NLD အမတ် ၂ ဦးကို စည်းကမ်း မလိုက်နာလို့ တာဝန်ရပ်ဆိုင်း

ရန်ကုန်မြို့ ဒဂုံမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်အမတ် ဒေါ်သက်သက်ခိုင်နဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးကျော်ဇေယျတို့ကို NLD က ပါတီတာဝန် ရပ်ဆိုင်းတာဟာ ပါတီ စည်းကမ်းတွေကို မလိုက်နာလို့ အရေးယူတာ ဖြစ်တယ်လို့ NLD ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာ မျိုးညွန့်က ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်က ကျင်းပခဲ့တဲ့ ပါတီ ဗဟို အလုပ်အမှုဆောင် အစည်းအဝေးအရ ဒဂုံမြို့နယ် ပါတီ အလုပ်အမှုဆောင်လည်း ဖြစ်တဲ့ အဲဒီ ၂ ဦးကို အခုလို အရေးယူဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပါတီတွင်း အစည်းအဝေးတွေမှာ ကန့်ကွက် ပြောဆိုခွင့် ရှိပေမယ့် အစည်းအဝေး ဆုံးဖြတ်ချက် ချပြီးရင်တော့ အဖွဲ့ချုပ်ရဲ့ လမ်းညွှန်ချက်နဲ့ မူဝါဒတွေကို လိုက်နာဖို့လိုပြီး ဒါတွေကို ပါတီဝင် တဦးချင်းက ဝေဖန်နေရင် ပါတီ စည်းလုံး ညီညွတ်မှု ပြိုကွဲ သွားနိုင်တဲ့အတွက် အခုလို အရေးယူရတာလို့ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

ပါတီ စည်းကမ်း ချိုးဖောက်တဲ့ အသေးစိတ်ကိုတော့ ပါတီ အတွင်းရေး ဖြစ်တယ်ဆိုပြီး ဒေါက်တာ မျိုးညွန့်က ထုတ်ပြောဖို့ ငြင်းဆိုခဲ့ပါတယ်။

ဒေါ်သက်သက်ခိုင်နဲ့ ဦးကျော်ဇေယျတို့ကို ပါတီတာဝန်က ရပ်ဆိုင်းလိုက်ပေမယ့် ပါတီဝင်အဖြစ်တော့ ဆက်ရှိနေဦးမှာ ဖြစ်ပြီး အရေးယူခံရတဲ့ အပေါ် အယူခံ ဝင်နိုင်တယ်လို့ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်ဟာ NLD အစိုးရရဲ့ စီးပွားရေး ဆောင်ရွက်မှုတွေကို ဝေဖန်ထောက်ပြခဲ့ဖူးသလို ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျကလည်း ရန်ကုန် တိုင်းဒေသကြီး အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို မကြာခဏ မီဒီယာတွေမှာ ဝေဖန်ပြောဆိုခဲ့သူ ဖြစ်ပါတယ်။

ဒေါ်သက်သက်ခိုင်ကတော့ အခုလို အရေးယူ မခံရခင်မှာ ၂ ကြိမ် ခေါ်ယူ သတိပေးခံရဖူးပြီး တကြိမ် ခေါ်ယူ စစ်ဆေး ခံခဲ့ရတာ ဖြစ်ပါတယ်။

မီဒီယာမှာ ဝေဖန် ပြောဆိုမှုတွေကြောင့် တာဝန်က ရပ်ဆိုင်းခံရတာလို့ ယူဆကြောင်း ဒေါ်သက်သက်ခိုင်က ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် တာဝန်က ရပ်ဆိုင်း ခံရတာနဲ့ ပတ်သက်လို့ ဘာအကြောင်းကြောင့်ဆိုတာ သူ့ကို ထုတ်ပြန်တဲ့ စာထဲမှာ မပါခဲ့ပဲ ပါတီ စည်းကမ်းတွေထဲမှာလည်း ဒီမိုကရေစီ နည်းလမ်းတွေနဲ့ တသားတည်း မကျတဲ့ စည်းကမ်းတွေ ရှိနေတယ်လို့ ဒေါ်သက်သက်ခိုင်က ပြောပါတယ်။

ဒေါ်သက်သက်ခိုင်ဟာ ရွှေနန်းတော် ရတနာဆိုင် ပိုင်ရှင် တဦးဖြစ်ပြီး ဦးကျော်ဇေယျကတော့ မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်မှာ ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ အငြိမ်းစား တပ်မတော်သား တဦး ဖြစ်ပါတယ်။