ရှမ်းမြောက်၊ ကိုးကန့်ဒေသရဲ့ အချမ်းသာဆုံးမိသားစုလေးခုထဲက မြီ မိသားစုဝင် ၂ ဦး အပါအဝင် လူပေါင်း ၁၁ ဦးကို သေဒဏ်ပေးလိုက်ပြီလို့ တရုတ်ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ဒီနေ့ မနက်ပိုင်းမှာပဲ သတင်းထုတ်ပြန်လာပါတယ်။
ကွယ်လွန်သူ ကိုးကန့်သူဌေးကြီး မြီရှောက်ချန်းရဲ့သား မြီကော်ဖျင်နဲ့ မြေးဖြစ်သူ မြီကြိမ်းကြိမ်း အပါအဝင် လူ ၁၁ ဦးကို တရုတ်တရားရုံးတစ်ရုံးက ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတည်းက သေဒဏ်အမိန့်ချမှတ်ထားတာဖြစ်ပါတယ်။
ကိုးကန့် မြီမိသားစုက မြီကော်ဖျင်နဲ့ မြီကြိမ်းကြိမ်းအပါအဝင် ၁၁ ဦးကို သေဒဏ်ပေးလိုက်ပြီလို့ဆိုပေမဲ့ ဘယ်နေ့က သေဒဏ်ပေးလိုက်တယ်ဆိုတာတော့ တိတိကျကျ သတင်းမထုတ်ပါဘူး။ ဒါပေမဲ့ သေဒဏ်ပေးတာ မတိုင်ခင်တုန်းကတော့ မိသားစုကို ဧည့်သည်တွေ့ခွင့်ပြုခဲ့တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။
တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကတော့ ဒီလူ ၁၁ ဦးဟာ ဂျဲကျန့်ပြည်နယ်၊ ဝမ်ဂျိုပြည်သူ့တရားရုံးကနေသေဒဏ်ပေးထားတဲ့အမိန့်ကြောင့် အခုလို ပြစ်ဒဏ်ချမှတ်ခံရတာလို့ ဆိုပါတယ်။
မြီကော်ဖျင်ရော၊ မြီကြိမ်းကြိမ်းပါ သူတို့အပေါ် ချမှတ်ထားတဲ့ပြစ်ဒဏ်အတွက် အယူခံဝင်ခဲ့ပေမဲ့ တရားရုံးက ပယ်ချခဲ့တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
တရုတ်နိုင်ငံရဲ့ ပြည်သူတွေအပေါ် အွန်လိုင်းငွေလိမ်လည်မှု(ကျားဖြန့်)နဲ့ တခြားရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တာကြောင့် ဆိုတဲ့ စွပ်စွဲချက်နဲ့ မြီရှောက်ချန်းရဲ့ သား၊ သမီးနဲ့ မြေးတို့အပါအဝင် လူ ၄၀ နီးပါးကို တရုတ်ဘက်က ၂၀၂၄ နှစ်ကုန်ပိုင်းမှာ ဖမ်းဆီးပြီး စွဲချက်တင်ခဲ့ပါတယ်။
မြီမိသားစုကို လိမ်လည်မှု၊ နိုင်ငံတကာအဆင့်လူသတ်မှု၊ ရည်ရွယ်ချက်ရှိရှိလူထိခိုက်စေမှု၊ လူတွေကိုတရားမဝင်ဖမ်းချုပ်မှု၊ လောင်းကစားဝိုင်းထောင်မှု၊ မူးယစ်မှောင်ခိုကူးမှုတွေနဲ့ တရားစွဲဆိုပြီးတဲ့နောက် ၂ နှစ်နီးပါးကျော်အကြာမှာ အခုလို သေဒဏ်ပေးလိုက်တာဖြစ်ပါတယ်။
ကိုးကန့်ဒေသရဲ့ အချမ်းသာဆုံးမိသားစု လေးခုထဲက မြီ မိသားစုဝင်တွေဖြစ်တဲ့ မြီရှောက်ချန်းရဲ့သား မြီကော်ဖျင်၊ သမီးဖြစ်သူ မြီကျူးလန့်နဲ့ မြေးဖြစ်သူ မြီကြိမ်းကြိမ်းတို့ကို တရုတ်က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။
အဲဒီနောက် ကိုးကန့်ဒေသမှာ မြန်မာစစ်တပ်နဲ့ တရုတ်ရဲတပ်ဖွဲ့က ပူးပေါင်းပြုလုပ်တဲ့စီးနင်းမှုတွေအတွင်း သူတို့ကို ၂၀၂၃ ၊ နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်းမှာဖမ်းမိခဲ့ပြီး အဲဒီနေ့ နေ့လယ်ပိုင်းမှာပဲ သူတို့ကို မြန်မာစစ်တပ်က တရုတ်နိုင်ငံဘက်ခြမ်းကို နယ်စပ်က ရန်လုံကျိုင်းဂိတ်ကနေ လွှဲခဲ့ပါတယ်။