စစ်ကောင်စီထဲက ရာထူးအပြောင်းအရွှေ့တွေ ဘာထူးခြားလဲ

အရေးပေါ်ကာလကို နောက်ထပ် ၆ လ သက်တမ်းတိုးတဲ့ ဇန်နဝါရီ ၃၁ ရက်မှာပဲ စစ်ကောင်စီက ရာထူးအပြောင်းအရွှေ့ ဒါဇင်ကျော်ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီဝင်တွေ နဲ့ဝန်ကြီး၊ ဒုဝန်ကြီးတချို့ပါ အပြောင်းအလဲပြုလုပ်ခဲ့ပြီး ထိပ်တန်းရာထူးတွေ ပါဝင်ခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းကာလလေးနှစ်အတွင်းမှာ အရေးပေါ်ကာလကို တစ်နှစ်ကြေညာခဲ့ပြီး ၆ လသက်တမ်း ၇ ကြိမ်အထိ တိုးခဲ့တာ ဖြစ်ပါတယ်။

အဲဒီကာလတွေအတွင်း စစ်ဘက်နယ်ဘက်က ထိပ်တန်းရာထူး နှစ်ရာကျော်အထိ အပြောင်းအလဲလုပ်ခဲ့တာတွေ့ရပါတယ်။

အာဏာသိမ်းလေးနှစ် ပြည်ထဲရေးဝန်ကြီး သုံးယောက်

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဟာ မနက်ပိုင်းမှာလုပ်တဲ့ အမျိုသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးကို ပြည်ထဲရေးဝန်ကြီးအဖြစ် တက်ရောက်ခဲ့ပြီး ညနေပိုင်းမှာ ရာထူးကနေပြောင်းရွှေ့ခံလိုက်ရတာပါ။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဟာ နယ်စပ်ရေးရာဝန်ကြီးဌာနကို ရွှေ့ပြောင်းခံလိုက်ရပြီး နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် က လက်ရှိ ပြည်ထဲရေးဝန်ကြီးဖြစ်လာပါတယ်။

ဒါကြောင့် အာဏာသိမ်းပြီး လေးနှစ်အတွင်း ပြည်ထဲရေးဝန်ကြီး သုံးဦးအထိ ပြောင်းလဲ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

အရပ်သားအစိုးရတွေလက်ထက်တုန်းက ပြည်ထဲရေးဝန်ကြီးတွေကို ၅နှစ်သက်တမ်းအတွက် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်က ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို က အစိုးရသက်တမ်း ၅ နှစ်ပြည့်တဲ့အထိ တာဝန်ယူခဲ့ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဟာ စစ်တက္ကသိုလ်အပတ်စဉ် (၁၉) ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အပတ်စဉ်တူပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်က ပြည်ထဲရေးဝန်ကြီးက ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေဖြစ်ပြီး စစ်တက္ကသိုလ်အပတ်စဉ် (၂၂) ဖြစ်ပြီး ဒုတိယစစ်ခေါင်းဆောင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့အပတ်စဉ်တူသူဖြစ်ပါတယ်။

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးတဲ့ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေဟာ ၂၀၂၀ ခုနှစ်မှာ ရာထူးကအနားပေးခံရပြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ဆက်ခံပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ဟာ ဗိုလ်သင်တန်း အပတ်စဉ် ၆၄ (OTS – 64) ဆင်းဖြစ်ပြီး ၂၀၀၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရဟတ်ယာဉ်မတော်တဆမှုမှာ ကွယ်လွန်ခဲ့တဲ့ ဝန်ကြီးချုပ်ရုံးဝန်ကြီး ဗိုလ်မှူးချုပ်လွန်းမောင်ရဲ့ သားဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ယုံကြည်စိတ်ချရသူတစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ဟာ

၂၀၂၃ ခုနှစ်အတွင်း အဂတိမှုနဲ့ အရေးယူခံရပြီးတဲ့နောက် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကို အစားထိုးခဲ့တာပါ။

ပြည်ထဲရေးမှာ ဝန်ကြီးအပြောင်းအလဲတင်မကဘဲ ဒုဝန်ကြီးပါ အပြောင်းအလဲဖြစ်ခဲ့ပါတယ်။ လက်ရှိဒုဝန်ကြီး ဗိုလ်ချုပ်တိုးရီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ရောက်သွားပါတယ်။

စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံးလက်အောက်က အောက်မြန်မာပြည် ကွပ်ကဲရေးမှူး ဗိုလ်ချုပ်အောင်ကျော်ကျော်က ပြည်ထဲရေး ဒုဝန်ကြီးသစ် ဖြစ်လာပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေနဲ့ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် တို့ဟာ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ကနေ ပြည်ထဲရေးဝန်ကြီး ဖြစ်လာကြသူတွေဖြစ်ပြီး ဗိုလ်ချုပ်တိုးရီကလည်း ဒုစစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ကနေ ပြည်ထဲရေး ဒုဝန်ကြီးဖြစ်လာခဲ့သူဖြစ်ပါတယ်။

ပြည်ထဲရေးဝန်ကြီးရာထူးဟာ အရေးပါတဲ့နေရာတစ်ခုဖြစ်ပြီး အမျိုသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အဖွဲ့ဝင်လည်းဖြစ်ပါတယ်။

ဝန်ကြီးဌာနလက်အောက်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊အကျဉ်းဦးစီးဌာနနဲ့ မီးသတ်ဦးစီးဌာန တို့ရှိနေပါတယ်။

ပြည်ထဲရေးဝန်ကြီးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းရတာဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီးအဆင့်တွေကို ခန့်အပ်တာတွေ့ရပါတယ်။

ဒေါ်သက်သက်ခိုင် အနားပေးခံရ

စစ်ကောင်စီကဝန်ကြီးသုံးဦးကို အနားပေးလိုက်ပြီး လူသိများတဲ့ လုပ်ငန်းရှင် ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီး ဒေါ်သက်သက်ခိုင်လည်း ပါဝင်ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမတ်ဟောင်းဖြစ်သူ ဒေါ်သက်သက်ခိုင်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူ့ရှေ့ဆောင်ပါတီကိုတည်ထောင်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။

ရွေးကောက်ပွဲရှုံးခဲ့ပေမဲ့ ၂၀၂၁ အာဏာသိမ်းကာလမှာ စစ်ကောင်စီက လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာ ဟိုတယ်နဲ့ခရီးသွားဝန်ကြီးဌာနကို ရွှေ့ပြောင်းခံရပြီးတဲ့နောက် အခုလိုအနားပေးလိုက်တာ ဖြစ်ပါတယ်။

ဒေါ်သက်သက်ခိုင်ဟာ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ နေရာကနေ ရွေးကောက်ပွဲ ပြန်လည်ယှဉ်ပြိုင်ဖို့ရှိနေတယ် လို့ ပါတီဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဒါကြောင့် လူ ၃၅ ဦးပါဝင်တဲ့ စစ်ကောင်စီရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့စာရင်းမှာ အမျိုးသမီးတစ်ဦးပဲ ရှိတော့တာဖြစ်ပြီး ဥပဒေရေးရာဝန်ကြီး ဒေါက်တာသီတာဦးဖြစ်ပါတယ်။

ဒါ့အပြင် အလုပ်သမားဝန်ကြီး၊ အားကစားနဲ့ လူငယ်ရေးရာဝန်ကြီး တွေလည်း အနားပေးခံခဲ့ရပါတယ်။

လစ်လပ်သွားတဲ့ ဝန်ကြီးဌာနတွေကို အစားထိုးခန့်အပ်လိုက်တဲ့အပြင် စစ်ကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၃)နေရာကိုပါ ခန့်အပ်ခဲ့ပါတယ်။

ဒါကြောင့် စစ်ကောင်စီဥက္ကဋ္ဌရုံးက လေးခုအထိ ရှိလာပြီး ဝန်ကြီးချုပ်ရုံးဝန်ကြီးပါထည့်ပေါင်းရင် စစ်ခေါင်းဆောင်အတွက် သီးသန့်ဖွဲ့ထားတဲ့ ဝန်ကြီးရုံးငါးခုအထိ ရှိလာပါတယ်။

ကာကွယ်ရေးဦးစီးချုပ်(ရေ)ဟောင်းတွေဖြစ်တဲ့ ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ဝန်ကြီးချုပ်ရုံးဝန်ကြီးဖြစ်ပြီး ဗိုလ်ချုပ်ကြီးမိုအောင်က စစ်ကောင်စီဥက္ကဋ္ဌရုံးအမှတ်(၁)ရဲ့ ဝန်ကြီးဖြစ်ပါတယ်။

စစ်ကောင်စီဝင်နှစ်ဦး ဖယ်ရှားခံရ

စစ်ကောင်စီဝင်တွေထဲမှာလည်း ဖယ်ရှားမှုတချို့ရှိခဲ့ပြီး အရပ်သားကောင်စီဝင်တွေဖြစ်တဲ့ ဦးရန်ကျော်နဲ့ ဦးရွှေကြိမ်းတို့ ဖယ်ရှားခံရပါတယ်။

ဦးရန်ကျော်က ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကို ကိုယ်စားပြုသူဖြစ်ပြီး ဦးရွှေကြိမ်းကတော့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကိုယ်စားပြုသူ ဖြစ်ပါတယ်။

သူတို့နှစ်ဦးကို စစ်ကောင်စီဗဟိုအကြံပေးအဖွဲ့ကို ရွှေ့လိုက်တာဖြစ်ပါတယ်။

ဒီဗဟိုအကြံပေးအဖွဲ့ဟာ စစ်ကောင်စီကနေအနားပေးလိုက်တဲ့ အရပ်သားအဖွဲ့ဝင်တွေကို ရွှေ့ပြောင်းတဲ့ အဖွဲ့အစည်းလည်းဖြစ်ပြီး လူသိများတဲ့ နိုင်ငံရေးသမားတွေဖြစ်တဲ့ ဦးသိန်းညွန့်နဲ့ ဦးခင်မောင်ဆွေ တို့လည်းရှိနေပါတယ်။

အဖွဲ့ဝင် ၁၆ ဦးပဲကျန်တော့တဲ့စစ်ကောင်စီမှာ နေရာကိုးခုအထိ စစ်ဗိုလ်ချုပ်တွေက ထိန်းချုပ်ထားတာတွေ့ရပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဥက္ကဋ္ဌနေရာကိုယူထားပြီး ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ တွဲဖက်အတွင်းရေးမှူးနေရာတွေကိုလည်း ဗိုလ်ချုပ်ကြီးတွေကပဲ လွှမ်းမိုးထားပါတယ်။

စစ်ကောင်စီထဲမှာ အမျိုးသမီးပါဝင်မှုကိုကြည့်ရင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ဒွဲဘူ တစ်ယောက်ပဲပါတာ တွေ့ရပါတယ်။

ရွေးကောက်ပွဲ မဖြစ်မနေကျင်းပမယ်

ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပမယ်လို့ မနေ့က ကာလုံအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသွားပါတယ်။

ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေကို အတတ်နိုင်ဆုံးကြိုးပမ်းဆောင်ရွက်နေတယ်လို့သူကပြောပါတယ်။ ရွေးကောက်ပွဲအောင်မြင်အောင်ကျင်းပနိုင်ဖို့ အတွက် စိန်ခေါ်မှုများစွာ ရှိနေသေးပြီး လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းမှု ပိုမိုရရှိဖို့ လိုမယ်လို့ ကာလုံအဖွဲ့ဝင်တွေက ဆွေးနွေးကြပါတယ်။

အချိုးကျကိုယ်စားပြုစနစ်(PR)ကို တိုင်းရင်းသား ကိုယ်စားပြုမဲဆန္ဒနယ်တွေမှာ ကျင့်သုံးမယ်လို့ သူကဆိုပါတယ်။

ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ နိုင်ငံတကာက ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေကို ဖိတ်ခေါ်ဖို့လိုတယ်လို့ စစ်ခေါင်းဆောင်ကပြောပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲကျင်းပမဲ့ အချိန်ကာလကို အတိအကျထည့်ပြောသွားတာတော့ မတွေ့ရပါဘူး။

ဖွဲ့စည်းပုံအခြေခံဥပဒေဥပဒေအရ ရွေးကောက်ပွဲကို အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီက ကျင်းပပေးရမှာဖြစ်ပါတယ်။

အဲဒီအတွက် အဆင့်ဆင့်ပြုလုပ်ရမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြဋ္ဌာန်းချက်တွေ ရှိနေပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တာဝန်တွေပြီးမြောက်အောင်ဆောင်ရွက်ပြီးရင် သမ္မတက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို လွှဲအပ်ထားတဲ့ နိုင်ငံတော်အာဏာလွှဲပြောင်းမိန့်ကို ပယ်ဖျက်ရမှာဖြစ်ပါတယ်။

အဲဒီနောက် နိုင်ငံတော်ရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာ ၃ ရပ်ကို အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကပဲ ကျင့်သုံးဖို့ပြဋ္ဌာန်းထားပြီး ၆ လအတွင်း ရွေးကောက်ပွဲကျင်းပပေးရမှာဖြစ်ပါတယ်။

ဒါကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တာဝန်တွေပြီးမြောက်အောင်မဆောင်ရွက်နိုင်သေးဘဲ အရေးပေါ်ကာလကို သက်တမ်းတိုးနေသမျှ ရွေးကောက်ပွဲမကျင်းပဖြစ်သေးဘူးဆိုတဲ့ အဓိပ္ပါယ်လည်းဖြစ်ပါတယ်။

ရွေးကောက်ပွဲကို ၂၀၂၅ နိုဝင်ဘာမှာ ကျင်းပမယ်လို့ သတင်းတွေထွက်ပေါ်နေပြီး စစ်ကောင်စီကလည်း ရွေးကောက်ပွဲကျင်းပပေးမယ်လို့ အကြိမ်ကြိမ်ကတိပြုထားတဲ့အတွက် ဇန်နဝါရီ ၃၁ ရက် သက်တမ်းတိုးမှုက အရေးပေါ်ကာလကို နောက်ဆုံးသက်တမ်းတိုးတာဖြစ်နိုင်တယ် လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်နေကြတာပါ။