ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သိန်းတစ်ထောင်စု၊ လူတစ်သိန်းပြရမယ့် ရွေးကောက်ပွဲ
နိုင်ငံရေးပါတီတွေအတွက် အဆုံးအဖြတ် ရက်ပေါင်း ၆၀၊
ပါတီမှတ်ပုံတင်ဥပဒေသစ် ဘာတွေထူးခြားလဲ။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ကို စစ်ကောင်စီက ပြဋ္ဌာန်းလိုက်ပြီး တည်ဆဲပါတီအားလုံး လာမယ့်ရက်ပေါင်း ၆၀ အတွင်းမှာ မှတ်ပုံပြန်တင်ရမှာ ဖြစ်ပါတယ်။
မှတ်ပုံပြန်မတင်ရင် အလိုအလျောက် ပါတီဖျက်သိမ်းပြီးသားဖြစ်မယ်လို့ ဥပဒေသစ်မှာပြဋ္ဌာန်းထားပြီး ပါတီတွေအတွက် တင်းကြပ်တဲ့ စည်းမျဥ်းပါတဲ့ ပြင်ဆင်ချက်တွေလည်း ထည့်သွင်းထားပါတယ်။
ပြည်ထောင်စုတစ်ဝန်းလုံးမှာစည်းရုံးမယ့်ပါတီတွေဟာ မှတ်ပုံတင်ခွင့်ပြုတဲ့နေ့ကစလို့ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံးတစ်သိန်းအထိ စည်းရုံးရမယ်ဆိုတဲ့ အချက်ဟာ ဥပဒေကြမ်းအဆင့်ကတည်းက ဝေဖန်မှုတွေ မြင့်တက်ခဲ့ပေမယ့် စစ်ကောင်စီက ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။
ဒါ့အပြင် ဒီဥပဒေအသစ်ထဲမှာ ရွေးကောက်ပွဲအထိ သက်ရောက်စေမယ့် ပြဋ္ဌာန်းချက်တစ်ခုလည်းပါဝင်ပြီး ပြည်ထောင်စုတစ်ဝန်းလုံးမှာ စည်းရုံးမယ့်ပါတီတွေဟာ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်အားလုံးရဲ့ ထက်ဝက်ဝင်မပြိုင်ရင် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိဘူးလို့ ဥပဒေသစ်က ဆိုထားပါတယ်။
တစ်ပါတီ လူတစ်သိန်း စုနိုင်ပါ့မလား
မြန်မာ့နိုင်ငံရေးပါတီတွေကို ပြည်ထောင်စုတစ်ဝန်းလုံးကို စည်းရုံးဆောင်ရွက်တဲ့ ပါတီနဲ့ တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးဆောင်ရွက်တဲ့ ပါတီ ဆိုပြီး မှတ်ပုံတင်ခွင့်ပြုထားတာ ဖြစ်ပါတယ်။
ပြည်ထောင်စုတစ်ဝန်းလုံးကို စည်းရုံးဆောင်ရွက်ရမယ့်ပါတီတွေအတွက် လက်ရှိလုံခြုံရေးအခြေအနေအရ ပါတီဝင်ဦးရေ တစ်သိန်းအထိ စည်းရုံးရမယ့်အချက်က အဓိက စိန်ခေါ်ချက်ဖြစ်နေတယ်လို့ ပါတီခေါင်းဆောင်တချို့က ဘီဘီစီကို ပြောပါတယ်။
ငွေကြေးအင်အားတောင့်တင်းတဲ့ ပါတီတစ်ခုဖြစ်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီကတောင် တစ်ပါတီ လူတစ်သိန်းရဖို့ မလွယ်ဘူးလို့ မှတ်ချက်ပြုပါတယ်။
‘တစ်သိန်းဆိုတဲ့ ကိန်းဂဏန်းကို ပုံမှန်အချိန်ဆို ကျွန်တော်တို့လက်ခံတယ်။ ဒါပေမဲ့ အခုလို လုံခြုံရေးအခြေအနေနဲ့ ကျွန်တော်တို့ မြေပြင်မှာဘယ်လိုစည်းရုံးမလဲ။ ပြည်သူလူထုကရော ပါတီနိုင်ငံရေးကို ဘယ်လောက်အထိ စိတ်ဝင်စားမှာလဲ’ လို့ ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌ(၂) ဦးစောဟန်အေးက ဘီဘီစီကို ပြောပါတယ်။
ဥပဒေအဟောင်းမှာ အနည်းဆုံး ပါတီဝင် တစ်ထောင် စည်းရုံးရမယ်လို့ သတ်မှတ်ထားတာကနေ တစ်သိန်းလို့ ပြင်ဆင်လိုက်တာဖြစ်ပြီး ဧည့်နိုင်ငံသားတွေကိုပါ စည်းရုံးနိုင်တယ်လို့ ပြင်ဆင်ဖြည့်စွက်ထားပါတယ်။
နိုင်ငံရေးပတ်ဝန်းကျင်ကောင်းတည်ဆောက်မပေးဘဲ ကိန်းဂဏန်းကို အခြေပြုသတ်မှတ်လိုက်တာက လူထုရဲ့ အမြင်သဘောထားကိုလည်း ထင်ဟပ်စေမှာမဟုတ်ဘူးလို့ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။
‘’စစ်တပ်မှာက အမိန့်နဲ့တည်ဆောက်လို့ရတယ်။ နိုင်ငံရေးပါတီမှာက ယုံကြည်မှုနဲ့တည်ဆောက်ရတာ။ပါတီဝင်အသစ်တွေ ဝင်ရောက်လာဖို့ဆိုတာက သူတို့အပေါ်မှာ နိုင်ငံရေးအရ ယုံကြည်မှုဖန်တီးပေးဖို့လိုတယ်’’ လို့ ဦးကိုကိုကြီးက ဘီဘီစီကို ပြောပါတယ်။
ပါတီဝင်အင်အား တစ်သိန်းကျော်ကို ၃ လအတွင်း စုစည်းဖို့က မလွယ်ကူဘဲ တည်ဆဲပါတီတွေထဲမှာ NLD နဲ့ ကြံ့ခိုင်ရေးပါတီလောက်ပဲ လုပ်နိုင်လိမ့်မယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ဆိုပါတယ်။
‘’အသစ်ထောင်မယ့် ပါတီတွေအတွက် ဆိုရင်တော့ ပိုခက်ပါမယ်” လို့သူက ပြောပါတယ်။
စစ်ကောင်စီက ဖွဲ့စည်းပေးထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ နိုင်ငံရေးပါတီတွေ ရဲ့ ပါတီဝင်အင်အားနဲ့ ဘဏ္ဍာရေးအခြေအနေတွေကို စစ်ဆေးထားတဲ့အတွက် ပါတီတွေရဲ့အခြေအနေတွေကို သိရှိထားပြီး ဖြစ်ပါတယ်။
ပါတီ ၉၀ ကျော်ရှိတဲ့အနက် ပါတီဝင်အင်အား သိန်းဂဏန်းအထက်ရှိတဲ့ပါတီ ၄ ပါတီပဲ ရှိတယ်ဆိုတာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စစ်ဆေးတွေ့ရှိပြီး ဖြစ်ပါတယ်။
ပါတီဝင်အင်အား သောင်းဂဏန်းအထက်ရှိတဲ့ပါတီကလည်း ၄ ပါတီပဲ ရှိပြီး ပါတီဝင်အင်အား ထောင်ဂဏန်းအထက်ရှိတဲ့ပါတီ ၇၆ ပါတီ ရှိနေပါတယ်။
ကော်မရှင်က နာမည်မထုတ်ဖော်ပေမယ့် ပါတီဝင်အင်အား သိန်းဂဏန်းအထက်ရှိတဲ့ပါတီ ၄ ပါတီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ နဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ တို့ပါဝင်ပြီး ကျန်တဲ့တစ်ပါတီကိုတော့ ဘီဘီစီက အတည်မပြုနိုင်ပါဘူး။
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို မနှစ်က ဖျက်သိမ်းလိုက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ရွေးကောက်ပွဲမဝင်ဘူးလို့ ထုတ်ပြောထားတဲ့အတွက် ပါတီဝင်အင်အား တစ်သိန်းစုဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွဲ့ဖြိုးရေးပါတီတစ်ခုပဲ အခြေအနေကောင်းနေတယ်လို့ ပါတီခေါင်းဆောင်တွေက သုံးသပ်ပါတယ်။
ပြည်ထောင်စုတဝန်းလုံးမှာစည်းရုံးလှုပ်ရှားတဲ့ တည်ဆဲပါတီ ၃၀ ဝန်းကျင်ရှိနေပြီး အများစုကတော့ ပါတီဆက်လက်ရပ်တည်ရေးအတွက် အပြာင်းအလဲတွေ လုပ်ကြရလိမ့်မယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
ပြည်ထောင်စုပါတီတွေအတွက် နောက်ထပ်စိန်ခေါ်မှုအသစ်တွေ
ပြည်ထောင်စုတစ်ဝန်းလုံးမှာစည်းရုံးမယ့် ပါတီတွေအတွက် နောက်ထပ် စိန်ခေါ်ချက်တစ်ခုက ၆ လအတွင်း မြို့နယ်ပေါင်း အနည်းဆုံး ၁၆၀ မှာ ပါတီရုံးခန်းတွေဖွင့်ရမယ်လို့ ဥပဒေသစ်မှာ ပြဋ္ဌာန်းထားတာပဲ ဖြစ်ပါတယ်။
တည်ဆဲပါတီတွေထဲမှာ ရုံးခန်း ၁၀၀ အထက်ဖွင့်နိုင်တဲ့ပါတီက ၄ ပါတီပဲ ရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ပါတီတွေကို စစ်ဆေးတွေ့ရှိချက်အရ သိရပါတယ်။
ဒါ့အပြင် ပြည်ထောင်စုတစ်ဝန်းလုံးမှာစည်းရုံးမယ့်ပါတီတွေဟာ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်အားလုံးရဲ့ တစ်ဝက်ဝင်မပြိုင်ရင် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိဘူးလို့ ဥပဒေသစ်က ဆိုထားပါတယ်။
ဒါကြောင့် ပြည်ထောင်စုပါတီအဖြစ်ရပ်တည်မယ့် ပါတီတွေဟာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း ရာဂဏန်းအထိ ရှာဖွေရမယ့် အခက်အခဲကို ပါ ရင်ဆိုင်ကြရမှာဖြစ်ပါတယ်။
နောက်ထပ် ပြင်ဆင်ချက်အသစ်တစ်ခုကတော့ ပါတီရန်ပုံငွေ ကျပ်သိန်းတစ်ထောင်ရှိရမယ်ဆိုတဲ့ ပြင်ဆင်ချက်ပဲ ဖြစ်ပါတယ်။
တည်ဆဲနိုင်ငံရေးပါတီတွေထဲမှာ ပါတီဘဏ္ဍာငွေ ကျပ်သိန်းထောင်ဂဏန်းအထက် သုံးနိုင်တဲ့ပါတီက ၄ ပါတီပဲရှိတဲ့အကြောင်း ကော်မရှင်ရဲ့ ပါတီတွေကိုစစ်ဆေးတွေ့ရှိချက်အရ သိရပါတယ်။
ကျပ်သိန်းရာဂဏန်းအထက် သုံးနိုင်တဲ့ပါတီက ပါတီ ၃၀ ရှိပြီး ကျပ်သိန်းတစ်ရာအောက် သုံးနိုင်တဲ့ပါတီက ပါတီ ၂၀ ရှိပါတယ်။ ပါတီဘဏ္ဍာငွေမရှိတဲ့ပါတီကတော့ ၁၄ ပါတီအထိ ရှိနေတာပါ။
ပါတီတချို့ဟာ ရုံးခန်းလစဥ်ပုံမှန်ငှားရမ်းဖို့တောင် အခက်တွေ့နေတဲ့အချိန်မှာ ကျပ်သိန်းတစ်ထောင် ရန်ပုံငွေရှိဖို့ ကချေးငှားမှပဲရမယ်လို့ ပါတီခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ကတော့ နိုင်ငံရေးပါတီတွေ ကျစ်လျစ်ပြီး အားကောင်းလာအောင် လုပ်တာလို့ အကြောင်းပြချက် ပေးထားပါတယ်။
တိုင်းနဲ့ပြည်နယ်အခြေပြုပါတီတွေများလာမလား
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးဆောင်ရွက်တဲ့ ပါတီတွေကတော့ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ သာ စုစည်းရမယ်လို့ ဥပဒေသစ်မှာ သတ်မှတ်ထားပါတယ်။
ပါတီရုံးခန်းတွေကိုလည်း အနည်းဆုံး ၅ မြို့နယ်မှာပဲ ဖွင့်ရမှာဖြစ်ပြီး ပါတီရန်ပုံငွေကိုလည်း ကျပ် သိန်း ၁၀၀ ပဲ သတ်မှတ်ပေးထားပါတယ်။
ပြည်နယ်တစ်ခုမှာထဲမှာပဲ စည်းရုံးမယ့် တိုင်းရင်းသားပါတီတွေအတွက် ဒီသတ်မှတ်ချက်တွေဟာ အဆင်ပြေပေမဲ့ တိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာတွေရရှိဖို့ ပြည်ထောင်စုတစ်ဝန်းလုံးမှာ စည်းရုံးတဲ့ပါတီအဖြစ် မှတ်ပုံတင်ထားတဲ့ တိုင်းရင်းသားပါတီတွေအတွက်တော့ အခက်တွေ့မှာ ဖြစ်ပါတယ်။
ကချင်၊ ကယားနဲ့ မန္တလေးလိုနေရာတွေမှာ ရှမ်းတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာတွေရှိတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့လည်း ဒီကိစ္စကို အသေအချာစဥ်းစားနေတဲ့အကြောင်း ပါတီဥက္ကဌ ဦးစိုင်းညွန့်လွင်က ဘီဘီစီကို ပြောပါတယ်။
ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကတော့ သူတို့ပါတီကို ပြည်ထောင်စုတစ်ဝန်းလုံးမှာစည်းရုံးဖို့ မှတ်ပုံတင်ထားရာကနေ ပြည်နယ်အခြေပြုစည်းရုံးဖို့ ပြောင်းလဲမှတ်ပုံတင်ဖို့ ဆုံးဖြတ်ပြီးပြီလို့ ဘီဘီစီကို ပြောပါတယ်။
‘တိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာတွေအတွက် တစ်သီးပုဂ္ဂလအနေနဲ့ပဲ ပြိုင်မလားလို့ စဥ်းစားထားပါတယ်’ လို့ သူက ပြောပါတယ်။
ဒါ့အပြင် ပြည်ထောင်စုတစ်ဝန်းလုံးမှာ စည်းရုံးဖို့ မှတ်ပုံတင်ထားတဲ့ ပြည်မပါတီတွေအနေနဲ့လည်း တိုင်းဒေသကြီးတစ်ခုထဲမှာပဲစည်းရုံးမယ့် ပါတီအဖြစ်ပြောင်းလဲရပ်တည်မလားဆိုတာ ဆုံးဖြတ်ကြရမှာ ဖြစ်ပါတယ်။
ဒီလိုပြောင်းလဲ ရပ်တည်မယ်ဆိုရင်တော့ ရန်ကုန်တိုင်းအတွက် မှတ်ပုံတင်မယ့်ပါတီဟာ တခြားတိုင်းဒေသကြီးတွေမှာ သွားရောက်ယှဥ်ပြိုင်ခွင့်ရှိတော့မှာမဟုတ်တဲ့အခြေအနေနဲ့ ရင်ဆိုင်ကြရတော့မှာ ဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကအမြင်
မြန်မာနိုင်ငံမှာ လွတ်လပ်ရေးမတိုင်ခင်ကတည်းက ရွေးကောက်ပွဲတွေရှိခဲ့ပေမယ့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကိုတော့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ဖို့ ရည်ရွယ်ပြီး ၁၉၈၈ ခုနှစ်မှ စတင်ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။
၁၉၉၀ ရွေးကောက်ပွဲအပြီးမှာ အနိုင်ရပါတီ NLD ကို အာဏာမလွှဲခဲ့တဲ့ စစ်အစိုးရဟာ ၂၀၁၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်တစ်ခုကို ထပ်မံပြဋ္ဌာန်းခဲ့ပြန်ပါတယ်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းဖို့ စစ်ကောင်စီ နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့ ဇန်နဝါရီ ၂၃ ရက်က နေပြည်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။
အရင်က ကျင့်သုံးခဲ့တဲ့ ပါတီမှတ်ပုံတင်ခြင်း ဥပဒေနှစ်ခုလုံးဟာ ပါတီစုံဒီမိုကရေစီစနစ် အမြန်ဖြစ်ထွန်းနိုင်ရေးနဲ့ ဒီမိုကရေစီအတွေ့အကြုံ ပိုမိုရရှိစေဖို့အတွက် လျှော့ပေါ့ပေးခဲ့တာလို့ စစ်ကောင်စီဥက္ကဋ္ဌက အဲဒီအစည်းအဝေးမှာ ပြောခဲ့ပါတယ်။
အရင်ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲ အတွေ့အကြုံတွေအရ ပါတီများပြားပေမယ့် လွှတ်တော်မှာ ပါဝင်ခွင့်ရတဲ့ပါတီ နည်းပါးနေတယ်လို့ သူက ပြောခဲ့ပါတယ်။
တည်ဆဲနိုင်ငံရေးပါတီ ၉၀ ကျော်ရှိပေမယ့် ရွေးကောက်ပွဲမှာ အနိုင်ရတာက ပါတီ ၂၀ တောင်မပြည့်ဘူးလို့ စစ်ကောင်စီဥက္ကဋ္ဌက ပြောလိုက်ပြီး နိုင်ငံရေးပါတီတွေ များသလောက် ပါတီအလိုက် ပြည်သူကို ကိုယ်စားပြုနိုင်မှု အားနည်းနေတယ်လို့ ဆိုပါတယ်။
တစ်ပါတီ လူတစ်သိန်း သတ်မှတ်ချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ နိုင်ငံလူဦးရေစုစုပေါင်းရဲ့ သုည ဒသမ တစ် ရာခိုင်နှုန်း အထက်ရှိတဲ့ တိုင်းရင်းသားလူမျိုးစုတွေအတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာ တိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ်တစ်နေရာ ပေးထားချက်ကို စစ်ကောင်စီဘက်က အခြေပြုစဥ်းစားပါတယ်။
‘မြန်မာနိုင်ငံလူဦးရေနဲ့တွက်ရင် လူဦးရေ ၅ သောင်းကျော်ဆိုရင် တိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ်တစ်နေရာ ရမယ်။ ဒေသတစ်ခုမှာတောင် အဲဒီလိုသတ်မှတ်ထားရင် ပြည်ထောင်စုတစ်ခုလုံးကိုစည်းရုံးမယ့်ပါတီတွေကို လူဦးရေ တစ်သိန်းသတ်မှတ်တာက လျော်ကန်သင့်မြတ်ပါတယ်’ လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
မြန်မာနိုင်ငံမှာ မဲဆန္ဒရှင် ၃၅ သန်းဝန်းကျင်ရှိလို့ ပြည်ထောင်စုတဝန်းလုံးစည်းရုံးဆောင်ရွက်မယ့် ပါတီတွေအတွက် လူတစ်သိန်း ဆိုတဲ့ ကိန်းဂဏန်းဟာ မများဘူးလို့ သူက ဆက်ပြောပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ ပါတီဝင်နဲ့ ပါတီထောက်ခံသူ ကွဲပြားတယ်လို့ ဆိုကြပါတယ်။
‘’နိုင်ငံရေးအရပါတီတစ်ခုကို ထောက်ခံပေမယ့် အဲဒီပါတီရဲ့ လုပ်ငန်းဆောင်တာတွေကို ဝင်ပြီးမဆောင်ရွက်နိုင်တဲ့ မဆောင်ရွက်ချင်တဲ့သူတွေလည်း အများကြီးပဲ’’ လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက ပြောပါတယ်။
"ပြည်သူရှိနေသရွေ့ ပါတီရှိနေမယ်" - ဒေါ်အောင်ဆန်းစုကြည်
စစ်ကောင်စီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်တာဟာ မြန်မာလူထုရဲ့ ထောက်ခံအားပေးမှုအရဆုံးပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပေါ်လည်း သက်ရောက်မှုရှိလာပါတယ်။
စစ်တပ်က အာဏာသိမ်းကတည်းက နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် ပါတီခေါင်းဆောင်တွေကို ဖမ်းဆီးထားပြီး NLD ပါတီကိုလည်း အချိန်မရွေးဖျက်သိမ်းလိမ့်မယ်လို့ ခန့်မှန်းမှုတွေရှိခဲ့ပေမယ့် ၂ နှစ်ပြည့်တဲ့အထိ မဖျက်သိမ်းခဲ့ပါဘူး။
NLD ပါတီကို ဖျက်သိမ်းမလားလို့ စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတွေမှာ ကြိမ်ဖန်များစွာ မေးခဲ့ကြပေမယ့် စစ်ကောင်စီဘက်ကတော့ တိကျတဲ့အဖြေ မပေးခဲ့ပါဘူး။
NLD ကို CRPH နဲ့ NUG တို့နဲ့ ဆက်စပ်မှု၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ စစ်ဆေးမခံမှုတွေကို အကြောင်းပြပြီး ဖျက်သိမ်းလို့ရခဲ့ပေမယ့် တရုတ်နိုင်ငံအနေနဲ့ NLD ပါတီကို ဆက်ရှိနေစေချင်ကြောင်းသဘောထားပြတဲ့အတွက် စစ်ကောင်စီက မဖျက်သိမ်းခဲ့တာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးလည်းဖြစ်တဲ့ ဦးရဲထွန်းက သုံးသပ်ပါတယ်။
‘’တရုတ်ကွန်မြူနစ်ပါတီက NLD နဲ့ ဆက်ဆံရေးထိန်းသိမ်းထားလိုက်တဲ့နောက်ပိုင်း NLD ကိုဖျက်ဖို့ဆိုတဲ့ အားထုတ်မှုတွေ မှေးမှိန်သွားတယ်’ လို့ ဦးရဲထွန်းက ပြောပါတယ်။
ဒါကြောင့် စစ်ကောင်စီအနေနဲ့ NLD ကို သူတို့ဖျက်သိမ်းစရာမလိုဘဲ သူ့အလိုအလျောက်ပျက်သွားအောင်လုပ်နေတာဆိုတဲ့ အမြင်တွေက အားကောင်းလာခဲ့ပါတယ်။
လက်ရှိအခြေအနေအရလည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်လိုက်တဲ့အတွက် NLD က မှတ်ပုံပြန်မတင်ရင် အလိုအလျောက်ဖျက်သိမ်းပြီးသား ဖြစ်သွားမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ဥပဒေနဲ့မညီညွတ်ဘဲ ဖွဲ့စည်းထားတဲ့အတွက် ရွေးကောက်ပွဲအပါအဝင် ဘာကိုမှ ပူးပေါင်းဆောင်ရွက်မှာမဟုတ်ဘူးလို့ NLD ဗဟိုအလုပ်အဖွဲ့က ဘီဘီစီ ကို အဖြေပေးထားပါတယ်။
‘စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်လုပ်ဆောင်မှုဆောင်ရွက်မှုမှန်သမျှ တစ်ခုမှ အသိအမှတ်မပြုဘူး၊ ပူးပေါင်းဆောင်ရွက်တာလည်း လုံးဝလုပ်မှာ မဟုတ်ပါဘူး"လို့ ပါတီဗဟိုအလုပ်ကော်မတီအဖွဲ့ဝင် ဦးကျော်ထွေးက ပြောပါတယ်။
တစ်ဖက်မှာလည်း ပါတီဆက်လက် ရပ်တည်ရေးကို လိုလားတဲ့ ပါတီဝင်တချို့က ကော်မရှင်မှာ မှတ်ပုံသွားတင်မလားဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။
‘’စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ပုဂ္ဂိုလ်မှန်သမျှကိုလည်း စစ်ကောင်စီရဲ့ကျူးလွန်မှုမှာ အားပေးကူညီသူများအဖြစ် သတ်မှတ်မှာ ဖြစ်ပါတယ်"လို့ ဦးကျော်ထွေးက ပြောပါတယ်။
ရွေးကောက်ပွဲဝင်ရေးမဝင်ရေးအပါအဝင် NLD ဘယ်လို ရပ်တည်မလဲဆိုတာဟာ အကျဉ်းချခံထားရတဲ့ ပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားအပေါ်မှာအဓိက မူတည်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက သုံးသပ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့’’ပြည်သူရှိနေသရွေ့ ပါတီရှိနေမယ်’’ လို့ ၂၀၂၁ ခုနှစ်အတွင်းမှာ အချုပ်အနှောင်ထဲကနေ သတင်းစကား ပါးခဲ့ဖူးပါတယ်။
စစ်ကောင်စီဘက်ကတော့ မည်သည့်နိုင်ငံရေးပါတီကိုမှ ကန့်သတ်ထားဖို့ ရည်ရွယ်ချက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် တည်ဆဲဥပဒေတွေမှာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ လိုက်နာဖို့တော့ လိုလိမ့်မယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
‘’NLDရဲ့ကံကြမ္မာဟာ သူတို့ပါတီအပေါ်မှာပဲ မူတည်တယ်’’ လို့ သူက ပြောပါတယ်။
လာမယ့်ရွေးကောက်ပွဲမှာ NLD ဝင်ပြိုင်ရင်လည်း နိုင်ဦးမှာပဲလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ရှုမြင်ထားပေမယ့် ပါတီရဲ့ နိုင်ငံရေးဂုဏ်သိက္ခာအရ ပြိုင်မယ်မထင်ဘူးလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
တစ်ကောင်တည်းပြေးတဲ့မြင်း ဖြစ်လာနိုင်တဲ့ ကြံ့ခိုင်ရေးပါတီ
၂၀၁၀ ခုနှစ်ကစလို့ တည်ဆဲနိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအောက်မှာ မှတ်ပုံတင်ခွင့်ပြုခဲ့တဲ့ပါတီပေါင်းက ၁၂၈ ပါတီရှိပြီလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့စာရင်းတွေအရ သိရပါတယ်။
အဲဒီထဲကမှ အကြောင်းအမျိုးအမျိုးကြောင့် မှတ်ပုံတင်ပယ်ဖျက်ခဲ့တဲ့ပါတီက ၃၈ ပါတီ ရှိလို့ ပါတီ ၉၀ ပဲ ကျန်ပါတော့တယ်။
‘တစ်ပါတီ လူတစ်သိန်း’ ပြဋ္ဌာန်းချက် နဲ့ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်ထက်ဝက်ကျော် ဝင်ပြိုင်ရမယ်ဆိုတဲ့ သတ်မှတ်ချက်အသစ်တွေကြောင့် နိုင်ငံရေးပါတီတွေ ပါတီမှတ်ပုံပြန်မတင်ကြလို့ အလိုအလျောက် ဖျက်သိမ်းခံလိုက်ရတာမျိုး မြင်ရနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။
ရွေးကောက်ပွဲနဲ့ ပါတီနိုင်ငံရေးကို လေ့လာစောင့်ကြည့်သူတစ်ဦးကတော့ ဒီစနစ်အသက်ဝင်ရင် ပါတီစုံစနစ်ဆိုတဲ့ဖွင့်ဆိုချက်ဟာ စစ်မှန်တော့မှာမဟုတ်ဘူးလို့ပြော ပါတယ်။
ကာလရှည်အာဏာသိမ်းမှုတွေကြောင့် ပါတီနိုင်ငံရေးနဲ့ အသားမကျသေးတဲ့ မြန်မာနိုင်ငံမှာ ဥပဒေအရ အတင်းအကျပ်ပြောင်းလဲတာမျိုး မလုပ်သင့်ဘဲ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအခြေအနေအရ ပြောင်းလဲလာတာမျိုးပဲဖြစ်သင့်တယ်ဆိုတဲ့ အမြင်တွေလည်း ရှိနေပါတယ်။
‘’အခုလို လုပ်လိုက်တော့ ငွေရှိတဲ့ အင်အားကြီးပါတီကြီးပါတီတွေ ပိုအသာရသွားအောင် လုပ်ပေးသလိုမျိုး ဖြစ်သွားတယ်’’ လို့ အမည်မဖော်လိုတဲ့ ရွေးကောက်ပွဲနဲ့ ပါတီနိုင်ငံရေးကို လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။
ပြည်ထောင်စုတဝန်းကို စည်းရုံးမယ့်ပါတီ ၃၀ ကျော်ထဲက အများစုဟာ တိုင်းဒေသကြီးနဲ့ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးဖို့ ပြောင်းလဲ မှတ်ပုံတင်လာနိုင်တဲ့ အခြေအနေလည်း ရှိလာနိုင်ပါတယ်။
ဒီလိုသာဖြစ်ခဲ့ရင် ရွေးကောက်ပွဲမပြိုင်ခင်ကထဲက ဘယ်ပါတီ အာဏာရမလဲဆိုတာ ထင်ရှားသွားမှာဖြစ်ပြီး ‘ကြံ့ခိုင်ရေးပါတီဟာ တစ်ကောင်ထဲပြေးတဲ့မြင်းဖြစ်လာမယ်’ လို့ အထက်ပါလေ့လာသုံးသပ်သူက ဆက်ပြောပါတယ်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကိုပြင်ဆင်လိုက်တာက ကြံ့ခိုင်ရေးပါတီကိုအသာရသွားစေတယ်လို့ ပြောဆိုမှုတွေအပေါ် တုံ့ပြန်ဖို့ ကြံ့ခိုင်ရေးပါတီကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမယ့် တစ်စုံတစ်ရာမှတ်ချက်မပေးပါဘူး။
ပါတီတွေနည်းနည်းပဲကျန်ခဲ့ရင် ပါတီစုံနိုင်ငံရေးက အဆင်ပြေပါ့မလားဆိုတာ သံသယရှိစရာပဲ လို့ ဝါရင့်နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်သူ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။
‘ကြံ့ခိုင်ရေးပါတီပဲ ထီးထီးကြီးကျန်ခဲ့ရင် ပိုပြီးပစ်မှတ်ထားခံရနိုင်တယ်’ လို့ သူကပြောပါတယ်။
စစ်ကောင်စီနဲ့ ကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီတွေကို ဥပဒေနဲ့ ထိန်းချုပ်ဖို့ကြိုးစားနေပေမယ့် တစ်ဖက်မှာလည်း စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းမှုဟာ ဥပဒေနဲ့မညီဘူးလို့ ထောက်ပြမှုတွေလည်းရှိနေပါတယ်။
NLD ပါတီ နဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တို့ကတော့ အဲဒီအတိုင်းရပ်တည်ပြီး ကော်မရှင်နဲ့လည်း ပူးပေါင်းဆောင်ရွက်မှာမဟုတ်ဘူးလို့ ထုတ်ပြောထားပါတယ်။
ဒါပေမဲ့ ပါတီဆက်လက်ရပ်တည်ဖို့နဲ့ စစ်ကောင်စီက ကျင်းပမယ့်ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့ ရည်ရွယ်ထားတဲ့ပါတီတွေကတော့ ပါတီမှတ်ပုံတင်ဥပဒေသစ်ကို လိုက်နာကြရဖို့ ရှိနေပါတယ်။
ဥပဒေသစ်ထွက်လာပြီးတဲ့နောက် နိုင်ငံရေးပါတီတွေအနေနဲ့ ဘယ်လိုပုံစံနဲ့ ဆက်လက်ရပ်တည်ကြမလဲဆိုတာကိုဆွေးနွေးတိုင်ပင်ကြဖို့ ပါတီတွင်းအရေးပေါ်အစည်းအဝေးတွေ ခေါ်ယူနေကြတဲ့အကြောင်း ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
ပါတီတွေအနေနဲ့ သူတို့ရဲ့ နိုင်ငံရေးကို ဘယ်လိုရှေ့ဆက်ရပ်တည်မလဲဆိုတာ ဆုံးဖြတ်ဖို့ ရက်ပေါင်း ၆၀ ပဲအချိန်ရမှာပါတယ်။