ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မျိုးစိတ်တူပေမဲ့ ကံကြမ္မာမတူတဲ့ မြန်မာ့ ဧရာဝတီလင်းပိုင်တွေ
ပြုံးအလှပိုင်ရှင်တွေလို့ တင်စားကြတဲ့ ပြုံးသယောင်မျက်နှာရှိတဲ့ ဧရာဝတီလင်းပိုင် အကောင် ၄၀ ဝန်းကျင်ကို ထိုင်းနိုင်ငံ ပင်လယ်ကွေ့အထက်ပိုင်း ဘန်ပကောင်မြစ်ဝမှာ တွေ့ရတာကို သတင်းကောင်းတစ်ခုအနေနဲ့ ထိုင်းဘက်က ထုတ်ပြန်ထားပါတယ်။
ဧရာဝတီလင်းပိုင်တွေ ရှင်သန်နေထိုင်ရေးအတွက် အလေးထားပြီး ထိန်းသိမ်းရေးတွေကို ထိုင်းနိုင်ငံက လုပ်ဆောင်နေပါတယ်။
မြန်မာနိုင်ငံမှာတော့ မျိုးသုဥ်းဖို့ အန္တရာယ်ရှိနေတဲ့ ဧရာဝတီလင်းပိုင်တွေကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းနေကြရဲ့လားဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။
"ထိန်းသိမ်းရေး စီမံကိန်းတွေလည်း မရှိတော့တာ ငါးနှစ်လောက်ကြာပြီ။ ဧရာဝတီလင်းပိုင်တွေလည်း ဘယ်အခြေအနေ ရှိနေပြီလဲ မသိတော့ပါဘူး" လို့ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးလုပ်ဆောင်ခဲ့ကြသူတွေက တညီတညွတ်တည်း ပြောကြပါတယ်။
မြန်မာနိုင်ငံရဲ့ အသက်သွေးကြောမြစ်လို့ တင်စားကြတဲ့ ဧရာဝတီမြစ်ရဲ့ နာမည်ပါနေတဲ့ လင်းပိုင်လေးတွေဟာ မြန်မာကနေ အိမ်နီးချင်း ထိုင်းနိုင်ငံကို ရွှေ့ပြောင်းသွားကြပြီလားလို့ စိုးရိမ်တဲ့မှတ်ချက်တွေ လူမှုကွန်ရက်မှာ တွေ့လာရပါတယ်။
နာမည်တူ၊ မျိုးစိတ်တူရင်တောင် ကျက်စားတဲ့နိုင်ငံမတူတာနဲ့ ကံကြမ္မာကွဲပြားသွားတဲ့ မြန်မာနိုင်ငံက ဧရာဝတီလင်းပိုင်တွေ ဘယ်လိုတွေ ကြုံတွေ့နေရပါသလဲ။
ဧရာဝတီလင်းပိုင်တွေ ထိုင်းပင်လယ်ကွေ့ရောက်အောင် ကူးမယ်ဆိုရင်
၁၈၆၆ ခုနှစ်မှာ အင်္ဂလိပ်လူမျိုး သဘာဝဗေဒပညာရှင် Sir Richard Owen က ဧရာဝတီမြစ်ထဲမှာ လင်းပိုင်တွေ စတွေ့ခဲ့တယ်လို့ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးမှတ်တမ်းတွေအရ သိရပါတယ်။
လင်းပိုင်တွေရဲ့ နမူနာတွေကို စမ်းသပ်စစ်ဆေးပြီးနောက်ပိုင်း သိပ္ပံနာမည် (Orcaella brevirostris ) လို့ အမျိုးအစားသတ်မှတ်ပြီး ကမ္ဘာပေါ်က ရေချိုလင်းပိုင်အားလုံးကို ဧရာဝတီလင်းပိုင်လို့ အမည်တွင်ခဲ့တာပါ။
ဒါဟာ မြန်မာမှာတွေ့ရတဲ့ မျိုးစိတ်သစ်ကို ကမ္ဘာကအသိအမှတ်ပြုခဲ့တဲ့ ဂုဏ်ယူစရာမှတ်တိုင်တစ်ခုဖြစ်ပါတယ်။
နို့တိုက်သတ္တဝါဖြစ်တဲ့ ဧရာဝတီလင်းပိုင် မျိုးစိတ်တွေကတော့ အာရှတိုက်တောင်ပိုင်းနဲ့ အရှေ့တောင်အာရှက ရေချို၊ ရေချိုနဲ့ ရေငန်စပ် ဒေသတွေမှာ ကျက်စားပါတယ်။
ဒါကြောင့် မဲခေါင်မြစ်ဝှမ်းတလျှောက်က လာအိုနဲ့ ကမ္ဘောဒီးယား၊ ဧရာဝတီမြစ်ရှိတဲ့ မြန်မာ၊ မဟာခန်မြစ်ရှိတဲ့ အင်ဒိုနီးရှားလို ရေချိုမြစ်တွေမှာ ရှိသလို ထိုင်းနိုင်ငံက ရေချို-ရေငန်စပ်နေရာတွေမှာလည်း ရှိနေပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံက ဇန်နဝါရီ ၁၇ ရက်က ထုတ်ပြန်တဲ့ ဧရာဝတီလင်းပိုင် အကောင်ရေ ၄၀ ဝန်းကျင် တွေ့တယ်ဆိုတာ မြန်မာနိုင်ငံက ကူးခတ်သွားတာ မဟုတ်ဘူးလို့ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဆောင်းပါးတွေ ရေးသားနေတဲ့ Native Species Conservation & Identification in Myanmar (NSCI-Myanmar) က ဆိုပါတယ်။
တကယ်လို့သာ တချို့သူတွေ မှတ်ယူကြသလို ဧရာဝတီမြစ်ကနေ ထိုင်းပင်လယ်ကွေ့ နားက ဘန်ကပေါင်မြစ်ဝကို သွားမယ်ဆိုရင် ဘင်္ဂလားပင်လယ်အော်၊ ထိုင်းကမ်းရိုးတမ်း၊ အက်ဒမန်ပင်လယ်၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ ၊ ထိုင်းပင်လယ်ကွေ့ စတဲ့ ရှည်လျားတဲ့ ခရီးရှည်ကြီးကို ဖြတ်ရမှာပါ။
"ဧရာဝတီလင်းပိုင်တွေရဲ့ သဘောသဘာဝအရ ပင်လယ်ကိုဖြတ်ပြီး အဲလောက်ခရီးရှည်ကြီးကို ဖြတ်သန်းနိုင်တဲ့ သဘောသဘာဝ မရှိပါဘူး။ လှိုင်းကြီးတာတွေ၊ ရေငန်ရဲ့ ပြင်းထန်တဲ့ဒဏ်တွေကို မခံနိုင်ဘူး"လို့ ဧရာဝတီလင်းပိုင်း ထိန်းသိမ်းရေး လုပ်ငန်းတွေမှာ ပါဝင်ခဲ့သူ မန္တလေးမြို့ခံတစ်ယောက်က ပြောပါတယ်။
အစကတည်းက ရှိနေတဲ့ ဧရာဝတီလင်းပိုင်တွေကို ထိုင်းတွေက ထိန်းသိမ်းလို့ ကျန်နေတာဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ လျှပ်စစ်နဲ့ ရှော့တိုက်ခံရလို့ သေဆုံးတာတွေ ရှိနေတယ်လို့ (NSCI-Myanmar) က ရေးသားထားပါတယ်။
နာမည်ချင်းတူသော်ငြား ဂရုစိုက်ခံရတာချင်း မတူညီတဲ့ ဧရာဝတီလင်းပိုင်တွေ
မျိုးသုဉ်းပျောက်ကွယ်မယ့်အန္တရာယ် သိပ်မြင့်မားနေတဲ့အခြေအနေကို ဧရာဝတီလင်းပိုင်တွေ ကြုံနေရတာကြောင့် ထိန်းသိမ်းဖို့ အရေးတကြီးလိုအပ်နေတာပါ။
ဒ့ါကြောင့် မျိုးသုဉ်းလုနီးပါး အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့ တောရိုင်းတိရစ္ဆာန်နဲ့ သစ်ပင်ပန်းမန်များ နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ် (CITES) က အဆင့် ၁ သတ်မှတ်ပြီး ကာကွယ်ထားတာပါ။
ဒ့ါအပြင် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးအဖွဲ့ (IUCN) က အနီရောင်အဆင့် သတ်မှတ်ထားတဲ့ တိရစ္ဆာန် ဖြစ်ပါတယ်။
ဧရာဝတီလင်းပိုင်တွေဟာ ၁၄ လကြာအောင် ကိုယ်ဝန်ဆောင်ပြီး အကောင်လိုက်မွေးဖွားတာကြောင့် တစ်ကြိမ်မှာ တစ်ကောင်ပဲမွေးသလို တခါတလေမှ အမြွှာမွေးဖွားတတ်လို့ မွေးဖွားနှုန်းနည်းတဲ့ ရှားပါးမျိုးစိတ်လည်း ဖြစ်ပါတယ်။
ဧရာဝတီလင်းပိုင်တွေဟာ ညစ်ညမ်းတဲ့ရေမှာ မနေတာ၊ ငါးရှိတဲ့ နေရာမှာသာ ကျက်စားတာတွေကြောင့် သူတို့ ရှိနေတာဟာ မြစ်ရေစနစ်ကောင်းမွန်တယ်၊ ငါးပေါများတယ်ဆိုတဲ့ သင်္ကေတအနေနဲ့ သတ်မှတ်ကြတာပါ။
ဧရာဝတီလင်းပိုင်လို့ နာမည်ချင်းတူပေမဲ့ ထိုင်းနိုင်ငံမှာ ရှိတဲ့ အကောင်တွေက နည်းလမ်းပေါင်းစုံနဲ့ ထိန်းသိမ်းစောင့်ရှောက်ခံကြရပြီး မြန်မာနိုင်ငံမှာတော့ ထိန်းသိမ်းရေး လုပ်ငန်းစဉ်တွေတောင် ရပ်တန့်နေကြပါပြီ။
ထိုင်းနိုင်ငံ ပင်လယ်ပြင်နဲ့ ကမ်းရိုးတန်း သယံဇာတ ဦးစီးဌာနက ဒီရှားပါးဧရာဝတီလင်းပိုင်တွေကို ရေချိုဘက်ထဲ လမ်းမှားဝင်မိပြီး ငါးဖမ်းပိုက်တွေနဲ့ ငြိပြီးသေဆုံးတာတွေ မဖြစ်အောင် Pinger လို့ခေါ်တဲ့ ဆိုနာကိရိယာတွေကို စမ်းသပ်သုံးစွဲနေတာလည်း ရှိပါတယ်။
အဲဒီကိရိယာတွေက ဧရာဝတီလင်းပိုင်တွေကို ငါးဖမ်းပိုက်တွေရှိတဲ့နေရာကနေ ရှောင်ရှားဖို့ ရေအောက်အသံလှိုင်းတွေ လွှင့်ပေးတဲ့ စက်မျိုးပါ။
ဒါ့အပြင် ပင်လယ်ရေထဲမှာ ဧရာဝတီလင်းပိုင်တွေကို ထိခိုက်စေနိုင်တဲ့ သေးငယ်တဲ့ ပလတ်စတစ် အမှုန်အမွှားတွေ စောင့်ကြည့်ဖို့ ရေနမူနာတွေကိုလည်း စစ်ဆေးနေပါတယ်။
ဧရာဝတီလင်းပိုင်တွေရဲ့ အစာဖြစ်တဲ့ ငါးတွေ ရှင်သန်နိုင်ဖို့အတွက်ကိုလည်း ရေအရည်အသွေး တိုင်းတာတွေလည်း လုပ်နေကြပါတယ်။
ပင်လယ်နဲ့ ကမ်းရိုးတန်း သဘာဝအရင်းအမြစ် စီမံခန့်ခွဲရေးဆိုင်ရာ အမျိုးသား မူဝါဒနဲ့ စီမံကိန်းကော်မတီက ဧရာဝတီလင်းပိုင်တွေကို ထိန်းသိမ်းကာကွယ်ရမယ့် မျိုးစိတ်အဖြစ် စာရင်းသွင်းထားပါတယ်။
ဒ့ါအပြင် သူတို့မှာရှိတဲ့ ဧရာဝတီလင်းပိုင်တွေကို မထိခိုက်အောင် ထိန်းသိမ်းရေးဇုန်တွေ သတ်မှတ်ထားပြီး ငါးဖမ်းပိုက်တွေမှာ လင်းပိုင်တွေပတ်မိပြီး သေဆုံးမယ့် အန္တရာယ်ကို လျှော့ချဖို့ ငါးဖမ်းတာတွေကို တားမြစ်ထားပါတယ်။
ဧရာဝတီလင်းပိုင်တွေကို ဖမ်းဆီးတာ၊ သတ်တာ၊ ပိုင်ဆိုင်တာ၊ ရောင်းဝယ်တာတွေ လုပ်မယ်ဆိုရင် ထိုင်းနိုင်ငံရဲ့ တောရိုင်းတိရစ္ဆာန် ကာကွယ်ရေး ဥပဒေအရ ထောင်ဒဏ် ၃ နှစ်ကနေ ၁၅ နှစ်၊ ဒဏ်ငွေ ဘတ် ၃ သိန်းကနေ ၁၅ သိန်းအထိ ချမှတ်ခံရနိုင်တယ်လို့ ထိုင်းနိုင်ငံ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးနဲ့ ကာကွယ်ရေး ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။
ရှေ့မဆက်နိုင်တော့တဲ့ မြန်မာနိုင်ငံက ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး
မြန်မာနိုင်ငံမှာဆိုရင် ဧရာဝတီလင်းပိုင်တွေက ဧရာဝတီတိုင်း မိန်းမလှကျွန်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီမြစ်၊ ရခိုင်ပြည်နယ် စတဲ့နေရာတွေမှာ နေထိုင်ကြတယ်လို့ ထိန်းသိမ်းရေး လုပ်ခဲ့သူတစ်ယောက်က ပြောပါတယ်။
၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတုန်းက ဧရာဝတီမြစ်ထဲမှာ ဧရာဝတီလင်းပိုင် ၇၉ ကောင်ရှိတယ်လို့ စစ်တပ်က အာဏာမသိမ်းခင် လေ့လာမှတ်တမ်းတင်ခဲ့တဲ့ အချက်အလက်တွေအရ သိရပါတယ်။
စစ်အာဏာသိမ်းပြီး ငါးနှစ်အတွင်းမှာ ထိန်းသိမ်းရေးတွေ ရပ်တန့်သွားတာကြောင့် လက်ရှိမှာ အကောင်ရေဘယ်လောက် ကျန်နေမလဲဆိုတာ မသိကြရပါဘူး။
မန္တလေးကနေ ဗန်းမော်မြို့ကြားမှာ ကျက်စားပြီး အကောင်ရေ အများဆုံး တွေ့ရတဲ့ မင်းကွန်းဒေသနဲ့ ကျောက်မြောင်းအထိ ၇၂ ကီလိုမီတာကို ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာအဖြစ် ၂၀၁၅ ခုနှစ်မှာ သတ်မှတ်ခဲ့တာပါ။
"တခြားနိုင်ငံတွေမှာလည်း ဧရာဝတီလင်းပိုင်ရှိပေမဲ့ မြန်မာနိုင်ငံလို ဧရာဝတီလင်းပိုင်နဲ့ ရေလုပ်သား ပေါင်းပြီးငါးရှာတဲ့နည်းက မြန်မာမှာပဲရှိတယ်။ ဒါကို အကြောင်းပြုပြီး သဘာဝအခြေပြု ခရီးသွားလုပ်ငန်းတွေ လုပ်ဖို့ ကြိုးစားခဲ့ကြတာ"လို့ ထိန်းသိမ်းရေးမှာ ပါဝင်ခဲ့တဲ့ မန္တလေးမြို့ခံက ပြောပါတယ်။
ရေထဲကနေ အပေါ်ကိုတက် ခေါင်းဖော်ပြီး အသက်ရှုလိုက် ရေထဲကို ကွေးကနဲဆင်းသွားလိုက် လုပ်တတ်တာကြောင့် လင်းပိုင်အုပ်တွေ ရှိတဲ့နေရာကို ရေလုပ်သားတွေက အလွယ်တကူ မြင်ရပါတယ်။
အဲဒီဝန်းကျင်ကို လှေလှော်သွားပြီး ရေလုပ်သားက လှေကို ခေါက်လိုက်တဲ့အခါ ဧရာဝတီလင်းပိုင်တွေ ရောက်လာပါတယ်။
ဧရာဝတီလင်းပိုင်က ငါးတွေကို တစ်နေရာမှာ စုနေအောင် ဝေ့ဝိုက်ထားပြီးချိန်မှာ ဧရာဝတီလင်းပိုင်အမြီးက ရေပြင်ကို ဗြန်းကနဲ ရိုက်ချလိုက်တာနဲ့ ရေလုပ်သားက ပိုက်ကွန်ပစ်ဖမ်းရတာပါ။
ပိုက်ကွန်ထဲမှာ မိသွားတဲ့ ငါးတွေကို ဧရာဝတီလင်းပိုင်တွေက မစားဘဲ ပိုက်ကွန်အပြင်ဘက်ကို လွတ်လာတဲ့ငါးတွေကိုသာ ဖမ်းယူစားသောက်ကြပါတယ်။
နွမ်းပါးတဲ့ ရေလုပ်သားတွေကို ကူညီပေးနေတဲ့ ဧရာဝတီလင်းပိုင်တွေမှာ ဒီလိုထူးခြားလှပတဲ့ ဆက်ဆံရေး ရှိနေပေမဲ့ ရှော့တိုက်ငါးဖမ်းသူတွေ၊ မိုင်းခွဲငါးဖမ်းတာတွေကြောင့် မြန်မာနိုင်ငံက ဧရာဝတီလင်းပိုင်တွေ အသက်အန္တရာယ်ကြုံတွေ့နေရပါတယ်။
ထိန်းသိမ်းရေး လုပ်နေတဲ့ ကာလတွေထဲမှာတောင် ဘက်ထရီရှော့တိုက် ငါးဖမ်းတာတွေကြောင့် ဧရာဝတီလင်းပိုင်တွေ သေဆုံးတာတွေက ဆက်တိုက်တွေ့ရှိလာရပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီကနေ နိုဝင်ဘာအထိ ၈ ကောင်သေဆုံးခဲ့တယ်လို့ ထိန်းသိမ်းရေးအဖွဲ့မှာ ပါဝင်ခဲ့တဲ့ အရပ်ဘက်အဖွဲ့အစည်းတစ်ခုက တာဝန်ရှိသူက ပြောပါတယ်။
မြန်မာနိုင်ငံမှာလည်း အာဏာမသိမ်းခင်က ဧရာဝတီလင်းပိုင်တွေ ဘေးအန္တရာယ် ကျရောက်မှု လျော့နည်းပပျောက်ဖို့ဆိုပြီး ငါးလုပ်ငန်း၊ ရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့တွေ ပူးပေါင်း ဆောင်ရွက်ခဲ့ကြပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးချိန်မှာတော့ လုံခြုံရေး အခြေအနေတွေကြောင့် လုံးဝရပ်တန့်သွားခဲ့ပါတယ်။
"အဲဒီလို ထိန်းသိမ်းရေးလုပ်နေနိုင်တဲ့ ကာလမှာတောင် ဘက်ထရီရှော့တိုက်ခံရလို့ သေဆုံးတာတွေ ရှိတာ၊ အခုလိုမျိုး ထိန်းသိမ်းတဲ့သူတွေမရှိတော့ ပိုပြီးတော့တောင် ဆိုးလာမယ့်အခြေအနေရှိတယ်၊ ထိန်းသိမ်းရေးက လုံးဝ မလုပ်နိုင်တော့ဘူး"လို့ အရပ်ဘက်အဖွဲ့အစည်းတစ်ခုက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဧရာဝတီလင်းပိုင်တွေ ရှိနေတဲ့ မန္တလေးကနေ ဗန်းမော်တလျောက်က မြို့တွေဖြစ်တဲ့ မန္တလေး၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ စစ်ကိုင်း၊ ရွှေဘို၊ ကသာ၊ ဗန်းမော် မြို့တွေမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်တို့ တိုက်ပွဲတွေ ဆက်တိုက်ရှိနေတာပါ။
ဒီလို နယ်မြေမငြိမ်းချမ်းတာကြောင့် ထိန်းသိမ်းရေး မလုပ်နိုင်ကြတာတွေဟာ ဘက်ထရီရှော့တိုက်ငါးဖမ်းသူတွေ၊ မိုင်းခွဲငါးဖမ်းသူအတွက် ပိုပြီး အခွင့်အရေး ရနေသလို ဖြစ်နေပါတယ်။
ထိုင်းနိုင်ငံမှာတော့ ဧရာဝတီလင်းပိုင်တွေကို ခရီးသွားတွေ ကြည့်ရှုဖို့ သဘာဝခရီးသွားလုပ်ငန်းတွေ တွင်ကျယ်အောင် လုပ်ဆောင်နေတာပါ။
မြန်မာနိုင်ငံမှာတော့ သဘာဝခရီးသွားတွေအတွက်သာမက ရေလုပ်သားတွေနဲ့အတူ အသက်မွေးတဲ့အဆင့်အထိ ရင်းနှီးကြတဲ့ ဧရာဝတီလင်းပိုင်တွေကတော့ စောင့်ရှောက်သူ မဲ့နေပါတယ်။
ထိုင်းမှာ အုပ်စုလိုက်ကြီး ရေအောက်တလှည့် ရေပေါ်တလှည့် လွတ်လွတ်လပ်လပ် ကူးခတ်ခွင့် ရနေပေမဲ့ မြန်မာနိုင်ငံက ဧရာဝတီလင်းပိုင်တွေကတော့ မျိုးသုဉ်းပျောက်ကွယ်တော့မယ့် အခြေအနေနဲ့ ကြုံတွေ့နေကြရပါတယ်။