စစ်ခေါင်းဆောင်ခေါင်းခဲရတဲ့ ပြည်ထဲရေး

အစိုးရသစ်ဖွဲ့ဖို့ လပိုင်းအလိုမှာပဲ အရေးကြီးရာထူးတစ်ခုဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီးနေရာကို ရုတ်တရက်ပြောင်းလိုက်ကြောင်း စစ်ကော်မရှင်က ကြေညာခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ ထုံးစံအတိုင်း တပ်တွင်းကိစ္စတွေကို လူသိရှင်ကြားသတင်းမထုတ်ပြန်ဘဲ ဝန်ကြီးအပြောင်းအလဲဖြစ်တာကိုပဲ အသိပေးတဲ့အတွက် ပြည်ထဲရေးဝန်ကြီးနေရာက နေ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် ဖယ်ရှားခံရတာက ပဟေဠိတစ်ခုလိုဖြစ်နေပါတယ်။

"ဗိုလ်ချုပ်မှူးကြီးလည်း မမျှော်လင့်ထားဘူး။ ပြဿနာတွေဆိုတာကလည်း မမျှော်လင့်တဲ့ဆီကပဲ လာတာများတယ်" လို့ စစ်ရုံးနဲ့နီးစပ်တဲ့ ဘီဘီစီသတင်းအရင်းအမြစ်က ပြောပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နေရာကို ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်ရောက်လာပြီး အာဏာသိမ်းထားတဲ့ ငါးနှစ်အတွင်းမှာ ပြည်ထဲရေးဝန်ကြီးလေးယောက်အထိ အပြောင်းအလဲ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် ဘယ်သူလဲ

ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နဲ့ သူ့ကိုယ်ရေးအရာရှိစစ်ဆေးခံခဲ့ရတယ် လို့ ဘီဘီစီက သတင်းရရှိပြီး အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

"ကိုယ်ရေးအရာရှိဆီက ဖုန်းတွေပါသိမ်းလိုက်တယ်" လို့ နေပြည်တော်က ဘီဘီစီသတင်းအရင်းအမြစ်က ပြောပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ဟာ စစ်ခေါင်းဆောင်ယုံကြည်စိတ်ချသူတစ်ဦးဖြစ်ပြီး သူတို့မိသားစုပါ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရင်းနှီးသူတွေဖြစ်ပါတယ်။

သူ့ဖခင်ဖြစ်သူ ဗိုလ်မှူးကြီး ခင်မောင်ဝင်းက ရန်ကုန်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးအထိ တာဝန်ယူခဲ့ပြီး မိခင်က စာရေးဆရာမ ဒေါ်တင်ရီ (ခ) တင်ရီမ(ညောင်ဦး) ဖြစ်ပါတယ်။

"သူတို့ အဖေကို တပ်ချုပ်က လေးစားတယ်" လို့ မိသားစုနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

မိဘက ဆရာဝန်ဖြစ်စေချင်ပေမဲ့ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က တပ်ထဲဝင်ဖို့ရွေးချယ်ခဲ့ တယ်လို့ သူက ပြောပါတယ်။

အဖေရာထူးကို အားကျပြီး တပ်ထဲဝင်တာမျိုးဖြစ်မှာစိုးလို့ ဆယ်တန်းအောင်ကတည်းက တပ်တစ်တပ်ကို လွှတ်ပြီး အောက်ခြေရဲဘော်တွေလိုမျိုး တစ်လတိတိနေခိုင်းခဲ့တယ်လို့ မိခင်ဖြစ်သူက အင်တာဗျူးတစ်ခုမှာ ပြောဖူးပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ရဲ့ ညီက ဗိုလ်ချုပ်ထွန်းထွန်းညီ ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက်မှာ ညီအစ်ကိုနှစ်ဦးလုံး ထိပ်တန်းစစ်ဗိုလ်ချုပ်တွေ ဖြစ်ခဲ့ကြတာပါ။

ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ဟာ 25th Army လို့ တင်စားကြတဲ့ စစ်တက္ကသိုလ်အပတ်စဉ် ၂၅ ဆင်းဖြစ်ပါတယ်။

လက်ရှိကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရုံးအမှုဆောင်ချုပ် အငြိမ်းစား ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)ဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီးမြထွန်းဦး၊ လက်ရှိကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးတို့နဲ့ အပတ်စဥ်တူကြပါတယ်။

စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ နယ်စပ်ရေးရာဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီးစတဲ့ ထိပ်တန်းတာဝန်တွေထမ်းဆောင်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ဟာ ပြည်ထဲရေးဝန်ကြီးရာထူးကနေအခုတော့ ရုတ်တရက်အနားပေးခံလိုက်ရတာ ဖြစ်ပါတယ်။ စစ်ဘက်မူလတာဝန်တွေ ပြန်လည်ထမ်းဆောင်စေတယ် လို့ ထုတ်ပြန်ထားပေမဲ့ ဝန်ကြီးဟောင်းတွေဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နဲ့ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေတို့ကိုလည်း အဲဒီလိုပဲ ထုတ်ပြန်ပြီးမှ အရေးယူခဲ့တာဖြစ်ပါတယ်။

သူ့ကိုမလဲခင်မှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်ကိုဖယ်ရှားပြီး ဒုတိယစစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်မင်းသူကို အစားထိုးခဲ့ပါသေးတယ်။

စစ်ခေါင်းဆောင်ကို ခေါင်းခဲစေတဲ့ ရာထူး

ပြည်ထဲရေးဝန်ကြီးအဆက်ဆက်ဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ခေါင်းကိုက်စေခဲ့ပါတယ်။

သူတပ်ချုပ်ဖြစ်ပြီးတဲ့နောက် ပထမဆုံးပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက သူနဲ့တစ်ပတ်စဥ်ထဲ စစ်တက္ကသိုလ်အပတ်စဥ် ၁၉ ဆင်းဖြစ်ပါတယ်။

သူတို့နှစ်ဦးက အပြိုင်လိုဖြစ်နေပြီး တပ်ချုပ်က ပြည်ထဲရေးဝန်ကြီးအပေါ်သြဇာမညောင်းခဲ့ဘူးလို့ ဦးသိန်းစိန်အစိုးရလက်ထက် ပြည်ထောင်စုဝန်ကြီးတချို့က ပြောပါတယ်။

"ဦးကိုကိုက တပ်ချုပ်ကို သတင်းတောင်မပို့ဘူး။ သမ္မတကိုပဲ အစီရင်ခံတယ်" လို့ ပြည်ထောင်စုဝန်ကြီးဟောင်းတစ်ဦးက ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထဲရေးဝန်ကြီးကို တပ်ချုပ်က အမည်စာရင်းတင်သွင်းရတာဖြစ်ပြီး သမ္မတက ခန့်အပ်ရတာဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့အပြောင်းအလဲမှာတော့ စစ်တက္ကသိုလ်အပတ်စဥ် ၁၉ ဆင်းတွေဖြစ်ကြတဲ့

ဒုတိယဗိုလ်ချုပ်ကြီးနှစ်ဦးက တပ်ချုပ်နဲ့ ပြည်ထဲရေးဝန်ကြီးတွေ ဖြစ်လာကြတာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာတော့ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ပြည်ထဲရေးဝန်ကြီးဖြစ်လာပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေဟာ နိုင်ငံတော်အတိုင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိခဲ့ပါတယ်။

"အဲဒီလောက်ကြီးနီးသွားတော့ တပ်ချုပ်ကမကြိုက်ဘူး" လို့ အဲဒီအချိန်က စစ်ရုံးမှာတာဝန်ကျခဲ့တဲ့ ဘီဘီစီသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေလည်း အစိုးရသက်တမ်းမပြည့်ခင် အနားပေးခံရပြီး စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ပြည်ထဲရေးဝန်ကြီး ဖြစ်လာပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ဟာ ၂၀၀၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရဟတ်ယာဉ်ပျက်ကျမှုမှာ အတွင်းရေးမှူး(၂) ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးနဲ့အတူ ကွယ်လွန်ခဲ့တဲ့ ဝန်ကြီးချုပ်ရုံးဝန်ကြီး ဗိုလ်မှူးချုပ်လွန်းမောင်ရဲ့ သား ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ကိစ္စအဝဝ ကို တာဝန်ယူဆောင်ရွက်ရသူအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ဟာ စစ်ရုံးမှာ နာမည်ကြီးပြီး အထွေထွေမန်နေဂျာ (General Manager) လို့ ခေါ်ကြပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူ့စိတ်ကြိုက် ပြည်ထဲရေးဝန်ကြီးကို စရခဲ့တာဖြစ်ပြီး ၂၀၂၁ အာဏာသိမ်းမှုမှာ ပါဝင်ခဲ့တဲ့ ထိပ်တန်းစစ်ဗိုလ်ချုပ်တစ်ဦးဖြစ်ပါတယ်။

ဒါပေမဲ့ အဂတိလိုက်စားမှုစွဲချက်တွေနဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းမှာ အနားပေးခံရပြီး ထောင် ၅ နှစ် ချမှတ်ခံရပါတယ်။

"ဗိုလ်ချုပ်ကြီးစိုးထွဋ်ကိစ္စကလည်း တပ်ချုပ်ကြိုမမျှော်လင့်ခဲ့ဘူး။ သူသိပ်အားကိုးတဲ့သူကို သူပြန်ဖယ်ခဲ့ရတာ" လို့ နေပြည်တော်က ဘီဘီစီသတင်းအရင်းအမြစ်တစ်ဦးကပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးနေရာကို ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဆက်ခံခဲ့ပေမဲ့ သူလည်းကြာကြာမခံဘဲ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ အစားထိုးခံရပါတယ်။

ပြည်ထဲရေး ဘယ်လောက်တန်ခိုးထွားသလဲ

ပြည်ထဲရေးဟာ အစိုးရအဖွဲ့မှာ အရေးအပါဆုံးဝန်ကြီးဌာနလို့ ပြောလို့ရပါတယ်။

ရဲတပ်ဖွဲ့လို လက်နက်ကိုင်အဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနလို တစ်နိုင်ငံလုံးကို ဖြန့်ကျက်နိုင်တဲ့ အုပ်ချုပ်ရေးကွန်ရက်နဲ့ အကျဉ်းဦးစီးဌာနကိုပါ အုပ်ချုပ်ရတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (BSI)၊ အထူးတပ်ဖွဲ့ (SB)နဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့လို အဖွဲ့အစည်းတွေကိုလည်း ပိုင်ဆိုင်ထားပြီး မီးသတ်တပ်ဖွဲ့တောင် ပြည်ထဲရေးအောက်မှာပါ။

ဒါ့အပြင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးနဲ့ အရပ်ဘက်အဖွဲ့အစည်းဖွဲ့စည်းခွင့်တွေကိုလည်း ပြည်ထဲရေးက ထိန်းချုပ်ထားပါတယ်။

လုံခြုံရေးနဲ့သက်ဆိုင်တဲ့ အမျိုးသားအဆင့်ကော်မရှင်၊ ကော်မတီတွေမှာလည်း ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌဖြစ်ပြီး ကျားဖြန့်ကော်မတီနဲ့ ရွေးကောက်ပွဲလုံခြုံရေးကော်မတီတွေလည်း အပါအဝင် ဖြစ်ပါတယ်။

အဲဒီလောက်လုပ်ပိုင်ခွင့်များတဲ့ ပြည်ထဲရေးဝန်ကြီးနေရာကို တပ်မတော်သားကိုပဲ ဝန်ကြီးခန့်ဖို့ အခြေခံဥပဒေက သတ်မှတ်ထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန လက်အောက်ကို ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှာ ထည့်သွင်းခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်မှာတော့ စစ်ကောင်စီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနအောက်ကို ပြန်လည်ထည့်သွင်းခဲ့ပါတယ်။

"လုပ်ပိုင်ခွင့်များလွန်းတဲ့အတွက် အဂတိကလည်းများတယ်" လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းထားတဲ့ ငါးနှစ်အတွင်းမှာ ပြည်ထဲရေးဝန်ကြီးလေးယောက်အထိ ရှိလာတာဖြစ်ပါတယ်။

ပြည်ထဲရေးဝန်ကြီးအသစ်ဖြစ်လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်ရဲ့ အနေအထားကလည်း ယာယီသာဖြစ်လိမ့်မယ်လို့ နေပြည်တော်အသိုင်းအဝိုင်းကသုံးသပ်ပါတယ်။

"ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်ကို ရွေးကောက်ပွဲဝင်ခိုင်းဖို့လုပ်တယ်။ နောက်တော့ စစ်ရေးချုပ်ဖြစ်သွားတယ်။ တခါစစ်ရေးချုပ်လုပ်ပြီး လပိုင်းပဲကြာတယ်။ အနားပေးခံရတယ်။ အခုပြည်ထဲရေးဝန်ကြီးဖြစ်ပြန်ပြီ။ အနားပေးဖို့လုပ်ပြီးမှ ပြန်ပြန်သုံးနေတာ" လို့ နေပြည်တော်က ဘီဘီစီသတင်းအရင်းအမြစ်တစ်ဦးကပြောပါတယ်။

ရွေးကောက်ပွဲကျင်းပပြီးသွားပြီဖြစ်တဲ့အတွက် လာမယ့်လပိုင်းမှာပဲ အစိုးရသစ်ဖွဲ့တဲ့အခါ ပြည်ထဲရေးဝန်ကြီးအသစ်ကို မြင်ကြရဖို့ရှိပါတယ်။

ပြည်ထဲရေးဝန်ကြီးအသစ်ဖြစ်ဖို့ ရေပန်းစားနေသူတွေကတော့ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ အမှတ် ၄ စစ်ဆင်ရေးအထူးအဖွဲ့မှူးဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းရှိန်နဲ့ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးဇော်မျိုးတင်တို့ ဖြစ်နိုင်တယ် လို့ စစ်ရုံးသတင်းအရင်းအမြစ်က ပြောပါတယ်။