ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာဏာမပြောင်းတဲ့''ထိုင်း''- မြန်မာစီးပွားရေးသမားတွေနဲ့ လုပ်သားတွေအတွက် အခွင့်အလမ်းလား၊ စိုးရိမ်စရာလား
ထိုင်းနိုင်ငံရဲ့ ၂၀၂၆ ရွေးကောက်ပွဲရလဒ်အရ လက်ရှိအာဏာရ ဖုန်ကျိုင်ထိုင်းပါတီက မဲအပြတ်အသတ်နဲ့ နိုင်ပြီး အစိုးရအာဏာကို လက်ရှိဝန်ကြီးချုပ် အနုတင် ချန်ဝီရကူလ်က ဆက်ပြီး ဆုပ်ကိုင်သွားမှာဖြစ်ပါတယ်။
ပြုပြင်ပြောင်းလဲရေးပါတီ၊ ဒီမိုကရက်ပါတီအဖြစ် လူငယ်ကြိုက် ရေပန်းစားတဲ့ လိမ္မော်ရောင် ပြည်သူ့ပါတီက ဒုတိယအဆင့်နဲ့ အစိုးရမဖွဲ့နိုင်ဘဲ အတိုက်အခံအဖြစ်သာ ဆက်ရှိတော့မှာပါ။
ဒါတင်မက ဖုန်ကျိုင်ထိုင်းဟာ အရင်က တားမနိုင်ဆီးမရ အမြဲနိုင်ပါတီလို့ အမည်တွင်တဲ့အထိ လူထုထောက်ခံမှုများခဲ့တဲ့ ရှပ်နီပါတီလို့ သိကြတဲ့ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ်ရဲ့ ဖုအာထိုင်းပါတီကို ကျော်တက်ပြီး မဲအပြတ်အသတ်တဲ့အနိုင်ရပါတီ ဖြစ်လာတာပါ။
ပြုပြင်ပြောင်းလဲရေးကို ဦးစားပေးတဲ့ ပြည်သူ့ပါတီ အသာစီးရနိုင်မယ်ဆိုတဲ့ခန့်မှန်းချက်တွေအပါအဝင် ရွေးကောက်ပွဲအကြိုစစ်တမ်းတွေနဲ့ ပြောင်းပြန်ဖြစ်ပြီး ဘာကြောင့် ဆေးခြောက်ပါတီလို့လူသိများတဲ့ ဖုန်ကျိုင်ထိုင်းပါတီက အနိုင်ရသွားတာလဲ။ ဖုန်ကျိုင်ထိုင်းကြောင့် မြန်မာလုပ်သားတွေအရေးနဲ့ ထိုင်းမှာ ရင်းနှီးမြှုပ်နှံထားတဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်မလဲ။
ဖုန်ကျိုင်ထိုင်းကို အနိုင်ရစေတဲ့အချက်
ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခကြောင့် ထိုင်းပြည်တွင်းမှာ အမျိုးသားရေးလှုပ်ရှားမှုတွေအားကောင်းနေမှုက အမျိုးသားရေးအသားပေးတဲ့ လက်ရှိအာဏာရအစိုးရအဖွဲ့ရဲ့ ဖုန်ကျိုင်ထိုင်းပါတီအနိုင်ရစေဖို့ အဓိကတွန်းအားဖြစ်ခဲ့ပါတယ်။
ထိုင်း-ကမ္ဘောဒီးယားစစ်ပွဲကြောင့် ရှေးရိုးစွဲဝါဒီတွေရဲ့ ထောက်ခံမှုတွေအပြင် ဝန်ကြီးချုပ်အနုတင်ဟာ ထိုင်းနိုင်ငံရေးမှာ အရေးပါတဲ့ အာဏာပါဝါ ခွဲဝေရေး အပေးအယူလုပ်ရာမှာ ပါးနပ်ကျွမ်းကျင်တဲ့သူဖြစ်တာကလည်း ဖုန်ကျိုင်ထိုင်းပါတီ အောင်ပွဲခံဖို့ဖြစ်လာစေခဲ့တဲ့အကြောင်းရင်းလို့ ဘီဘီစီရဲ့ အရှေ့တောင်အာရှဆိုင်ရာ သတင်းထောက် ဂျွန်နသန်ဟက်က ပြောပါတယ်။
နောက်ထပ်အချက်တွေကတော့ စီးပွားရေးပြန်ကောင်းလာချင်တဲ့ ထိုင်းလူထုရဲ့ ဆန္ဒနဲ့ လူလတ်ပိုင်းနဲ့ လူကြီးပိုင်းမဲဆန္ဒရှင်တွေများခဲ့တာကြောင့် ဖြစ်ပါတယ်။
ဖုန်ကျိုင်ထိုင်း အနိုင်ရစေခဲ့တဲ့ အကြောင်းတွေထဲက တချို့ကတော့ -
- လက်ရှိအစိုးရဖြစ်တဲ့အားသာချက်ရှိတာ
- Gen Z လို့ခေါ်တဲ့ ပထမဆုံးအကြိမ် မဲပေးခွင့်ရှိသူ လူငယ် ၃ သန်းပဲရှိနေတာ
- သက်ကြီးရွယ်အိုတွေကို အခွန်လျှော့ပေး၊ ထောက်ပံ့ကြေးပေးမယ့်မူဝါဒ
- ထိုင်းစီးပွားရေး နာလန်ထူဖို့ အိမ်ထောင်စုတွေရဲ့ ကြွေးမြီမူဝါဒတွေ ပြင်ဆင်ပေးမယ့် မူဝါဒ
- တခြားပါတီတွေက လွှတ်တော်ကိုယ်စားလှယ်တွေက ဖုန်ကျိုင်ထိုင်းပါတီကိုပြောင်းခဲ့တာ
ဖုန်ကျိုင်ထိုင်းရဲ့ မူဝါဒထဲမှာ နိုင်ငံမှာတင်နေတဲ့ အစိုးရရဲ့ အကြွေးကို လျော့ပါးအောင်လုပ်မယ်ဆိုတာနဲ့ အိမ်ထောင်စုတစ်ခုချင်းတင်နေတဲ့ ကြွေးမြီကို လျော်ပေးမယ်ဆိုတဲ့ မူဝါဒတွေက မဲဆန္ဒရှင်တွေအတွက်အကြိုက်ဖြစ်ခဲ့တယ်လို့ ထိုင်းနိုင်ငံမှာ နှစ်ပေါင်းများစွာ နေလာတဲ့ နိုင်ငံရေးအကဲခတ် ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။
ဦးအောင်သူငြိမ်းက ထိုင်း-မြန်မာ ဆက်ဆံရေးကို ကာလရှည်လေ့လာဆန်းစစ်သူဖြစ်သလို ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့မဟာဗျူဟာနဲ့မူဝါဒရေးရာလေ့လာရေးအင်စတီကျု (ISP Myanmar) ရဲ့ ညွှန်ကြားရေးမှူးဖြစ်ပါတယ်။
ထိုင်းသတင်းတွေကတော့ မဲဆန္ဒရှင်တွေဟာ ထိုင်းစီးပွားရေးပြန်ကောင်းဖို့နဲ့ နိုင်ငံရေးတည်ငြိမ်ဖို့လိုလားကြတာက အာဏာရပါတီအတွက် အားသာချက်ဖြစ်ခဲ့တာလို့ သုံးသပ်ထားကြပါတယ်။
''ထိုင်းမဲဆန္ဒရှင်တွေရဲ့ ဆန္ဒက ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုထက် စီးပွားရေးနဲ့ နိုင်ငံရေးတည်ငြိမ်မှုကို လိုလားတယ်။ ကုန်ဈေးနှုန်းမြင့်တက်မှု၊ အကြွေးများနေတာနဲ့ ဝင်ငွေမလုံလောက်မှုပြဿနာကို လက်ရှိအာဏာရပါတီက ဖြေရှင်းပေးနိုင်မယ်လို့ ယုံကြည်နေကြတယ်'' လို့ ဘန်ကောက်အခြေစိုက် ထိုင်း-မြန်မာအရေး အကဲခတ်တစ်ဦးက ပြောပါတယ်။
စစ်အာဏာသိမ်းမှုတွေ၊ ဘုရင်စနစ်အပေါ် ဝေဖန်ဆန္ဒပြမှုတွေနဲ့ မကြာခဏအစိုးရအပြောင်း အလဲတွေကို ကြုံရတဲ့ ထိုင်းလူထုက ဒီအခြေအနေကို ထပ်မကြုံချင်ကြတော့ဘူးလို့ ကောက်ချက်ချကြပါတယ်။
"အစိုးရပြောင်းရင် မတည်ငြိမ်မှု ပြန်လာနိုင်တယ်၊ မပြောင်းဘဲ ဆက်ထားတာက ပိုလုံခြုံမယ် ဆိုတဲ့ အမြင်က မဲပေးမှုအပေါ် သက်ရောက်ခဲ့တာ'' လို့ ဘန်ကောက်အခြေစိုက် ထိုင်း-မြန်မာအရေး အကဲခတ်တစ်ဦးက ပြောပါတယ်။
အာဏာရပါတီဟာ မြို့ကြီးတွေထက် ခရိုင်မြို့တွေနဲ့ ကျေးလက်ဒေသတွေမှာ နိုင်ငံရေးကွန်ရက်တွေကို ဖြန့်ကြက်ထားနိုင်ခဲ့တာကလည်း မဲပိုရနိုင်တဲ့အားသာချက်ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ဖုန်ကျိုင်ထိုင်းပါတီအနိုင်ရတယ်ဆိုတဲ့ ပြောဆိုချက်ထွက်လာချိန်မှာပဲ မဲကိုငွေပေးဝယ်တယ်ဆိုတဲ့ စွပ်စွဲချက်တချို့လည်းထွက်လာပါတယ်။
''ဘန်ကောက်ဘဏ်ကနေ ငွေသား ဘတ်သန်း ၂၅၀ လောက်အထိ ထုတ်သွားတယ်ဆိုတဲ့ အချက်အလက်ကနေ မဲဝယ်တယ်ဆိုတဲ့ သတင်းတွေထွက်လာတာ'' လို့ ဦးအောင်သူငြိမ်းက ထိုင်းသတင်းတွေကို ကိုးကားပြောပါတယ်။
ထိုင်းနိုင်ငံတွင်းက ခရိုင် ၄ ခုလောက်မှာ ဒီလိုစွပ်စွဲချက် သတင်းတွေပျံ့နှံ့နေပြီး ထိုင်းရွေးကောက်ပွဲကော်မရှင်ကတော့ ဒီစွပ်စွဲချက်တွေကို စိစစ်မယ်လို့ပြောထားပါတယ်။
ပြည်သူ့ပါတီနဲ့ ဖုအာထိုင်းပါတီတို့ ဘာကြောင့်ရှုံး
Peoples' Party- ပြည်သူ့ပါတီ (အရင်က လိမ္မော်ရောင်၊ ၂၀၂၃ ရွေးကောက်ပွဲအနိုင်ရပါတီ Move Forward Party) က မဲဆွယ်ကာလမှာ ဒီမိုကရေစီနဲ့ ပြုပြင်ပြောင်းလဲရေးကို အလေးပေးပြောသလို လူငယ်တွေ ပိုကြိုက်ခဲ့ပါတယ်။
အနောက်နိုင်ငံတွေမှာ ပညာသင်ကြားလာကြတဲ့ ပညာတတ်လူငယ်တွေ ဦးဆောင်တဲ့ ဒီပါတီက မြို့ကြီးပြကြီးတွေမှာ မဲအရေအတွက်ပိုရခဲ့ပေမယ့် ကျေးလက်နယ်ဒေသတွေမှာ မဲကွဲခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ မဲပေးခွင့်ရှိသူ ၅၃ သန်းထဲမှာ လူလတ်ပိုင်းနဲ့လူကြီးပိုင်းမဲဆန္ဒရှင်တွေများခဲ့တာကလည်း ပြည်သူ့ပါတီအတွက် မဲကွဲဖို့ မဲနည်းဖို့ ဖြစ်စေခဲ့ပါတယ်။
''ပြည်သူ့ပါတီက မြို့ပေါ်မှာ အားကောင်းပေမဲ့ ဒေသန္တရကွန်ရက်တွေမှာ အားနည်းတယ်။ နိုင်ငံရေးအရ အဆက်အသွယ်တွေ အားနည်းတယ်။ နောက်တစ်ချက်က ပါတီတွင်းမှာပဲ မူဝါဒညှိနှိုင်းရတဲ့ပြဿနာ ရှိတယ်။ နောက်တစ်ချက်က ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ကြွေးကြော်သံတွေအမြင့်ကြီးတင်ထားခဲ့ပေမဲ့ အဲဒီအတိုင်းမလုပ်နိုင်ခဲ့တာကလည်း အခုတစ်ကြိမ်မှာ သူတို့ကိုယုံကြည်မှုအားနည်းသွားတဲ့အချက် ဖြစ်နိုင်တယ်'' လို့ ဦးအောင်သူငြိမ်းက ကောက်ချက်ချပါတယ်။
ရွေးကောက်ပွဲဝင်ပြိုင်တိုင်းမှာ လူထုထောက်ခံမှုအမြင့်ဆုံးရလေ့ရှိတဲ့ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ်ရဲ့ ဖုအာထိုင်းပါတီကလည်း ဒီတစ်ကြိမ်ရွေးကောက်ပွဲမှာတော့ လူထုထောက်ခံမှုကျဆင်းသွားပြီး တတိယအဆင့်အထိ ရောက်သွားပါတယ်။
ဝန်ကြီးချုပ်ဟောင်းသက်ဆင်က ထောင်တွင်းမှာ အကျဥ်းကျခံနေရချိန်၊ ပါတီခေါင်းဆောင် သမီးဖြစ်သူ ဝန်ကြီးချုပ်ပေထုန်တန်က ထိုင်း-ကမ္ဘောဒီးယားအရေးမှာ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်နဲ့ စကားမှားခဲ့လို့ လူထုအမျက်ရှထားတာတွေက ဖုအာထိုင်းကို မဲပေးထောက်ခံမှု လျော့သွားစေတဲ့အချက်တွေ ဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ရခဲ့တဲ့မဲတွေနဲ့ နှိုင်းယှဥ်ရင် မဲအရေအတွက် ထက်ဝက်လောက်အထိ ကျဆင်းသွားခဲ့တာပါ။ ဒါ့အပြင် သက်ဆင်က အကျဉ်းထောင်ထဲရောက်နေပြီး မိသားစုကောင်းစားရေးကိုပဲ အမြဲရှေ့တန်းတင်နေတယ်လို့ ထိုင်းလူထုရဲ့ ရှုမြင်မှုတွေကြောင့်လို့ ထိုင်းအရေးလေ့လာသူ ဦးကျော်လင်းဦးက ပြောပါတယ်။
ဒီတစ်ကြိမ်မှာ ဖုအာထိုင်းပါတီကတင်တဲ့ ဝန်ကြီးချုပ်လောင်းကလည်း ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ တူတော်စပ်သူဖြစ်ပါတယ်။
''ဒီတစ်ကြိမ်မှာ သက်ဆင်က ထောင်ထဲရောက်နေတော့ ပါတီရဲ့ မူဝါဒနဲ့ဗျူဟာကိုမလုပ်နိုင်ဘူး။ သူတို့ပါတီရဲ့အမာခံ ချင်းမိုင်မှာဆိုရင်လည်း ၂၀၂၃ ရွေးကောက်ပွဲကတည်းက အခြေပျက်လာတယ်။ ၂၀၂၆ မှာပြန်ကြည့်ရင်လည်း ဖုအာထိုင်းက ချင်းမိုင်မှာ တစ်နေရာမှမနိုင်ဘူး'
''နောက်တစ်ချက်က တစ်ခါလာရင် သမီးကို ဆွဲထုတ်လိုက်၊ ညီမကို ဆွဲထုတ်လိုက်နဲ့ အခုတစ်ကြိမ်မှာ တူတော်မောင်ကို ဆွဲထုတ်လာတာကို လူတွေက စိတ်ပျက်လာတယ်'' လို့ ဦးအောင်သူငြိမ်းက ဆက်ပြောပါတယ်။
အာဏာမပြောင်းတဲ့ အစိုးရသစ်နဲ့ မြန်မာ့အရေး
ဖုန်ကျိုင်ထိုင်းပါတီကပဲ အာဏာဆက်ရလို့ ထိုင်းနိုင်ငံရေးတည်ငြိမ်မှုကိုမြင်သာပေမဲ့ ထိုင်းမြေထဲမှာ နေထိုင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ထားတဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်များအတွက် "ဘာများဆက်ဖြစ်မလဲ" ဆိုတဲ့ မေးခွန်းတွေ ပေါ်ထွက်လာပါတယ်။
လက်ရှိကာလ အစိုးရရဲ့ မူဝါဒတွေက ရွှေ့ပြောင်းလုပ်သားတွေရဲ့ အလုပ်ခွင့်၊ နေထိုင်ခွင့်နဲ့ နယ်စပ်ရေးရာတွေအပေါ် ဆက်ပြီး သက်ရောက်နိုင်တယ်ဆိုတဲ့ ယူဆချက်တွေလည်း မြန်မာလုပ်သားအရေးဆောင်ရွက်သူတချို့မှာ ရှိကြပါတယ်။
''အာဏာရအဖွဲ့ မပြောင်းလဲခြင်းက မူဝါဒအချို့ ဆက်တည်နိုင်တယ်'' လို့ ထိုင်းအခြေစိုက် အလုပ်သမားအရေးဆောင်ရွက်သူ ကိုစိုင်းက ခန့်မှန်းပါတယ်။
မြန်မာပြည်တွင်းမှာ စစ်တပ်ရဲ့ရွေးကောက်ပွဲပြီးသွားပေမဲ့ နိုင်ငံရဲ့အခြေအနေကပြောင်းလဲမှုမရှိမတည်ငြိမ်သေးသရွေ့၊ မြန်မာ-ထိုင်းနယ်စပ်က အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်) ပြဿနာကို ထိရောက်စွာနှိမ်နင်းနိုင်တာ မရှိသရွေ့ ထိုင်းဘက်ကလည်း မြန်မာနဲ့နယ်စပ်မှာ လူဝင်မှုကြီးကြပ် ရေးဆိုင်ရာစည်းမျဥ်းတွေကို ဆက်ပြီးတင်းကျပ်ထားမယ်လို့ တွက်ချက်ကြပါတယ်။
တစ်ဖက်မှာလည်း မြန်မာမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ငွေကြေးပမာဏအင်အားတောင့်တင်းတဲ့မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေက ထိုင်းဘက်မှာ ရင်းနှီးမြှုပ်နှံမှုတွေကို ချဲ့ထွင်ထားကြပါတယ်။
အဲဒါက ထိုင်းမှာရှိတဲ့ ငွေကြေးစနစ်လုံခြုံမှုနဲ့ စီးပွားရေးအခွင့်အလမ်းတွေကြောင့်လို့ ပြောသလို မြန်မာ သန်းနဲ့ချီ ထိုင်းကိုရွှေ့လာတာကလည်း လုပ်ငန်းရှင်တွေက သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ထိုင်းကိုရွှေ့လာကြတဲ့အချက်တစ်ချက် ဖြစ်ပါတယ်။
ထိုင်းမှာရင်းနှီးမြှုပ်နှံမှုလုပ်လိုသူတွေကို စီးပွားရေးဆိုင်ရာအကြံပြုတဲ့ မြန်မာနိုင်ငံသားစီးပွားရေးအကျိုးဆောင်တစ်ဦးနဲ့ ဘီဘီစီက စကားပြောခဲ့ပါတယ်။ မြန်မာလုပ်ငန်းရှင်တွေအနေနဲ့ လာမယ့်အစိုးရသစ်ကာလမှာ ပိုပြီးခိုင်မာအားကောင်းတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အထောက်အထားတွေကို ရွှေ့ပြောင်းကိုင်တွယ်ထားဖို့လိုအပ်တယ်လို့ သူက အကြံပြုပါတယ်။
''အလယ်အလတ်နဲ့ အောက်ခြေမှာ အဆင်ပြေသလိုပုံစံနဲ့ လုပ်ငန်းတွေဖွင့်ထားတဲ့မြန်မာလုပ်ငန်းတွေအတွက် အရမ်းစိုးရိမ်ရတယ်။ ဒါက လက်ရှိအစိုးရမကြိုက်တဲ့ပြဿနာဖြစ်နေလို့ နောက်အစိုးရကလည်း ဒါကို ဖိဖိစီးစီးလုပ်လာမှာ သေချာတယ်'' လို့ စီးပွားရေးအကျိုးဆောင်က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ဘတ်သန်းနဲ့ချီ စီးပွားရေးရင်းနှီးမြှုပ်နှံမယ့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ ရင်းနှီးမြှုပ်နှံမှုကို နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူ ၁၀၀ ရာခိုင်နှုန်းပိုင်နိုင်တဲ့နည်းလမ်း ၂ ခုရှိပါတယ်။
FBL လို့ခေါ်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလိုင်စင်နဲ့ BOI လို့ခေါ်တဲ့ Board of Investment အောက်မှာ ကုမ္ပဏီထောင်ထားနိုင်တဲ့နည်းလမ်းတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်း ၂ ခုက ငွေကြေးရင်းနှီးမြှုပ်နှံရမယ့်ပမာဏ အဆမတန်များလို့ ထိုင်းမှာ ရင်းနှီးမြှုပ်နှံမှုလုပ်လိုတဲ့မြန်မာလုပ်ငန်းရှင်အများစုက ထိုင်းလူမျိုးတစ်ဦးအမည်ခံပေးတဲ့ ၅၁/ ၄၉ ရာခိုင်နှုန်း အချိုးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ လုပ်ငန်းလုပ်တာ ပိုများပါတယ်။
ဒါပေမဲ့ လက်ရှိအစိုးရလက်ထက်မှာ တင်းကျပ်ကိုင်တွယ်လာတဲ့အထဲမှာ ငွေကြေးရင်းနှီးမြှုပ်နှံမှု ပမာဏအကြီးစားမဟုတ်တဲ့ ထိုင်းနိုင်ငံသား နာမည်ခံပေးတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို ပိုစိစစ်လာတာကြောင့် မြန်မာနိုင်ငံသားစီးပွားရေးသမားတွေ သတိထားဖို့ မြန်မာနိုင်ငံသားစီးပွားရေးအကျိုးဆောင်က အကြံပြုပါတယ်။
''မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေ အထူးသတိထားရမှာက ငွေကြေးအရွှေ့အပြောင်းဖြစ်တယ်။ ကုမ္ပဏီထဲက ငွေတစ်ကြောင်းထွက်ရင် အဲဒီလမ်းကြောင်းက တိတိကျကျရှိရမယ်။ အထူးသဖြင့် AI သုံးပြီး အခွန်ဌာနက ကျပန်းစစ်ဆေးမှုတွေ ပိုတိုးလုပ်လာတဲ့အတွက် အလွယ်နည်းလမ်းနဲ့ လုပ်ငန်းလုပ်နေတဲ့ မြန်မာလုပ်ငန်းတွေ တော်တော်ကို စိစစ်ခံလာရတယ်'' လို့ စီးပွားရေးအကျိုးဆောင်က ပြောပါတယ်။
လက်ရှိထိုင်းအစိုးရကပဲ အစိုးရသစ်ဖြစ်လာမယ့်အချက်က နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေအပေါ် တင်းကျပ်လာမှာကိုစိုးရိမ်သလားဆိုတဲ့ မေးခွန်းကို ဘန်ကောက်မှာ မြန်မာစားသောက်ဆိုင်ဖွင့်ထားတဲ့မြန်မာလုပ်ငန်းရှင်တစ်ဦးကို ဘီဘီစီက မေးခဲ့ပါတယ်။
မြန်မာလုပ်ငန်းရှင်က အကောင်းဘက်ကရှုမြင်ပြီး အခွန်နဲ့ လိုင်စင်ကြေးတွေသတ်မှတ်သလောက် ပေးသွင်းထားတဲ့ တရားဝင်လုပ်ငန်းတွေကို ဘယ်လိုပယောဂကြောင့်မှ အစိုးရက အထိခံမှာမဟုတ်ဘူးလို့ သူက ဆိုပါတယ်။
ဒါအပြင် ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးတည်ငြိမ်မှု ဆက်လက်ရှိနေမယ်ဆိုရင် စီးပွားရေးပြန်တက်လာနိုင်ပြီး စီးပွားရေးအခွင့်အလမ်းတွေ ပိုရှိလာနိုင်တယ်လို့ သူက မျှော်လင့်ပါတယ်။
ဒါပေမဲ့ ကျားဖြန့်ပြဿနာကြောင့် နိုင်ငံခြားသားလုပ်ငန်းတွေအပေါ် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း၊ ငွေကြေးလည်ပတ်မှုကွန်ရက်နဲ့ အခွန်ဆိုင်ရာ မူဝါဒတွေအပေါ် ပိုပြီး စောင့်ကြည့်စိစစ်မှုတွေလုပ်နိုင်တယ်လို့ သူကလည်း သုံးသပ်ပါတယ်။
တစ်ချိန်တည်းမှာပဲ ထိုင်းအမျိုးသားရေးလှုပ်ရှားသူတွေရဲ့ တရားမဝင်မြန်မာလုပ်ငန်းတွေအပေါ် ပစ်မှတ်ထားဖော်ထုတ်တဲ့ အခြေအနေကလည်း တရားဝင်လုပ်ငန်းတွေအတွက်ပါ စိုးရိမ်စရာမျိုး ရှိလာပါတယ်။
''အမျိုးသားရေးသမားတွေက တရားမဝင်သူတွေကိုလိုက်ရှာတာဖြစ်တယ်၊ ထိုင်းနိုင်ငံသားတစ်ဦးအမည်ခံပြီး စည်းကမ်းမဲ့လုပ်နေတဲ့မြန်မာလုပ်ငန်းတွေကို ဖော်ထုတ်တာမျိုးရှိတယ်။ ဒါပေမဲ့ လုပ်ငန်းကြီးပြီး တရားဝင်အခွန်ဆောင်ပြီး အချက်အလက်နဲ့ကိုက်ညီတဲ့ မြန်မာလုပ်ငန်းတွေက ကြောက်စရာမရှိဘူး'' လို့ ဘန်ကောက်မှာ မြန်မာစားသောက်ဆိုင်ဖွင့်ထားတဲ့ မြန်မာလုပ်ငန်းရှင်တစ်ဦးက သူ့အမြင်ကိုပြောပါတယ်။
ထိုင်းနိုင်ငံရေးအပြောင်းအလဲဟာ ထိုင်းလူထုအတွက်တင် အရေးကြီးတာတင်မဟုတ်ဘဲ ထိုင်းကိုအခြေပြုနေပြီး အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားသန်းနဲ့ချီအတွက်လည်း အရေးကြီးပါတယ်။
ဒါအပြင် ထိုင်းစီးပွားရေးကိုမောင်းနှင်ဖို့မှာ မြန်မာအလုပ်သမားတွေရဲ့အခန်းကဏ္ဍက အဓိကကျတယ်ဆိုတာကို အဆက်ဆက်သော ထိုင်းအစိုးရတိုင်းက လက်ခံခဲ့ကြပါတယ်။ ဒါကြောင့်မြန်မာ အလုပ်သမားတွေအတွက် သိပ်စိုးရိမ်စရာမရှိဘူးလို့ မြန်မာလုပ်သားအရေးဆောင်ရွက်သူတချို့ကကောက်ချက်ချပေမဲ့ လက်ရှိအစိုးရရဲ့ အဖမ်းအဆီးကြမ်းတဲ့မူဝါဒကြောင့် စိုးရိမ်စိတ်တွေလည်းရှိနေကြပါတယ်။
''ထိုင်းနိုင်ငံသားတိုင်း အလုပ်အကိုင်ရရှိရမယ်၊ ဆင်းရဲနွမ်းပါးမှု ပပျောက်ရမယ်'' ဆိုတာက ဖုန်ကျိုင်ထိုင်းပါတီရဲ့ အဓိကစီးပွားရေးမူဝါဒဖြစ်ပါတယ်။ ထိုင်းအခြေစိုက် ရွှေ့ပြောင်းမြန်မာအရေးလုပ်ဆောင်တဲ့ ကိုစိုင်းကတော့ အဲဒီမူဝါဒက မြန်မာလုပ်သားတွေအပေါ် သွယ်ဝိုက်တဲ့နည်းနဲ့ ထိခိုက်သက်ရောက်နိုင်တယ်လို့ သုံးသပ်ပါတယ်။
ကိုစိုင်းက ကာလရှည်မြန်မာရွှေ့ပြောင်းအရေးကို ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်းလုပ်ကိုင်သူဖြစ်သလို ပါတီတွေရဲ့ ရွှေ့ပြောင်းလုပ်သားအရေးမူဝါဒကို လေ့လာအကဲဖြတ်ထားသူဖြစ်ပါတယ်။
''ရွှေ့ပြောင်းနိုင်ငံခြားသားလုပ်သားမလုပ်ရတဲ့ အလုပ်တွေကို ပိုတင်းကျပ်လာလိမ့်မယ်။ ဒါဆိုရင်အခု မြန်မာတွေ အဆင်ပြေသလိုဝင်လုပ်နေတဲ့အလုပ်တွေက ပိုတင်းကျပ်ခံရနိုင်ခြေရှိလာမယ်။ အဖမ်းအဆီးစစ်ဆေးမှုတွေ ပိုများလာနိုင်တယ်'' လို့ ကိုစိုင်းက ပြောပါတယ်။
ထိုင်းလူထုမျှော်လင့်တဲ့ ထိုင်းနိုင်ငံရေးတည်ငြိမ်မှုက မြန်မာလုပ်သားတွေအတွက် အခွင့်အလမ်းတစ်ခု ဖြစ်လာမလား၊ ဒါမှမဟုတ် မပြောင်းလဲတဲ့ အခြေအနေတစ်ခုအဖြစ် ဆက်ဖြစ်နေမလားဆိုတာကိုတော့ မြန်မာလုပ်သားအရေးဆောင်ရွက်သူတွေက စောင့်ကြည့်နေကြပါတယ်။
''လက်ရှိအခြေအနေနဲ့တော့ ကောင်းခြင်းဆိုးခြင်း အများကြီးပြောလို့ မရသေးဘူး။ အစိုးရပြန်ဖွဲ့တဲ့အချိန်မှာ ပြောလာတဲ့မူဝါဒတွေကို အခြေခံပြီး ကျွန်တော်တို့ဘာတွေကြိုပြင်ကြရမလဲဆိုတာကို စောင့်ကြည့်ကြရမှာပါ'' လို့ ကိုစိုင်းက မှတ်ချက်ပြုပါတယ်။