ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အဖျက် အမှောင့်လုပ်တဲ့ NLD ပါတီဝင်တွေကို အရေးယူမယ်
NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုစည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ကို အဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဝင်း ဦးဆောင်ပြီး စုစုပေါင်း အဖွဲ့ဝင် ၁၀ ယောက်နဲ့ ဖွဲ့စည်းလိုက်ပါတယ်။
မူလ ဗဟိုစည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ဝင် အတော် များများက လွှတ်တော်နဲ့ အစိုးရ အဖွဲ့မှာ တာဝန်တွေ ယူသွားကြတဲ့အတွက် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းတွေကို အပြည့်အဝ မလုပ်နိုင်ကြတာ ရှိခဲ့တဲ့အတွက် အခုလို တိုးချဲ့ ဖွဲ့စည်းရတာလို့ NLD က ပြောပါတယ်။
လက်ရှိ လွှတ်တော်ကိုယ်စားလှယ်များ တိုင်ကြားစာ ကော်မတီမှာ ပါဝင်ပြီး အခု ဗဟိုစည်းကမ်း ထိန်းသိမ်းရေး အဖွဲ့မှာ အဖွဲ့ဝင် အဖြစ် ပါဝင်လာတဲ့ ဒေါက်တာ မျိုးညွန့်က အဖွဲ့ကို ဗဟိုအဆင့်က စတင် ပြင်ဆင် ဖွဲ့စည်းပြီး ပြည်နယ်နဲ့ တိုင်း တွေမှပါပြင်ဆင် တို့းချဲ့ ဖွဲ့စည်း သွားမယ်လို့ ဆိုပါတယ်။
ပါတီ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး ပါတီဝင် အဖြစ်ကနေပါ ထုတ်ပယ်တဲ့ အထိ အရေးယူ ခဲ့ရတာတွေ ရှိခဲ့တယ်လို့လည်း ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။
နောက်ပိုင်းမှာ လွှတ်တော် ကိုယ်စားလှယ်များ တိုင်ကြားစာကော်မတီနဲ့ အခု NLD ဗဟိုစည်းကမ်း ထိန်းသိမ်းရေး အဖွဲ့တို့ တစ်ဖွဲ့စီ မဟုတ်တော့ဘဲ တစ်ဖွဲတည်း ဖြစ်သွား နိုင်ချေရှိတယ်လို့လည်း သူက ပြောပါတယ်။
ဒါ့အပြင် ဒေါက်တာ မျိုးညွန့်က သူ့အနေနဲ့ အဖွဲ့ဝင် အချင်းချင်း ညီညွတ်ရေးကို အရင်ဆုံး တည်ဆောက်လိုတယ်၊ အဖွဲ့ဝင်အချင်းချင်းကြားမှာ ဖြစ်ပေါ်နေတဲ့ မကျေနပ်မှု တွေကို ညှိနှိုင်း ဆောင်ရွက်လိုတယ်လို့ ပြောပါတယ်။
တချို့ NLD အဖွဲ့ဝင်တွေက မရိုးမသား လုပ်ဆောင်မှု ရှိတာတွေ့ရပြီး အဖွဲ့ရဲ့ လုပ်ငန်းတွေကို အဖျက် အမှောင့် လုပ်နေကြသူ တွေကိုလည်း ပါတီ စည်းကမ်း ထိန်းသိမ်းရေး အရ ဖော်ထုတ် အရေးယူခြင်းအားဖြင့် အဖွဲ့ရဲ့ စည်းရုံးရေး ထက်မြက်လျင်မြန်လာစေလိမ့်မယ်လို့ သူက ပြောပါတယ်။
၂၉ ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ဦးဉာဏ်ဝင်း ဦးဆောင်ပြီး ဦးဝင်းထိန်၊ ဒေါက်တာ မေဝင်းမြင့်၊ ဒေါက်တာမျိုးညွန့်၊ ဦးသိန်းဦး၊ ဦးကျော်ဟိုး၊ ဒေါ်လဲ့လဲ့၊ ဒေါ်ဝင်းမြမြ၊ ဦးတိုးလွင် စတဲ့ ၉ ယောက်သာ ဖြစ်ပေမယ့် ဦးတင်ထွဋ်ဦး ကို ဇန်နဝါရီလ ၃၀ ရက်နေ့ကမှ ထပ်ထည့် လိုက်ပြီး စုစုပေါင်း ၁၀ ယောက် ဖြစ်သွားပြီလို့ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။