ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာဏာသိမ်း ၄ နှစ်ပြည့် - စစ်ကောင်စီရဲ့ ရှေ့ခြေလှမ်း
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်အာဏာသိမ်းမှု ၄ နှစ် ပြည့်ပါပြီ။
စစ်တပ်က နိုင်ငံကို အရေးပေါ်အခြေအနေကြေညာပြီး သက်တမ်းကို တစ်နှစ်တစ်ကြိမ်၊ အဲဒီနောက်မှာ ခြောက်လစီ ၆ ကြိမ် သက်တမ်းတိုးပြီး အခုအထိ အုပ်ချုပ်လာခဲ့တာပါ။
၂၀၂၄ ခုနှစ် ဇူလိုင် ၃၁ ရက်မှာ အရေးပေါ်အခြေအနေကို ၆ လ သက်တမ်းတိုးထားတာ အခု ဇန်နဝါရီလ ၃၁ ရက်မှာ သက်တမ်းကုန်ဆုံးပါတော့မယ်။
အဲဒီနေ့မှာ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ(ကာလုံ) အစည်းအဝေးခေါ်ယူပြီး သက်တမ်းထပ်တိုးဖို့ ရှိနေတယ်လို့ ဘီဘီစီရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
ရွေးကောက်ပွဲကျင်းပမယ်လို့ပြောထားတဲ့ စစ်ကောင်စီအတွက် ဒီတစ်ကြိမ်သက်တမ်းတိုးမယ်ဆိုရင် ဒါက နောက်ဆုံးသက်တမ်းတိုးခြင်းမျိုး ဖြစ်နိုင်တယ်လို့ သုံးသပ်ချက်တွေ ရှိနေပါတယ်။
ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်ထဲမှာ ကျင်းပမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့လို့ ဖြစ်ပါတယ်။
ဒါဟာ အာဏာသိမ်းကာလ ၄ နှစ်အတွင်း ရွေးကောက်ပွဲအချိန်ဇယားနဲ့ပတ်သက်လို့ ပထမဆုံးအကြိမ် ထုတ်ပြောထားတာလည်းဖြစ်ပါတယ်။
ပုဒ်မ ၄၂၅ နဲ့ သက်တမ်း ဆက်တိုးမယ်
၂၀၂၄ ဇူလိုင် ၃၁ မှာ ကျင်းပတဲ့ ကာလုံအစည်းအဝေးမှာ ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေးမကောင်းလို့ဆိုပြီး စစ်ခေါင်းဆောင်က ယာယီသမ္မတတာဝန် ရယူခဲ့ပါတယ်။
အဲဒီအစည်းအဝေးမှာပဲ အရေးပေါ်အခြေအနေကို နောက်ထပ် ၆ လ သက်တမ်းတိုးခဲ့ပါတယ်။
နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ခိုင်လုံတဲ့ မဲစာရင်းရရှိရေး၊ သန်းခေါင်စာရင်းကောက်ယူဖို့လိုအပ်လို့ အုပ်ချုပ်မှုသက်တမ်း ထပ်တိုးတာလို့ အကြောင်းပြပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ သက်တမ်းထပ်တိုးတယ်လို့လည်း ဆိုပါတယ်။
အဲဒီ ပုဒ်မမှာ အရေးပေါ်ကာလကို သာမန်အားဖြင့် ခြောက်လသက်တမ်း ၂ ကြိမ် တိုးနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ရှေ့ပိုင်းသက်တမ်းတိုးသမျှ ဒီပုဒ်မကိုပဲ တောက်လျှောက်သုံးခဲ့တာပါ။
ဒီပုဒ်မအတိုင်းဆို ၂၀၂၂ အတွင်း နှစ်ကြိမ် တိုးခဲ့တာကြောင့် သာမန်ဆိုရင် ထပ်တိုးလို့မရဘူးလို့ နားလည်ထားကြပါတယ်။
ဒါပေမဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်မှာလည်း ပုဒ်မ ၄၂၅ ကိုပဲဆက်သုံးပြီး သက်တမ်းဆက်တိုးခဲ့ပါတယ်။
ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီညွတ်တယ်လို့ အခြေခံဥပဒဆိုင်ရာခုံရုံးကလည်း ထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံတဝန်းပဋိပက္ခတွေနဲ့မတည်ငြိမ်မှုတွေ ဖြစ်ပွားနေပြီး ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ သူ့တာဝန်တွေပြီးမြောက်ကြောင်း အစီရင်ခံတင်ပြရမယ့်အခြေအနေမဟုတ်သေးတဲ့အပြင် သာမန်မဟုတ်တဲ့အခြေအနေ ဖြစ်လို့ နိုင်ငံတဝန်းအရေးပေါ်ကာလကို ပုဒ်မ ၄၂၅ နဲ့အညီ ဆက်လက်သက်တမ်းတိုးနိုင်တယ်လို့ ခုံရုံးက ဆုံးဖြတ်ခဲ့တာပါ။
ခုံရုံးက တစ်ကြိမ် ဆုံးဖြတ်ပေးပြီးတဲ့နောက် ၂၀၂၃ တစ်နှစ်လုံးရော ၂၀၂၄ တစ်နှစ်လုံးပါ ပုဒ်မ ၄၂၅ နဲ့ပဲ သက်တမ်းတွေထပ်တိုးခဲ့ပါတယ်။
ဇန်နဝါရီ ၃၁ မှာ ကျင်းပမယ့် ကာလုံအစည်းအဝေးမှာလည်း ဒီ ပုဒ်မ ၄၂၅ ကိုပဲ ဆက်သုံးပြီး နောက်ထပ် ၆ လ တိုးသွားနိုင်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်ကောင်စီက အရေးပေါ်ကာလကို ၆ လတစ်ကြိမ်သက်တမ်းတိုးနေတာ ၆ ကြိမ်ရှိပြီဖြစ်လို့ မထူးဆန်းသလိုတောင် ဖြစ်လာတာပါ။
ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ဒီသက်တမ်းတိုးတာ နောက်ဆုံးဖြစ်နိုင်တယ်လို့ ယူဆချက်တွေရှိလာပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲကို ဒီနှစ်ထဲကျင်းပမယ်လို့ ပြောထားပြီးသားဖြစ်လို့ ဒီစကားအတိုင်းသာဆို စစ်ကောင်စီဟာ ကာလုံမှာ သက်တမ်းဒီတစ်ကြိမ်တိုးပြီးတာနဲ့ လာမယ့်ကာလတွေမှာ ရွေးကောက်ပွဲအတွက် ကြိုပြင်ရတော့မယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုးကားပြီး နိုင်ငံရေးသမားတချို့က တွက်ချက်ထားကြပါတယ်။
ရွေးကောက်ပွဲအတွက် စစ်ကောင်စီ ဘာတွေ လုပ်လာသလဲ
ရွေးကောက်ပွဲမဲစာရင်းမှန်ကန်ရေးအတွက် သန်းခေါင်စာရင်းက အဓိကကျတယ်လို့ စစ်ခေါင်းဆောင် ပြောထားတဲ့ ၂၀၂၄ သန်းခေါင်စာရင်းရလဒ်ကို ဒီဇင်ဘာ ၃၁ မှာ ကြေညာခဲ့ပါတယ်။
နယ်မြေလုံခြုံရေးကြောင့် ကွင်းဆင်းမကောက်နိုင်တဲ့ နေရာတွေက လူ ၁၉ သန်းနီးပါးကို ခန့်မှန်းတွက်ချက်ပြီး မြန်မာ့လူဦးရေ ၅၁ သန်း ၃ သိန်းကျော်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီနှစ်ဆန်းမှာပဲ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရားတွေက အဲဒီ သန်းခေါင်စာရင်းကို အခြေခံတဲ့ မဲစာရင်းတွေ ပြင်ဆင်ဖို့ စုဖွဲ့လှုပ်ရှားမှုတွေ စရှိလာပါတယ်။
လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ကြိုင် ဦးဆောင်တဲ့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ဗဟိုကော်မတီကို ဇန်နဝါရီလဆန်းပိုင်းမှာ ဖွဲ့ခဲ့ပါတယ်။
အဲဒီကော်မတီက အသက် ၁၈ နှစ်နဲ့အထက် လူဦးရေစာရင်းတွေကို တိုင်းနဲ့ပြည်နယ်အလိုက် ကောက်ယူပြီး ရွေးကောက်ပွဲကော်မရှင်ကို ပေးပို့နေတယ်လို့ ဇန်နဝါရီ ၂၀ ရက်မှာ နိုင်ငံပိုင်သတင်းစာတွေက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာရွှေ့ပြောင်းသူတွေ မဲစာရင်းမှာ ပါဝင်ဖို့နဲ့ မဲစာရင်းမထပ်စေဖို့ အဲဒီ ကော်မတီက စာရင်းကောက်ယူပြီး ရွေးကောက်ပွဲကော်မရှင်ကို ပေးပို့နေပါတယ်။
အဲဒီစာရင်းတွေကို ဗဟိုမဲဆန္ဒရှင်စာရင်းစီမံခန့်ခွဲရေးစနစ်ထဲ ထည့်သွင်းပြီး ကွဲလွဲချက်တွေမရှိအောင် စိစစ်နေပြီလို့ လဝက ဝန်ကြီး ဦမြင့်ကြိုင်က ပြောပါတယ်။
အခြေခံမဲစာရင်းအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားရှိသူတွေနဲ့ အိမ်ထောင်စုစာရင်း ပုံစံ ၆၆/၆ မှာပါဝင်သူတွေကို ရွေးကောက်ပွဲကော်မရှင်က လဝက ဌာနကနေ တောင်းယူနေပါပြီ။
အဲဒီလူတွေ မြေပြင်မှာတကယ်ရှိမရှိ၊ သေဆုံး၊ ပျောက်ဆုံးနဲ့ အိမ်ထောင်စုစာရင်းအပြောင်းအလဲရှိသူတွေကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစာရင်းတွေနဲ့တိုက်ဆိုင်စစ်ဆေးပြီး မဲစာရင်းပြုစုမယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက ဇန်နဝါရီ ၂၃ မှာ ပြောကြားထားပါတယ်။
မဲစာရင်းတွေ စလုပ်နေတာနဲ့အတူ တစ်ဖက်မှာလည်း ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲကျင်းပဖို့ အပါအဝင် လုံခြုံရေးကိစ္စတွေကို စစ်ကောင်စီတို့ကြား ဆွေးနွေးတာတွေ ခပ်စိတ်စိတ် တွေ့လာရပါတယ်။
ဒါကြောင့် ဒီလကုန် အရေးပေါ်အခြေအနေကို တစ်ကြိမ် သက်တမ်းထပ်တိုးတာဟာ နောက်ဆုံးအကြိမ်ဖြစ်သွားနိုင်တယ်လို့ ခန့်မှန်းချက်တွေ ရှိလာတာ ဖြစ်ပါတယ်။
ဒီနှစ်ထဲ ရွေးကောက်ပွဲတကယ်ဖြစ်လာခဲ့ရင် အရေးပေါ်ကာလ သက်တမ်းကုန်ချိန်မှာ စစ်ကောင်စီဟာ ကာလုံကို အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး အာဏာ ၃ ရပ်ကို ပြန်လည်အပ်နှင်းရမှာဖြစ်ပါတယ်။
အဲဒီနောက် ကာလုံက ဖွဲ့စည်းပေးလိုက်တဲ့ အစိုးရသစ်တရပ်က ရွေးကောက်ပွဲကော်မရှင်ကိုပါ အသစ်ပြန်ဖွဲ့ရမှာပါ။
အဲဒီ ကော်မရှင်အသစ်ကမှ ရွေးကောက်ပွဲကို ကျင်းပပေးရမယ်လို့ အခြေခံဥပဒေကို ကိုးကားပြီး နိုင်ငံရေးသမားတစ်ဦးက ဘီဘီစီကို ရှင်းပြပါတယ်။
စစ်ခေါင်းဆောင်အခန်းကဏ္ဍ ဘယ်လိုဆက်ရှိနိုင်လဲ
အဲဒီ အခင်းအကျင်းဖြစ်လာခဲ့မယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ကာလုံက ပြန်ဖွဲ့တဲ့အစိုးရအဖွဲ့ထဲမှာလည်း ပြန်ပါနေဦးမှာပဲလို့ တပ်မတော်အရာရှိဟောင်းတစ်ဦးက သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်တုန်းက သက်တမ်းတိုးခဲ့ချိန်မှာ ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေးမကောင်းလို့ မတက်ရောက်နိုင်တာကြောင့် အဲဒီကတည်းက စစ်ခေါင်းဆောင်က ယာယီသမ္မတ တာဝန်ယူပြီး ကာလုံကို ဦးဆောင်ကျင်းပခဲ့တာပါ။ ဒါကြောင့် သူသြဇာညောင်းတဲ့ ကာလုံကနေပဲ အစိုးရပြန်ဖွဲ့မယ်ဆိုရင် ဒီလူဟောင်းတွေနဲ့ပဲ အစိုးရအဖွဲ့တစ်ခု ပေါ်လာမယ်လို့ အဲဒီအရာရှိကြီးက ပြောပါတယ်။
အစိုးရသစ်ဖွဲ့မယ်ဆိုရင်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ကာလုံမှာ သမ္မတနေရာကရှိနေမှာဖြစ်ပြီး ဝန်ကြီးချုပ်အနေနဲ့လည်း ဆက်ရှိနေနိုင်တယ် လို့ သူကသုံးသပ်ပါတယ်။
ဒါမှမဟုတ် တခြားတစ်ယောက်ကို တာဝန်လွှဲပြီး သူက ကြားဖြတ်အစိုးရသစ်ပုံစံမျိုး ထားပြီးတော့လည်း ရွေးကောက်ပွဲ လုပ်နိုင်တယ် လို့ အဲဒီအရာရှိကြီးက ပြောပါတယ်။
''ဒါကတော့ သူရဲ့ ရွေးချယ်မှုသာ ဖြစ်တာပေါ့နော်။ အခုအချိန်မှာတော့ ဝန်ကြီးချုပ်အနေနဲ့ ဆက်နေလည်းရတယ်။ တခြားတစ်ယောက်ကို လွှဲပေးပြီး ဦးစီးချုပ်အနေနဲ့ ဆက်နေလည်းရတယ်။ ဘယ်လိုနေနေ ကာလုံမှာတော့ သူက သြဇာရှိနေဆဲ၊ ပါနေဆဲပဲ" လို့ သူက ပြောပါတယ်။
ရွေးကောက်ပွဲကိုတော့ ၂၀၂၅ နှစ်ကုန်ပိုင်းမှာ အထူးသဖြင့် နိုဝင်ဘာလထဲမှာ ကျင်းပနိုင်ခြေရှိတယ်လို့ နိုင်ငံရေးသမားအသိုင်းအဝိုင်းတွေကြားမှာ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။ ပြည်တွင်းစစ်ဖြစ်ပွားနေပြီး နယ်မြ မတည်ငြိမ်မှုတွေ ပိုတိုးလာတဲ့အခြေအနေမျိုးမှာ ရွေးကောက်ပွဲကျင်းပဖို့ဆိုတာ လက်တွေ့မကျဘူးလို့ ထောက်ပြတာတွေလည်း ရှိနေပါတယ်။
ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကို နေရာနဲ့ အချိန်ကာလခွဲပြီး ကျင်းပနိုင်တယ်လို့ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပါတယ်။
"ခြောက်လအတွင်း ကျင်းပပေးရမယ်ဆိုတဲ့ ကန့်သတ်ချက် ခြေဥမှာ ပါတယ်။ ဒါပေမဲ့ ခြောက်လ ဘယ်နှကြိမ်အထိဆိုတာ ပါမလာဘူး။ ခြောက်လအတွင်း အကြိမ်ကြိမ်ကျင်းပတဲ့ရွေးကောက်ပွဲက ဂုဏ်သိက္ခာရှိတဲ့ လွှတ်တော်အတွက် အမတ်အရေအတွက်မရရင် ခြောက်လကို တကြိမ်ကနေ နှစ်ကြိမ်ဆက်လုပ်မှာလားဆိုတာ ရှိမယ်" လို့ သူက ပြောပါတယ်။
ရွေးကောက်ပွဲအကြောင်း စစ်တပ်နဲ့ဆွေးနွေးနေတဲ့ နိုင်ငံရေးပါတီတွေဘာပြောလဲ
အခုနှစ်ထဲမှာ စစ်ကောင်စီက အပိုင်းလိုက်ကျင်းပမယ့် ရွေးကောက်ပွဲစတင်ဖို့ ပြင်ဆင်နေပြီး ဘယ်အချိန်မှ ရွေးကောက်ပွဲပြီးအောင်ကျင်းပနိုင်မယ်ဆိုတာ မသိရသေးပါဘူးလို့ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတချို့က ပြောပါတယ်။
စစ်တပ်က ကတိပေးထားတဲ့ ရွေးကောက်ပွဲကို ၂၀၂၅ ဒီနှစ်ထဲမှာ ကျင်းပနိုင်တဲ့နေရာတွေမှာ အရင်ကျင်းပပြီး မကျင်းပနိုင်သေးတဲ့နေရာတွေကို နယ်မြေရှင်းလင်းရေးလုပ်ပြီး ဆက်ကျင်းပနိုင်ဖို့ ပြင်ဆင်နေပြီလို့ နိုင်ငံရေးပါတီတချို့ထံက ဘီဘီစီက သိရပါတယ်။
နိုင်ငံတစ်ဝန်းမှာ တိုက်ပွဲတွေဖြစ်နေပြီး စစ်တပ်ထိန်းချုပ်နိုင်တဲ့ ဧရိယာ လျော့နည်းလာနေတဲ့အချိန် ရွေးကောက်ပွဲကျင်းပနိုင်ဖို့ နယ်မြေတည်ငြိမ်ရေး ဖိဖိစီစီးလုပ်ဖို့ စစ်ခေါင်းဆောင်က ပြီးခဲ့တဲ့ ရက်ပိုင်းက အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
ဒါ့အပြင် ပြည်သူ၊ အမျိုးသားနဲ့ တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေမှာ လွှတ်တော်အစည်းအဝေးလုပ်ဆောင်နိုင်စွမ်းရှိတဲ့ လွှတ်တော်ဖြစ်အောင် လုပ်ဖို့လည်း သူကပြောခဲ့ပါတယ်။
ဒါကြောင့် ရွေးကောက်ပွဲသာ လုပ်ဖြစ်မယ်ဆိုရင် နယ်မြေမတည်ငြိမ်မှုတွေကြား လွှတ်တော်ခုံအရေအတွက်ပြည့်အောင် အကြိမ်ကြိမ်ကျင်းပရမယ့် အခြေအနေဖြစ်နေတဲ့အကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ညီညွတ်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးညီညီလွင်က ပြောပါတယ်။
ရွေးကောက်ပွဲကာလကို ၂၀၂၅ ထဲမှာ စထားပြီး မကျင်းပနိုင်တဲ့နေရာတွေကိုတော့ အခြေအနေစောင့်ကြည့်ပြီး တရားဥပဒေ စိုးမိုးမှု နယ်မြေစိုးမိုးမှုရပြီး ရွေးကောက်ပွဲကျင်းပနိုင်လောက်တဲ့ အခြေအနေအထိရောက်အောင် သူတို့ကြိုးစားပြီးရင် ရွေးကောက်ပွဲဆက်လုပ်မယ် ဆိုတဲ့ပုံစံမျိုး လို့ သူက ရှင်းပြပါတယ်။
''သို့သော် လွှတ်တော်အသီးသီးမှာ တက်ရောက်ရမယ့် သတ်မှတ်လွှတ်တော်ကိုယ်စားလှယ်အရေအတွက်တွေ ပြည့်မီတဲ့အချိန်မှာ ပထမအကြိမ်လွှတ်တော်ခေါ်ယူမယ်၊ အဲဒါတွေပြည့်မီတဲ့အထိကတော့ ဘယ်လောက်ကြာမယ်ဆိုတာ ကျွန်တော်တို့ ခန့်မှန်းလို့မရဘူးပေါ့ဗျာ။ တိုင်းပြည်ရဲ့ အခြေအနေပေါ်မှာပဲမူတည်တာပေါ့" လို့ ဦးညီညီလွင်က ပြောပါတယ်။
စစ်ရေးအရရှုံးနိမ့်နေချိန်မှာ ရွေးကောက်ပွဲနည်းနဲ့ နိုင်ငံရေးထွက်ပေါက်ရှာတာဖြစ်ပြီး ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲဖြစ်လာမယ့်အပြင် ပဋိပက္ခတွေကိုလည်း ပိုနက်ရှိုင်းစေတယ်လို့ သူက ပြောပါတယ်။
တရုတ်နိုင်ငံက မြန်မာမှာ စစ်အုပ်ချုပ်ရေးသက်ဆိုးရှည်မှာကိုစိုးရိမ်ပြီး ရွေးကောက်ပွဲလုပ်၊ အားကြီးတဲ့ပါတီအနိုင်ယူ၊ တည်ငြိမ်မှုကိုထိန်း၊ အနောက်နိုင်ငံတွေကိုလိုတာထက်ပိုမခေါ်ဖို့နဲ့တရုတ်နဲ့တွဲပြီး ဖွံ့ဖြိုးရေးလုပ်ဖို့လိုလားတယ်လို့ မဟာဗျူဟာနဲ့မူဝါဒရေးရာလေ့လာရေးအင်စတီကျူ ISP Myanmar က ပြောထားပါတယ်။
အင်အားကြီးတရုတ်ကိုနိုင်ငံရေး စစ်ရေးနဲ့ စီးပွားရေးအရပါ အလုံးစုံနီးပါးမှီနေရတဲ့ စစ်ခေါင်းဆောင်နဲ့ စစ်ကောင်စီအဖို့တော့ တရုတ်ကတွန်းလာတဲ့ ရွေးကောက်ပွဲဆိုတဲ့လမ်းကြောင်းကို ကြာရှည် ရှောင်လွှဲလို့မရနိုင်ပါဘူး။
ဒါကို စစ်တပ်နယ်မြေအများအပြားဆုံးရှုံးခဲ့ရတဲ့ ရှမ်းမြောက်က ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေနှိမ်နင်းရေးအကြောင်းပြုပြီး ညီနောင်သုံးဖွဲ့က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးက ထင်ရှားတဲ့ ပြယုဂ်တစ်ခုဖြစ်ပါတယ်။
အဲဒီနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ရဲ့တရုတ်ခရီးစဥ်အတွင်း ရွေးကောက်ပွဲကျင်းပမယ့်အစီအစဥ်တွေကို တရုတ်ဝန်ကြီးချုပ်နဲ့တွေ့ချိန်မှာ ရှင်းပြခဲ့ပါတယ်။ တရုတ်ကလည်း ရွေးကောက်ပွဲကို အကူအညီတွေပေးမယ်လို့ကမ်းလှမ်းထားပါတယ်။
အာဆီယံဥက္ကဋ္ဌ မလေးရှားအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကတော့ ရွေးကောက်ပွဲထက် အပစ်အခတ်ရပ်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေစဖို့မြန်မာစစ်တပ်ကို တိုက်တွန်းနေပါတယ်။
အမေရိကန်၊ ယူကေနဲ့ အနောက်နိုင်ငံတွေကတော့ စစ်တပ်က ကျင်းပမယ့်ရွေးကောက်ပွဲကို ကန့်ကွက်ထားကြပါတယ်။
ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ သူ့ရဲ့နိုင်ငံရေးထွက်ပေါက်အဖြစ် ရော ရှေ့ခရီးလမ်းပြမြေပုံအဖြစ်ပါ ရွေးကောက်ပွဲကိုသာ တွန်းပြီး လုပ်သွားမယ့်အခင်းအကျင်းမျိုးတွေကို ဒီနှစ်ထဲမှာ စမြင်တွေ့လာရပြီဖြစ်ပါတယ်။