ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရင်ဘတ်ပေါ် မှာ စပါးအုံးမြွေကြီးခွေနေတာ တရေးနိုးတွေ့လိုက်ရတဲ့ သြစတြေးလျအမျိုးသမီး
- ရေးသားသူ, တစ်ဖနီ တန်ဘူလ်
- ရာထူးတာဝန်, ဘီဘီစီသတင်းဌာန၊ ဆစ်ဒနီမြို့
တနင်္လာနေ့ညက တရေးနိုးလာတဲ့ ရေချယ် ဘလိုးရ် ဟာ သူ့ရင်ဘတ်ပေါ်မှာ လေးလံတဲ့ ပစ္စည်းကြီးတစ်ခု ခွေခွေကြီး တင်နေတာကို ရုတ်တရက် စမ်းမိလိုက်ပါတယ်။
ဘေးမှာ အိပ်လေ့ရှိတဲ့ သူ့ခွေး ထင်လို့ အိပ်မှုံစုံဖွားနဲ့ လှမ်းစမ်းလိုက်ချိန်မှာ ခွေးကို မစမ်းမိဘဲ ရစ်ခွေနေတဲ့ ချောကျိကျိ အရာတစ်ခုကို စမ်းမိလိုက်ပါတယ်။
အဲဒီနောက် စောင်အောက်ထဲ လက် ထပ်ထိုးထည့်ပြီး အဲဒီအရာကို သူ့လည်ပင်းဆီ ဆွဲယူလိုက်တုန်းမှာ ဘေးမှာ အိပ်နေတဲ့ သူ့ခင်ပွန်းက အိပ်ရာဘေးက မီးကို ဖွင့်ကြည့်လိုက်ပါတယ်။ အဲဒီအခါမှာတော့ သူတို့စုံတွဲ တွေးထင်ကြောက်ရွံ့နေတာတွေက တကယ်ဆိုတာ သေချာသွားခဲ့ပါတော့တယ်။
"အိုး၊ မိန်းမရေ၊ လုံးဝ မလှုပ်လိုက်နဲ့နော်။ ၂ မီတာခွဲလောက် ရှည်တဲ့ မြွေကြီး မင်းပေါ်မှာ ရောက်နေတယ်" ဆိုပြီး သူ့ခင်ပွန်းက လှမ်းအော် သတိပေးခဲ့တယ်လို့ ရေချယ်က ဘီဘီစီကို ပြန်ပြောပြပါတယ်။
ကြောက်လန့်တကြားနဲ့ ရုတ်တရက် ယောင်ယမ်း ဆဲလိုက်မိပြီး ချက်ချင်းပဲ သူတို့ရဲ့ခွေးတွေကို အပြင်ကို ထုတ်သွားဖို့ လှမ်းပြောလိုက်ပါတယ်။
"တကယ်လို့များ ဒီမှာ မြွေကြီးတစ်ကောင် ရောက်နေတယ်ဆိုတာကို ကျွန်မရဲ့ ဒါလ်မေးရှင်းခွေးတွေ သိသွားရင် တစ်စစီ ကိုက်ဖြတ် သတ်ပစ်လိမ့်မယ်လို့ တွေးလိုက်မိတယ်။"
"ခြုံစောင်အောက်ကနေ ကိုယ်ကို တွန့်လိမ်ပြီး ထွက်နိုင်ဖို့ ကျွန်မ ကြိုးစားရင်း စိတ်ထဲကလည်း ဒါ တကယ်ဖြစ်နေတာမှ ဟုတ်ရဲ့လားလို့ တွေးမိတယ်။ သိပ်ကို ထူးဆန်းလွန်းနေလို့လေ။"
အဆိပ်မရှိတဲ့ ဒီစပါးအုံးမြွေကြီးက အိမ်ပြတင်းပေါက် တရုတ်ကပ်တွေကြားကနေ ဝင်လာပြီး သူ့ကုတင်ပေါ် ရောက်လာတာ ဖြစ်ပါတယ်။
စပါးအုံးမြွေကြီးအောက်ကနေ လွတ်တာနဲ့ တပြိုင်နက် ရေချယ်က အဲဒီမြွေကြီးကို သူဝင်လာတဲ့ အပေါက်ကနေ ပြန်ထွက်သွားအောင် စလုပ်ခဲ့ပါတယ်။
"မြွေကြီးက ဘယ်လောက်တောင် ကြီးသလဲ ဆိုရင် ကျွန်မရင်ဘတ်ပေါ်မှာ ခွေနေတာတောင် သူ့အမြီးပိုင်းက ပြတင်းပေါက်အပြင်ဘက်မှာ ရှိနေတုန်းပါပဲ။"
"ကျွန်မ လှမ်းဆွဲလိုက်တာတောင် မြွေကြီးက အရမ်း ကြောက်ပုံ မပြခဲ့ပါဘူး။ ကျွန်မလက်ထဲမှာ လှုပ်လှုပ် လုပ်နေပါတယ်။"
အံ့အားသင့် မှင်သက်နေတဲ့ ခင်ပွန်းသည် ဘယ်လိုနေသလဲတော့ မသိပါဘူး။ ရေချယ်ကိုယ်တိုင်ကတော့ မြွေပေါတဲ့အရပ်မှာ ကြီးလာသူမို့ ကြောက်စိတ် နည်းနည်းပါးပါးလောက်ပဲ ဖြစ်ခဲ့ပါတယ်။
"ကိုယ့်ဘက်က စိတ်ငြိမ်ငြိမ်ထားရင် သူတို့ဘက်ကလည်း အေးအေးဆေးဆေး ဖြစ်လိမ့်မယ်ဆိုပြီး ကျွန်မ တွေးမိတယ်။"
"တကယ်လို့များ ဒါက ဖားပြုပ်ကြီး တစ်ကောင်သာ ဖြစ်နေရင်တော့ ကျွန်မ အကြီးအကျယ် လန့်ဖျပ်သွားမိမှာ သေချာတယ်" လို့ ရေချယ်က ပြောပါတယ်။
"ရုပ်ဆိုးဆိုးနဲ့ ဖားပြုပ်ကြီးတွေကို မြင်ရင် ဘယ်လိုမှ မနေနိုင်ဘူး။ အာခေါင်တွေ ခြောက်လာတဲ့အထိ ကြောက်စိတ်ဝင်မိတယ်။"
အဲဒီနေ့က သူတို့ ဇနီးမောင်နှံနဲ့ ခွေးတွေရော၊ မြွေကြီးပါ ဘာမှ အထိအခိုက် မရှိခဲ့ကြပါဘူး။
စပါးအုံးမြွေကြီးတွေဟာ သြစတြေးလျနိုင်ငံက ကမ်းရိုးတန်းဒေသတွေမှာ တွေ့ရလေ့ရှိပြီး ငှက်လို အကောင်ငယ်လေးကိုပဲ စားလေ့ရှိပါတယ်။