စစ်တပ်နဲ့ NUG တို့လှမ်းလာတဲ့ အကြံပေးကောင်စီတွေ

ဖတ်ရန်အချိန်: မိနစ် ၁၀

အာဏာသိမ်း ၅ နှစ်ပြည့်ချိန် ဖေဖော်ဝါရီလမှာရွေ့လာတဲ့ နိုင်ငံရေးအခင်းအကျင်းအရ အခုနှစ်ထဲ စစ်တပ်ရောတော်လှန်ရေးမှာပါ လွှတ်တော်၊ အစိုးရ၊ ကောင်စီဆိုတဲ့ အလွှာသုံးခု စင်ပြိုင်ရှိမယ့် သဘောတွေ့နေရပါတယ်။

စစ်တပ်လုပ်တဲ့ရွေးကောက်ပွဲရလဒ်အရဖြစ်လာမယ့် လွှတ်တော်နဲ့ အစိုးရအဖွဲ့မပေါ်လာခင်မှာပဲ ဥပဒေတွေ ဆက်တိုက်ပြင်ဆင်ထုတ်ပြန်နေတဲ့ထဲမှာ "ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ" ဥပဒေလည်းပါဝင်လာပြီး သမ္မတကဖွဲ့စည်းပေးရမှာဖြစ်ပါတယ်။

တော်လှန်ရေးအင်အားစုတွေကိုကြည့်ရင်လည်း ဖက်ဒရယ်ဦးဆောင်ကောင်စီ (FSC) ဖွဲ့နိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ (EROs) တွေကြား ဆွေးနွေးနေတာကြောင့် အကြံပေးကောင်စီတစ်ခုထွက်ပေါ်လာဖို့ရှိနေပါတယ်။

"နေပြည်တော်နဲ့အပြိုင် Power Centrality (အာဏာဗဟိုချက်) တည်ဆောက်ဖို့လိုတယ်ဆိုတာကို ယေဘုယျတော်တော်များများလည်းလက်ခံကြတယ်" လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။

ဖက်ဒရယ်ဦးဆောင်ကောင်စီ ဘာလို့ဖွဲ့

တော်လှန်ရေးအင်အားစုမှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ရှိနေပေမဲ့ ဖက်ဒရယ်ဦးဆောင်ကောင်စီဖွဲ့ဖို့ပြင်ဆင်နေတယ်ဆိုတဲ့သတင်းက အလှုပ်အခတ်ဖြစ်စေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သူ့ကိုဦးဆောင်မယ့်ကောင်စီဖွဲ့ဖို့အတွက်ဆိုပြီး ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလကစလို့ စတင်ချိတ်ဆက်မှုတွေလုပ်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။ တစ်လအကြာ နိုဝင်ဘာလလောက်ကစလို့ ဦးဆောင်မှုပေးတဲ့ကောင်စီဖွဲ့ဖို့အတွက် တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်တပ် (EROs) တွေနဲ့ NUG ကြားဆွေးနွေးမှုတွေစခဲ့ကြပါတယ်။

မူဝါဒရေးရာနဲ့ နိုင်ငံရေးရာမှာ ဦးဆောင်လမ်းညွှန်ပေးနိုင်ဖို့ရည်ရွယ်တာလို့ ပါဝင်ဆွေးနွေးနေတဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က ဘီဘီစီကို ပြောပါတယ်။

"လက်ရှိသွားနေတဲ့ NUCC၊ NUG နဲ့ CRPH တို့ရော တရားစီရင်ရေးအပိုင်းရောခြုံပြီးကြည့်လိုက်ရင် တော်လှန်ရေးအောင်မြင်သင့်သလောက်မဖြစ်ဘူး။ ပိုပြီးအောင်မြင်အောင် ပိုပြီးထိရောက်အောင်ဆိုတဲ့ သဘောနဲ့ ပြည်သူတွေပိုပြီးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုရှိအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စတင်စဉ်းစားကြတာဖြစ်ပါတယ်" လို့ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

NUG ကအဆိုတင်သွင်းတဲ့ ဒီကောင်စီဖွဲ့စည်းရေးမှာ "K3C" လို့လူသိများတဲ့ အင်အားကြီးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလည်းပါဝင်နေတယ်လို့သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့နဲ့စုစည်းထားတာကို K3C လို့ ခေါ်ဝေါ်ပါတယ်။

"K3C ကြားထဲမှာအရင်ဆုံးညှိနှိုင်းတယ်။ NUG က ဖြစ်စေချင်တဲ့ဒီဇိုင်းကိုလည်းတင်ပြလာတာရှိတယ်။ ကျွန်တော်တို့ကလည်းဖြစ်စေချင်တဲ့ဒီဇိုင်းကိုတင်ပြတယ်။ ဆက်ပြီးညှိနေရတဲ့အနေအထားမှာ ရှိနေတာပေါ့" လို့ KNPP အထွေထွေအတွင်းရေးမှူး၊ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

ဒါကြောင့် ဆွေးနွေးဆဲအဆင့်မှာရှိနေပြီး မကြာခင်ကျင်းပဖို့ရှိတဲ့ "တော်လှန်ရေးကာလခေါင်းဆောင်များ အစည်းအဝေး" ကနေသာ ပုံပေါ်လာမယ့်သဘောလို့ နားလည်ရပါတယ်။

"တော်လှန်ရေးကာလခေါင်းဆောင်များအစည်းအဝေးလုပ်ပြီးတော့ အဲ့ကနေမှ တော်လှန်ရေးအတွက် နောက်ထပ်တဆင့် နိုင်ငံရေးဦးဆောင်မှု Body (ပုံစံ) အသစ်တစ်ခုနဲ့ ထပ်ပြီးစဉ်းစားတဲ့သဘောပါ"

"နေပြည်တော်ရဲ့ ပါဝါနဲ့အပြိုင် Power Centrality (အာဏာဗဟိုချက်) တည်ဆောက်ဖို့ရာမှာ အားကောင်းတဲ့ ဒါမျိုးရှိသင့်တယ်ဆိုတာကို ယေဘုယျတော်တော်များများ ၁၀၀ ရာခိုင်နှုန်းလက်ခံကြတယ်။ KIA ကအစ ဒါကို မူအားဖြင့်လက်ခံတယ်" လို့ ဖက်ဒရယ်ဦးဆောင်ကောင်စီဖွဲ့စည်းရေးအကြောင်းလေ့လာတဲ့ နိုင်ငံရေးစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။

ယေဘုယျအားဖြင့် NUG ကို စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံတကာဆက်ဆံရေးနဲ့ လူမှုစီးပွားဘဝအတွက်ပါ အကြံဉာဏ်ပေးမယ့် ဒီကောင်စီဟာ NUCC ရေးဆွဲနေတဲ့ အသွင်ကူးပြောင်းရေးဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာအစီအမံ (AFTA) ကနေတဆင့် ပေါ်ထွက်လာတာမျိုးမဟုတ်ပါဘူး။

"FSC က အသွင်ပြောင်းလဲရေးကာလမရောက်ခင်နဲ့ အခုတော်လှန်ရေးကာလစပ်ကြားမှာပဲ ကျင့်သုံးဖို့ပါ" လို့ ဦးအောင်ဆန်းမြင့်ကရှင်းပြပါတယ်။

ဖက်ဒရယ်ဦးဆောင်ကောင်စီ FSC စီမံမှုအောက်ကနေ NUCC ကလည်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဇန်နဝါရီ ၂၅ ရက်မှာပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့တွေ့ဆုံရာမှာ ဆွေးနွေးကြကြောင်း ဘီဘီစီက ကနဦးသိရှိခဲ့ရပါတယ်။

ဒီလိုဖက်ဒရယ်ဦးဆောင်ကောင်စီဖွဲ့စည်းမယ့်အကြောင်းဟာ ဖေဖော်ဝါရီ ၂ ရက်မှာလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ရဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ သတင်းမီဒီယာတွေ အမေးများတဲ့မေးခွန်းတစ်ခုဖြစ်လာပါတယ်။

FSC ဖွဲ့စည်းလိုတဲ့အကြောင်း NUG က ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်မှာတင်ပြခဲ့တဲ့အချိန် NUCC က သူတို့နဲ့ပူးပေါင်းပြီး လုပ်ဖို့တုံ့ပြန်ခဲ့ကြောင်း NUCC ကောင်စီဝင် ဦးတိုးကျော်လှိုင်က သတင်းစာရှင်းလင်းပွဲမှာပြန်ဖြေပါတယ်။

ဦးတိုးကျော်လှိုင်ရဲ့အပြောအရ ကောင်စီဖွဲ့ဖို့အတွက် တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေဘက်က တန်ပြန်တင်ပြချက်ရှိနေတယ်လို့သာသိရပြီး အဖွဲ့နာမည်ကို ဘယ်လို ဆုံးဖြတ်ထားလဲဆိုတာမသိရဘူးလို့ ဆိုပါတယ်။

စစ်အာဏာသိမ်းစက ဒီအဖွဲ့အစည်းတွေပေါ်ပေါက်လာပုံကိုကြည့်မယ်ဆိုရင် ၂၀၂၁ ခုနှစ်၊ မတ် ၈ ရက်မှာ NUCC ကိုဖွဲ့စည်းခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို မတ် ၃၁ ရက်မှာ ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီပဋိပက္ခအရ အမျိုးသားညီညွတ်‌ရေးအစိုးရ (NUG) ကို ဖွဲ့စည်းဖို့အတွက် NUCC ရဲ့ အဆိုတင်သွင်းချက်ကြောင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကအတည်ပြုပြီး NUG အစိုးရ ဖြစ်လာပါတယ်။

"NUCC ကိုလည်းဖျက်ပစ်လိုက်ဖို့မဖြစ်ရအောင်ပေါ့။ ပြန်စဉ်းစားရင် categories တိုင်တွေကတော့ ဒါတွေပါပဲ။ EROs ရှိမယ်၊ ယူနစ်ကိုယ်စားပြုတွေရှိမယ်၊ ပြည်သူ့ကိုယ်စားပြု ၂၀၂၀ ရွေးကောက်ခံ ကိုယ်စားလှယ်တွေရှိမယ်" လို့ နိုင်ငံရေးစောင့်ကြည့်သူက ဆက်ပြောပါတယ်။

NUCC သတင်းစာရှင်းလင်းပွဲမှာတော့ NUG နဲ့ NUCC ဖျက်သိမ်းရေးအကြောင်းအရာက ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ်မှာ ပြဋ္ဌာန်းထားပြီးဖြစ်တယ်လို့ဆိုပါတယ်။

ဒါကြောင့် ၂၀၂၆ ခုနှစ် မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ တော်လှန်ရေးအင်အားစုတွေရဲ့ အတိုင်ပင်ခံကောင်စီ NUCC ၊ အစိုးရ NUG နဲ့ လွှတ်တော် CRPH ဆိုတဲ့ စုဖွဲ့မှုမှာ FSC ဆိုတဲ့ ဦးဆောင်ကောင်စီအသစ် ပေါ်လာဖို့ ရှိတဲ့သဘောပါ။

ဒါပေမဲ့ တော်လှန်ရေးဘက်က ညှိနှိုင်းနေတဲ့ ဖက်ဒရယ်ဦးဆောင်ကောင်စီဟာ စစ်တပ်ဘက်ကဖွဲ့မယ့် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီမတိုင်မီ ပေါ်လာမလား၊ NUCC ရှိနေဆဲမှာ ဘယ်လိုပုံစံနဲ့ပေါ်လာမလဲ ဆိုတာကို စောင့်ကြည့်ရမယ်လို့ နိုင်ငံရေးသုံးသပ်ဆောင်းပါးတွေကို ရေးသားနေတဲ့ ကိုသစ်လွင်က ပြောပါတယ်။

စစ်တပ်ဘက်ကဖွဲ့လာမယ့် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ

စစ်တပ်ဘက်ကအရွေ့ကိုကြည့်မယ်ဆိုရင်တော့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယာယီသမ္မတရာထူးကိုသုံးပြီး "ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ" ဥပဒေကိုပြဋ္ဌာန်းလိုက်ကြောင်း ဖေဖော်ဝါရီ ၃ ရက်မှာထုတ်ပြန်လိုက်တာပါ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက အာဏာခွဲဝေပေးထားတဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတွေကို မထိခိုက်စေဘဲ အကြံပေးဖို့အတွက် နိုင်ငံတော်သမ္မတကဒီကောင်စီကို ဖွဲ့စည်းနိုင်တဲ့ဥပဒေ ဖြစ်ပါတယ်။ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ငြိမ်းချမ်းရေးနဲ့ ဥပဒေပြဋ္ဌာန်းရေးတွေ ကို အကြံပေးညှိနှိုင်းဆောင်ရွက်နိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။

ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးအပါအဝင် အဖွဲ့ဝင် ၅ ဦးထက်မနည်းပါဝင်ဖွဲ့စည်းလို့ရတဲ့ ဒီကောင်စီမှာ ဥက္ကဋ္ဌ အတွင်းရေးမှူးတွေကိုခန့်အပ်တာ၊ ကောင်စီရဲ့တာဝန်နဲ့လုပ်ပိုင်ခွင့်သတ်မှတ်တာကို သမ္မတ က ဆောင်ရွက်မှာဖြစ်ပါတယ်။

"ရွေးကောက်ပွဲပြီးတဲ့အခါမှာ အစိုးရအသစ်တို့ အဖွဲ့အစည်းအသစ်တို့က သွားတော့မှာဖြစ်တယ်။ အဲဒီမတိုင်ခင်မှာ စစ်ကော်မရှင်က အမိန့်တွေဥပဒေတွေထုတ်ပြန်လာတာက ရှေ့သွားမယ့်ကိစ္စတွေကို ကြိုကာတယ်၊ ကြိုလုပ်တယ်လို့ ယူဆတယ်" လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ ဒါရိုက်တာ ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။

"ဒီအတိုင်ပင်ခံကောင်စီကလည်း လာမယ့်အစိုးရအသစ်ပေါ်မှာ တစုံတရာသြဇာသက်ရောက်နိုင်မယ်လို့ ထင်တယ်။ ဒါမှမဟုတ် ထိန်းချုပ်ဖို့ရည်ရွယ်တယ်လို့ထင်တယ်" လို့ သူကပြောပါတယ်။

လူမှုရေးနဲ့ နိုင်ငံရေးသိပ္ပံအရေးအထူးပြုလေ့လာနေတဲ့ မဟာတန်းကျောင်းသားတစ်ဦးဖြစ်တဲ့ ကိုသစ်လွင် ကတော့ စစ်တပ်လှမ်းတဲ့ကောင်စီဟာ "ပါဝါအာဏာကိုကျစ်ကျစ်လစ်လစ်ဖြစ်‌အောင်လုပ်တဲ့ခြေလှမ်း" လို့ ပြောပါတယ်။

စစ်တပ်ကလုပ်တဲ့ ၂၀၂၅ - ၂၀၂၆ ‌‌ရွေးကောက်ပွဲရလဒ်ကနေ လွှတ်တော်ခေါ်၊ အစိုးရဖွဲ့စည်းပြီးတဲ့နောက် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဆိုတဲ့ ကောင်စီတစ်ရပ်ပါ ရှိလာမယ့်သဘောပါ။

တဖက်မှာလည်း တော်လှန်ရေးအင်အားစုတွေရဲ့ ပြည်ထောင်စုအဆင့်အနေနဲ့ NUG အစိုးရ၊ CRPH လွှတ်တော်အပြင် ပေါ်ထွက်လာနိုင်ချေရှိတဲ့ FSC ဖက်ဒရယ်ကောင်စီဆိုတဲ့ သုံးလွှာရှိနေပါတယ်။

အတိုင်ပင်ခံကောင်စီ၊ အစိုးရ၊ လွှတ်တော်ဆိုတဲ့ စင်ပြိုင်သဏ္ဍာန်ဖြစ်လာတာနဲ့ပတ်သက်လို့ "နှစ်ခုရဲ့ လားရာကမတူပါဘူး။ တစ်ခုကရွေးကောက်ပွဲပြီးသွားပြီနောက်ထပ်ဆက်သွားမယ့်အနာဂတ်အတွက် ဖွဲ့စည်းပုံပြင်တာပါ" လို့ ဦးအောင်သူငြိမ်းက သူ့အမြင်ကိုပြောပါတယ်။

"NUG လုပ်တာက ၂၀၂၀ ရွေးကောက်ပွဲရဲ့ legitimacy (တရားဝင်မှု) ကို ကိုင်ထားတုန်းပဲ။ နောက်ထပ် ရွေးကောက်ပွဲလုပ်လာတဲ့အခါ NUG က တရားဝင်မှုရှိလားဆိုတဲ့ မေးခွန်းရှိလာတော့ ခုခံစစ်သဘော အနေအထားကိုရောက်သွားတယ်မြင်ပါတယ်။ ပြီးခဲ့တဲ့ကာလတွေမှာလည်း တိုင်းရင်းသားမဟာမိတ်တွေနဲ့ မဟာမိတ်ဖွဲ့ဖို့ကြိုးစားခဲ့ပါတယ်။ ဒီဖက်ဒရယ်ကောင်စီကလည်း တိုင်းရင်းသားတွေပါဝင်ဖို့ သူတို့ ဆွဲဆောင် စည်းရုံးတယ်လို့ထင်ပါတယ်" လို့ သူက ဆက်ပြောပါတယ်။

အခုလို နှစ်ဖက်စလုံးက ဖွဲ့စည်းမယ်လို့ပြောလာတဲ့ ဒီကောင်စီတွေဟာ နိုင်ငံရေး၊ နိုင်ငံတကာဆက်ဆံရေး တွေကို ဦးဆောင်အကြံပေးမယ်လို့ဆိုကြပေမဲ့ အပြိုင်သဘောမဖြစ်နိုင်ဘူးလို့လည်း ဆိုကြပြန်ပါတယ်။

နိုင်ငံရေးဆောင်းပါးတွေ ရေးသားတဲ့ ကိုသစ်လွင်ရဲ့ အမြင်ကတော့ ကွဲပြားပါတယ်။

တော်လှန်ရေးကလှမ်းတဲ့ FSC ကောင်စီမှာ နိုင်ငံရေး၊စစ်ရေးနည်းနာတွေ ကျေလည်အောင်ဆွေးနွေး ဖွဲ့စည်းနိုင်ခဲ့ရင်တော့ ၂၀၂၆ ခုနှစ်မှာ ကောင်စီနှစ်ခုအပြိုင်အဆိုင်ဖြစ်လာနိုင်တယ်လို့ သူကရှုမြင်တာပါ။

"စစ်တပ်ရဲ့ကောင်စီကတော့ အာဏာရှင်ပုံစံမျိုးဖြစ်ဖို့များတယ်။ တော်လှန်ရေးဘက်ကတော့ ပိုပြီးစုဖွဲ့မှု အားကောင်းတဲ့ပုံစံအလားအလာရှိနိုင်တယ်" လို့ ကိုသစ်လွင်က ဆက်ပြောပါတယ်။

ဒါပေမဲ့ နိုင်ငံတကာရဲ့ ထောက်ခံမှု၊ အာဆီယံရဲ့ ထိတွေ့ဆက်ဆံမှုတွေကသာ နှစ်ဖက်စလုံးအတွက် အဖြေပေးလိမ့်မယ်လို့ သုံးသပ်သူတွေက ဆိုကြပါတယ်။