ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ငလျင်ဒဏ်သင့်ဒေသတွေ မုတ်သုံမှာ ကြုံတွေ့နိုင်တဲ့ စိန်ခေါ်ချက်တွေ
မိုးကြိုကာလအလွန် မေလ ဒုတိယအပတ်မှာ ရောက်ရှိလာတော့မယ့် မုတ်သုံရာသီမှာ ပြီးခဲ့တဲ့ နှစ်တွေကထက် တစ်နိုင်ငံလုံး မိုးပိုများနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။
ငလျင်ဒဏ်အဆိုးဆုံးခံခဲ့ရတဲ့ မန္တလေး၊ စစ်ကိုင်းနဲ့ နေပြည်တော် တို့မှာ မိုးရာသီမတိုင်ခင် ကယ်ဆယ်ရှင်းလင်းရေးတွေ အရှိန်မြှင့်လုပ်ဖို့နဲ့ နေအိမ်ဆုံးရှုံးခဲ့သူတွေအတွက် ယာယီနေရာထိုင်ခင်းတွေ စီစဉ်ပေးဖို့ ငလျင်သင့် ဒေသက လူထုအများစုက တောင်းဆိုနေကြပါတယ်။
ငလျင်ဒဏ်ကြောင့် ယိုင်နဲ့ ပြိုလုဆဲဆဲဖြစ်နေတဲ့ အဆောက်အဦတွေတွေထဲ မိုးရွာလို့ ပြန်ခိုလှုံမယ့်သူတွေရှိလာရင် နောက်ဆက်တွဲငလျင်ငယ်တွေကြောင့် ပြိုကျပျက်စီးတာတွေ ထပ်ပြီး ကြုံရနိုင်တယ်လို့ ပညာရှင်တွေက သတိပေးနေပါတယ်။
ရက်ပိုင်းအတွင်းရောက်လာတော့မယ့် မိုးရာသီအတွက် ငလျင်ဒဏ်ခံစားခဲ့ရတဲ့ ဒေသတွေမှာ ဘာတွေပြင်ဆင်ဖို့ လိုမလဲ။
အဆောက်အဦတွေထဲ နေလို့ရ၊ မရ စိစစ်ဖို့လို
ငလျင်ဒဏ်ခံစားခဲ့ရတဲ့ ဒေသက အဆောက်အဦတွေရဲ့ ကြံ့ခိုင်မှုကို အာဏာပိုင်တွေအနေနဲ့ မိုးရာသီ မတိုင်ခင် စနစ်တကျ စစ်ဆေးပြီး အာမခံပေးဖို့ လိုတယ်လို့ မြန်မာနိုင်ငံ မြေငလျင်ကော်မတီရဲ့ ဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်က တိုက်တွန်းပါတယ်။
မိုးရာသီမရောက်ခင် အချိန်ကာလတစ်ခု သတ်မှတ်ပြီး အဆောက်အဦတိုင်းရဲ့ ကြံ့ခိုင်မှု အရည်အသွေးတွေကို ပညာရှင်တွေနဲ့ ဖြန့်ကြက်စိစစ်ပေးဖို့ လိုပြီလို့ သူက ပြောပါတယ်။
"ဒီလိုစစ်ဆေးလိုက်ရင် အိမ်မှာ လုံးဝပြန်နေလို့မရတဲ့သူနဲ့ ရတဲ့သူဆိုပြီးစာရင်းထွက်လာမယ်"လို့ ဦးစောထွေးဇော်က ပြောပါတယ်။
စာရင်းအလိုက် အရေးတကြီး စီစဉ်ပေးဖို့လိုအပ်တဲ့သူတွေကို အာဏာပိုင်တွေအနေနဲ့ မြန်မြန်ဆောင်ရွက်ပေးဖို့လိုတယ်လို့လည်း ထောက်ပြချက်တွေရှိပါတယ်။
"နေလို့ရတဲ့ အဆောက်အဦတွေဆိုရင် အန္တရာယ်ကင်းကြောင်း အာမခံပြီး အထဲမှာပြန်နေဖို့တိုက်တွန်းဖို့၊ အသိပညာပေးဖို့လိုတယ်" လို့ ဦးစောထွေးဇော်က ဆက်ပြောပါတယ်။
တဖက်မှာလည်း ငလျင်ဒဏ်သင့် ဒေသက ကယ်ဆယ်ရှင်းလင်းရေးတွေကိုလည်း ခပ်မြန်မြန်အပြီးသတ်ဖို့လိုပြီလို့ ဆော်သြနေကြပါတယ်။
နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေ မြန်မာထဲက ပြန်ထွက်သွားတာကြောင့် မြေပြင်က အပျက်အစီးပုံရှင်းလင်းရေးတွေလုပ်ဖို့ မနိုင်မနင်းဖြစ်နေတယ်လို့ မန္တလေးမြို့မှာ ကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။
ဧပြီလ ၁၀ ရက်အထိ မန္တလေးက Sky Villa နဲ့ ဂရိတ်ဝေါလ်ဟိုတယ်တို့မှာ ပိတ်မိနေတဲ့အလောင်းတွေကို ထုတ်လို့မပြီးသေးဘူးလို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
"ဂရိတ်ဝေါမှာ မြန်မာကယ်ဆယ်ရေးတွေပဲ ကျန်တယ်။ ရုရှားအဖွဲ့တွေကတော့ ဧပြီ ၉ ရက်က ပြန်သွားပြီ၊ အခုထိတော့ အလောင်းမရသေးဘူး" လို့ ဂရိတ်ဝေါလ်ထဲ ပြိုကျပိတ်မိနေသူရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
မိုးတွင်းမရောက်ခင် မိသားစုဆုံးရှုံးခဲ့ရတဲ့သူတွေအတွက် အပျက်အစီးပုံအောက်မှာ ပိမိနေတဲ့ အလောင်းတွေကုန်စင်အောင်ထုတ်ပေးဖို့ မိသားစုဝင်တွေက ဆန္ဒရှိနေကြပါတယ်။
မတ် ၂၈ ရက်က ပြင်းထန်တဲ့ ငလျင်နဲ့ နောက်ဆက်တွဲ ငလျင်တွေကြောင့် မန္တလေးမြို့ကြီးအပါအဝင် ငလျင်ဒဏ်ကြုံခဲ့ရတဲ့ဒေသက လူထုတွေဟာ အိမ်ထဲမှာမနေကြရတော့ဘဲ လမ်းမနဲ့ ကွင်းပြင်တွေထဲမှာ ယာယီတဲတွေထိုးပြီး နေနေရပါတယ်။
ထိခိုက်ဆုံးရှုံးမှုကြီးကြီးမားမား ကြုံခဲ့ရသူတွေအတွက် အိမ်ထဲမှာ မနေရဲတော့တာကြောင့် အကူအညီလိုအပ်နေသူအရေအတွက် များပြီး မနိုင်မနင်းဖြစ်လာရင် အာဏာပိုင်တွေရဲ့ အကူအညီပေးနိုင်မှုက နှောင့်နှေးတာဖြစ်လာနိုင်ပါတယ်။
မြန်မာမှာ ပြင်းထန်ငလျင်ဒဏ်ကြောင့် မြို့နယ်ပေါင်း ၃၃၀ ထဲက မြို့နယ်ပေါင်း ၆၀ နီးပါးမှာနေထိုင်တဲ့ လူဦးရေ ၁၇ သန်းခန့် ထိခိုက်ဆုံးရှုံးမှုရှိမယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNOCHA) က ခန့်မှန်းထုတ်ပြန်ထားပါတယ်။
တစ်ဖက်မှာလည်း စစ်ကိုင်းပြတ်ရွေ့ကြောရှိတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ နောက်ဆက်တွဲငလျင်ငယ်တွေ ဆက်တိုက်လှုပ်နေတာကြောင့် အိမ်ထဲ ပြန်ဝင်ပြီးနေတာက လုံခြုံမှုမရှိဘူးလို့ ခံစားရတဲ့အကြောင်း မန္တလေးမြို့ခံတချို့က ပြောပါတယ်။
မိုးလေဝသနဲ့ ဇလဒေညွှန်ကြားမှုဦးစီးဌာနရဲ့ စာရင်းအရဆိုရအရဆိုရင် ငလျင်ကြီးပြီးတဲ့နောက် ၁၀ ရက်အတွင်း နောက်ဆက်တွဲ ငလျင်ငယ် အကြိမ်ရေ ၉၀ နီးပါး လှုပ်ခတ်ထားပါတယ်။
ဒီငလျင်ငယ်တွေဟာ စစ်ကိုင်းပြတ်ရွေ့ရှိတဲ့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်တို့မှာ အများဆုံးလှုပ်ပြီး ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်တို့မှာလည်း လှုပ်ခတ်ခဲ့တာရှိပါတယ်။
ငလျင်ကြောင့် နေအိမ်ဆုံးရှုံးခဲ့တဲ့သူတွေ၊ အိမ်မပြိုပေမယ့် ယိုင်စောင်းပြီးကျန်ခဲ့တဲ့သူတွေဟာ အိမ်ရှေ့ လမ်းမပေါ်နဲ့ အိမ်အနီးက ကွင်းပြင်တွေမှာ ရွက်ဖျင်တဲတွေ ထိုးပြီး နေနေရပါတယ်။
ငလျင်ကြီးပြီးတဲ့နောက် ထိခိုက်ပျက်စီးခဲ့တဲ့ အဆောက်အဦတွေထဲ ကျန်ခဲ့တဲ့ပစ္စည်းတွေထဲ အဖိုးတန်ပစ္စည်းတချို့ကြောင့် အိမ်နားကနေ မခွာနိုင်သေးဘူးလို့ မြို့ခံတချို့ကပြောပါတယ်။
"ပိုင်ဆိုင်တာဆိုလို့ ဒီလက်ဝတ်ရတနာတွေပဲရှိတာ၊ အိမ်က ပြိုကျပြီး ပစ္စည်းတွေက အထဲမှာ ညပ်နေပြီ၊ ဖြိုမယ့် အင်ဂျင်နီယာတွေကို ခေါ်ထားတာ အခုထိ မလာသေးဘူး"လို့ မန္တလေးမြို့က နေအိမ်ဆုံးရှုံးခဲ့သူတစ်ဦးက ဧပြီ ၁၀ ရက်မှာ ပြောပါတယ်။
မန္တလေးမြို့မှာ ငလျင်လှုပ်ခတ်ပြီးနောက် အိမ်ရှင်မဲ့သွားတဲ့ အဆောက်အဦတချို့ထဲ ဖောက်ထွင်းခိုးယူခံရမှုတွေ ရှိခဲ့တယ်လို့ မြို့ခံတွေက ပြောသလို ဒေသတွင်းသတင်းတွေမှာလည်း ဖော်ပြထားပါတယ်။
မိုးရွာလာပြီဖြစ်လို့ အိမ်ထဲပြန်ဝင်လိုကြသူတွေလည်းရှိနေပါတယ်။
"ရွက်ဖျင်တဲတွေက မိုးရွာလာရင် အဆင်မပြေဘူး။ မိုးမလုံဘူး" လို့ နေအိမ်ပြိုပျက်ထားတဲ့ မန္တလေးမြို့ခံ မမာလာက ရင်ဖွင့်ပြောပါတယ်။
မန္တလေးမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မိုးကြိုရွာသွန်းခဲ့တာကြောင့် မိုးရေကာဖျင်စတွေ တဲပေါ်မှာအုပ်ထားရပေမယ့် လေတိုက်တဲ့ဒဏ်ပြင်းတာကြောင့် မိုးမလုံတဲ့အကြောင်း သူက ဆက်ပြောပါတယ်။
တောင်ပေါ်ဒေသတွေ သတိထားရမယ့် အန္တရာယ်
ရှမ်းပြည်နယ်လို ငလျင်ဒဏ်ခံစားခဲ့ရတဲ့ တောင်ပေါ်ဒေသက နေရာတချို့မှာလည်း ငလျင်ငယ်တွေ ဆက်လှုပ်နိုင်သလို မုတ်သုံရာသီမှာ မိုးများခဲ့မယ်ဆိုရင် ရေကြီး၊ မြေပြိုမှုတွေ ဆက်ကြုံတွေ့ရနိုင်တယ်လို့ ငလျင်ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။
ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄,၀၀၀ ကျော်မှာရှိတဲ့ တောင်ပေါ် ကလောမြို့မှာ နှစ်ပေါင်း ၁၀၀ အတွင်း အဆိုးရွားဆုံးရေကြီးမှုဖြစ်ခဲ့ပါတယ်။ ကလောနဲ့ နီးစပ်တဲ့ ရေပေါ် ဒေသ အင်းလေးဟာလည်း မတ် ၂၈ ရက်က ငလျင်ဒဏ်ကို အဆိုးဆုံးကြုံရတဲ့ ဒေသဖြစ်ပါတယ်။
ဒီလိုဒေသတွေအတွက် မုတ်သုံရာသီမှာ သတိကြီးကြီးထားပြီး နောက်ဆက်တွဲငလျင်တွေအတွက် ပြင်ဆင်မှုတွေ လုပ်ဖို့ လိုပြီလို့ ငလျင်ပညာရှင်တွေက ထောက်ပြပါတယ်။
မတ် ၂၈ ရက်က စစ်ကိုင်းပြတ်ရွေ့ကြောင့် လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ နိုင်ငံရဲ့ အလယ်ပိုင်းဒေသကို ဦးတည်ပြီးလှုပ်ခတ်ခဲ့တာကြောင့် အပေါ်ပိုင်းနဲ့ အောက်ပိုင်းနေရာတွေမှာလည်း နောက်ဆက်တွဲငလျင်ငယ်တွေ ဆက်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းပြတ်ရွေ့ဟာ မြန်မာနိုင်ငံ တောင်နဲ့ မြောက်ကို ဒေါင်လိုက်ဖြတ်ထားတဲ့ ပြတ်ရွေ့ကြောဖြစ်ပြီး ကီလိုမီတာ ၁,၂၀၀ ကျော် ရှည်လျားပါတယ်။
အလားတူ စစ်ကိုင်းပြတ်ရွေ့ကြောင့် ဖြစ်လာတဲ့ ငလျင်ငယ်ဒဏ် ဆက်ကြုံရနိုင်တဲ့ မြိုတွေထဲမှာ ကလောမြို့လို တောင်ပေါ်ဒေသအပါအဝင် အထပ်မြင့်အဆောက်အဦတွေ အများကြီးရှိတဲ့ ရန်ကုန်မြို့လည်း ပါဝင်ပါတယ်။
အဲဒီဒေသက လူထုတွေကို "ငလျင်နဲ့ ပတ်သက်တဲ့ အသိပညာတွေ မျှဝေပေးဖို့လိုတယ်၊ ဘယ်လိုအကာအကွယ်ယူရမလဲဆိုတာတွေ လူထုက သိထားဖို့လိုတယ်" လို့ ငလျင်ပညာရှင်တချို့က ပြောပါတယ်။
ဒါ့အပြင် အာဏာပိုင်တွေအနေနဲ့လည်း ငလျင်ဒဏ်ကြုံရတဲ့အခါ လူထုအတွက် လုံခြုံအောင် စုဝေးရမယ့် နေရာတချို့ကိုလည်း ယာယီပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ငလျင်ပညာရှင်တွေက အသိပေးနေပါတယ်။
အမေရိကန်ဘူမိဆိုင်ရာ သုတေသနအဖွဲ့ (USGS) ကလည်း ဧပြီ ၁၁ ရက်ထိ ရစ်ခ်တာစကေး ပြင်းအား ၅ နဲ့အထက်က ၄ ကြိမ်၊ ပြင်းအား ၆ နဲ့အထက် ၁ ကြိမ်အထိ ဖြစ်ပေါ်နိုင်သေးတယ်လို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ကြိုတင်ပြင်ဆင်မှု ဘယ်လောက်အရေးကြီးလဲ
ငလျင်ရဲ့ သဘောအရ တစ်နေရာတည်းမှာပဲ လှုပ်ခတ်တဲ့ ထုံးစံမရှိတာကြောင့် ကြိုတင်ပြင်ဆင်မှုတွေကို အချိန်မီလုပ်ဖို့ကလည်း လိုအပ်ချက်တခုဖြစ်ပါတယ်။
ငလျင်ဒဏ်ခံထားရတဲ့ အဆောက်အဦတွေကို သေချာစစ်ဆေးတာ၊ ယာယီနေလို့ရတဲ့ နေရာတွေ သတ်မှတ်ထားရှိတာ၊ ငလျင်နဲ့ ပတ်သက်တဲ့ အသိပညာပေးတာ အားလုံးကို အချိန်မီမလုပ်နိုင်ရင် နောက်ဆက်တွဲပြဿနာတွေရှိလာနိုင်တယ်လို့ ငလျင်ပညာရှင်တချို့က ဆော်သြနေပါတယ်။
"နေစရာမရှိလို့ လမ်းပေါ်မှာ အိပ်နေ၊ စားနေရတဲ့ သူတွေများလာမယ်၊ မိုးတွင်းဆိုရင် ဝမ်းရောဂါအပြင် တခြားကူးစက်ရောဂါတွေလည်း ဖြစ်လာနိုင်တယ်" လို့ ကယ်ဆယ်ရေးအဖွဲ့တစ်ခုရဲ့တာဝန်ခံတစ်ဦးက သတိပေးပါတယ်။
စစ်ကိုင်းမြို့မှာ မတ်လ ၂၈ ရက်က ငလျင်ဒဏ်ကြောင့် မီးသတ်ရုံးပြိုကျခဲ့ပြီး ကယ်ဆယ်ရေးအချိန်မီ မရောက်ခဲ့တဲ့ အခြေအနေဖြစ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒီအခြေအနေကို သင်ခန်းစာယူပြီး"မီးသတ်ကားတွေကအစ လိုအပ်ရင် အပြင်မှာ ထုတ်ထားသင့်ရင် ထုတ်ထားရမယ်။ ဒါမှ အရေးပေါ်ဖြစ်တဲ့နေရာကို အချိန်မီ အရောက်သွားပြီး ကယ်ဆယ်နိုင်မယ်" စစ်ကိုင်းမြို့ခံ ကယ်ဆယ်ရေးသမားတစ်ဦးက ထောက်ပြပါတယ်။
တစ်ဖက်မှာလည်း ကယ်ဆယ်ရေးအတွက် ငလျင်နဲ့ ပတ်သက်တဲ့ ဆောက်လုပ်ရေးသုံး ပစ္စည်းကိရိယာတွေ မြို့နယ်အလိုက် အလုံအလောက် ပြင်ဆင်ထားရှိဖို့ကိုလည်း အင်ဂျင်နီယာ တချို့က တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ကယ်ဆယ်ရေးအဖွဲ့ဝင်တွေကိုလည်း ငလျင်နဲ့ ပတ်သက်တဲ့ သင်တန်းတွေ ထိထိရောက်ရောက်ပေးဖို့ လည်း သူတို့က တောင်းဆိုပါတယ်။
ငလျင်ဒဏ်ခံစားခဲ့ရတဲ့ မန္တလေးမြို့မှာတော့ ပြိုကျခဲ့တဲ့အဆောက်အဦတွေအောက်မှာ ပိမိနေတဲ့ သေဆုံးသူတွေကို ဧပြီ ၁၀ ရက်အထိ ရှာဖွေထုတ်ယူနေတာတွေ မပြီးသေးဘူးလို့ မြေပြင်မှာရှိတဲ့ ကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။
"အလောင်းတွေ မကုန်သေးဘူး။ အပျက်အစီးပုံတွေ အပြီးရှင်းလင်းဖို့ကလည်း ရက်ပေါင်း ဆယ်နဲ့ ချီကြာဦးမယ်" လို့ ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီကတော့ ငလျင်ဒဏ်သင့်မြို့နယ်တွေမှာ ရွေ့လျားဆေးရုံတွေ ဆောက်ဖို့၊ အစားအသောက်နဲ့ တကိုယ်ရေသုံးပစ္စည်းတွေနဲ့ အပျက်အစီးတွေ ဖယ်ရှားရှင်းလင်းဖို့ လိုအပ်တဲ့ စက်ပစ္စည်းကိရိယာတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာနဲ့ ဆွေးနွေးထားတယ်လို့ ပြောပါတယ်။
ဒါအပြင် ငလျင်ကြောင့် သေဆုံးခဲ့တဲ့သူ တစ်ယောက်စီကို ကျပ်ငွေ ၁၀ သိန်း ထောက်ပံ့မယ်လို့ဆိုပြီး အဆောက်အဦ ထိခိုက်ပျက်စီးတဲ့အပေါ်မူတည်ပြီး ထောက်ပံ့တာတွေကိုလည်း လုပ်ပေးသွားမယ်လို့ သိရပါတယ်။
ငလျင်ဒဏ်အဆိုးဆုံးခံစားခဲ့ရတဲ့ မန္တလေးအပါအဝင် မြို့ကြီး ၃ မြို့မှာ ငလျင်ဆိုင်ရာ စစ်ဆေးကြည့်ရှုတဲ့အဖွဲ့ ဖွဲ့စည်းဖို့ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ်က ပြင်ဆင်နေတဲ့အကြောင်း ဦးစောထွေးဇော်က ဘီဘီစီကို ဧပြီ ၇ ရက်မှာ ပြောပါတယ်။ ဒီအဖွဲ့တွေတွေကို မန္တလေး၊ စစ်ကိုင်းနဲ့ ရန်ကုန် စတဲ့ သုံးမြို့မှာ ဧပြီ ၁၁ ရက်ကစပြီး အကောင်အထည်ဖော် လည်ပတ်သွားမယ်လို့ သိရပါတယ်။
အဲဒီအဖွဲ့တွေကနေ ငလျင်ဒဏ်ခံထားရတဲ့ အဆောက်အဦတွေရဲ့ ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး ဆက်နေသင့်၊ မနေသင့်ဆိုတဲ့အပေါ် ဆက်သွယ်အကူအညီတောင်းခံလာသူတွေကို ကူညီစစ်ဆေးပေးသွားမယ်လို့ သိရပါတယ်။
"စင်တာကနေ အင်ဂျင်နီယာတချို့ကို အလှည့်ကျစေလွှတ်ပြီး လိုအပ်သလို စစ်ဆေးပေးသွားမှာပါ" လို့ ဦးစောထွေးဇော်က ပြောပါတယ်။