ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကရင်လူမျိုးတွေရဲ့ ကော်သူးလေအိပ်မက်
ကရင့်တော်လှန်ရေး စတင်လာတာ ၂၀၂၆ ခုနှစ်ဆိုရင် ၇၇ နှစ်ရှိလာပါပြီ။ ဒီနှစ် ၇၀ ကျော်ကာလအတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ကနေ အစောဆုံးခွဲထွက်သွားတဲ့ DKBA အပါအဝင် အနည်းဆုံး ၆ ဖွဲ့ခန့် ရှိပါတယ်။
ကရင်နယ်ခြားစောင့်တပ်အဖြစ် မြန်မာစစ်တပ်လက်အောက်မှာ တပ်ထောင်ခဲ့တဲ့အဖွဲ့ရှိသလို တချို့အဖွဲ့တွေကလည်း "ငြိမ်းချမ်းရေးယူတယ်" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စစ်တပ်နဲ့ ဆက်နွှ ယ်နေကြပါတယ်။
ကရင်လက်နက်ကိုင်တော်လှန်ရေးရဲ့ အဓိကခေါင်းကိုင်ဖြစ်တဲ့ KNU ကတော့ မဟာလူမျိုးကြီးဝါဒနဲ့ အာဏာရှင်စနစ်တွေက ကရင်လူမျိုးတွေရဲ့ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ခိုင်မာစွာ ရပ်တည်နိုင်ဖို့ကို နှောင့်ယှက်နေတယ်လို့ တစိုက်မတ်မတ်ပြောဆိုပြီး စစ်တပ်ကို ဆက်လက် တော်လှန်တိုက်နေပါတယ်။
မူလ ကရင့်တော်လှန်ရေးရဲ့ အခြေခံမူက ကရင်လူထုလိုလားတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အမျိုးသားတန်းတူရေး၊ ငြိမ်းချမ်းရေးနဲ့ အတူယှဉ်တွဲနေထိုင်ရေး ဆိုတဲ့ မူလေးရပ်ပေါ်မှာ တည်ထားတာပါ။
ဒါပေမဲ့ နှစ် ၇၀ ကျော်လာတဲ့အချိန်မှာ အဖွဲ့အစည်းတွေ ခွဲထွက်ကွဲပြားလာတာတွေကြောင့် "ကရင်တမျိုးသားလုံးရဲ့ လိုလားချက်" ဆိုတဲ့ မူက ဒီကနေ့အထိ ထင်ဟပ်နေသေးလား၊ ခွဲထွက်လာတဲ့ တပ်ဖွဲ့တွေကရော သီးခြား မူဝါဒတွေ၊ ရည်ရွယ်ချက်တွေ ထားရှိနေကြပါသလား။
''ကော်သူးလေ သမ္မတနိုင်ငံ" ကြေညာခြင်းနဲ့ သဘောထားတွေ
ကရင်အမျိုးသားသမိုင်းမှာ ထင်ရှားတဲ့ KNU ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောဘိုမြရဲ့ သားဖြစ်သူ၊ ကော်သူးလေတပ်မတော် (KTLA)ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်စောနယ်ဒါးမြရဲ့ "ကော်သူးလေသမ္မတနိုင်ငံ" ကြေညာလိုက်ခြင်းက ကရင်လက်နက်ကိုင်အဖွဲ့တွေကြားမှာ ရှိပြီးသား ကွဲလွဲမှုတွေကို ပိုပြီး ကြီးထွားသွားစေပါတယ်။
ဗြိတိသျှအစိုးရလက်အောက်ကနေ မြန်မာက လွတ်လပ်ရေးရခဲ့ပြီးနောက် ကရင်ခေါင်းဆောင်တွေ တောင်းဆိုခဲ့ကြတဲ့ ''ကော်သူးလေသမ္မတနိုင်ငံ'' ဆိုတဲ့အမည်နာမကို KTLA က ၂၀၂၆၊ ဇန်နဝါရီမှာ သူ့တစ်ဖွဲ့တည်းဆန္ဒနဲ့ ကြေညာခဲ့တာဖြစ်ပါတယ်။
စစ်ရေး၊ နိုင်ငံရေး ဝါရင့်ကရင်တော်လှန်ရေးလက်နက်ကိုင်တပ်ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) ကတော့ ဒီလို ကြေညာချက်ဟာ ''ကော်သူးလေ'' ဆိုတဲ့အသုံးအနှုန်းကို အလွဲသုံးစားလုပ်တာလို့ ဝေဖန်ပါတယ်။
(KNU/KNLA - PC)၊ DKBA တို့လို တခြားကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ဒါကို လက်မခံခဲ့ကြပါဘူး။ KTLA ရဲ့ ကြေညာချက်ကို ကရင်ပြည်နယ်ထဲမှာရှိတဲ့ ၅ ဖွဲ့ထက်မနည်းတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက လက်မခံတဲ့အကြောင်းရင်း ၂ ချက်ရှိပါတယ်။
- အားလုံးဆန္ဒတူလိုလားတဲ့ ''ကော်သူးလေပြည်နယ်'' ဖြစ်ဖို့
- ခွဲထွက်ရေးမူကို လက်မခံခြင်း
ကော်သူးလေသမ္မတနိုင်ငံ - စိတ်ကူးယဉ်လား၊ လက်တွေ့ဆန်လား
KNU ရဲ့ လက်နက်ကိုင်တပ်ဖြစ်တဲ့ ကရင့်အမျိုးသားကာကွယ်ရေးတပ်မတော် (Karen National Defense Organization/ KNDO) ကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ဗိုလ်ချုပ် စောနယ်ဒါးမြက KTLA ဆိုတဲ့ သူ့ကိုယ်ပိုင်တပ်ကို တည်ထောင်ပြီး စစ်ဦးစီးချုပ် တာဝန်ယူထားပါတယ်။
ဘီဘီစီက စကားပြောခွင့်ရခဲ့တဲ့ KNU၊ ဒီမိုကရေစီကရင့်အကျိုးပြုတပ်မတော် (DKBA) ၊ BGF တံဆိပ်ပြောင်း ကရင်အမျိုးသားတပ်မတော် (KNA) အဖွဲ့အစည်းတွေက KTLA ရဲ့ "ကော်သူးလေသမ္မတနိုင်ငံ" ကြေညာချက်ကို လက်မခံကြပါဘူး။
သူဟာ ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံတပ် KNDO မှာတုန်းကလည်း စစ်ဦးစီးချုပ်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၂ ခုနှစ်က KNDO နယ်မြေထဲမှာ အရပ်သား ၂၅ ဦး သတ်ဖြတ်ခံရမှုဖြစ်စဉ်မှာ တာဝန်ရှိသူအဖြစ် သတ်မှတ်ခံရပြီး ထုတ်ပယ်ခံခဲ့ရသူဖြစ်ပါတယ်။
ဗိုလ်ချုပ် စောနယ်ဒါးမြ ဦးဆောင်တဲ့ ကော်သူးလေတပ်မတော် (KTLA) ကို KNU က သူ့ရဲ တပ်မဟာ (၇) နယ်မြေအတွင်း လုံးအခြေချခွင့်မပြုကြောင်း ကြေညာခဲ့ဖူးပါတယ်။ KNU ကနေ ထုတ်ပယ်ခံရတဲ့နောက် သူဦးဆောင်တဲ့ ကော်သူးလေတပ်မတော် (KTLA) ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်မှာ ဖွဲ့စည်းခဲ့ပါတယ်။
KTLA က ကော်သူးလေသမ္မတနိုင်ငံ ကြေညာမှုဟာ စိတ်ကူးယဉ်မှုသာဖြစ်တယ်လို့ KNU ပြောခွင့်ရသူ ပဒိုစောတောနီးက ဘီဘီစီကို ပြောပါတယ်။
"စိတ်ကူးယဉ်တာတော့ လူတိုင်းမှာ စိတ်ကူးယဉ်ပိုင်ခွင့်ရှိပါတယ်။ စိတ်ကူးယဉ်တိုင်းသာ လုပ်လို့ရမယ်ဆို ဒါတွေက လုပ်လို့ရတာ ကြာလှပြီလေ" လို့ ပဒိုစောတောနီးက ပြောပါတယ်။
မကြာသေးမီက စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) ကနေ ကရင်အမျိုးသားတပ်မတော် (KNA) ဆိုပြီး ပြောင်းလိုက်တဲ့ KNA ရဲ့ ပြောခွင့်ရသူကလည်း KTLA ရဲ့ လုပ်ရပ်ဟာ 'ပြက်လုံးတစ်ခု' လို့ သုံးနှုန်းပါတယ်။
"ရှင်းရှင်းပြောရရင် ဒီဟာက တစ်ဦးတစ်ယောက်အတွက် လုပ်တဲ့အလုပ်လို့ ကျွန်တော်တို့ ယူဆတယ်။ ဘယ်အရာကို ကိုယ်စားပြုပြီး သမ္မတနိုင်ငံတည်ထောင်လဲဆိုတာ ကျွန်တော်တို့လည်း စဉ်းစားလို့မရဘူး။ ဒါကြီးက ပြက်လုံးတစ်ခုလိုဖြစ်နေတယ်" လို့ BGF တံဆိပ်ပြောင်း KNA ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးနိုင်မောင်ဇော်က ဇန်နဝါရီလအစောပိုင်းမှာ ဘီဘီစီကို ပြောပါတယ်။
DKBA တာဝန်ရှိသူတစ်ဦးကလည်း "အခုက လေလှိုင်းပေါ်ကနေလုပ်တာ။ လက်တွေ့မဆန်ဘူး။ သူ့အဖေက ပညာလည်းတတ်တယ်။ အရင်က KNU မှာ ခေါင်းဆောင်ဖြစ်ခဲ့တယ်။ သူဆိုရင် အရင်က KNDO စစ်ဦးစီးချုပ်လေ။ အခုလို လုပ်ချလိုက်တော့ ဆိုးသွားတာပေါ့" လို့ သူ့ရဲ့ အမြင်ကို ပြောပြပါတယ်။
KTLA ရဲ့ "ကော်သူးလေသမ္မတနိုင်ငံ"ထူထောင်တယ်ဆိုတဲ့သူ့ရဲ့ ကြေညာချက်ကို ထိုင်း-မြန်မာနယ်စပ် မြဝတီဘက်ခြမ်းက သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေမှာ ၂၀၂၆ ဇန်နဝါရီမှာ ကျရောက်ခဲ့တဲ့ ၇၈ ကြိမ်မြောက် ကရင်အမျိုးသားလွတ်လပ်ရေးနေ့ မှာ ကြေညာခဲ့တာပါ။
အဓိကကတော့ KTLA စစ်ဦးစီးချုပ်ရဲ့ နယ်မြေထိန်းချုပ်မှု၊ တပ်ဖွဲ့အင်အား၊ ခေါင်းဆောင်မှုပိုင်းရဲ့ နောက်ခံသမိုင်းကြောင်းတွေကြောင့် ဒီကြေညာချက်ဟာ လက်မခံနိုင်စရာဖြစ်တယ်လို့ အများစုက တညီတည်း ထောက်ပြပါတယ်။
KTLA စစ်ဦးစီးချုပ် အခြေချတဲ့နယ်မြေကတော့ KNU တပ်မဟာ ၆ နယ်မြေထဲက၊ KNLA တပ်ရင်း ၂၀၁ အခြေစိုက်ရာ ကနဲလေးစခန်းအနီးက ကျေးရွာဖြစ်တယ်လို့ ကရင်စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။
"KTLA ဖြစ်တဲ့အချိန်မှာ KNDO ရဲဘော်တွေကို သူ အကုန်လုံးခေါ်လိုက်တယ်။ သူ့လူအနေနဲ့ တံဆိပ်ပြောင်းလိုက်တာ။ တချို့ သူ့ရဲ့ လူယုံတွေက သူ့ဘေးနားပါသွားတာပေါ့။ အဲဒါပါပဲ။ အင်အားအများကြီးမရှိပါဘူး" လို့ ကရင်စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။
KTLA ရဲ့ ပြောခွင့်ရသူကတော့ ဗြိတိသျှအုပ်ချုပ်မှုကနေ လွတ်လပ်ရေးရခဲ့တဲ့ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက် အပြီး နောက်တစ်ရက်မှာ ကရင်ခေါင်းဆောင်တွေ ကြေညာခဲ့ကြတဲ့ "ကော်သူးလေသမ္မတနိုင်ငံ" ကို ပြန်အသက်သွင်းတာဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံကို ဗြိတိသျှအုပ်ချုပ်စဉ်က ဗိုလ်ချုပ်အောင်ဆန်းအစိုးရရဲ့ လွတ်လပ်ရေးကြေညာချက်ကိုပဲ ဗြိတိသျှအစိုးရက အသိမှတ်ပြုခဲ့ပြီး ကော်သူးလေနေ့ကို ဘယ်နိုင်ငံကမှ မထောက်ခံခဲ့ဘူးလို့ ကရင်လက်နက်ကိုင်တော်လှန်ရေးမှာ နှစ် ၆၀ ပါဝင်ခဲ့ဖူးသူ KNU ရဲ့ ဝါရင့် နိုင်ငံရေးသမား စောသမိန်ထွန်းက ပြောပါတယ်။
"အခုမှလာပြီး ၅ ရက်နေ့ကို ကော်သူးလေနေ့ဆိုပြီး ပြန်ကြေညာတော့ ကော်သူးလေက ဘယ်လို ဖြစ်နေလဲ ဘာမှမသိဘူး။ အရူးလိုဖြစ်နေတာပေါ့။ ဘာမှ အဓိပ္ပာယ်မရှိဘူး" လို့ သူကပြောပါတယ်။
KTLA ရဲ့ ကော်သူးလေနိုင်ငံ ကြေညာချက်ဟာ KNU က အကောင်အထည်ဖော်နေတဲ့ 'ကော်သူးလေပြည်နယ်' ကြေညာချက်ထွက်မယ့် အချိန်နဲ့ လည်း တိုက်ဆိုင်နေခဲ့ပါတယ်။
ကော်သူးလေပြည်နယ် သို့မဟုတ် ယူနစ်
မြန်မာနိုင်ငံမှာ ၁၉၆၄ ခုနှစ် အလွန်ကာလက ကရင်ပြည်နယ် ကို "ကော်သူးလေပြည်နယ်" ဆိုပြီး တရားဝင်သုံးနှုန်းခဲ့ဖူးပါတယ်။ ဗမာအစိုးရရဲ့ ဗဟိုအုပ်ချုပ်မှုအောက်မှာရှိခဲ့ပြီး ပြည်နယ်ရဲ့ မြို့တော်ဟာ ဘားအံမြို့ ဖြစ်ခဲ့ပါတယ်။
၁၉၇၄ ခုနှစ် ဆိုရှယ်လစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲလိုက်တဲ့အချိန်မှာ 'ကရင်ပြည်နယ်' အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့တာပါ။ KNU ကတော့ ကော်သူးလေပြည်နယ် (သို့) ယူနစ်တစ်ခု တည်ထောင်သွားမယ်လို့ ၂၀၂၅ ခုနှစ်မှာ ပြောထားပါတယ်။
KNU အကောင်အထည်ဖော်မယ့် ကော်သူးလေပြည်နယ် (သို့) ယူနစ် ကတော့ တရားမျှတရေး၊ တန်းတူညီမျှရေး၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းရေး အပေါ် အခြေခံတယ်လို့ KNU က ဆိုပါတယ်။
KNU တည်ထောင်မယ့် ကော်သူးလေပြည်နယ်ဟာ '' 'ပြည်နယ်အားကောင်းရေးမှသည် ပြည်ထောင်စုအားကောင်းရေး' ဆိုတဲ့မူကို ဆုပ်ကိုင်ထားတဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုမှာ ပြည်နယ်တစ်ခုအဖြစ် ပါဝင်လာမယ်'' လို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက ရှင်းပြပါတယ်။
'ကော်သူးလေပြည်နယ်' ဟာ ကရင်တမျိုးသားလုံးသာမက ဗမာ၊ မွန်အပါအဝင် တခြားသောတိုင်းရင်းသားတွေနဲ့လည်း သက်ဆိုင်တယ်လို့ KNU ကဆိုပါတယ်။
"ကရင်လူမျိုးအားဖြင့် မျက်စိထဲတန်းမြင်တယ်ဆိုပေမယ့် တကယ့်အနှစ်သာရကတော့ ကရင်လူမျိုးဆိုတာ မဖော်ပြလိုဘူး။ ဒီတိုင်းပြည်ထဲမှာ ပြည်သူလူထုသာလျင် အခရာဖြစ်တယ်၊ လူမျိုးအားလုံးနဲ့ သက်ဆိုင်တယ်" လို့ KNU ပြောခွင့်ရသူ ပဒိုစောတောနီးက ပြောပါတယ်။
ပဲခူးတိုင်းကစလို့ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းအထိ တပ်မဟာ ၇ ခု နဲ့ ဖြန့်ကြက်ချထားတဲ့ KNU ရဲ့ နယ်မြေတွေမှာ ကော်သူးလေပြည်နယ်တည်ထောင်သွားမှာဖြစ်ပါတယ်။
မြန်မာ-ထိုင်း နယ်စပ်တလျှောက် ကီလိုမီတာ ၁,၀၀၀ ကျော်ကိုလည်း KNU က ထိန်းချုပ်ထားနိုင်ပြီလို့ ပဒိုစောတောနီးက ပြောပါတယ်။
၁၉၄၉ ဇန်နဝါရီ ၃၀ ရက်မှာ ကရင်တော်လှန်ရေးစခဲ့ပြီး ရန်ကုန်မြို့က အင်းစိန်ကိုပါ ထိန်းချုပ်နိုင်ခဲ့သလို မန္တလေး၊ မေမြို့စတဲ့ မြို့ကြီးတွေကို သိမ်းပြီး တောင်ငူကို မြို့တော်လုပ်ခဲ့ပါတယ်။
သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို အုပ်ချုပ်ရေးစီမံခန့်ခွဲဖို့ လိုအပ်ချက်တွေ ရှိခဲ့လို့ ၁၉၄၉ ခုနှစ်၊ ဇွန်လ ၁၄ ရက်မှာ တောင်ငူမြို့မှာ အရေးပေါ်အစည်းအဝေးလုပ်ပြီး 'ကော်သူးလေအစိုးရ' ဖွဲ့စည်းခဲ့ပါတယ်။
အစိုးရအဖွဲ့ရဲ့ ပထမအကြိမ်အစည်းအဝေးမှာ အစိုးရဖွဲ့စည်းခဲ့တဲ့ ဇွန်လ ၁၄ ရက်ကို 'ကော်သူးလေနေ့' ဆိုပြီး သတ်မှတ်ခဲ့ပါတယ်။ KNU က အခုလို 'ကော်သူးလေပြည်နယ်' တည်ထောင်တာဟာ နှစ်ပေါင်း ၇၀ ကြာရှိပြီဖြစ်တဲ့ ၁၉၅၆ ခုနှစ် က ချမှတ်ခဲ့တဲ့ ကရင့်တော်လှန်ရေးဒုတိယလမ်းစဉ်ရဲ့ မူဝါဒတွေအတိုင်း အကောင်အထည်ဖော်တာ ဖြစ်တယ်လို့ ပဒိုစောတောနီးက ပြောပါတယ်။
ဒါ့ကြောင့် KTLA က ထုတ်ပြန်တဲ့ 'ကော်သူးလေသမ္မတနိုင်ငံ' ဆိုတာဟာ KNU နဲ့ မပတ်သက်ဘူး လို့ ကြေညာခဲ့တာပါ။
KNU ရဲ့ ကော်သူးလေပြည်နယ်မှာ ကော်သူးလေအတိုင်ပင်ခံကောင်စီ (KCC) ပေါ်လာမှာ ဖြစ်ပြီး ဥပဒေပြုရေးအခွင့်အာဏာရှိမှာဖြစ်ပါတယ်။ KCC မှာ ကော်သူးလေအမှုဆောင်ကော်မတီ (KEC) က အုပ်ချုပ်ရေးပိုင်းကို ကြီးကြပ်မှာဖြစ်ပြီး အဲဒီကတဆင့် ကော်သူးလေအစိုးရ (KG)ကို ဖွဲ့စည်းမှာ ဖြစ်တယ်လို့ KNU ရဲ့ ရေရှည်အစီအမံက ဆိုပါတယ်။
ဒီကော်သူးလေပြည်နယ်နဲ့ အစိုးရကို ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းမှာ ကြေညာသွားဖို့ရှိပေမယ့် ကွဲပြားနေတဲ့ အဖွဲ့အစည်းတွေ ရှိနေသေးလို့ တဆင့်ချင်းစီ အကောင်အထည်ဖော်နေပြီး အချိန်အနည်းငယ်ယူနေတယ်လို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက ပြောပါတယ်။
"ပါးစပ်ထဲတွေ့တဲ့ အတိုင်း ကော်သူးလေဆိုပြီး ပြောနေရင်လည်း သိပ်မဟန်ဘူး။ ကျွန်တော်တို့ ကော်သူးလေလို့ပြောလိုက်တိုင်း တစ်ယောက်တစ်ပေါက် နဲ့ ကော်သူးလေလျှောက်ပြောနေရင် သိက္ခာကျတယ်" လို့ ပဒိုစောတောနီးက ပြောပါတယ်။
KNA နဲ့ စစ်တပ် အကွဲအပြဲတွေ
မြန်မာမှာ ၂၀၂၁ စစ်တပ်က အာဏာမသိမ်းခင်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးထားတဲ့အထဲမှာ ကရင်လက်နက်ကိုင်တပ်တွေထဲက KNU၊ DKBA နဲ့ KNU/KNLA(PC) တို့ပါဝင်ပါတယ်။ ဗိုလ်စောချစ်သူရဲ့ ကရင်နယ်ခြားစောင့်တပ် BGF ကတော့ စစ်တပ်နဲ့ ပေါင်းပြီး ရွှေကုက္ကိုနဲ့ မြဝတီမြို့ကို ထိန်းချုပ်ထားခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ၂၀၂၁မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ကို စစ်တပ်က ချိုးဖောက်တယ်ဆိုကာ KNU နဲ့ စစ်တပ်ကြားဆက်ဆံရေးပြတ်တောက်ခဲ့ပါတယ်။
ကရင်ပြည်နယ်မှာ အင်အားကြီးလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ ကရင်နယ်ခြားစောင့်တပ် BGF က ၂၀၂၆၊ ဇန်နဝါရီ ၁ ရက်မှာ ကရင်အမျိုးသားတပ်မတော် (KNA) ဆိုပြီး ပြောင်းလဲလိုက်ပါတယ်။
တပ်နယ် ၄ ခုမှာ နှစ်ခုက KNA အမည် ပြောင်းလိုက်ပြီး နောက်တပ်နယ် နှစ်ခုကတော့ BGF အဖြစ် ရှိနေပါတယ်။ ဒါကို စစ်တပ်က လက်မခံပဲ မြဝတီမြို့ပေါ်ကနေ KNA ကို ဆုတ်ခွာခိုင်းထားတယ်လို့ သတင်းတွေထွက်လာပါတယ်။
DKBA နဲ့ KNU/KNLA- PC အဖွဲ့ အယောင်ဆောင်ထားသူတွေကို စစ်ဆေးအရေးယူမှာဖြစ်လို့ ဒီနှစ်ဖွဲ့ရဲ့ တပ်ဖြန့်တည်နေရာတွေ၊ တပ်ဖွဲ့ဝင်တွေရဲ့ အမည်စာရင်းနဲ့ ဓာတ်ပုံတွေကို ဇန်နဝါရီနောက်ဆုံးပတ်မှာ စာရင်းပို့ပေးဖို့ DKBA နဲ့ PC အဖွဲ့တွေကို စစ်တပ်က ပြောဆိုထားပါတယ်။
"အဓိကကတော့ BGF ကို နှိမ်နှင်းချင်တာထက် KNA ကို နှိမ်နင်းချင်တာ" လို့ ကရင်စစ်ရေးသတင်းအရင်းမြစ်က ပြောပါတယ်။
ဒီလို ပြောင်းလဲလိုက်ပြီး ၁၂ ရက်အကြာမှာ KNA တံဆိပ်ပြောင်းခဲ့တဲ့ BGF တပ်နယ် ၂ နယ်မြေအတွင်းက စခန်းနှစ်ခုကို စစ်တပ်က လေကြောင်းသာမက အသေခံဒရုန်းတွေနဲ့ပါ တိုက်ခိုက်ခဲ့ပါတယ်။
လှိုင်းဘွဲ့ နဲ့ ရွှေကုက္ကိုမြိုင်ဒေသမှာ တပ်စွဲထားတဲ့စစ်တပ်ကလည်း BGF တပ်တွေနဲ့ အတူ နောက်ဆုတ်သွားခဲ့ပြီး အဲဒီနေရာတွေကို KNA က ဆက်ပြီး ထိန်းချုပ်ထားတယ်လို့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP Myanmar) ရဲ့ ဇန်နဝါရီ ၂၆ ရက်ထုတ် အစီရင်ခံတစ်စောင်မှာ ဖော်ပြပါတယ်။
လက်ရှိမှာ မြဝတီက နယ်စပ်ကုန်သွယ်ရေးစခန်းကို KNA နဲ့ စစ်တပ်က မျှဝေထိန်းချုပ်ထားပြီး ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့နေရာတွေကိုတော့ KNA က ထိန်းချုပ်ထားတယ်လို့ ISP Myanmar က ဆိုပါတယ်။
အာရှလမ်းပိုင်းပိတ်ထားလို့ ကုန်သွယ်ရေးအတွက် အစားထိုးအသုံးပြုနေတဲ့ ထော့ကော်ကိုးလမ်း၊ ကြက်ဥတောင်လမ်းကိုလည်း KNA အပါအဝင် တခြားကရင်လက်နက်ကိုင်အဖွဲ့တွေက ပူးပေါင်းထိန်းချုပ်ထားပါတယ်။
ထိုင်း-မြန်မာကုန်သွယ်ရေးအတွက် အရေးပါတဲ့ မြဝတီမြို့ကို စစ်တပ်က KNA ရဲ့ အကူအညီမပါဘဲ ထိန်းချုပ်နိုင်ဖို့ ခက်ခဲလိမ့်မယ်လို့ ISP Myanmar က သုံးသပ်ပါတယ်။
တခြားကရင်လက်နက်ကိုင်အဖွဲ့တွေရဲ့ ရပ်တည်ချက်
ရပ်တည်ချက်မတူတဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေအကြား ''ကော်သူးလေသမ္မတနိုင်ငံ' ဆိုတာမျိုး ထွက်လာပြီး KNA ကတော့ ပြည်ထောင်စုကနေခွဲထွက်သွားမှာမဟုတ်ဘူးလို့ ပြောပါတယ်။
"KNA အနေနဲ့ ပြောမယ်ဆိုရင် ပြည်ထောင်စုကနေ မခွဲထွက်ဘူး။ လက်ရှိ မိမိဒေသမှာ ငြိမ်းငြိမ်းချမ်းချမ်း နဲ့ တစ်နေ့နေ့၊ တစ်ချိန်ချိန်ကြရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရနိုင်ဖို့ သွေးမြေကျခြင်းမရှိဘဲ ကျွန်တော်တို့ ကြိုးစားနေတာ" လို့ KNA ပြောခွင့်ရသူ ဗိုလ်မှူးနိုင်မောင်ဇော်က ဇန်နဝါရီလအစောပိုင်းက ဘီဘီစီကို ပြောပါတယ်။
မြန်မာစစ်တပ်နဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA - PC) ကတော့ NCA မှာပါတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုတဲ့အချက်အတိုင်း ကြိုးပမ်းမှုတွေရှိတယ်လို့ KNU/KNLA - PC ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် စောကျော်ညွန့်က ဘီဘီစီကို ပြောပါတယ်။
"NCA မှာပါတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့နေရာမှာ ကိုယ့်ပြည်နယ်မှာ ကရင်ပြည်နယ်လို့ပဲခေါ်ခေါ်၊ ကော်သူးလေပြည်နယ်လို့ပဲခေါ်ခေါ် အဲဒီပြည်နယ်ရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဖော်ညွှန်းပေးနိုင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာဖို့၊ ရှိလာဖို့၊ လိုအပ်လာတဲ့ တစ်နေ့ကျရင်အဆင်သင့်ဖြစ်ဖို့ ကြိုးပမ်းမှုတွေရှိပါတယ်။"
ဒီအတွက် ရှေ့ဆက်ပူးပေါင်းလုပ်ဆောင် ရမယ့်လုပ်ငန်းစဉ် တွေ ရှိသေးတယ်လို့ သူကပြောပါတယ်။
ဒီရည်မှန်းချက်အကောင်အထည်ဖော်ဖို့ NCA မှာပါတဲ့ အနှစ်သာရ သုံးချက်ကို လက်စွဲကိုင်ထားတယ်လို့ ဗိုလ်မှူးကြီး စောကျော်ညွန့် ကပြောပါတယ်။
- နိုင်ငံရေးပြဿနာကို စစ်ရေးနည်းနဲ့ မဟုတ်ဘဲ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်
- သက်ဆိုင်သူများအားလုံးပါဝင်ရေး
- အရပ်သားများကို အကာအကွယ်ပေးရေး
KNU က အကောင်အထည်ဖော်နေတဲ့ 'ကော်သူးလေပြည်နယ်' မှာတော့ တခြားတိုင်းရင်းသားလူမျိုးတွေ ရဲ့ ပူးပေါင်းပါဝင်မှုကို အသိအမှတ်ပြုတယ်လို့ KNU/KNLA - PC ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောပါတယ်။
"ကျွန်တော်တို့ အမြဲပြောပြောနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှသာလျှင် ဖက်ဒရယ်ပြည်ထောင်စု အခိုင်အမာတည်ဆောက်နိုင်မှာဖြစ်လို့ ဒီလိုကြိုးပမ်းမှုအပေါ်မှာ ဒီနိုင်ငံမှာရှိနေတဲ့ တခြားသော တိုင်းရင်းသားလူမျိုးတွေရဲ့ ပါဝင်မှုကိုလည်း အသိအမှတ်ပြုတယ်လို့ အကောင်းဘက်က ပြောချင်ပါတယ်။"
ကရင်ပြည်နယ်ထဲက နောက်ထပ်လက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့ ဒီမိုကရေစီကရင့်အကျိုးပြုတပ်မတော် (DKBA) ကတော့ ကော်သူးလေပြည်နယ်တစ်ခုရအောင် ကြိုးစားနေတယ်လို့ DKBA တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"ကော်သူးလေအိပ်မက်ကတော့ ကျွန်တော်တို့မှာ ရှိတာပေါ့။ နိုင်ငံမရရင်တောင် State (ပြည်နယ်)တော့ ရအောင် လုပ်နေကြတာပဲ။ အခုတော့ အတတ်နိုင်ဆုံး ပြန်ပြီးတော့ စုစည်းနေတာပဲ။ ခက်တာက ကရင်မှာ ရှိတာ လေးဖွဲ့၊ ငါးဖွဲ့ရှိတာ ကိုယ့်လူမျိုးတွေ တစ်ယောက် တစ်ပေါက်ဖြစ်နေတာ" လို့သူက ပြောပါတယ်။
ကရင်လက်နက်ကိုင်အဖွဲ့တွေစည်းလုံးညီညွတ်ရေးကော်မတီရဲ့ အစည်းအဝေးတွေကလည်း စစ်တပ်အာဏာသိမ်းမှုပြီးကတည်းက အားလုံးပါဝင်နိုင်ခြင်းမရှိတော့ပါဘူး။
ကော်မတီထဲပါတဲ့ KNU ကိုလည်း စစ်ကော်မရှင်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားပါတယ်။ ဒါပေမယ့် ကရင်လက်နက်ကိုင်တွေကိုယ်စီမှာ အချင်းချင်း စည်းလုံးဖို့ဆိုတဲ့ စိတ်ဆန္ဒတွေ ရှိနေမယ်လို့ KNU/KNLA- PC ပြောခွင့်ရသူ ဗိုလ်မှူးချုပ် စောကျော်ညွန့်က ယုံကြည်နေပါတယ်။
"သာမန်မဟုတ်တဲ့ နိုင်ငံရေးအခြေအနေတစ်ခုအောက်မှာ ကျွန်တော်တို့လှုပ်ရှားမှုတွေက မှေးမှိန်နေတယ်ဆိုပေမဲ့ ကရင်လက်နက်ကိုင်စည်းလုံးညီညွတ်ရေးကော်မတီကတဆင့် ကရင်တမျိုးသားလုံးရဲ့ ပံ့ပိုးကူညီဆောင်ရွက်မှုနဲ့ ကွဲကွာနေတဲ့ ကရင်အဖွဲ့အစည်းတွေ တစည်းတလုံးတည်း ပြန်လည်သွားလိုတဲ့ အာသီသ၊ စိတ်ကူး၊ စိတ်သန်းတွေကတော့ ကိုယ်စီရှိကြပါတယ်။"
KNU ပြောခွင့်ရ ပဒိုစောတောနီးကတော့ လွတ်လပ်ရေးကာလအပြီး ကရင့်ခေါင်းဆောင်တွေ ကြေညာခဲ့တဲ့ 'ကော်သူးလေနိုင်ငံ' ကို နိုင်ငံတကာအသိအမှတ်မပြုခဲ့တာကြောင့် ဒါကို သင်ခန်းစာယူပြီး အခုတခေါက်မှာ ပြင်ဆင်သွားမယ်လို့ ပြောပါတယ်။
KNU က ကြေညာမယ့် 'ကော်သူးလေပြည်နယ် သို့မဟုတ် ယူနစ်' မှာ DKBA၊ BGF၊ KNA လို တခြားကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ ရဲ့ ပူးပေါင်းပါဝင်မှု ရှိလာမလား လို့ ပဒိုစောတောနီးကို ဘီဘီစီကမေးခဲ့ပါတယ်။
"တခြားအဖွဲ့တွေ မပါဘူးလားဆိုတော့ ပါတယ်။ သို့သော်လက်ရှိ အနေအထားအရ တစ်ဆင့်ချင်းစီ သွားနေရတဲ့ အနေအထားမှာရှိတယ်။ ရေရှည်ရည်မှန်းချက်အနေနဲ့ လည်း ကျွန်တော်တို့ ချမှတ်ထားပြီးသား ဖြစ်တဲ့အတွက် တဆင့်ချင်းစီ သွားဖို့ပဲရှိပါတယ်" လို့ သူက ရှင်းပြပါတယ်။
တစ်ဖက်မှာလည်း ကရင်ပြည်နယ်မှာ BGF က အမည်ပြောင်းပြီး KNA ပေါ်လာသလို နဲ့ KTLA လို အဖွဲ့တွေထပ်တိုးလာလို့ ကရင်လက်နက်ကိုင် ၆ ဖွဲ့အထိ ရှိလာပြီး ရပ်တည်ချက်တွေနဲ့ အကျိုးစီးပွားတွေကလည်း မတူကြတော့ပါဘူး။