ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အစိုးရသစ်ကာလအထိ ဘာကြောင့် စစ်အုပ်ချုပ်ရေးသက်တမ်းတိုးသလဲ
စစ်ကော်မရှင်ဟာ လွှတ်တော်အစည်းအဝေးတွေ ကျင်းပဖို့ ပြင်ဆင်နေပြီး တပြိုင်နက်တည်းမှာပဲ မြို့နယ်ပေါင်း ၆၃ ခုကို စစ်အုပ်ချုပ်ရေးသက်တမ်း ဆက်တိုးထားပါတယ်။
ရက်ပေါင်း ၉၀ သက်တမ်းထပ်တိုးလိုက်တဲ့အတွက် အစိုးရသစ်ဖွဲ့ပြီးချိန်အထိ စစ်အုပ်ချုပ်ရေးက ဆက်ရှိနေမယ့် အဓိပ္ပါယ်ဖြစ်ပါတယ်။
စစ်ကော်မရှင်ရဲ့ လွှတ်တော်အစည်းအဝေးများကျင်းပရေး ဗဟိုကော်မတီက လာမယ့်လွှတ်တော်ကို တတိယအကြိမ်လွှတ်တော်လို့ သုံးနှုန်းလိုက်တဲ့အတွက် အငြင်းပွားမှုတချို့ပေါ်ထွက်လာပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ အထွေထွေရွေးကောက်ပွဲ လေးကြိမ် လုပ်ပြီးခဲ့ပေမဲ့ ၂၀၂၀ ရွေးကောက်ပွဲကို အသိအမှတ်မပြုတဲ့အတွက် စစ်ကော်မရှင်က တတိယအကြိမ် လို့ သုံးခဲ့တာဖြစ်ပါတယ်။
တတိယအကြိမ်လား စတုတ္ထအကြိမ်လား
ဇန်နဝါရီ ၂၉ ရက်ကလုပ်တဲ့ လွှတ်တော်အစည်းအဝေးများကျင်းပရေးဗဟိုကော်မတီရဲ့ အစည်းအဝေးပွဲမှာ ကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဝန်ကြီးချုပ် ဦးညိုစောလည်း တက်ရောက်ခဲ့ပါတယ်။
ဝန်ကြီးချုပ် ဦးညိုစောက အစည်းအဝေးပွဲမှာ တတိယအကြိမ်လွှတ်တော်အသီးသီးရဲ့ အစည်းအဝေးပွဲတွေ အောင်မြင်အောင် ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့ ညွှန်ကြားပါတယ်။
အစည်းအဝေးမှာ "တတိယအကြိမ်လွှတ်တော်"ဆိုပြီး ကြေညာခဲ့တာပါ။
စစ်ကော်မရှင် အပိုင်း ၃ ပိုင်းနဲ့ ကျင်းပခဲ့တဲ့ ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲဟာ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း မြန်မာ့နိုင်ငံရေးမှာ စတုတ္ထအကြိမ်မြောက် ကျင်းပတဲ့ အထွထွေရွေးကောက်ပွဲဖြစ်လို့ စတုတ္ထအကြိမ်လွှတ်တော်လို့ သုံးနှုန်းရမှာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတချို့က ထောက်ပြနေကြပါတယ်။
၂၀၂၀ ရွေးကောက်ပွဲဟာ တတိယအကြိမ်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဖြစ်ခဲ့ပေမယ့် မဲမသမာမှုအကြောင်းပြချက်နဲ့ စစ်တပ်က အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံရှေ့နေများကောင်စီရဲ့ အတွင်းရေးမှူး ဦးမြင့်သိဏ်းကတော့ "တတိယအကြိမ်လွှတ်တော်က CRPH မှာ ရှိထားပြီးသားဖြစ်တယ်။ ၂၀၂၀ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တရားဝင် ဖွဲ့စည်းထားခဲ့တာ"လို့ ဘီဘီစီကို ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တာကြောင့် တစ်ဖက်မှာလည်း ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေကို စုစည်းပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကို ၂၀၂၁ ခုနှစ်မှာပဲ ဖွဲ့စည်းခဲ့ပါတယ်။
CRPH အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံရေးအစုအဖွဲ့တွေပါ ပါဝင်ပြီး အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကိုဖွဲ့စည်းခဲ့ရာကနေ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပေါ်ပေါက်ခဲ့ပါတယ်။
မကြာသေးခင်ကပြီးစီးခဲ့တဲ့ရွေးကောက်ပွဲကို အာဆီယံအပြင် နိုင်ငံတကာကလည်း အသိအမှတ်မပြုတာကြောင့် စစ်တပ်ခေါ်မယ့် လွှတ်တော်ဟာ အမည်နာမ အကြိမ်ရေ ထည့်တွက်လို့ရတဲ့ အခြေအနေမှာ မရှိဘူးလို့ ဦးမြင့်သိဏ်းက မှတ်ချက်ပြုပါတယ်။
"ရွေးကောက်ပွဲက တရားမဝင်ဘူးဆိုရင် ဒီရွေးကောက်ပွဲကနေ ထွက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း တရားဝင်လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ်နဲ့ ပြည်သူ့လွှတ်တော်ခေါ်ခွင့်မရှိဘူး" လို့ သူက ဆိုပါတယ်။
မြန်မာ့မဟာဗျူဟာနဲ့မူဝါဒရေးရာလေ့လာရေးအင်စတီကျု ISP Myanmar ရဲ့ ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်းကတော့ စစ်ကော်မရှင်အနေနဲ့ တတိယအကြိမ်လွှတ်တော်လို့ သတ်မှတ်သုံးနှုန်းတာဟာ ၂၀၂၀ ရွေးကောက်ပွဲကို အသိအမှတ်မပြုတာကြောင့်လို့ ဘီဘီစီကိုပြောပါတယ်။
ရွေးကောက်ပွဲ ၃ ပိုင်းလုံးအပြီးမှာ ပြည်ထောင်စုဖွံ့ဖြိုးရေးနဲ့ကြံ့ခိုင်ရေးပါတီ(USDP) ဟာ အနိုင်ရရှိမှုအများဆုံးဖြစ်ပြီး လွှတ်တော်ခုံနေရာအများစု ရရှိထားတာဖြစ်ပါတယ်။
ပြည်ထောင်စု အဆင့်လွှတ်တော်တွေဖြစ်တဲ့ ပြည်သူ့လွှတ်တော်မှာ ၂၃၁ နေရာနဲ့ အမျိုးသား လွှတ်တော်နေရာ ၁၀၈ နေရာတို့မှာ အနိုင်ရရှိထားတယ်လို့ ဇန်နဝါရီ ၂၉ ရက်နေ့ ထုတ် ကြံ့ခိုင်ရေးပါတီရဲ့ စာရင်းတွေအရ သိရပါတယ်။
ဥရောပသမဂ္ဂ(EU) ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ မြန်မာက ရွေးကောက်ပွဲဟာ နိုင်ငံတကာစံနှုန်းတွေနဲ့ မညီဘူးလို့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ DW သတင်းဌာနကို ထုတ်ပြောထားပါတယ်။
နိုင်ငံမှာဖြစ်ပေါ်နေဆဲ အကြမ်းဖက်မှု၊ အခြေခံလွတ်လပ်ခွင့်တွေကို ကန့်သတ်ထားမှု၊ အစုလိုက်ဖမ်းဆီးမှု၊ အဓိကနိုင်ငံရေးသမားတွေကိုဖယ်ထုတ်ထားမှုနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် လွတ်လပ်တရားမျှတပြီး အားလုံးပါဝင်တဲ့ ယုံကြည်ရတဲ့ ရွေးကောက်ပွဲမဖြစ်နိုင်ဘူးလို့ EU ပြောခွင့်ရက ဆိုပါတယ်။
ဒါ့အပြင် ၂၀၂၆ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ မြန်မာနိုင်ငံ အာဆီယံအထူးသံ ထရီဇာ လာဇရိုကလည်း အာဆီယံအဖွဲ့ကြီးတစ်ဖွဲ့လုံးအနေနဲ့ မြန်မာ့ရွေးကောက်ပွဲကို လောလောဆယ်အထိ အသိအမှတ်မပြုသေးဘူးလို့ ဇန်နဝါရီလကုန်ပိုင်းမှာ ပြောထားပါတယ်။
'လောလောဆယ်အထိတော့ အာဆီယံအဖွဲ့ကြီး တစ်ဖွဲ့လုံးအနေနဲ့ မြန်မာ့ရွေးကောက်ပွဲကို ထောက်ခံကြောင်း သဘောတူညီချက် မရရှိသေးပါဘူး။ ဒီအကြောင်းဆွေးနွေးခဲ့တာရှိပေမဲ့ ဘုံသဘောတူညီချက် တစ်ရပ်ရပ် ထုတ်နိုင်လောက်တဲ့အထိ မဖြစ်နိုင်ခဲ့ဘူး'' လို့ သူက ပြောခဲ့တာပါ။
ဒါပေမဲ့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း "နိုင်ငံတကာက အသိအမှတ်ပြုတာ မပြုတာ ကျွန်တော်တို့ နားမလည်ဘူး" လို့ ရွေးကောက်ပွဲနောက်ဆုံးအပိုင်းကျင်းပတဲ့နေ့က တုံ့ပြန်ထားပါတယ်။
စစ်အုပ်ချုပ်ရေးအမိန့် ရက် ၉၀ သက်တမ်းထပ်တိုး
လွှတ်တော်ခေါ်ဖို့ပြင်ဆင်တာနဲ့အတူ စစ်အုပ်ချုပ်ရေးအမိန့်တွေ သက်တမ်းဆက်တိုးတာကိုပါ စစ်ခေါင်းဆောင်က တပြိုင်တည်းလုပ်နေပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ် ၉ ခုက မြို့နယ် ၆၃ မြို့နယ်အတွက် အရေးပေါ်အခြေအနေနဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကို ရက်ပေါင်း ၉၀ သက်တမ်းထပ်တိုးလိုက်တယ်လို့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(ကာလုံ)ကနေ ဇန်နဝါရီ ၂၉ ရက်မှာ ကြေညာပါတယ်။
၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက်ကတည်းက မြို့နယ် ၆၃ ခု ကို အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရုံးကနေ အရေးပေါ်အခြေအနေကြေညာခဲ့ပြီး စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဒီအမိန့်ဟာ ရွေးကောက်ပွဲအောင်မြင်အောင်ကျင်းပနိုင်ဖို့လို့ နားလည်ခဲ့ပေမဲ့ ရွေးကောက်ပွဲပြီးစီးခဲ့ပေမဲ့လည်း အဲဒီမြို့နယ်တွေအတွက် စစ်အုပ်ချုပ်ရေးအမိန့်က နောက်ထပ် ရက်ပေါင်း ၉၀ အထိ အသက်ဝင်နေမှာ ဖြစ်ပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ် ၆၃ ခုမှာ တိုင်းရင်းသားတပ်တွေထိန်းချုပ်ထားတဲ့ မြို့နယ်တွေပါဝင်နေသလို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံတပ်တွေ တစိတ်တပိုင်းထိန်းချုပ်ထားတဲ့ မြို့နယ်တွေလည်း ပါဝင်နေပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေကတော့
- ကချင် - ဆွမ်ပရာဘွမ်၊ ရွှေကူ၊ အင်ဂျန်းယန်၊ ဆော့လော်၊ ချီဖွေ
- ကယား(ကရင်နီ) - ရှားတော၊ ဖားဆောင်း၊ မယ်စဲ့
- ကရင် - ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး
- ချင်း - ကန်ပက်လက်၊ ထန်တလန်၊ ပလက်ဝ၊ တွန်းဇံ၊ မင်းတပ်၊ မတူပီ၊ ဖလမ်း
- စစ်ကိုင်းတိုင်း - ထီးချိုင့်၊ ကောလင်း၊ ပင်လည်ဘူး၊ ခင်ဦး၊ ဝက်လက်၊ ကနီ၊ ဒီပဲယင်း၊ ပုလဲ၊ အင်းတော်
- မကွေးတိုင်း - ပေါက်၊ မြိုင်၊ ဆော၊ ထီးလင်း၊ ရေစကြို
- မန္တလေးတိုင်း - မိုးကုတ်၊ စဉ့်ကူး၊ ငါန်းဇွန်
- ရခိုင် - ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ သံတွဲ၊ အမ်း၊ တောင်ကုတ်
- ရှမ်း - နမ္မတူ၊ မဘိမ်း၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သိန္နီ၊ ကွမ်းလုံ၊ နမ့်ဆန်၊ မန်တုံ၊ ဟိုပန်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါ၊ မိုင်းလား မြို့နယ်တွေဖြစ်ကြပါတယ်။
ရှမ်းပြည်နယ်က စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေထဲမှာ စစ်တပ်နဲ့ အပစ်ခပ်ရပ်စဲထားတဲ့ "ဝ"(UWSA)အပြင် မြောက်ပိုင်းညီနောင် ၃ ဖွဲ့ထဲက ကိုးကန့်(MNDAA)၊ တအာင်းတပ်(TNLA)တို့ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေ ပါဝင်နေပါတယ်။
ရခိုင်ပြည်နယ်ဆိုရင် အာရက္ခတပ်တော်(အေအေ) ထိန်းချုပ်ထားတဲ့ ၁၄ မြို့နယ်လုံးကို စစ်ကော်မရှင်က စစ်အုပ်ချုပ်ရေးအမိန့်ကြေညာထားတာဖြစ်ပါတယ်။
မြန်မာ့အရေးလေ့လာသူ ဦးအောင်သူငြိမ်းကတော့ စစ်အုပ်ချုပ်ရေးအမိန့် သက်တမ်းထပ်တိုးလိုက်တာဟာ လာမယ့်အစိုးရသစ်မတိုင်ခင် ကာလုံအနေနဲ့ လုံခြုံရေး၊ ကာကွယ်ရေးအတွက် လိုချင်တဲ့အစီအမံတစ်ရပ်ကို ကြိုလုပ်ထားတာလို့ သုံးသပ်ပါတယ်။
ဒါပေမဲ့ အစိုးရသစ်ဖွဲ့စည်းပြီးတဲ့အချိန် "အစိုးရသစ်ရဲ့ ရည်မှန်းချက်၊ လမ်းစဉ်က ငြိမ်းချမ်းရေးကိုပဲ ဦးတည်ရည်ရွယ်မယ်ဆိုရင်တော့ တစ်မျိုးတစ်ဖုံ အပြောင်းအလဲဖြစ်လာနိုင်တယ်" လို့ ဦးအောင်သူငြိမ်းက မှတ်ချက်ပြုပါတယ်။
မြန်မာနိုင်ငံရှေ့နေများကောင်စီရဲ့ အတွင်းရေးမှူး ဦးမြင့်သိဏ်းကတော့ စစ်ကော်မရှင်ရဲ့ ကာလုံဘက်က စစ်အုပ်ချုပ်ရေးအမိန့်ကို သက်တမ်းဆက်ထိုးလိုက်တာဟာ နိုင်ငံထဲမှာ မတည်ငြိမ်သေးတဲ့အခြေအနေကို မီးမောင်းထိုးပြလိုက်တာလို့ သုံးသပ်ပါတယ်။
"ရွေးကောက်ပွဲပြီးသွားတာတောင် နိုင်ငံက တည်ငြိမ်အေးချမ်းမှုမရှိဘူးဆိုတာကို စစ်ကော်မရှင်က အတိအကျ ဝန်ခံလိုက်တာပဲ။ ဒါကြောင့် စစ်အုပ်ချုပ်ရေးအမိန့်ကို ထပ်ထုတ်လိုက်တာပေါ့"