ကျားဖြန့်ခေါင်းဆောင်ဆိုသူကို ဘီဘီစီက ဖော်ထုတ်ခဲ့အပြီး ကမ္ဘောဒီးယားအစိုးရက ဖမ်းဆီးလိုက်

    • ရေးသားသူ, နာတာလီယာ ဂျောင်
    • ရာထူးတာဝန်, BBC Eye စုံစမ်းဖော်ထုတ်ရေးဌာန

အွန်လိုင်းပေါ်ကနေ ငွေလိမ်တဲ့ ဂိုဏ်းဖွဲ့ ကျူးလွန်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းဖြေရှင်းမှုအဖြစ် ၂၀၂၃ ခုနှစ်က BBC Eye သတင်းဌာနရဲ့ အွန်လိုင်း လိမ်လည်မှုလုပ်ငန်းတွေအကြောင်း မှတ်တမ်းအစီအစဉ်မှာ ဖော်ပြခံခဲ့ရသူ အထင်ကရ စီးပွားရေးသမား တစ်ဦးကို ကမ္ဘောဒီးယား အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

အသက် ၅၀ အရွယ် ကမ္ဘောဒီးယားလူမျိုး ကွမ်လီ ကို ကမ္ဘောဒီးယားနဲ့ တခြားနိုင်ငံတွေမှာ ၂၀၁၉ ခုနှစ်ကတည်းကစလို့ ကျူးလွန်ခဲ့တယ်ဆိုတဲ့ တရားမဝင် အလုပ်စေခိုင်းအသုံးချမှု၊ လိမ်လည်မှု၊ ဂိုဏ်းဖွဲ့ ရာဇဝတ်မှု၊ ငွေကြေးခဝါချမှု စတဲ့ စွဲချက်တွေနဲ့ တရားစွဲဆိုထားပါတယ်။

နောက်ထပ် စစ်ဆေးစရာတွေ ရှိနေချိန်မှာ သူ့ကို ရမန်နဲ့ ထိန်းသိမ်းထားဖို့ ဖနွမ်းပင်မြို့ တရားရုံး တစ်ရုံးက ဇန်နဝါရီလ ၁၅ ရက်နေ့က ညွှန်ကြားခဲ့ပါတယ်။

အရှေ့တောင်အာရှဒေသက ကျားဖြန့်ခြံဝန်းတွေထဲမှာ လူမှောင်ခိုကူးမှုတွေနဲ့ ငွေလိမ်တဲ့လုပ်ငန်းတွေ လုပ်နေတယ်ဆိုတဲ့ စွပ်စွဲမှုတွေကို စုံစမ်းဖော်ထုတ်ခဲ့တဲ့ BBC Eye သတင်းဌာနရဲ့ အစီအစဉ်တစ်ခုမှာ ကွမ်လီကို ဖော်ထုတ်ပြခဲ့ပါတယ်။

ဒီမှတ်တမ်းအစီအစဉ်ဟာ ကမ္ဘောဒီးယား ကမ်းရိုးတန်းဒေသ ဆီဟာနွတ်ဗီးလ်မြို့က ကွမ်လီ ပိုင် ဟွမ်လီ ခြံဝန်းထဲက ကျားဖြန့်လုပ်ငန်းတွေအကြောင်း အဓိကထား ဖော်ပြခဲ့ပြီး ၂၀၂၃ ခုနှစ် မတ်လတုန်းက ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။

လခအများကြီး ပေးမယ်ဆိုတဲ့ ကတိကြောင့် အိမ်ကနေ ထွက်လာခဲ့ပေမဲ့ ကမ္ဘောဒီးယားနိုင်ငံထဲ လိမ်ခေါ် သွားခံခဲ့ရပြီး အုတ်နံရံတွေ ကာထားတဲ့ အဲဒီခြံဝန်းထဲမှာ အတင်းအဓမ္မ အလုပ်စေခိုင်းခံခဲ့ရသူ ဒီဒီ ဆိုသူ တရုတ်အမျိုးသား တစ်ဦးရဲ့ အကြောင်းကို BBC Eye ရဲ့ မှတ်တမ်းအစီအစဉ်မှာ ဖော်ပြခဲ့ပါတယ်။

ဒီဒီက နေ့စဉ် ဒေသစံတော်ချိန် ည ၈ နာရီကနေ မနက် ၈ နာရီအထိ အလုပ်ခိုင်းခံခဲ့ရပုံ၊ ဥရောပနဲ့ အမေရိကန်က လူတွေကို ပစ်မှတ်ထား လိမ်ခဲ့ရပြီး အဲဒီခြံဝန်းထဲကနေ အပြင်ကို ထွက်ခွင့်မရခဲ့ပုံတွေကို ပြန်ပြောပြခဲ့ပါတယ်။

ဒါ့အပြင် သူ ခိုးရိုက်ထားတဲ့ ဗီဒီယိုပုံတွေကို ဘီဘီစီနဲ့ (Gaso) လို့ခေါ်တဲ့ လူမှောင်ခိုကူးခံရသူတွေကို ကူညီကယ်ထုတ်ပေးတဲ့ ပရဟိတအဖွဲ့တစ်ဖွဲ့ကို ပြခဲ့ပါတယ်။

"အသက်ရှင်နေသရွေ့ ငွေလိမ်မှုတွေ ဆက်လုပ်နေရမယ်" ဆိုပြီး သူ့ကို စေခိုင်းခဲ့ကြောင်းနဲ့ အမှားအယွင်း လုပ်ခဲ့မိသူတွေကို ရိုက်နှက်ပြီး ရုံးခန်းထဲ တရွတ်တိုက် ဆွဲခေါ်သွားတာကို သူမျက်မြင်တွေ့ခဲ့ရကြောင်း ဒီဒီက သူနေတဲ့ အခန်းဆောင်ထဲမှာ ရိုက်ခဲ့တဲ့ ဗီဒီယိုတွေထဲမှာ ပြောပြခဲ့ပါတယ်။

လွတ်ချင်ဇော အားကြီးလွန်းလို့ ဒီဒီဟာ တိုက်အမြင့် တတိယထပ်ကနေ ခုန်ချထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီနောက်မှာ ဖနွမ်းပင်မြို့က စိတ်ချရတဲ့အိမ်တစ်အိမ်မှာ ခိုလှုံနေခဲ့ပြီး နောက်ဆုံးမှာ တရုတ်နိုင်ငံဆီ ပြန်ရောက်လာခဲ့ပါတယ်။

BBC Eye ရဲ့ မှတ်တမ်းအစီအစဉ် ထုတ်လွှင့်ခဲ့အပြီး သုံးနှစ်အကြာ အခုအခါမှာတော့ ဒီဒီ ဟာ တရုတ်နိုင်ငံတောင်ပိုင်းက စက်ရုံတစ်ရုံမှာ အလုပ်လုပ်နေပါတယ်။

အဲဒီ စုံစမ်းဖော်ထုတ်မှု မှတ်တမ်းအစီအစဉ်ထဲမှာ နောက်တရုတ်လူမျိုး မီ လီဂျန် ရဲ့ ထွက်ဆိုပြောပြချက်တွေကိုလည်း ဖော်ပြခဲ့ပါတယ်။ မီ လီဂျန် က သူ့ကို ခြံဝန်းထဲ ပိတ်လှောင်ခံထားရချိန်မှာ အကြီးအကျယ် နာမကျန်း ဖြစ်လာခဲ့တယ်လို့ ပြောပြပါတယ်။ အဝေးပြေးလမ်းမတစ်ခုပေါ်မှာ စွန့်ပစ်ခံထားရတဲ့ မီ လီဂျန်ကို လူတွေတွေ့ခဲ့ပြီး ဆေးရုံပို့ခဲ့ပါတယ်။ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ အလုပ်မလုပ်တော့တာမို့ နောက်ဆုံးမှာ ကွယ်လွန်သွားခဲ့ပါတယ်။ သေဆုံးခါနီး သူ့ရဲ့ နောက်ဆုံးအချိန်တွေကို ရိုက်ကူးထားတဲ့ ပုံတွေကို ဘီဘီစီက ရခဲ့ပါတယ်။

ဒီမှတ်တမ်းအစီအစဉ်ထဲမှာ ကွမ်လီကို ဟွမ်လီခြံဝန်းရဲ့ ပိုင်ရှင်အဖြစ် ဖော်ပြထားပြီး သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း၊ ကာဆီနို၊ ဟိုတယ်နဲ့ ဆောက်လုပ်ရေး ကုမ္ပဏီလုပ်ငန်းတွေအဖြစ် အယောင်ပြထားတယ်လို့ ဆိုပါတယ်။ အရင်က သူဟာ ကမ္ဘောဒီးယား တော်ဝင်မိသားစုရဲ့ အော့ခ်နာ ဂုဏ်ထူးဆောင်ဘွဲ့ အပ်နှင်းခံခဲ့ရပြီး လူထုရှေ့မှောက် ကျင်းပတဲ့ပွဲတွေနဲ့ ပုဂ္ဂလိက သီးသန့်ပွဲတွေမှာ အဆင့်မြင့် အစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ ယှဉ်တွဲ ဓာတ်ပုံရိုက်ခဲ့ပါတယ်။

ကျားဖြန့်ငွေလိမ်လုပ်ငန်းအကြောင်း စွပ်စွဲချက်တွေကို ကွမ်လီ နဲ့ ဆီဟာနွတ်ဗီးလ် ခရိုင်ရဲတပ်ဖွဲ့ ဆီ ဘီဘီစီက ပေးပို့ခဲ့ပါတယ်။

မှတ်တမ်းအစီအစဉ်မထုတ်လွှင့်ခင် တုံ့ပြန် မှတ်ချက်ပေးဖို့ ပန်ကြားချက်ကို ကွမ်လီ ကရော ဆီဟာနွတ်ဗီးလ် ခရိုင်ရဲတပ်ဖွဲ့ကပါ မတုံ့ပြန်ခဲ့ပါဘူး။

ဒါပေမဲ့ ၂၀၂၃ ခုနှစ် ဧပြီလမှာ ကမ္ဘောဒီးယား အာဏာပိုင်တွေက ဒီမှတ်တမ်းအစီအစဉ်အပေါ် တုံ့ပြန်စာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ကွမ်လီဟာ ဟွမ်လီခြံဝန်းရဲ့ ပိုင်ရှင် ဖြစ်တယ်ဆိုတာကို အတည်ပြု ပြောခဲ့ပေမဲ့ စွပ်စွဲချက်တွေကတော့ အခြေအမြစ် မရှိဘူး ဆိုပြီး ပယ်ချခဲ့ပါတယ်။

အဲဒီစာထဲမှာ စီးပွားဖြစ် လောင်းကစားရာဇဝတ်မှု တိုက်ဖျက်ရေးဌာန ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့က ထုတ်ပြန်ချက်အရ အဓမ္မ ထိန်းသိမ်းချုပ်နှောင် ဒါမှမဟုတ် နှိပ်စက်ညှဥ်းပမ်းမှုတွေ ရှိတယ်ဆိုတဲ့ လက္ခဏာမျိုး လုံးဝ မတွေ့ခဲ့ဘူးလို့ ဖော်ပြထားပါတယ်။ လူမှောင်ခိုကူးမှု ပုံစံမျိုးစုံကို အမြစ်ဖြတ် ဟန့်တားဖို့ ကမ္ဘောဒီးယား အာဏာပိုင်တွေရဲ့ အစွမ်းကုန် ကြိုးစား အားထုတ်နေမှုတွေကို ဒီမှတ်တမ်းအစီအစဉ်က ထင်ဟပ် မဖော်ပြခဲ့ဘူးလို့ ဆိုပါတယ်။

ကွမ်လီကလည်း စွပ်စွဲချက်တွေကို ကမ္ဘောဒီးယား မီဒီယာတွေနဲ့ အင်တာဗျူးတွေမှာ ငြင်းဆိုသွားခဲ့ပါတယ်။

၂၀၂၃ ခုနှစ် ဇွန်လမှာ ကွမ်လီကို ကမ္ဘောဒီးယားနိုင်ငံရဲ့ အမြင့်ဆုံး တော်ဝင်ဂုဏ်ထူးဆောင်ဘွဲ့ တွေထဲက တစ်ခုဖြစ်တဲ့ နိခ် အော့ခ်နာ ဘွဲ့ကို အပ်နှင်းခဲ့ပါတယ်။ ဒီဘွဲ့ဟာ သူအရင်ရထားတဲ့ အော့ခ်နာဘွဲ့ထက် ပိုမြင့်ပါတယ်။

ကွမ်လီ ကို ရုံးတင်မစစ်ဆေးခင် ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းထားစဉ် ကမ္ဘောဒီးယားအာဏာပိုင်တွေက အွန်လိုင်းပေါ်ကနေ ဂိုဏ်းဖွဲ့ကျူးလွန်တဲ့ ငွေလိမ်မှုတွေနဲ့ ဆက်နွှယ်နေတဲ့ ပိုကျယ်ပြန့်တဲ့ ကွန်ရက်တွေကို စုံစမ်းဖော်ထုတ်မှုတွေ ဆက်လုပ်နေတယ်လို့ ပြောပါတယ်။

ကမ္ဘောဒီးယား တရားရုံးတွေဟာ ၂၀၂၅ခုနှစ်ကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီလလယ်အတွင်း အမှုတွဲကြီးပေါင်း ၃၇ ခုကို ကိုင်တွယ်စစ်ဆေးခဲ့ပြီး ဂိုဏ်းခေါင်းဆောင် ၁၇၂ ဦးနဲ့ အပေါင်းပါတွေကို ပြစ်မှုထင်ရှားကြောင်း တရားစီရင်ခဲ့တယ်လို့ အွန်လိုင်းရာဇဝတ်မှု တိုက်ဖျက်ရေး ကော်မရှင်ရဲ့ အတွင်းရေးမှူးရုံးက ပြောပါတယ်။

အခုနှစ်အစောပိုင်းက အထင်ကရ အမှုတွဲတစ်ခုမှာ ကျားဖြန့်ခေါင်းဆောင်ဆိုသူ ချန်းကျီကို တရုတ်နိုင်ငံဆီ ပြန်လွှဲပေးခဲ့ပါတယ်။ တရုတ် စီးပွားရေးလုပ်ငန်းရှင် ဘီလျံနာသူဌေး ချန်းကျီ ဟာ အွန်လိုင်းငွေလိမ်လုပ်ငန်းကွန်ရက်ကြီးတစ်ခုကို နောက်ကွယ်ကနေ ကြိုးကိုင် စီစဉ်လုပ်ကိုင်နေပြီး လူမှောင်ခိုကူး အတင်းအဓမ္မ ဖမ်းဆီး စေခိုင်းထားသူတွေကို အွန်လိုင်းပေါ်ကနေ ကမ္ဘာတဝန်း လိမ်လည်ခိုင်းခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

ဒီလုပ်ရပ်ဟာ ကျားဖြန့်လုပ်ငန်းတွေနဲ့ နယ်စပ်ဒေသငွေကြေးဆိုင်ရာ ရာဇဝတ်မှုတွေကို တာဝန်ယူဖြေရှင်းပေးဖို့ နိုင်ငံတကာရဲ့ တိုးမြင့်လာနေတဲ့ ဖိအားတွေကို ကမ္ဘောဒီးယား အစိုးရက တုံ့ပြန်ဆောင်ရွက်နေတဲ့ အရိပ်လက္ခဏာတစ်ခုဖြစ်တယ်လို့ အများက ရှုမြင်ခဲ့ကြပါတယ်။

အခုလ အစောပိုင်းတုန်းက ဝန်ကြီးချုပ် ဟွန်မာနေးက ကမ္ဘောဒီးယားအစိုးရဟာ နည်းပညာကျွမ်းကျင်မှု ဆိုင်ရာ ရာဇဝတ်မှုတွေကို ဦးစားပေး ကိစ္စရပ်အဖြစ် သတ်မှတ်ပြီး အွန်လိုင်းငွေလိမ်မှု ရာဇဝတ်မှုတွေနဲ့ ဆက်နွှယ်တဲ့ ပြဿနာ ကိစ္စရပ်တွေအားလုံးကို အမြစ်ဖြတ် တိုက်ဖျက်သွားဖို့ ရည်ရွယ်ထားတယ်လို့ ဖေ့စ်ဘွတ်ခ်ပေါ်ကနေ ပြောသွားခဲ့ပါတယ်။

လခ ကောင်းကောင်း ရမယ်ဆိုတဲ့ ကတိတွေနဲ့ လူသိန်းပေါင်းများစွာ အရှေ့တောင်အာရှဒေသဆီ လူမှောင်ခိုကူးခံခဲ့ရပြီး အဲဒီနောက် အလုံပိတ်ထားတဲ့ ခြံဝန်းကြီးတွေထဲမှာ အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေ လုပ်ဖို့ အဓမ္မ စေခိုင်းခံခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ အတော်များများဟာ ကမ္ဘောဒီးယားနိုင်ငံထဲဆီ အပို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အရှေ့တောင်အာရှဒေသတဝန်းမှာ နိုင်ငံအစိုးရတွေက အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေနဲ့ အဲဒီလုပ်ငန်းတွေကို ထောက်ပံ့နေတဲ့ ငွေကြေးကွန်ရက်တွေကို တစ်ပြိုင်နက်တည်း ခြေရာခံနှိမ်နင်းမှုတွေ လုပ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ အာဏာပိုင်တွေက ကျားဖြန့်စခန်းတွေနဲ့ ဆက်နွှယ်နေတဲ့ ငွေကြေးခဝါချမှုတွေကို စုံစမ်းစစ်ဆေးမှုတွေ တိုးလုပ်ခဲ့သလို ဘဏ်တွေ၊ ခရစ်ပ်တို ငွေကြေးပလက်ဖောင်းတွေနဲ့ ဗန်းပြကုမ္ပဏီတွေကတဆင့် တရားမဝင် ငွေတွေ ရွှေ့ပြောင်း ယူနေသူတွေလို့ သံသယရှိသူတွေကို ဖမ်းဆီးထိန်းသိမ်းတာတွေ၊ ပိုင်ဆိုင်မှုတွေ သိမ်းယူတာတွေ လုပ်ခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ မြန်မာ အာဏာပိုင်တွေကလည်း အထင်ကရ ကျားဖြန့်စခန်း အတော်များများကို စီးနင်းတိုက်ခိုက်တာတွေ လုပ်ခဲ့ပါတယ်။ လူထောင်ပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်းခဲ့သလို အွန်လိုင်းငွေလိမ်မှုလုပ်ငန်းတွေ လုပ်နေတယ်ဆိုတဲ့ အဆောက်အအုံတွေကို ဖြိုချ ဖျက်ဆီးပစ်ခဲ့ပါတယ်။

အဲဒီနေရာတွေထဲက အတော်များများဟာ ဒေသတွင်း နိုင်ငံပေါင်းစုံမှာ လှုပ်ရှားနေတဲ့ နိုင်ငံတကာ ရာဇဝတ်မှု ကွန်ရက်တွေနဲ့ ဆက်နွှယ်နေပါတယ်။