပ်စွဲခံရသူက သူ့မှာ အပြစ်ရှိကြောင်း ဒါမှမဟုတ် တာဝန်ဝတ္တရားတွေကို ပျက်ကွက်မိတဲ့အကြောင်း ဝန်ခံတဲ့အခြေအနေဆိုရင် တောင်ကိုရီးယားတရားရုံးတွေက ပြစ်ဒဏ်ကိုလျှော့ပေါ့ ပေးလေ့ရှိပါတယ်။ ဒါပေမဲ့ သမ္မတဟောင်းယွန်းကတော့ သူ့မှာ နောင်တမရှိကြောင်း ပြသခဲ့လို့ ပြစ်ဒဏ်ပိုများများချသင့်တယ်လို့ အစိုးရရှေ့နေတွေက စောဒကတက်ကြပါတယ်။

အာဏာအလွဲသုံးစားလုပ်မှု၊ လာဘ်ပေးလာဘ်ယူမှုတွေကြောင့် ၂၀၂၁ ခုနှစ်တုန်းက ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံခဲ့ရတဲ့ အမျိုးသမီး သမ္မတဟောင်း ပတ်ဂွန်ဟေး ဟာ ရာဇဝတ်မှုကြောင့် ထောင်ချခံခဲ့ရတဲ့ နောက်ဆုံး သမ္မတဟောင်းဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ပြစ်ဒဏ်ချခံရပြီး မကြာခင်မှာပဲ လျှော့ပေါ့သက်သာခွင့်ပေးခံရပြီး ထောင်ကလွတ်မြောက်ခဲ့ပါတယ်။

ယွန်းဆွတ်ယိုရဲ့ မအောင်မြင်တဲ့ စစ်အုပ်ချုပ်ရေးကြေညာမှု ၆ လအကြာမှာ တောင်ကိုရီးယားမှာတော့ အတိုက်အခံနိုင်ငံရေးသမား အီဂျေမြောင်က သမ္မတဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ သမ္မတဟောင်း ယွန်းဆွတ်ယိုရဲ့ ဖြစ်စဥ်က တောင်ကိုရီးယားမှာ နက်နက်ရှိုင်းရှိုင်းဖြစ်လာတဲ့ နိုင်ငံရေး သဘောထားကွဲလွဲမှုတွေကို မီးမောင်းထိုးပြနေပါတယ်။ သမ္မတဟောင်းဟာ သူ့ကို အာဇာနည်တစ်ဦးအဖြစ် မြင်နေကြတဲ့ အခိုင်အမာ ယုံကြည်ထောက်ခံသူတွေကို ထိန်းထားနိုင်ဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ ယွန်းရဲ့ စစ်အုပ်ချုပ်ရေးအမိန့်ဟာ တော်လှန်ပုန်ကန်မှုဖြစ်တယ်လို့ တောင်ကိုရီးယားနိုင်ငံသား ၃၀ ရာခိုင်နှုန်းနီးပါးက မယုံကြည်ကြပါဘူး။

သူ စစ်အုပ်ချုပ်ရေးကြေညာဖို့ ကြိုးပမ်းတဲ့အချိန် ဆန္ဒပြသူ သောင်းချီ လမ်းမပေါ်ထွက်လာကြသလို တစ်ချိန်တည်းမှာပဲ သူ့ကို ထောက်ခံသူတွေကလည်း တန်ပြန်ဆန္ဒပြပွဲတွေလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ကန့်ကွက်ဆန္ဒပြသူတွေထက်တော့ အရေအတွက်နည်းပါးခဲ့ပါတယ်။