ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တီမော-လက်စတေထဲ မြန်မာစစ်အာဏာပိုင်တွေကို တရားစွဲနိုင်ဖို့ ကြိုးစား
တီမော-လက်စတေ သမ္မတရုံးခန်းကို အသွား အာဆီယံ ခန်းမကို ဖြတ်တဲ့ အခါ မြန်မာနိုင်ငံ ဆိုင်ရာ အပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံကို ချိတ်ဆွဲ ထားပြီး၊ စစ်ခေါင်းဆောင်ပုံကို ချိတ်ထားတာ မဟုတ်ဘူးလို့ ယူကေ နိုင်ငံ အခြေစိုက် မြန်မာ့အရေး တာဝန်ခံမှု ရှိစေရေး MAP အဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ ခရစ္စဂန်းနက်စ်က ပြောပါတယ်။
အဲဒါကို ကြည့်ရင် တီမော-လက်စတေ သမ္မတရဲ့ မြန်မာ့အရေး ဆိုင်ရာ ရပ်တည်မှုကို သိနိုင်ပြီး၊ အာဆီယံထဲမှာ တီမော-လက်စတေဟာ moral conscience လို့ ခေါ်တဲ့ စာရိတ္တ ကျင့်ဝတ် သိက္ခာပိုင်းနဲ့ အညီ ကျင့်ကြံ နေထိုင်ရမယ် ဆိုတဲ့ အသိနဲ့ ရပ်တည်မယ့် နိုင်ငံ ဖြစ်တယ် ဆိုပြီးတော့လည်း ခရစ္စဂန်းနက်စ်က ဆိုပါတယ်။
မြန်မာနိုင်ငံထဲ ပေါ်ပေါက်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကနေ အသက်ရှင် ကျန်ရစ်သူတွေဟာ မြန်မာ စစ်အာဏာပိုင်တွေ အပေါ် ရာဇဝတ်မှု ဆိုင်ရာ တိုင်တမ်းချက်တွေကို တီမော-လက်စတေ အစိုးရ တရားစွဲ ရှေ့နေရုံးဆီ အခု ဇန်နဝါရီ လလယ်မှာ တင်သွင်းခဲ့ပါတယ်။
ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ကမကထ လုပ်ဆောင်တာဖြစ်ပြီး ခရစ္စဂန်းနက်စ် ဦးဆောင်နေတဲ့ MAP အဖွဲ့ ကလည်း ဒီ အမှုကိစ္စ တိုင်ကြားနိုင်ရေးမှာ အားပေး ကူညီပါတယ်။
တိုင်တမ်းချက် တင်သွင်းပြီး နောက်တစ်ရက်မှာပဲ CHRO နဲ့ MAP အဖွဲ့က ကိုယ်စားလှယ်တွေ၊ ရှေ့နေတွေဟာ တီမော-လက်စတေ သမ္မတနဲ့ သွားရောက် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
အခုလို လက်ခံတွေ့ဆုံတာဟာ တီမော-လက်စတေ ဘက်က အာဆီယံ ပဋိညာဥ်ကို ချိုးဖောက်ပြီး ပြည်တွင်းရေးကို ဝင်ပြီး စွက်ဖက်တာလို့ မြန်မာ စစ်ကော်မရှင်က စွပ်စွဲ ပြစ်တင်ပါတယ်။
အမှုကိစ္စ တည်ဆောက်နိုင်ဖို့ တီမော- လက်စတေ နိုင်ငံကို ဘာလို့ ရွေးရတာလဲ၊ တီမော-လက်စတေ သမ္မတနဲ့ အာဏာပိုင်တွေ အနေနဲ့ မြန်မာ့အရေး ဘယ်လို သဘောထား ရှိနေလဲ၊ တာဝန်ခံမှု ရှိစေရေးနဲ့ တရားမျှတမှု ရှာဖွေရေးတွေ တကယ်တမ်း အထမြောက်လာဖွယ် ရှိလား ... စတာတွေကို တီမော-လက်စတေ ခရီးစဥ်မှာ ကိုယ်တိုင် ရှိနေခဲ့တဲ့ မြန်မာ့အရေး တာဝန်ခံမှု ရှိစေရေး MAP အဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ ခရစ္စဂန်းနက်စ်ကို ဘီဘီစီ သတင်းထောက် ကိုဝေဖြိုးက ဆက်သွယ် မေးမြန်းထားပါတယ်။
ဘီဘီစီ။ ။ မြန်မာ စစ်အာဏာပိုင်တွေ အပေါ် ရာဇဝတ်မှု ဆိုင်ရာ တိုင်တမ်းချက်တွေကို ချင်းလူ့အခွင့်အရေးအဖွဲ့က တီမော-လက်စတေ အစိုးရ တရားစွဲ ရှေ့နေရုံးဆီကို တင်ချိန်မှာ ခရစ္စလည်း အဲဒီမှာ အတူရှိနေခဲ့ပါတယ်။ အဲဒီ တိုင်တမ်းချက်တွေထဲမှာ ဘယ် အဖြစ်အပျက်တွေ ပါဝင်သလဲ ဆိုတာ ပြောပြပေးပါ့လား။
ခရစ္စဂန်းနက်စ်။ ။ တီမော-လက်စတေက အမှု ကိစ္စမှာ အဓိက အချက် ၅ ချက် ပါဝင်ပါတယ်။ အဲဒီမှာ ကျွန်တော် ရှိနေခဲ့တယ် ဆိုတာက ... ကျွန်တော်ရဲ့ အဖွဲ့အစည်း ဖြစ်တဲ့ တာဝန်ခံမှုရှိစေရေး မြန်မာပရောဂျက် အဖွဲ့ (မက်ပ်- MAP) ဟာ ဒီ အမှုထဲမှာ တိုင်တမ်းသူ အဖြစ် တိုက်ရိုက် မပါဝင်ပေမဲ့လည်း၊ ဒီ အမှု စွဲချက်တင်နိုင်ရေး .... လိုက်ပါ ကူညီနေတာ ဖြစ်ပါတယ်။
တိုင်တမ်းတဲ့ အဓိက ဖြစ်ရပ် တွေထဲမှာ ၇ လ အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်ကို သူ့ရဲ့ ခင်ပွန်းသည် မျက်စိ ရှေ့မှာတင် အုပ်စုဖွဲ့ မုဒိန်းကျင့်တဲ့ ကိစ္စမျိုး ပါဝင်ပါတယ်။ နောက်ပြီး လူ ၁၀ ယောက် အစုလိုက် အပြုံလိုက် အသတ် ခံခဲ့ရတဲ့ ဖြစ်ရပ်လည်း ပါဝင်ပါတယ်။ အဲဒီထဲကမှ ၁၃ နှစ် သား အရွယ် ယောက်ျားလေး တစ်ယောက်နဲ့ သတင်းသမား တစ်ယောက် အပါအဝင် ၈ ယောက်ဟာဆိုရင် လက်ပြန်ကြိုး တုပ်ခံထားရရင်းသား လည်ပင်းကို လှီးဖြတ် အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
နောက်ပြီး စစ်ရေးနည်းနာ အလွန်အကျွံသုံးပြီး လေကြောင်း တိုက်ခိုက်ည ခံခဲ့ရတာတွေထဲ၊ ပစ်မှတ်ထား ခံခဲ့ရတဲ့ ဆေးရုံတစ်ခုမှာ ဆိုရင် ... ဆေးဝန်ထမ်း ၄ ယောက်နဲ့ လူနာ ၄ ယောက် သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ကိုလည်း မီးမောင်းထိုး ထားပါတယ်။
ခရစ်ယာန် သင်းအုပ်ဆရာတစ်ယောက်နဲ့ ဘုရားကျောင်း တာဝန်ရှိသူ ၃ ယောက် သတ်ဖြတ်ခံခဲ့ရတဲ့ အဖြစ် အပျက်နဲ့ တကွ၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်း ချာ့ချ်တွေကို ဆက်တိုက် ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတဲ့ အချက်တွေကိုလည်း ထည့်သွင်းထားပါတယ်။
ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ စာရင်းဇယားတွေ အရ ၂၀၂၁ စစ်တပ်က အာဏာ တကျော့ပြန် သိမ်းပြီး နောက်ပိုင်း ချာ့ချ်ပေါင်း ၁၄၇ လုံး ဖျက်စီး ခံခဲ့ရပါတယ်။
အခု ပြောခဲ့တဲ့ ဖြစ်ရပ်တွေဟာ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်တဲ့ အထိကို ဆိုးရွားပြင်းထန်လှတယ် ဆိုပြီး တီမော-လက်စတေ အစိုးရ တရားစွဲ ရှေ့နေ ရုံးဆီကို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
ဘီဘီစီ။ ။ ဒီလို တိုင်တမ်းချက်ကို တီမော- လက်စတေ အစိုးရ ရှေ့နေ အဖွဲ့ရုံးက လက်ခံထားလိုက်တယ်လို့ ကျွန်တော် နားလည်ထားပါတယ်။ ဒီ အဓိပ္ပာယ်ဟာ သူတို့ အနေနဲ့ တိုင်တမ်းချက်ပါ အကြောင်းအရာတွေကို စုံစမ်းတာတွေ စတင် လုပ်ဖို့ သဘောတူလိုက်ပြီ ဆိုတဲ့ အဓိပ္ပာယ်လား ခင်ဗျ။
ခရစ္စဂန်းနက်စ်။ ။ တိုင်တမ်းချက်ဟာ အဲဒီလောက်အထိ မြန်မြန်ဆန်ဆန် နဲ့ ရှေ့ရောက်သွားလိမ့်မယ် ဆိုပြီး ကျွန်တော်တို့ အလျင်မလို သင့်ပါဘူး။ အခု ဘယ်လို အခြေအနေမှာ ရှိနေလည်း ဆိုရင် ... အဲဒီ တိုင်တမ်းချက်ကို ကိုင်တွယ်ဖို့ အစိုးရ တရားစွဲ ရှေ့နေ တစ်ယောက်ကို သတ်သတ်မှတ်မှတ် တာဝန်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒါဟာ တိုင်တမ်းချက် တင်သွင်းပြီး နောက်ပိုင်း တိုးတက် ဖြစ်ပေါ်လာတဲ့ အခြေအနေ ဖြစ်ပါတယ်။ ရှေ့ဆက်မယ့် အလားအလာ ကောင်းတယ်လို့ ပြောနိုင်ပါတယ်။
ဒါပေမယ့် ခင်ဗျားနဲ့ စကားပြောနေချိန် အထိတော့ တီမော-လက်စတေ အစိုးရ ရှေ့နေ ရုံးအဖွဲ့က ဒီ တိုင်တမ်းချက်နဲ့ ပတ်သက်ပြီး အမှုနံပါတ် ထုတ်ပေးတာမျိုး၊ အမှုကို တရားဝင် ဖွင့်လိုက်ပြီ ဆိုတဲ့ အဆင့်အထိ မကြားသိရသေးပါဘူး။
အခုနက ပြောတဲ့ တာဝန်ကျ ရှေ့နေက တိုင်တမ်းချက် အပေါ် သုံးသပ်ပြီး ရှေ့ဆက် ဘာလုပ်မလဲ ဆိုတာ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ အမှု ဖွင့်ပြီး စုံစမ်းတာတွေ စလုပ်မလား ... လုပ်မယ် ဆိုရင် ဘယ်လို ပုံစံမျိုးတွေကို ဘယ်လောက် အတိုင်းအတာထိ လုပ်မလဲ ... ဘယ်သူတွေနဲ့ စကားပြောဆိုမလဲ ဆိုတာက အစ၊ စွပ်စွဲခံရသူ သံသယ ရှိရသူတွေ ရုံးတော်ရှေ့မှောက် လာရောက် ထွက်ဆိုဖို့ ဖမ်းဝရမ်း ထုတ်မလား ဆိုတာတွေ အထိ ဆုံးဖြတ်သွားရမှာ ဖြစ်ပါတယ်။ ဒီတော့ အခု လက်ရှိ အခြေအနေဟာ ကနဦး အဆင့်မှာပဲ ရှိပါသေးတယ်။
တိုင်တမ်းချက် တင်သွင်းပြီး နောက်တစ်ရက် မနက် အစောမှာပဲ ကျွန်တော်တို့ဟာ သမ္မတ ဂျိုဇေး ရာမော့စ် အော့တာ Jose Ramos Orta နဲ့ သွားရောက် တွေ့ဆုံ ခဲ့ပါတယ်။ အင်မတန် ကောင်းမွန်တဲ့ တွေ့ဆုံမှု ဖြစ်ပါတယ်။ တွေ့ဆုံအပြီး သမ္မတ ဘက်က လူသိရှင်ကြား ထုတ်ပြန်ချက် ပြုလုပ်ပါတယ်။ ကျွန်တော်တို့နဲ့ တွေ့ဆုံရာမှာ "ဒေသတွင်း တာဝန်ခံမှု ရှိစေရေး" "regional accountabality" ဆိုတဲ့ အချင်းအရာ အပေါ် အသေးစိတ်နဲ့ နက်နက်နဲနဲ ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ထည့်သွင်း ပြောဆိုထားပါတယ်။
ဘီဘီစီ။ ။ သမ္မတနဲ့ တွေ့ဆုံခဲ့တဲ့ အကြောင်းကို ကျွန်တော် ပြီးရင် ထပ်ပြီး မေးပါ့မယ်။ အခု တိုင်တမ်းချက် တင်သွင်းတဲ့ လုပ်ရပ် အပေါ် အာရုံစိုက် ကြည့်မယ် ဆိုရင် ... အခုလို အမှုမျိုး တည်ဆောက်ဖို့ တီမော-လက်စတေကို ဘာဖြစ်လို့ ရွေးတာလဲ ဆိုတာကို ကျွန်တော် စိတ်ဝင်စားပါတယ်။ သူတို့ ဆီမှာ အခုလို အမှု ကိစ္စမျိုး တင်သွင်းနိုင်တဲ့ ဥပဒေ စနစ် ရှိနှင့်နေတယ် ဆိုတဲ့ အချက်ကြောင့်လား။
ခရစ္စဂန်းနက်စ်။ ။ ပထမဆုံး အနေနဲ့ ပြောလိုတာကတော့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အခုလို တာဝန်ခံမှု ရှိစေရေး အမှု ကိစ္စမျိုးတွေကို မြန်မာနိုင်ငံ တည်ရှိရာ အာဆီယံ ဒေသတွင်းမှာ တည်ဆောက်နိုင်ဖို့ ကျွန်တော်တို့ MAP အဖွဲ့က အာရုံစိုက်နေပါတယ်။
လက်ရှိမှာ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား နိုင်ငံတွေထဲ အမှု ကိစ္စ တည်ဆောက် ထားလက်စတွေ ရှိနေပြီး၊ အခု တီမော-လက်စတေ ထဲကို မြန်မာ့အရေး အမှု ကိစ္စ ယူဆောင်လာတာ ဖြစ်ပါတယ်။ ဒါဟာ ခင်ဗျား အခုနက ပြောသလိုပဲ တီမော-လက်စတေဟာ နိုင်ငံတကာ တရားစီရင်ပိုင်ခွင့် universal jurisdiction ကို အသိအမှတ်ပြု လက်ခံတယ် ဆိုတဲ့ ဥပဒေ အခြေခံမျိုး ရှိနေတဲ့ အတွက် ဖြစ်ပါတယ်။
"Universal jurisdiction" ဆိုတာဟာ ကြီးမား ပြင်းထန်လွန်းတဲ့ ရာဇဝတ်မှုတွေ ပေါ်ပေါက်ပြီ ဆိုရင် ... လူသား အားလုံး အပေါ် ကျူးလွန်တဲ့ သဘောမျိုး သက်ရောက်တဲ့ အတွက် ၊ ကမ္ဘာ့ ဘယ်နေရာမှာပဲ ပေါ်ပေါက်သည် ဖြစ်စေ၊ ကျူးလွန်ခံရသူတွေ ကျူးလွန်သူတွေဟာ တီမော-လက်စတေ နိုင်ငံသားတွေ ဟုတ်ဟုတ် မဟုတ်ဟုတ်၊ တီမော- လက်စတေ နိုင်ငံထဲမှာ တရားစွဲခွင့်၊ ကြားနာ စီရင်ခွင့် ရှိတယ် ဆိုတဲ့ ဥပဒေကြောင်း ဆိုင်ရာ အခြေခံ အယူအဆ ဖြစ်ပါတယ်။
တီမော-လက်စတေ နိုင်ငံရဲ့ ရာဇသတ်ကြီး ဥပဒေထဲမှာ "Universal jurisdiction" ကို လက်ခံတဲ့ အကြောင်း အတိတကျ ထည့်သွင်းထားတဲ့ ပုဒ်မတွေ ပါဝင်ပါတယ်။ ဒါ့ကြောင့် အခု စတင်လိုက်တဲ့ တိုင်တမ်းချက်တွေဟာ နိုင်ငံရေး အရ စွက်ဖက် ဟန့်တား နှောင့်ယှက်တာတွေရဲ့ ရန်ကနေ ကင်းလွတ်ပြီး၊ ဥပဒေ လမ်းကြောင်း အတိုင်း ရှေ့ဆက် နိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။
ဘီဘီစီ။ ။ တီမော-လက်စတေ နိုင်ငံရဲ့ စီးပွားရေးဟာ အလယ်အလတ်ဆိုတာရဲ့ အောက်ပိုင်း lower-middle-income မှာ ရှိနေတယ်လို့ ကမ္ဘာ့ဘဏ်က သတ်မှတ်ထားပါတယ်။ ကျွန်တော့် အနေနဲ့ တီမော-လက်စတေဟာ အရေးပါတဲ့ နိုင်ငံ မဟုတ်ဘူး ဆိုတဲ့ သဘောမျိုးနဲ့ ပြောတာလို့ မထင်စေ့ချင်ပါဘူး။ ဒါပေမယ့် သူတို့ အနေနဲ့၊ သူတို့ နိုင်ငံထဲမှာလည်း မဟုတ်ပဲ နိုင်ငံရပ်ခြားမှာ ပေါ်ပေါက်ခဲ့တဲ့ ကြီးမားပြင်းထန် ဆိုးရွားလှတယ် ဆိုတဲ့ အမှု ကိစ္စတွေ အပေါ် ကိုင်တွယ် စုံစမ်း နိုင်တဲ့ ရင်းမြစ်တွေ၊ တတ်နိုင်စွမ်းတွေ ရှိမယ်လို့ ယုံကြည်လား။
ခရစ္စဂန်းနက်စ်။ ။ ယုံကြည်ပါတယ်။ ယုံကြည်တယ်လို့ ပြောရတဲ့ အကြောင်းကလည်း အခု အမှု ကိစ္စကို တီမော-လက်စတေက တာဝန်ယူပြီ ဆိုဦး၊ သူတို့ရဲ့ စနစ်ယန္တရားတွေ ရင်းမြစ်တွေ အပေါ် ဝန်ထုပ်ဝန်ပိုး ကြီးကြီးမားမား ဖြစ်စေမှာ မဟုတ်ပါဘူး။
သက်သေ အထောက်အထားတွေ၊ ဆန်းစစ်ချက်တွေ၊ ဖော်ထုတ်မှုတွေကို အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ပြုလုပ်ထားနှင့်ပြီး ဖြစ်တဲ့ အမှု ကိစ္စရပ်တွေ ဖြစ်ပါတယ်။ ဒီ အမှုကိစ္စကို တိုင်တမ်းတဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ကိုယ်တိုင် ချင်းပြည်နယ်ထဲ ပေါ်ပေါက်ခဲ့တဲ့ ကိစ္စရပ်တွေ အပေါ် စနစ်တကျ မှတ်တမ်းတင်နေခဲ့တာဟာ အနှစ် ၃၀ ကျော် အတွေ့အကြုံ ရှိပြီ ဖြစ်ပါတယ်။ သူတို့ ကိုယ်တိုင် ဒီ နယ်ပယ်မှာ ကျွမ်းကျင်သူတွေ ဖြစ်ပါတယ်။
အမှု ကိစ္စတွေကို အင်မတန် စနစ်ကျပြီး ခိုင်မာတဲ့ သက်သေ အထောက်အထားတွေနဲ့ တကွ တီမော-လက်စတေ အာဏာပိုင်တွေဆီ လွှဲအပ်လိုက်တာ ဖြစ်ပါတယ်။ ထိခိုက်နစ်နာသူတွေရဲ့ သက်သေထွက်ဆိုချက်တွေ၊ ဗီဒီယို ဓာတ်ပုံ သက်သေတွေ အခိုင်အမာ ပါဝင်ပါတယ်။
နောက်အရေးကြီးတဲ့ အချက်ကတော့ မြန်မာ့အရေးနဲ့ ပတ်သက်ရင် ကုလသမဂ္ဂက ဖွဲ့ပေးထားတဲ့ လွတ်လပ်တဲ့ စုံစမ်းရေး ယန္တရား ဒဗယ်အိုင် ဒဗယ်အမ်ဆိုတာ ရှိနှင့်ပြီး ဖြစ်ပါတယ်။ ရခိုင်မှာ ရိုဟင်ဂျာ ဂျီနိုဆိုက် အရေး ပေါ်ပေါက်တဲ့ အခါ အချက်အလက်တွေ ရှာဖွေနိုင်အောင် ကုလသမဂ္ဂက ဖွဲ့ပေးတဲ့ fact finding mission အဖွဲ့ရဲ့ နောက်ဆက်တွဲ ထူထောင်ထားတဲ့ စုံစမ်းရေး အဖွဲ့ ဖြစ်ပါတယ်။
ဂျနီဗာ အခြေစိုက် ဒဗယ်အိုင် ဒဗယ်အမ် အဖွဲ့ဟာ မြန်မာနိုင်ငံထဲ စစ်တပ်က တကျော့ပြန် အာဏာ သိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်နေခဲ့တဲ့ အဖြစ်အပျက်တွေ အပေါ်မှာပါ စုံစမ်းပြီး မှတ်တမ်း တင်နေပါတယ်။ သူတို့ စုံစမ်း ရယူထားတဲ့ အမှု ကိစ္စတွေထဲမှာ အခု ကျွန်တော်တို့ တီမော-လက်စတေ မှာ တင်သွင်းတဲ့ အမှုတွေထဲက တချို့ ကိစ္စရပ်တွေလည်း ပါဝင်နေပါတယ်။
ဒဗယ်အိုင် ဒဗယ်အမ် အဖွဲ့ စုံစမ်းထားတဲ့ စိစစ်မှတ်တမ်းတင်ထားတဲ့ အချက်အလက် တွေ၊ သက်သေတွေ ဆိုတာကလည်း နှစ်ကျော့ပြန် သုံးကျော့ပြန် အကြိမ်ကြိမ် တိုင်ဆိုင် စိစစ်ထားတဲ့ သက်သေ အထောက်အထားတွေ ဖြစ်ပါတယ်။
ဒီတော့ တီမော-လက်စတေ အာဏာပိုင်တွေဆီကို အသေအချာ ပြင်ဆင်ထားတဲ့ အမှု ကိစ္စတွေကို တင်သွင်းတာ ဖြစ်တဲ့ အတွက် သူတို့ အနေနဲ့ အခုမှ အစကနေ စုံစမ်း ဖော်ထုတ်တာတွေ၊ သက်သေ စုဆောင်း ရယူတာတွေ ပြုလုပ် ရမှာမျိုး မဟုတ်ပါဘူး။ တင်သွင်းလာတဲ့ သက်သေ အထောက်အထားတွေ၊ အချက်အလက်တွေကို မတူတဲ့ ရင်းမြစ်တွေကနေ တိုက်ဆိုင် စိစစ်ကြည့် ဖို့၊ cross-reference လုပ်ကြည်ဖို့ တော့ လိုမှာ မှန်ပေမယ့် ... အမှု ကိစ္စတွေဟာ မီးဖို ပေါ် တင်လိုက်ရုံ အသင့်စီမံပြီးသား oven-ready အမှု ကိစ္စမျိုးတွေ ဖြစ်ပါတယ်။
ဘီဘီစီ။ ။ အခုနက ပြောသလို၊ တီမော-လက်စတေ သမ္မတနဲ့လည်း ခရစ္စတို့ တွေ့ခဲ့ကြတယ် ဆိုတော့ မြန်မာ့ အရေးနဲ့ ပတ်သက်ရင် သူ့ရဲ့ ရပ်တည်မှုကို ဘယ်လို တွေ့ခဲ့ရလဲ ... သူပြောတဲ့ "ဒေသတွင်း တာဝန်ခံမှု ရှိစေရေး" ဆိုတာက ဘာ အဓိပ္ပာယ်လဲ ခင်ဗျ။
ခရစ္စဂန်းနက်စ်။ ။ သိပ်စိတ်ဝင်စားစရာလည်းကောင်း၊ ဝမ်းသာဖို့လည်းကောင်းတဲ့ အချက် ကျနော် တွေ့ခဲ့ရတာ ပြောပြပါ့မယ်။ သမ္မတရုံးခန်းကို အသွား လမ်းမှာ အာဆီယံ ခန်းမ ဆိုပြီး နာမည်ပေးထားတဲ့ အခန်းတစ်ကိုလည်း ဖြတ်သွားရတယ်။ အဲဒီမှာ အာဆီယံ နိုင်ငံတွေက ခေါင်းဆောင်တွေရဲ့ ရုပ်ပုံတွေကို ချိတ်ထားတာမှာ မြန်မာ နဲ့ ပတ်သက်တဲ့ အပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံကို ချိတ်ထားတာ တွေ့ရပါတယ်။ စစ်ခေါင်းဆောင်ရဲ့ ပုံကို ချိတ်ထားတာ မဟုတ်ဘူး။ အဲဒီ အချက်ကပဲ တီမော-လက်စတေ သမ္မတရဲ့ မြန်မာ့အရေး ရပ်တည်မှု သဘောထား ဘယ်လို ရှိတယ် ဆိုတာကို ညွှန်ပြနေပါတယ်။
ကျွန်တော် စောစောက ပြောခဲ့တဲ့ စကားကို ပြန်ကောက်ရမယ် ဆိုရင် တွေ့ဆုံပွဲ အပြီး သမ္မတရဲ့ ထုတ်ပြန်ချက်ဟာ ရင်သပ်ရှုမော ရလောက်အောင်ကို အင်မတန် ပြောင်မြောက်လွန်းလှပါတယ်။ ဒေသတွင်း တာဝန်ခံမှု ရှိစေရေး "regional accountability" ဆိုတဲ့ စကားမျိုးကို သမ္မတက မီးမောင်းထိုး ပြောတာဟာ အင်မတန်မှ ဂရုပြု အလေးမူရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံထဲ ပေါ်ပေါက်နေတာတွေဟာ "reign of terror" ဆိုပြီး တီမော-လက်စတေ သမ္မတက ပုံဆောင် ပြောခဲ့ပါတယ်။ (Reign of terror: ပြင်သစ်တော်လှန်ရေး အတွင်း ကြောက်မက်ဖွယ် သတ်ဖြတ်မှုတွေ ပေါ်ပေါက်ခဲ့တဲ့ ကာလကို မူလ ရည်ညွှန်းတဲ့ အသုံးအနှုံး)
"မြန်မာနိုင်ငံထဲ ပေါ်ပေါက်နေတာတွေကို တာဝန်ခံမှု ရှိစေရေး ဖော်ဆောင်ပေးဖို့လိုတယ် ... အခု ယူဆောင်လာတဲ့ အမှုမျိုးဟာ နိုင်ငံရေး ဆိုင်ရာ စွက်ဖက် ဟန့်တားမှုတွေကနေ ကင်းလွတ်ပြီး ရှေ့ကို ဆက်သင့်တဲ့ အမှုမျိုးပဲ" လို့ သမ္မတက ဆိုပါတယ်။ အဲဒါမှပဲ ဥပဒေ စိုးမိုးမှု rule of law ဆိုတာ ဖော်ဆောင်နိုင်မှာ ဖြစ်တယ်လို့လည်း သမ္မတက မီးမောင်းထိုး ပြောဆိုထားပါတယ်။
သမ္မတ ပြောဆိုထားတာတွေကို ကြည့်ရင် အာဆီယံထဲမှာ တီမော-လက်စတေဟာ moral conscience လို့ ခေါ်တဲ့ စာရိတ္တ ကျင့်ဝတ် သိက္ခာပိုင်းနဲ့ အညီ ကျင့်ကြံ နေထိုင်ရမယ် ဆိုတဲ့ အသိနဲ့ ရပ်တည်မယ့် နိုင်ငံဆိုပြီး ကြေညာနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲမှာ အရပ်သားတွေ အပေါ် စစ်အာဏာပိုင်တွေက ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အတွက် "တာဝန်ခံမှု ဖော်ဆောင်နိုင်ရေး" ဆိုတဲ့ အခြေခံ အကြောင်းချင်းရာ ကိစ္စကြီး ရှိနေပါတယ်။ အဲဒီ့အပေါ် အာဆီယံ တစ်ဖွဲ့လုံး အနေနဲ့ အလေးမူလာအောင် တီမော-လက်စတေရဲ့ ရပ်တည်မှုကလည်း တစ်တပ်တစ်အား အနေနဲ့ တွန်းအား ဖြစ်လာပါလိမ့်မယ်။
မြန်မာနိုင်ငံထဲ ဖြစ်ပျက် နေခဲ့တာတွေ အတွက် တရားမျှတမှု ရှာဖွေရေးနဲ့ တာဝန်ခံမှု ရှိစေရေး အပေါ် သက်ဝင် ယုံကြည်ပြီး၊ အားပေး ကူညီမယ် ဆိုတဲ့ သတင်းစကား မျိုးတွေကို တီမောလက်စတေ အပါအဝင် အာဆီယံ နိုင်ငံတချို့ဆီကနေ ထွက်ပေါ် နေပြီ ဖြစ်ပါတယ်။ မြန်မာ စစ်အာဏာပိုင်တွေ အနေနဲ့ အာဆီယံဟာ ဘာမှ တတ်နိုင်စွမ်း မရှိပဲ သူတို့ ထင်သလို ပြုမူနိုင်တဲ့ အဖွဲ့ အဖြစ် ယူဆထားလို့ မဖြစ်နိုင်တော့ပါဘူး။
ဘီဘီစီ။ ။ နိဂုံးချုပ်အနေနဲ့ ပေါ့ ခရစ္စရေ။ အခုဆိုရင် ခရစ္စရဲ့ MAP အဖွဲ့ဟာ အလားတူ အမှု ကိစ္စမျိုးတွေကို ဖိလိစ်ပိုင်၊ တူရကီ အစရှိသဖြင့် နိုင်ငံတွေမှာ တည်ဆောက် နေတာတွေထဲ အားပေး ကူညီ နေပါတယ်။ တာဝန်ခံမှု ရှိစေရေးနဲ့ တရားမျှတမှု ရှာဖွေရေး ဆိုတာကို မဝေးလှတဲ့ အချိန်မှာ တကယ်တမ်း ရှာဖွေ ပေးနိုင်မယ်လို့ ယုံကြည်မှု ရှိလား။
ခရစ္စဂန်းနက်စ်။ ။ ဒီလိုဗျ ... တာဝန်ခံမှု ရှိစေရေး accountability ဆိုတာကို ခင်ဗျား ဘယ်လို ရှုမြင်သလဲ ဆိုတဲ့ အပေါ်မှာလည်း မူတည်နေပါတယ်။ ဟိုး အပေါ်ကနေ စပြီး အောက်ကို ငုံ့ကြည့်တဲ့ အမြင်နဲ့ ဆိုရင်တော့ ... စစ်ခေါင်းဆောင်ကိုလည်း ဖမ်းဆီး အရေးယူတာမျိုး မလုပ်နိုင်သေးဘူး ... ဘာမှ အရေးမပါတဲ့ ကြိုးပမ်းမှုတွေလို့ မြင်ကောင်း မြင်ပါလိမ့်မယ်။
ဒါပေမယ့် စစ်ခေါင်းဆောင်ကို ဖမ်းဆီးပြီး သဟေ့ဂ်ကို ပို့နိုင်တယ် ဆိုဦး ... အဲဒီလို ပို့နိုင်ပြီ ဆိုတဲ့ အချက်ကို ကျူးလွန်ခံရသူတွေကို သွားပြီး ပြောပြရင် ... ဒါဟာ accountability ဖော်ဆောင်နိုင်တဲ့ လုပ်ရပ် အဖြစ် သူတို့ မြင်မှ မြင်နိုင်ကြပါ့မလား ဆိုပြီး ကျွန်တော် အတော်လေး သံသယ ရှိပါတယ်။
သဟေ့ဂ်မြို့ အကျဥ်းခန်း ဆိုတာ အင်မတန် နွေးနွေးထွေးထွေးနဲ့ သက်သောင့်သက်သာ နေထိုင် နိုင်တဲ့ နေရာမျိုး .... အဆင့်အတန်းမှီ အစားအစာတွေ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ ရရှိ နိုင်တဲ့ နေရာမျိုး ဖြစ်ပါတယ်။ ကိုယ့် ဇနီးသည်နဲ့ အိမ်ထောင်သည် သဘာဝ နေထိုင်ခွင့်ပြုတဲ့ conjugal visit မျိုးတွေတောင် ကံကောင်းရင် ရနိုင်ပါသေးတယ်။
အဆုံးစွန်ထိအောင် နှိပ်စက်ညှမ်းပမ်းခံရပြီး၊ ဘယ်လို အခွင့်အရေးမျိုး၊ စောင့်ရှောက် ကာကွယ်မှုမျိုးမှ မရှိတဲ့ မြန်မာနိုင်ငံထဲက အကျဥ်းထောင်တွေထဲ ထည့်ခံခဲ့ရသူတွေ၊ ထည့်ခံထားရသူတွေ အတွက်တော့ "သဟေ့ဂ်မြို့ အကျဥ်းခန်း" ဆိုတာကို တာဝန်ခံမှု ဖော်ဆောင်နိုင်ခြင်းရဲ့ ပြယုဂ် အဖြစ် ရှုမြင်နိုင်ကြမှာ မဟုတ်ပါဘူး။ ကျူးလွန်ခံရသူတွေရဲ့ ရှုထောင့်အမြင်ဟာ အင်မတန်မှ ကွာခြားနိုင်ပါတယ်။
သူတို့ အတွက် အရေးကြီးတာက သူတို့ တွေ့ကြုံ ခံစားခဲ့ကြရတာတွေဟာ ကမ္ဘာကြီးပေါ် ဘာမှ အရေးမပါတဲ့ ကိစ္စတွေ၊ ဘယ်သူမှ အလေးမမူ ဂရု မပြုကြတဲ့ ကိစ္စတွေ အနေနဲ့ ပျောက်ပျက် မသွားမယ့် အခွင့်အလမ်းမျိုး ဖြစ်ပါတယ်။
သူတို့ အသံတွေ၊ သူတို့ အတွေ့အကြုံတွေကို ကမ္ဘာကြီးက လျစ်လျုရှု ပစ်ပယ် မထားပဲ ကမ္ဘာ့ လူ့ဘောင် အသိုင်းအဝိုင်းထဲ မှတ်တမ်းမှတ်ရာတွေ အဖြစ် ထိမ်းသိမ်း ထားရင်းမှာပဲ၊ တရားတဲ့ အတိုင်း ဖြစ်စေတဲ့ အခြေအနေမျိုးကို ဝိုင်းဝန်း ဆောင်ကြဥ်း ပေးနေကြတယ် ဆိုတဲ့ အချက်ကသာ ကျုးလွန် ခံခဲ့ရသူတွေ၊ ကျန်ရစ်သူ မိသားစုဝင်တွေ အတွက် ပိုပြီး အရေးကြီးမှာ ဖြစ်ပါတယ်။
ဥပမာ ပြောရရင် - ကျွန်တော်တို့ဟာ ကိုယ်တိုင် ကျူးလွန်ခံခဲ့ရတဲ့ "ရှင်သန်ကျန်ရစ်သူ survivor" တချို့နဲ့ ကျန်ရစ်သူ မိသားစုဝင် သက်သေတချို့ကို ဖိလစ်ပိုင် အမှု ကိစ္စမှာ ဖိလစ်ပိုင်ထဲထိ ခေါ်သွားခဲ့ပါတယ်။ သူတို့ဟာ သူတို့ကြုံခဲ့ရတဲ့ အမှန်တရားတွေကို အများရှေ့ ပြောခွင့် ဆိုခွင့်ရမယ် ... တရားမျှတမှု ရှာဖွေ နိုင်ခွင့် ရှိလာမယ်လို့ ဘယ်တုန်းကမှ မျှော်လင့် မထားခဲ့သူတွေပါ။ တိုင်တမ်းချက် တင်သွင်းပြီးတဲ့နောက် သတင်းစာ ရှင်းလင်းပွဲ လုပ်တဲ့ အခါ သူတို့ဟာ သူတို့ မိဘ မောင်ဖွားတွေ ဘယ်လို အသတ်အဖြတ် ခံခဲ့ရတယ်၊ ကျန်ရစ်တဲ့ ရုပ်ခန္ဓာတွေပါ ဘယ်လို ဖြတ်တောက် ဖျက်စီး ခံရတယ်၊ သူတို့ မြို့ ဘယ်လို မီးတိုက် ခံခဲ့ရတယ် ဆိုတာတွေကို အများရှေ့မှောက် ပြောဆိုခွင့် ရနိုင်ခဲ့ပါတယ်။
ဖိလစ်ပိုင်မှာ ကျွန်တော့်ရဲ့ မျက်ရည်တွေ အပါအဝင် လူ အများကြီးရဲ့ မျက်ရည်တွေ ကျခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီလို ပြောနိုင်ဆိုနိုင် ... မှန်တာတွေကို သက်သေခံ ထွက်ဆို နိုင်ခွင့် ရှိလာတာတွေဟာ ကျူးလွန် ခံရသူ victim ဆိုတဲ့ အဖြစ်ကနေ ရှင်သန် ကျန်ရစ်သူ survivor တွေ အဖြစ် တိုးတက် ပြောင်းလဲ သွားတာမျိုး ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင် အဖြစ်အပျက် အကြောင်းတရား အရင်းခံ cause တွေ အတွက်၊ ကိုယ်တိုင် ဖော်ထုတ် တင်ပြနိုင် ... အများသိအောင် ပြောဆိုနိုင် ... တရားမျှတမှု ရရှိအောင် ဆော်သြ နိုင်သူတွေ အဖြစ် တက်လှမ်း လာနိုင်ကြတာ ဖြစ်ပါတယ်။
ကျွန်တော်ကတော့ အဲဒီ အခြေအနေမျိုးတွေဆီ ရောက်လာတာဟာ အင်မတန်မှ ထူးကဲလှတဲ့ အောင်မြင်မှုတွေ ရရှိလာတာပဲလို့ ပြောချင်ပါတယ်။ ဒါ့ကြောင့် universal jurisdiction အမှု ကိစ္စတွေ တည်ဆောက်နိုင်ရေး ကြိုးစားမှု မှန်သမျှဟာ အင်မတန်မှ ထိုက်တန်ပါတယ်။