ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တစ်နှစ်တည်း ဧက ၇ သိန်းကျော်ပြုန်းတီးသွားတဲ့ မြန်မာ့သစ်တော
နိုင်ငံတကာ သစ်တောပြုန်းတီးမှုတွေကို စောင့်ကြည့်နေတဲ့ Global Forest Watch ရဲ့ ထုတ်ပြန်ချက်မှာ မြန်မာ့သစ်တောပြုန်းတီးမှုက ၂၀၂၄ ခုနှစ် တစ်နှစ်တည်းမှာတင် ဧကပေါင်း ၇ သိန်း ၁ သောင်းကျော်ရှိနေပါတယ်။
မြင်သာအောင် ရှင်းပြရရင် ရန်ကုန်မြို့ရဲ့ ငါးဆနီးပါးပမာဏ သစ်တောပြုန်းတီးနေတာ ဖြစ်ပါတယ်။
မြန်မာ့သစ်တောပြုန်းတီးမှုပြဿနာက ဆယ်စုနှစ်နဲ့ချီနေပြီဖြစ်ပြီး ၂၀၀၂ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း ဧကပေါင်း ၁ သန်း ၉ သိန်း ၆ သောင်းကျော် ပြုန်းတီးခဲ့ပြီလို့ Global Forest Watch က ထုတ်ပြန်ပါတယ်။
မြန်မာ့သစ်တောအခြေအနေဟာ အရေးတကြီးကုစားရမှာဖြစ်ပြီး သစ်တောပြုန်းတီးမှုရဲ့ နောက်ဆက်တွဲပြဿနာတွေကို လက်တွေ့ခံစားနေကြရပြီလို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေက သတိပေးလိုက်ပါတယ်။
ဘယ်နေရာတွေမှာ ပြုန်းတီးတာလဲ
ရှမ်း၊ တနင်္သာရီ၊ ကချင်၊ စစ်ကိုင်းနဲ့ ကရင်ပြည်နယ်တွေဟာ သစ်တောပြုန်းတီးမှု အများဆုံးနေရာတွေ ဖြစ်နေတယ်လို့ Global Forest Watch က ပြောထားပါတယ်။
၂၀၂၄ ခုနှစ်အတွင်း သစ်တောပြုန်းတီးမှုအများဆုံးက ရှမ်းပြည်နယ်ကဖြစ်ပြီး ဧက နှစ်သိန်းကျော်အထိ ပြုန်းတီးနေတာပါ။ အဲဒီနောက် ချင်းမှာ ဧက တစ်သိန်းကျော်အထိ ပြုန်းတီးနေပါတယ်။
ကချင်၊စစ်ကိုင်း၊ တနင်္သာရီနဲ့ ကရင်ပြည်နယ်တွေမှာ ဧက ငါးသောင်းကျော်ကနေ ခြောက်သောင်းခွဲကျော်ကြား ပြုန်းတီးနေပါတယ်။
သစ်တောပြုန်းတီးရတဲ့ အကြောင်းအရင်းတွေထဲမှာ စိုက်ပျိုးမြေအဖြစ်ပြောင်းလဲလိုက်တာနဲ့ တောင်ယာစိုက်ပျိုးတာတွေကြောင့် အများဆုံးဖြစ်တာကို Global Forest Watch ထုတ်ပြန်ချက်ကဖော်ပြပါတယ်။
သတ္ထုတူးဖော်တာတွေ၊ ဖွံ့ဖြိုးရေး စီမံကိန်းတွေ၊ သစ်ထုတ်လုပ်တာတွေ၊ ၊ တောမီးလောင်တာတွေ၊ သဘာဝဘေးတွေကြောင့်လည်း သစ်တောပြုန်းတီးနေတာ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် မေ ၂၆ ရက်ကနေ ဇွန် ၂ ရက် တစ်ပတ်ကျော်ကာလထဲမှာပဲ သစ်တော ၁၇ ဧကကျော်ဟာ ဒီအကြောင်းအရာတွေကြောင့်ပဲ ပြုန်းတီးနေတယ်လို့ GFW က ဖော်ပြထားပါတယ်။
ဒါပေမဲ့ စီးပွားဖြစ်သစ်ထုတ်တာက သစ်တောပြုန်းတီးမှုရဲ့ အဓိက အကြောင်းအရင်းဖြစ်နေတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက ပြောပါတယ်။
"တောင်ယာရှင်းလင်းတာ၊ မြို့ပြဧရိယာချဲ့လာတာ၊ မီးရှို့တာတွေ အကုန်လုံးထဲမှာ လူလုပ်လို့ ပြုန်းတီးတာက ပိုများပါတယ်။ ပဋိပက္ခဖြစ်နေတဲ့ နေရာတွေလည်း ပါတာပေါ့ဗျာ" လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူ၊ မိုးဇလကျွမ်းကျင်တဲ့ ဦးဝင်းနိုင်က ပြောပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂရဲ့ စားရေရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) အဖွဲ့ ကို ငါးနှစ်တစ်ကြိမ် တင်ပြချက်အရ မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှုဟာ ၂၀၁၀ ပြည့်နှစ်မှာ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်မှာ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ်မှာ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်း ရှိနေခဲ့ပြီး ၂၀၂၅ ခုနှစ်အတွက် မြန်မာနိုင်ငံ သစ်တောဖုံးလွှမ်းမှုအခြေအနေတွေကိုတော့ ထုတ်ပြန်တာ မရှိသေးပါဘူး။
၂၀၂၅ ခုနှစ် သစ်တောဖုံးလွှမ်းမှု အချက်အလက်နဲ့ ပတ်သက်လို့ ဘီဘီစီအနေနဲ့ သစ်တောဦးစီးဌာနက ဖုန်းနဲ့ဆက်သွယ်မေးမြန်းဖို့ ကြိုးစားသလို ကမ္ဘာ့ကုလသမဂ္ဂရဲ့ စားရေရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ကိုလည်း အီးမေးနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။
သစ်တောဖုံးလွှမ်းမှုကို ဂြိုလ်တုဓာတ်ပုံတွေသုံးပြီး အကဲဖြတ်လေ့လာတဲ့ သစ်တောဦးစီးဌာန၊ စီမံကိန်းနဲ့ စာရင်းအင်းဌာန (GIS) ရဲ့ အရာရှိဟောင်းတစ်ယောက်က ၁၉၇၄ ခုနှစ်မှာ မြန်မာနိုင်ငံ ၇၁ ရာခိုင်နှုန်းက သစ်တောဖုံးလွှမ်းနေပြီး လက်ရှိ ၂၀၂၅ ခုနှစ်မှာတော့ နိုင်ငံရဲ့ ၃၅ ဒသမ ၇၃ ရာခိုင်နှုန်းသာ သစ်တောတွေ ကျန်တော့တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
အဲဒီထဲကမှ တောတောင်ကောင်းလို့ သတ်မှတ်ထားတဲ့ နေရာတွေကတော့ တိုင်းပြည်ရဲ့ ၉ ဒသမ ၁၆ ရာခိုင်နှုန်းသာ ရှိတော့ပြီး ဟက်တာ ၆ သန်း ( ၁၄ ဒသမ ၈၂ သန်း ဧက) ပဲ ရှိတော့တယ်လို့ သိရပါတယ်။
သစ်တောပြုန်းတီးမှုဟာ စစ်အာဏာမသိမ်းခင် ကာလကတည်းက ရှိနေတာ ဖြစ်ပြီး စစ်အာဏာ သိမ်းပြီးချိန်မှာတော့ လျော့ရဲသွားတဲ့ ဥပဒေစိုးမိုးမှုအောက်မှာ ပိုပြီးထုတ်ယူလာကြတယ်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တချို့က ထောက်ပြပါတယ်။
စစ်ကောင်စီလက်ထက်မှာ အကောင်အထည်ဖော်တဲ့ စီမံကိန်းတွေကလည်း သဘာဝပတ်ဝန်းကျင် ရှုထောင့်ကနေ ထိန်းသိမ်းဖို့အချက်တွေပါတာ မတွေ့ရဘူးလို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကျွမ်းကျင်သူ ဦးဆက်အောင်က ပြောပါတယ်။
နှစ်ဖက်ကြား အခုတ်ခံနေရတဲ့ သစ်တောတွေ
Global Forest Watch ရဲ့ အစီရင်ခံစာအရ ရှမ်းပြည်နယ်ထဲမှာဆိုရင် လားရှိုး၊ ကျောက်မဲ၊ လွိုင်လင်၊ မိုင်းဆတ်၊ တောင်ကြီးမြို့တွေက သစ်တောပြုန်းတီးမှု အများဆုံးရှိတဲ့မြို့နယ်တွေ ဖြစ်ပါတယ်။
တနင်္သာရီတိုင်းထဲမှာ မြိတ်၊ ကော့သောင်း၊ ထားဝယ်မြို့နယ်တွေ ဖြစ်ပြီး ကချင်ပြည်နယ်မှာဆို မြစ်ကြီးနား၊ ဗန်းမော်၊ ပူတာအို မြို့နယ်တွေ ဖြစ်ကြပါတယ်။
စစ်ကိုင်းတိုင်းထဲမှာဆိုရင် ခန္တီး၊ ကသာ၊ ရွှေဘို၊ မော်လိုက်၊ ကလေး မြို့နယ်တွေ ပါဝင်ပါတယ်။
ကရင်ပြည်နယ်မှာဆိုရင် ကော့ကရိတ်၊ ဘားအံ၊ မြဝတီ စတဲ့ မြို့နယ်တွေမှာ သစ်တောပြုန်းတီးတာတွေ ရှိနေတယ်လို့ GFW က ပြောထားပါတယ်။
ဘီဘီစီရဲ့ လေ့လာမှုအရ အဲဒီနေရာတွေဟာ စစ်ကောင်စီထိန်းချုပ်နယ်မြေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်နယ်မြေ၊ တော်လှန်ရေးအင်အားစု စိုးမိုးနယ်မြေတွေဖြစ်သလို လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ထက်မက ရှိနေတဲ့ မြို့နယ်တွေလည်း ပါဝင်ပါတယ်။
ဘီဘီစီရဲ့ နယ်မြေ သတင်းရင်းမြစ်တွေကို စုံစမ်းမေးမြန်းချက်တွေအရ သစ်ထုတ်တာ၊ သတ္ထုတူးဖော်တာတွေအပါအဝင် သစ်တောပြုန်းတီးစေတဲ့ အချက်တွေမှာ စစ်ကောင်စီနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း ပါဝင်ပတ်သက်နေတာ တွေ့ရပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ပဲခူးတိုင်း ရွှေကျင်မြို့နယ်မှာ စစ်တပ်က သစ်ထုတ်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ခဲ့ပါတယ်။
"KNU က သစ်တောကြိုးဝိုင်းလို့ သတ်မှတ်ထားတဲ့ နေရာထဲကို စစ်တပ်က ဝင်ခုတ်တာမျိုးပါ"လို့ ကရင် လူ့အခွင့်အရေးအဖွဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
ဒါပေမဲ့ တနင်္သာရီတိုင်းဘက်က KNU ထိန်းချုပ်နယ်မြေထဲက သတ္တုတူးဖော်ရေးလုပ်ငန်းတချို့မှာ KNU က ပါဝင်ပတ်သက်နေတယ်လို့လည်း ကော့သောင်းမြို့ခံတစ်ယောက်က ပြောပါတယ်။
ဒါ့အပြင် စားဝတ်နေရေး ကျပ်တည်းလာတဲ့ ပြည်သူတွေကလည်း တရားမဝင်သစ်လုပ်ငန်းတွေကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်လာကြတာတွေလည်း ရှိပါတယ်။
တစ်ရက်တစ်ရက် ပဲခူးရိုးမထဲက သစ်တွေတင်လာတဲ့ကားတွေ တောင်ငူမြို့ပေါ်ကနေ ဖြတ်သွားတိုင်း စိတ်မသက်မသာနဲ့ပဲ ကြည့်နေရတဲ့အချိန်က စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ပိုများလာတယ်လို့ တောင်ငူမြို့ခံ သူ့ တွေ့ရှိချက်ကိုပြောပြပါတယ်။
"လမ်းမတွေကို ဖြတ်သွားဖို့က စစ်တပ်ရှိတဲ့ ဂိတ်တွေကို ဖြတ်ရတယ်၊ တောထဲကနေ သစ်တွေနဲ့ ထွက်လာဖို့က တော်လှန်ရေးလက်နက်ကိုင်ဂိတ်တွေ ဖြတ်ရတယ်။ ဒါတောင် ဒီသစ်တင်တဲ့ကားတွေ နေ့တိုင်းထွက်နိုင်နေတယ်ဆိုတာ စဉ်းစားကြည့်ပေါ့" လို့ ပဲခူးရိုးမတွင်းက သစ်လုပ်ငန်းတွေနဲ့ နီးစပ်တဲ့တောင်ငူမြို့ခံက ပြောပါတယ်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဦးဝင်းမျိုးသူကတော့ သစ်တောပြုန်းတီးမှုအများဆုံး အကြောင်းအရာတွေထဲမှာ ထိပ်ဆုံးက ရှိနေတာက သစ်တောထွက်ပစ္စည်းထုတ်ယူမှုနဲ့ စိုက်ပျိုးမြေအဖြစ်ပြောင်းလဲမှုလို့ ပြောပါတယ်။
အရင်ကာလတွေက သတ္တုတူးဖော်ခြင်းကြောင့် သစ်တောပြုန်းတီးမှုက ၁ ရာခိုင်နှုန်းခန့် ပဲရှိခဲ့တယ်လို့ ပြောနိုင်ပေမဲ့ အခုနောက်ပိုင်းမှာ သတ္တုတူးဖော်မှုတွေများလာတဲ့အတွက် သီးခြားလေ့လာမှုတွေထပ်လုပ်ရမယ်လို့ ပြောပါတယ်။
သစ်တောထွက်ပစ္စည်းထုတ်ယူ/ထုတ်လုပ်ခြင်းကသာ သစ်တောပြုန်းတီးမှုဖြစ်စေတဲ့ အကြောင်းအရင်းအချက်ဖြစ်တယ်လို့ သူက ဆိုပါတယ်။
'' အခုလည်း ထင်းမီးသွေး ခုတ်ယူမှုက များလာနေပါတယ်'' လို့ ဦးဝင်းမျိုးသူက သူ့ သိရှိထားချက်ကို ဖြည့်စွက်ပြောပါတယ်။
သစ်တောပြုန်းတီးမှုနဲ့ စစ်ကောင်စီ
စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်တပ်အာဏာပိုင်တွေက သူတို့စိုးမိုးထားနိုင်တဲ့ နေရာတွေမှာ သူတို့ကိုယ်တိုင် တိုက်ရိုက်သစ်ထုတ်တာ မလုပ်ဘဲ စီးပွားရေးသမားတစ်ချို့နဲ့ ပေါင်းပြီး ထုတ်ယူကြတယ်လို့ သစ်ထုတ်လုပ်ငန်းတွေရဲ့ လည်ပတ်မှုပုံစံကို သိထားသူတချို့က ပြောပါတယ်။
CDM ဗိုလ်ကြီးဇင်ယော်က တော့ သူ့တာဝန်ထမ်းဆောင်ခဲ့ချိန် သိခဲ့တဲ့အချက်အလက်အရ တပ်ပိုင်းဆိုင်ရာတာဝန်ရှိသူတွေကလည်း သစ်ထုတ်တာရှိတယ်လို့ ဆိုပါတယ်။
"စစ်တပ်က သူတို့တပ်ရင်းက တာဝန်ခံတစ်ယောက်ကို တောထဲမှာ သစ်လုပ်ဖို့ကို သီးသန့်ထားပြီး စစ်တပ်နဲ့ ရဲနဲ့ပေါင်း လုပ်တာတွေ့ခဲ့ဖူးတယ်။ တပ်ရင်းရှိတဲ့နေရာတိုင်းမှာပဲ။ များသောအားဖြင့် သစ်တောနဲ့နီးတဲ့နေရာမှာ တပ်ရင်းတွေတည်ထားတာဆိုတော့ သစ်ထုတ်တာကို တွင်တွင်ကျယ်ကျယ်လုပ်ကြတယ်" လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
တနင်္သာရီတိုင်းထဲမှာဆိုရင် ဆီအုန်းစိုက်ခင်းတွေ၊ သတ္ထုတူးဖော်ရေး လုပ်ငန်းတွေကို အယောင်ပြပြီး စစ်ကောင်စီနဲ့ နီးစပ်တဲ့ ကုမ္ပဏီတွေက သစ်ထုတ်တာတွေလည်း ရှိနေတယ်လို့ ကော့သောင်းမြို့ခံ က သူ့သိထားချက်ကို ပြောပါတယ်။
"သူတို့က ဗျူဟာမှူး၊ တိုင်းမှူးတို့နဲ့ တိုက်ရိုက်ချိတ်ဆက်ပြီးတော့ကိုလုပ်ကြတာ၊ တခါတလေ သူတို့အထက်ကလူနဲ့ ချိတ်ဆက်ထားတာ မသိဘဲ အောက်ခြေက ဖမ်းကြတာရှိသေးတယ်"လို့ ကော့သောင်းမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်တပ်ရဲ့ ဝင်ငွေလမ်းတွေကို ဖြတ်တောက်ဖို့ဆိုပြီး မြန်မာ့သစ်လုပ်ငန်း (Myanmar Timber Enterprise) နဲ့ မြန်မာ့ပုလဲထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်း (Myanmar Pearl Enterprise) ကို ၂၀၂၁ ခုနှစ်မှာ အမေရိကန်နိုင်ငံက ပိတ်ဆို့ အရေးယူတာ ရှိပါတယ်။
ဒါတင်မက ဥရောပသမဂ္ဂ၊ ဗြိတိန်၊ ကနေဒါ အပါအဝင် အနောက်နိုင်ငံတွေကလည်း စစ်ကောင်စီရဲ့ ဆက်စပ် စီးပွားရေးလုပ်ငန်းတွေကိုလည်း ပိတ်ဆို့အရေးယူခဲ့ပါတယ်။
ဒါပေမဲ့ စီးပွားရေး ပိတ်ဆို့ထားတဲ့ နိုင်ငံတွေကို စစ်ကောင်စီက သစ်တင်ပို့ခွင့် ဆက်ရနေတယ်လို့လည်းအမေရိကန်နိုင်ငံ အခြေစိုက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တစ်ခုဖြစ်တဲ့ Forest Trends ကနေ အသိပေး ထုတ်ပြန်ထားပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ နိုဝင်ဘာအတွင်း သစ်တင်ပို့တာကနေ ဒေါ်လာ သန်း ၁၉၀ မြန်မာ့သစ်လုပ်ငန်းက ရရှိခဲ့တာကို Forest Trends ရဲ့ စာရင်းကဖော်ပြထားပါတယ်။
ဥရောပသမဂ္ဂနိုင်ငံတွေကို သစ်တင်ပို့တာကနေ ဒေါ်လာ ၂၂ သန်းရခဲ့သလို အိမ်နီးချင်း တရုတ်၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေ အပါအဝင် စီးပွားရေးပိတ်ဆို့ထားတဲ့အထဲ မပါတဲ့ နိုင်ငံတွေကနေ ၁၅၄ သန်း ရရှိတယ်လို့ ၂၀၂၂ ခုနှစ် တုန်းက ထုတ်ပြန်ခဲ့ပါတယ်။
Forest Trends ရဲ့ စာရင်းအရ ၂၀၂၅ ခုနှစ်အထိလည်း တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကို သစ်ကုန်သွယ်မှု ဆက်ရှိနေတာတွေ့ရပါတယ်။
မြန်မာ့သစ်တောထွက်ကုန်တွေကနေ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်မှာ ၁၃၉ သန်းကျော်၊ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်ရဲ့ ဧပြီ ၁ ရက်ကနေ မတ် ၂၂ ရက်အထိ ဒေါ်လာ ၆၅ ဒသမ ၇ သန်း ရှိတယ်လို့လည်း စီးပွားကူးသန်း ဝန်ကြီးဌာန စာရင်းတွေမှာ တွေ့ရပါတယ်။
သစ်ထုတ်တာသာမက သတ္တုတူးဖော်တာ၊ စီမံကိန်းတွေ လုပ်ဆောင်တာတွေကလည်း စစ်ကောင်စီနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းရှင်တွေသာ လုပ်ခွင့်ရကြတာဖြစ်ပြီး ဝင်ငွေတွေကလည်း စစ်ကောင်စီဆီကို နည်းလမ်းအမျိုးမျိုးနဲ့ ဝင်ရောက်နေတာဖြစ်တယ်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။
တော်လှန်ရေးအဖွဲ့တွေလည်း မှီခိုမှုမကင်းတဲ့ သစ်တော
စစ်ကိုင်းတိုင်းထဲက ကနီ၊ ယင်းမာပင်၊ မင်းကင်း၊ ပုလဲမြို့နယ် လေးခုနဲ့ ဆက်စပ်နေတဲ့ အာဆီယံ အမွေအနှစ် စာရင်းဝင် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ် မှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတချို့ သစ်ထုတ်နေတဲ့ ရုပ်သံဖိုင်တစ်ခု ဘီဘီစီက ရရှိထားပါတယ်။
လုံးပတ် ၈ ပေခွဲ အရွယ်ရှိတဲ့ ကျွန်းသစ်တွေအပါအဝင် ရာနဲ့ချီတဲ့ ကျွန်းတုံးတွေ အစုလိုက် အပြုံလိုက် ရှိနေသလို သစ်ပုံတွေနားမှာလည်း ကရိန်းကားတွေ ရှိနေတာ တွေ့ရပါတယ်။
သစ်ကုန်သည်တွေဆီက နွားတစ်ရှဉ်းစာ သစ်ကို လေးသိန်းကောက်ယူကြသလို တပ်ရင်းတပ်ဖွဲ့ တချို့ကလည်း သစ်ထုတ်လုပ်နေတာတွေ ရှိနေတယ်လို့ အဲဒီနေရာကို စစ်ဆေးဝင်ရောက်ခဲ့တဲ့ ဖိုက်တာမျက်လုံးစစ်ကြောင်းနဲ့ နီးစပ်သူက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) အဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ စစ်ဆိုင်နေတဲ့ ဗန်းမောက်မြို့မှာလည်း သစ်ထုတ်တာတွေလည်း ရှိနေပါတယ်။
သစ်ထုတ်ယူတာတွေကို ၂၀၂၃ ခုနှစ် မတ် လကုန်အထိသာ ခွင့်ပြုမယ်လို့ ကာကွယ်ရေးတပ်တွေက ထုတ်ပြန်ခဲ့ပေမဲ့ အခု ၂၀၂၅ ခုနှစ်အထိ သစ်ထုတ်ယူတာတွေကို ခွင့်ပြုတာတွေ ရှိနေတုန်းပါပဲ။
"အဖွဲ့အစည်းတွေရဲ့ နယ်မြေထဲကို ဝင်လာတယ်။ သစ်ကုန်သည် စီးပွားရေး လုပ်ငန်းရှင်တွေက နှစ်ဖက် ပေါင်းပြီး လုပ်တဲ့သဘောပေါ့။ ဟိုလူနဲ့သိတာလိုလို ဒီလူနဲ့ သိတာလိုလို NUG ကိုပဲ အခွန်ဆောင်ထားသလိုလိုနဲ့ လုပ်စားကြတာ၊ ပြီးရင် SNA ကို သွားရောင်းတယ်"လို့ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ နီးစပ်သူက ပြောပါတယ်။
အမျိုးသား ညီညွတ်ရေးအစိုးရ လက်အောက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက အခွန်ကောက်ယူပြီး သစ်ထုတ်ခွင့်ပြုတာတွေ၊ သစ်ထုတ်လုပ်နေတာတွေနဲ့ ပတ်သက်ပြီး NUG သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနကို မေးမြန်းဖို့ ကြိုးစားပေမဲ့ မရသေးပါဘူး။
တော်လှန်ရေးကာလမှာ သယံဇာတကို စနစ်ကျအောင် စီမံခန့်ခွဲဖို့ အခက်အခဲတွေ ရှိတဲ့အတွက် သယံဇာတ စီမံအုပ်ချုပ်မှု အဖွဲ့ကို ဖွဲ့စည်းထားသလို သယံဇာတဟာ ပြည်သူအားလုံး အကျိုးခံစားခွင့်ရှိတာ ဖြစ်တဲ့အတွက် တစုတဖွဲ့တည်း စီမံခန့်ခွဲတာမျိုး မဖြစ်ဖို့ အထူးလိုအပ်တယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနက ထုတ်ပြန်ထားပါတယ်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကျွမ်းကျင်သူ ဦးဆက်အောင်က "စစ်ကို နိုင်အောင်တိုက်ဖို့က ငွေလိုတယ်လေ၊ ဒီတော့ ဒီကာလမှာတော့ ဒါမျိုးတွေက ရှိနိုင်တာပေါ့"လို့ မှတ်ချက်ပေးပါတယ်။
သစ်တောထိန်းသိမ်းရေးသမားတွေ တိတ်ဆိတ်နေကြရ
သစ်တောတွေကို ထိန်းသိမ်းဖို့ဟာ ပြည်သူတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူတွေရဲ့ ရှိတဲ့အင်အားထက် ကျော်လွန်နေတဲ့ အခြေအနေဖြစ်နေတာပါ။
သစ်တောတွေကို မထိပါးဖို့ပြောဆိုရသူအများစုက လက်နက်မဲ့ ပြည်သူတွေ၊ ပညာရှင်တွေ ဖြစ်တဲ့အလျောက် လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းတွေကြားမှာခပ်တိတ်တိတ်နဲ့သာ ကြည့်နေကြရပါတယ်။
သဘာဝသစ်တောတွေကို ထိခိုက်နေတာတွေကို မတားနိုင်သလို ကိုယ်တိုင်စိုက်ပျိုးထားတဲ့ တပိုင်တနိုင် ပုဂ္ဂလိက သစ်တောကိုတောင် မကာကွယ်နိုင်ဘူးလို့ ပုသိမ်ကြီးမြို့နယ်မှာ ပုဂ္ဂလိက သစ်တော စိုက်ပျိုးထားသူတစ်ယောက်က ပြောပါတယ်။
"သစ်တွေကို ထော်လာဂျီတွေနဲ့ သယ်နေတာသိတော့ သူတို့ရှိတုန်း သွားတားတာ။ သူတို့က ကုန်းအမြင့်ပိုင်းမှာ၊ တက်မလာနဲ့ တက်လာတာနဲ့ ခုတ်မှာဆိုပြီး အော်ပြောတယ်။ သူတို့မှာ သေနတ်ကလွဲပြီး လက်နက်အကုန်ရှိတယ်။ ကိုယ်က ဘာလက်နက်မှ မရှိတော့ ကျွန်းပင်လေးတွေတော့ မခုတ်ပါနဲ့ဆိုပြီး ပိုင်ရှင်က ပြန်တောင်းပန်လိုက်ရတယ်"လို့ သူက ပြောပါတယ်။
သစ်တောပြုန်းတီးတာကို ပြန်ဖာထေးနိုင်ဖို့ တတ်နိုင်သမျှ သစ်ပင်ပြန်စိုက်ပေမဲ့လည်း ပမာဏက မမျှမတ ဖြစ်နေပါတယ်။
သစ်တောသစ်ပင်တွေ ပြုန်းတီးတာကြောင့် နောက်ဆက်တွဲ သဘာဝဘေးတွေကိုလည်း လက်တွေ့ကြုံတွေ့နေကြရပါတယ်။
မြန်မာမှာ ကဏ္ဍအသီးသီးကနေ သစ်တောတွေကို ထိပါးတာတွေကို အမြန်ဆုံး လျှော့ချပြီး ပြန်ရှင်သန်ခွင့်ပေးဖို့ အရေးတကြီးလိုနေပြီလို့ ပညာရှင်တွေက ပြောပါတယ်။
ကောင်းမွန်တဲ့ နိုင်ငံရေး အပြောင်းအလဲမှာ တညီတညွတ်တည်း သစ်တောတွေ ပြန်ထိန်းသိမ်းရင်တောင် စီမံကိန်းတွေ ချမှတ်ပြီး ဆယ်စုနှစ် နှစ်ခုလောက် အချိန်ယူရမယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။