ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အရေးကြီးတဲ့ မြေရှားသတ္တုတွေ ပို့မှု တရုတ်တင်းကျပ်
- ရေးသားသူ, ပီတာ ဟော့စ်ကင်းစ်
- ရာထူးတာဝန်, စီးပွားရေး သတင်းထောက်
- ရေးသားသူ, လော်ရာ ဘစ်ကာ
- ရာထူးတာဝန်, တရုတ်ပြည် သတင်းထောက်
အမေရိကန်နဲ့ ကုန်သွယ်ရေး ညှိနှိုင်းမှုတွေ လုပ်နေချိန်မှာပဲ စစ်ဘက်ပစ္စည်းတွေအပါအဝင် အီလက်ထရောနစ် ပစ္စည်းမျိုးစုံ ထုတ်လုပ်ရာမှာ အရေးကြီးတဲ့ မြေရှားသတ္တု တင်ပို့မှုကို တရုတ်အစိုးရ တင်းကျပ်လိုက်ပါတယ်။
ဆိုလာပြားကနေ စမတ်ဖုန်းထိ ပစ္စည်းပေါင်းစုံမှာ ပါတဲ့ ကမ္ဘာ့မြေရှားသတ္တု သန့်စင်မှု ၉၀ ရာခိုင်နှုန်းကို တရုတ်ပြည်မှာ လုပ်ပါတယ်။ ဒါကြောင့် တရုတ်ခေါင်းဆောင် ရှီကျင်းဖျင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ဒီလထဲ မတွေ့ခင်မှာ ဒီကန့်သတ်မှုက အရေးကြီးတဲ့ စျေးဆစ်မှု ဖြစ်ပါတယ်။
မြေရှားသတ္တု သန့်စင်တဲ့ နည်းပညာကိုပါ ထိန်းချုပ်ခဲ့ပြီး နိုင်ငံခြား စစ်ဘက်နဲ့ တပိုင်း လျှပ်ကူးပစ္စည်းလုပ်ငန်းတွေဆီ မြေရှားပို့တာကို တရုတ်အစိုးရက ကန့်သတ်ချင်ပါတယ်။
ဒါ့အပြင် အစိုးရ ခွင့်ပြုချက် မပါဘဲ မြေရှားသတ္တု လုပ်ငန်းမှာ တရုတ်ကုမ္ပဏီတွေ ပြည်ပ လုပ်ငန်းတွေနဲ့ ပူးတွဲ လုပ်ကိုင်တာကိုလည်း တရုတ်အစိုးရက တားမြစ်ခဲ့ပါတယ်။
မြေရှားသတ္တု တူးတာနဲ့ သန့်စင်လုပ်ကိုင်တာတွေကို ထိန်းချုပ်ထားတဲ့ တရုတ်အစိုးရက ဒီသတ္တုရဲ့ ကမ္ဘာ့စျေးကွက်မှာ ကြီးစိုးထားပြီး ဖြစ်ပါတယ်။
မြေရှားသတ္တု နည်းနည်းလောက် တင်ပို့ဖို့အတွက်ကိုပဲ နိုင်ငံခြားကုမ္ပဏီတွေ တရုတ်အစိုးရ ခွင့်ပြုမှုရဖို့ အခု လိုလာပါပြီ။ ဘယ်မှာ သုံးဖို့ ပို့တယ်ဆိုတာကိုပါ ရှင်းပြရမှာပါ။
ဒါ့အပြင် ကမ္ဘာ့နည်းပညာ ထောက်ပံ့မှုကွင်းဆက်မှာ အလွန်အရေးကြီးတဲ့ လစ်သီယမ် ဘက်ထရီတွေနဲ့ ဂရက်ဖိုက် တင်ပို့မှုကိုလည်း အလားတူ ကန့်သတ်ကြောင်း တရုတ်အစိုးရက ကြေညာခဲ့ပါတယ်။ ဒီပစ္စည်းတွေမှာ တရုတ်ပြည်မှာ အကြီးအကျယ် ထုတ်လုပ်ပါတယ်။
အမျိုးသား လုံခြုံရေးကို ကာကွယ်ဖို့ ရည်ရွယ်ပြီး ဒီစည်းမျဉ်းတွေကို ထုတ်ပြန်ကြောင်း တရုတ် အစိုးရက ပြောပါတယ်။ ဒီထိန်းချုပ်မှုတွေရဲ့ ရည်ရွယ်ချက်တခုကတော့ မြေရှားအတွက် တရုတ်အပေါ် မှီခိုနေရတဲ့ အမေရိကန် အပါအဝင် ပြည်ပက ကာကွယ်ရေး ပစ္စည်းလုပ်ငန်းတွေကို ထိန်းချုပ်ချင်ပုံ ရပါတယ်။
အမေရိကန်နဲ့ ကုန်သွယ်ရေးစစ် အရှိန်တက်နေချိန် ဧပြီလက စထိန်းချုပ်ခဲ့တဲ့ ပြည်ပပို့ကုန်စာရင်းမှာ မြေရှားနဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေကို တရုတ်က ထည့်ခဲ့ပြီး ဖြစ်ပါတယ်။
အခု ဒီကြေညာချက်သစ်ကြောင့် လက်နက်ထုတ်လုပ်သူတွေနဲ့ ချစ်ပ်ပြား လုပ်ငန်းက ကုမ္ပဏီတချို့ကို တရုတ်က ခွင့်ပြုမိန့် လိုင်စင်ထုတ်ပေးဖို့ မဖြစ်နိုင်တော့ဘူးဆိုတာ ရှင်းသွားပါတယ်။
မြေရှားသတ္တု တူးဖော်လုပ်ကိုင်တာ ဒါမှမဟုတ် မြေရှားကနေ သံလိုက်ထုတ်တာမှာ သုံးတဲ့ နည်းပညာကိုတောင် တရုတ်အစိုးရ ခွင့်ပြုချက်နဲ့ပဲ ပြည်ပ ပို့ရမယ် ဆိုပြီး တရုတ် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
နောက် ဘယ်နည်းပညာနဲ့ လုပ်ငန်းစဉ်တွေကို ကန့်သတ်သလဲ ဒီနောက်ဆုံးကြေညာချက်က ရှင်းလင်းသွားစေပါတယ်။
ဒီလို ကန့်သတ်တဲ့ အထဲမှာ မြေရှား တူးဖော်တာ၊ အရည်ကျိုတာနဲ့ သန့်စင်တာအပြင် သံလိုက်ပစ္စည်း ထုတ်လုပ်တာနဲ့ တခြားက ရတဲ့ မြေရှားတွေကို ပြန်သုံးစွဲတာတွေ ပါပါတယ်။
နောက်ပြီး ထုတ်လုပ်ရေးသုံးပစ္စည်းတွေ တပ်ဆင်တာ၊ အမှားရှာတာ၊ ထိန်းသိမ်းတာနဲ့ အဆင့်မြှင့်တာတွေ လုပ်ရာမှာလည်း ခွင့်ပြုချက် မရဘဲ ပြည်ပ မတင်ပို့ဖို့ ဒီကြေညာချက်မှာ ပါရှိပါတယ်။
အရေးကြီးတဲ့ မြေရှားသတ္တု တူးလုပ်ငန်းရှိပြီး သန့်စင်တဲ့ စက်တွေ မရှိတဲ့ အမေရိကန်မှာ ဒီတားမြစ်မှုက အကြီးအကျယ် ရိုက်ခတ်နိုင်ပါတယ်။
ချစ်ပ်ပြားလုပ်တဲ့ ပစ္စည်းတွေ တရုတ်ပြည်ကို မရောင်းဖို့ အမေရိကန်က တခြားနိုင်ငံတွေကို ပိတ်ပင်တာမျိုး တရုတ်ဘက်ကလည်း ဒီစည်းမျဉ်းသစ်တွေနဲ့ တန်ပြန်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
စစ်ဘက်ပစ္စည်းတွေအတွက် ဉာဏ်ရည်တု နည်းပညာ သုံးလာနိုင်တဲ့ အဆင့်မြင့် ချစ်ပ်ပြားတွေ တရုတ်ဘက်က ထုတ်လာမှာကို အမေရိကန်က နှောင့်နှေးအောင် လုပ်ခဲ့တာပါ။
ဒီလနှောင်းပိုင်း ရှီနဲ့ ထရမ့် မတွေ့ခင်မှာ တရုတ်ဘက်က ချိန်ကိုက်ပြီး ဒီလို ကန့်သတ်ချက်သစ်တွေ ထုတ်ပြန်တာလို့ ယုံကြည်ကြောင်း ကုန်သွယ်ရေး ကျွမ်းကျင်သူ အဲလက်စ် ကပ်ပရီက ပြောပါတယ်။
အမေရိကန်က တရုတ်ချစ်ပ်ပြားလုပ်ငန်းကို ပစ်မှတ်ထားခဲ့သလိုပဲ အမေရိကန် အီလက်ထရောနစ်နဲ့ လက်နက်လုပ်ငန်းရဲ့ အရေးကြီးတဲ့ ပျော့ကွက်တွေကို တရုတ်က ပြန်ပြီး ပစ်မှတ်ထားလိုက်တာ ဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။