မြန်မာစစ်တပ်ကို လေယာဉ်ဆီတိုက်ရိုက်ပို့နေတဲ့ အီရန်သင်္ဘောတွေ

နိုင်ငံတကာရဲ့ပိတ်ဆို့မှုခံထားရတဲ့ အီရန်နိုင်ငံက လေယာဉ်လောင်စာဆီတင်သင်္ဘောတွေ ရေဒါဖျောက်ပြီး ရန်ကုန်၊ သီလဝါဆိပ်ကမ်းကို ရောက်လာခဲ့တယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ဂြိုဟ်တုဓာတ်ပုံတွေနဲ့ ထုတ်ပြောပါတယ်။

AI အဖွဲ့က "တစ္ဆေသင်္ဘောတွေ" လို့ သုံးနှုန်းတဲ့ အီရန်က သင်္ဘောလေးစင်းဟာ ၂၀၂၄ ခုနှစ် နှစ်လယ်ကနေ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းအထိ လေယာဉ်လောင်စာဆီ ၉ ကြောင်းကို ရန်ကုန်မြို့က သီလဝါဆိပ်ကမ်းကို တင်ပို့ခဲ့တယ်လို့ဆိုပါတယ်။

AI အဖွဲ့ က ရရှိထားတဲ့အချက်အလက်တွေ၊ ဂြိုဟ်တုဓာတ်ပုံတွေကို စိစစ်မှုတွေအရ မြန်မာစစ်ကော်မရှင်ဟာ လေယာဉ်ဆီရဖို့ နိုင်ငံတကာရဲ့ပိတ်ဆို့မှုတွေကို ကျော်လွှားပြီး ဒီ "တစ္ဆေသင်္ဘောတွေ" ကို မှီခိုနေရတယ်လို့ ဆိုပါတယ်။

"ဒီတင်ပို့မှု တစ်ခုချင်းစီက လူထုကို ဒုက္ခဖြစ်စေမှာပါ။ ပြည်သူတွေကို ကာကွယ်ဖို့ စစ်တပ်အတွက် လောင်စာဆီဖြတ်တောက်ရေးက အရေးတကြီးလိုအပ်နေပြီ" လို့ Amnesty International ရဲ့ ဒေသတွင်းသုတေသနဆိုင်ရာ ဒါရိုက်တာ မွန်စီဖာရာက ဘီဘီစီကို ပြောပါတယ်။

ယူကေအခြေစိုက် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ကြီး တစ်ခုဖြစ်တဲ့ Amnesty International အဖွဲ့ဟာ မြန်မာနိုင်ငံထဲစီးဝင်နေတဲ့ လေယာဥ်ဆီလမ်းကြောင်းတွေနဲ့ အရပ်ဘက်သုံး ခေါင်းစဥ်အောက် ဝင်လာတဲ့ လေယာဥ်ဆီတွေနဲ့ပတ်သက်လို့ ဖော်ထုတ်အစီရင်ခံစာထုတ်ပြန်တာတွေ လုပ်လေ့ရှိတဲ့အဖွဲ့ဖြစ်ပါတယ်။

တစ္ဆေသင်္ဘောတွေ

"တစ္ဆေသင်္ဘောတွေ" က ကုန်တင်၊ ကုန်ချတဲ့အခါ တည်နေရာကို အလိုအလျောက်ခြေရာခံစနစ် (AIS) ကို ပိတ်ထားတတ်ပြီး တခါတရံ တည်နေရာအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ထုတ်လွှင့်တတ်ပါတယ်။

နောက်ပြီး ‌ရေဒါဖမ်းယူမှုတွေကို ဖျောက်နိုင်ဖို့ ဆိပ်ကမ်းတွေ၊ သိုလှောင်ရုံတွေကနေ ကုန်မတင်ဘဲ သင်္ဘောအချင်းချင်း ကုန်တင်တာတွေ လုပ်ကြတယ်လို့ AI က သူတို့တွေ့ရှိချက်ကိုပြောပါတယ်။

ဒါ့ကြောင့် ဒီသင်္ဘောတွေကို ခြေရာခံဖို့ အတော်ကို ခက်ခဲလေ့ရှိပါတယ်။ ဒါပေမယ့် ၂၀၂၄ ခုနှစ် နှစ်လယ်ကစလို့ သီလဝါကို ဆိုက်ရောက်ခဲ့တဲ့ အီရန်ကလာတဲ့ သင်္ဘောတွေကို AI က ဖော်ထုတ်ခဲ့ပါတယ်။

အဲဒီသင်္ဘောတွေက တော့ REEF (IMO 9263382) နဲ့ NOBLE (IMO 9162928) သင်္ဘောတွေ ဖြစ်ပါတယ်။

"ဒီ သင်္ဘောနှစ်စင်းဟာ အမေရိကန်နိုင်ငံရဲ့ ပိတ်ဆို့မှု ခံထားရပါတယ်။ နောက်ပြီး အီရန်က လောင်စာဆီတွေ တင်ပို့ထားတဲ့ စာရွက်စာတမ်းတွေ၊ မှတ်တမ်းမှတ်ရာတွေ ရှိထားတယ်" လို့ AI ရဲ့ ဒါရိုက်တာ မွန်စီဖာရာ က ပြောပါတယ်။

အာဖရိကတိုက်ထဲက Guinea နိုင်ငံအလံတပ်ထားတဲ့ REEF သင်္ဘောဟာ မြန်မာနိုင်ငံ သီလဝါဆိပ်ကမ်းက ပူးမား (Puma) စွမ်းအင်ကုမ္ပဏီရဲ့ဆိပ်ကမ်းဟောင်းနေရာ Myan Oil Terminal ဆိပ်ကမ်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ၊ ၂၀၂၅ ခုနှစ် ဇူလိုင် နဲ့ အောက်တိုဘာလတွေမှာ ဆိုက်ရောက်ခဲ့ပါတယ်။

ကုန်တင်နေတဲ့အချိန် ဒီသင်္ဘောဟာ ကူဝိတ်နိုင်ငံ၊ UAE နိုင်ငံစတဲ့ နိုင်ငံတွေမှာ ရောက်ရှိနေတယ်လို့ AIS စနစ်မှာ ပြနေခဲ့တာပါ။ ဒါက AI ရဲ့ ဂြိုဟ်တုဓာတ်ပုံတွေနဲ့ ကွဲလွဲနေခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာလက ရိုက်ကူးထားတဲ့ ဂြိုဟ်တုဓာတ်ပုံနဲ့ အတည်ပြုထားတဲ့ အချက်အလက်တွေအရ REEF သင်္ဘောဟာ အီရန်နိုင်ငံ၊ ဟော်မိုဂန်ခရိုင်၊ ဘန်ဒါအာဘတ်စ် ဆိပ်ကမ်းမှာ ရောက်နေတာကို Amnesty International က တွေ့ရှိခဲ့တယ်လို့ သူတို့ရရှိတဲ့အထောက်အထားတွေကို ကိုးကားပြီးပြောပါတယ်။

NOBLE (IMO 9162928) သင်္ဘောကလည်း ၂၀၂၅ ခုနှစ် ဇန်နဝါရီနဲ့ ဇွန်လမှာ မြန်မာနိုင်ငံကို လောင်စာဆီတွေ တင်ပို့ခဲ့တာပါ။

ကနဦးသင်္ဘောရဲ့တည်နေရာဟာ UAE နိုင်ငံက ဆိပ်ကမ်းမှာလှည့်ပတ်နေတယ်လို့ ပြနေပြီး မြန်မာနိုင်ငံကို မထွက်ခွာခင် ရေဒါကို ပိတ်လိုက်ပါတယ်။

AI ရဲ့ဆန်းစစ်တွေ့ရှိချက်အရ ဒီသင်္ဘောရဲ့ခရီးစဉ်တကြောင်းက UAE ကနေ ထွက်လာပြီးတဲ့နောက် အီရန်နိုင်ငံ၊ ဟော်မိုဂန်ခရိုင်၊ ဘန်ဒါအာဘတ်စ် ဆိပ်ကမ်းကို ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံကို ဦးတည်ခဲ့တယ်လို့ တွေ့ရှိခဲ့ပါတယ်။

ဒီ NOBLE (IMO 9162928) နဲ့ REEF (IMO 9263382) သင်္ဘောတွေကို လွန်ခဲ့တဲ့ ၁၃ လအတွင်း အီရန်နိုင်ငံက ဆိပ်ကမ်းမှာ မကြာခဏ တွေ့ရှိခဲ့တာပါ။

သင်္ဘောတွေကို ခြေရာခံတဲ့ Kpler အဖွဲ့ကတော့ ဒီသင်္ဘောတွေဟာ အီရန်နိုင်ငံက ဖြစ်တယ်လို့ သူ့ရဲ့ တွက်ချက်မှုတွေကို အခြေခံပြီး ကောက်ချက်ချပါတယ်။

နောက်ထပ် တရုတ်အလံတင်ထားတဲ့ သင်္ဘောနှစ်စင်း HUITONG 78 (IMO 9646479) နဲ့ YONG SHENG 56 (IMO 9657507) ကတော့ UAE နိုင်ငံကနေတဆင့် မြန်မာနိုင်ငံက သီလဝါဆိပ်ကမ်းကို လောင်စာဆီသယ်ယူခဲ့တယ်လို့ ပြောပါတယ်။

တရုတ်အလံတင်ထားတဲ့ HUITONG 78 (IMO 9646479) သင်္ဘောက ၂၀၂၃ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း လောင်စာဆီတင်ပို့မှု ၉ ကြိမ်ပြုလုပ်ခဲ့တာကို AI က တွေ့ရှိထားပါတယ်။ ဒီသင်္ဘောဟာ မြန်မာနိုင်ငံကို မရောက်မီ ရေဒါပိတ်ပြီး ကိုယ်ယောင်ဖျောက်လိုက်တယ်လို့ AI က ပြောပါတယ်။

ဘီဘီစီက HUITONG 78 (IMO 9646479)နဲ့ ဆက်စပ်ပြီး စိစစ်ကြည့်တဲ့အခါမှာတော့ HUITONG 78 (IMO 9646479) က အခုအခါမှာတော့ BARAAWE 1 လို့ အမည်ပြောင်းထားပြီး ၂၀၁၂ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ ရေနံထွက်ကုန်တင်သင်္ဘော ဖြစ်ပါတယ်။

အရင်က တရုတ်အလံအောက်မှာ ရှိခဲ့ပေမဲ့ အခုအခါ စိန့်ကစ်နှင့်နီဗစ်စ်နိုင်ငံတို့နဲ့ ဆက်စပ်နေတယ်လို့ နားလည်ရပါတယ်။

YONG SHENG 56 (IMO 9657507) သင်္ဘောကတော့ ၂၀၂၄ ခုနှစ် ဇူလိုင် ၃၀ ရက်၊ ၃၁ ရက်ကြားမှာ UAE ဆိပ်ကမ်းကနေ မြန်မာနိုင်ငံ သီလဝါဆိပ်ကမ်းကို လောင်စာဆီတင်ပို့မှု တစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့ AI က ဆိုပါတယ်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ ရဲ့စာရင်းအရ ၂၀၂၅ ခုနှစ်အတွင်း လေယာဉ်ဆီတင်သွင်းမှုဟာ ၁၀၉,၆၀၄ မက်ထရစ်တန် ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒီပမာဏဟာ 'တစ္တေသင်္ဘောတွေ' တင်ဆောင်လာတဲ့ပမာဏနဲ့ ကိုက်ညီမှုရှိတယ်လို့ Amnesty International ရဲ့ ဒေသတွင်း သုတေသနဆိုင်ရာ ဒါရိုက်တာ မွန်စီဖာရာက ဘီဘီစီကို ပြောပါတယ်။

နိုင်ငံတကာ ပိတ်ဆို့မှုတွေကို ကျားကန်ခြင်း

အရင်က မြန်မာနိုင်ငံအတွက် လေယာဉ်ဆီကို စင်ကာပူနိုင်ငံကတဆင့် တင်သွင်းခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ အာဏာသိမ်းပြီးနောက် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ နိုင်ငံတကာဖိအားတွေနဲ့ ရှိလာပြီးတဲ့နောက် ဗီယက်နမ်က သိုလှောင်ရုံတွေကို ကြားခံပြီး စစ်ကော်မရှင်က လေယာဉ်ဆီကိုတင်သွင်းခဲ့ပါတယ်။

"အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အနောက်အုပ်စု ဖိအားတွေဖြစ်လာပြီး စင်္ကာပူက မြန်မာပြည်ကို တင်သွင်းမှုကို လက်မခံတော့တဲ့အတွက် တိုက်ရိုက် တင်သွင်းဖို့ ကြိုးစားလာတာ" လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းက ပြောပါတယ်။

၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံကို တင်သွင်းခဲ့တဲ့ လေယာဉ်လောင်စာဆီ ၇ ကြောင်းဟာ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့အနီးက Cai Mep လို့‌ခေါ်တဲ့ ရေနံဂိတ်တစ်ခုတည်းကနေ ထွက်ရှိလာခဲ့တယ်လို့ Amnesty ရဲ့ဖော်ပြချက်အရ သိရပါတယ်။

လောင်စာဆီသင်္ဘောတွေဟာ မြန်မာနိုင်ငံထဲမရောက်လာခင် ဗီယက်နမ်နိုင်ငံမှာရှိတဲ့ သိုလှောင်ရုံတစ်ခုက လေယာဉ်လောင်စာဆီတွေကို တင်ဆောင်ခဲ့ပြီးမှ မြန်မာနိုင်ငံထဲသယ်ဆောင်လာတာဖြစ်တယ်လို့ Amnesty က အချက်အလက်တွေအရ သိရပါတယ်။

စစ်ကော်မရှင်အတွက် လေယာဉ်ဆီရှာဖွေပေးနေတဲ့သူတွေကို ကနေဒါ၊ အီးယူ၊ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့က ၂၀၂၂ နှစ်ကုန်ပိုင်းကတည်းကစလို့ အရေးယူပိတ်ဆို့မှုတွေကို တောက်လျှောက်လုပ်လာတာဖြစ်ပါတယ်။

အခုအခါမှာတော့ ဗီယက်နမ်နိုင်ငံကို ကြားမခံတော့ဘဲ အီရန်နိုင်ငံကနေ တိုက်ရိုက်တင်လာတာလို့ နားလည်ရပါတယ်။

"ပြီးခဲ့တဲ့ငါးနှစ်အတွင်း စောင့်ကြည့်ချက်တွေအရ စစ်တပ်က နိုင်ငံတကာပိတ်ဆို့မှုတွေ အကြား သူ့အတွက် လေယာဉ်ဆီဝယ်ယူဖို့ တဖြည်းဖြည်းနဲ့ ပိုခက်လာတာတွေ့ရတယ်။ ဒါကိုတုံ့ပြန်တဲ့ အနေနဲ့ နိုင်ငံတကာပိတ်ဆို့မှုတွေပြင်ပမှာ လည်ပတ်နေတဲ့နိုင်ငံတွေနဲ့ ပူးပေါင်းလာတာ တွေ့ရတယ်။ ပိုပြီးတော့ ပွင့်လင်းမြင်သာမှု မရှိတော့ဘူး။ ပိုပြီးတော့ ပျက်စီးယိုယွင်းလာတယ်" လို့ Amnesty International ရဲ့ ဒေသတွင်း သုတေသနဆိုင်ရာ ဒါရိုက်တာ မွန်စီဖာရာက ဘီဘီစီကို ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ ၂၀၂၅ ခုနှစ် လေယာဉ်ဆီတင်သွင်းမှုဟာ ၂၀၂၄ ထက်စာရင် ၆၉ ရာခိုင်နှုန်း ပိုတိုးခဲ့ပါတယ်။

၂၀၂၅ ခုနှစ်ဟာလည်း လေကြောင်းတိုက်ခိုက်မှုအများဆုံးနဲ့ အရပ်သားသေဆုံးမှုအများဆုံး ဖြစ်တဲ့ နှစ်ဖြစ်ခဲ့တယ်လို့ Amnesty International က ပြောပါတယ်။

၂၀၂၅ ခုနှစ်အတွင်း မြန်မာစစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ထက် ၂၇ ဆအထိ ပိုတိုးလာတယ်လို့ ပဋိပက္ခတွေစောင့်ကြည့်တဲ့ လွတ်လပ်တဲ့အဖွဲ့အစည်း (ACLED) ရဲ့ စာရင်းက ဖော်ပြပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီကနေ အောက်တိုဘာလအထိ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပေါင်း ၂,၄၃၁ ကြိမ် လုပ်ခဲ့တယ်လို့ ACLED က မှတ်တမ်းတင်ထားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်ထက် လေကြောင်းတိုက်ခိုက်မှု ၄၄ ရာခိုင်နှုန်း ပိုလုပ်လာတာလို့ ACLED က ပြောပါတယ်။

အရပ်သားတွေထိခိုက်သေဆုံးစေတဲ့ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ လေယာဉ်ဆီ ဖြတ်တောက်ရေးကို Justice For Myanmar ၊ Blood Money Campaign စတဲ့အဖွဲ့အစည်းတွေက နိုင်ငံတကာကို တောင်းဆိုထားကြပါတယ်။

NUG ရဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းကလည်း စစ်ကော်မရှင် အတွက် လောင်ဆီရောင်းချမှုတွေကို အခုလို တုံ့ပြန်ပါတယ်။

"ဒီလိုလုပ်နေမှန်း သိလျက်နဲ့ ရောင်းချပေးနေတာဟာ ပြည်သူတွေကို သတ်ဖို့ အဆိပ်ကူခတ် ပေးနေတယ်လို့ပဲ သဘောထားရမှာပဲ။"