မြန်မာငလျင်အလွန် သင်္ကြန်ကြိုမိုးလား၊ မုန်တိုင်းလား

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ လေပွေလှိုင်းဟာ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ပြီး ဧပြီ ၈ ရက်နောက်ပိုင်းမှာ တစ်နိုင်ငံလုံးမိုးများလာနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက သတိပေးနေကြပါပြီ။

ပုဂ္ဂလိကမိုးလေဝသလေ့လာသူ ဦးဝင်းနိုင်ကတော့ မုန်တိုင်းဖြစ်လာနိုင်ခြေများတယ်လို့ ဆိုပြီး မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဦးလှထွန်းကတော့ မုန်တိုင်းဖြစ်နိုင်ချေ နည်းတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒီလိုခန့်မှန်းသုံးသပ်ချက် ကွဲပြားပေမဲ့ တူညီတဲ့အချက်ကတော့ လက်ရှိမိုးထစ်ချုန်းရွာတာတွေဟာ ဧပြီ ၁၆ ရက်ကစတင်မယ့် မိုးကြိုကာလနဲ့ မေလဒုတိယအပတ် မုတ်သုံဝင်ချိန်အထိပါ ဆက်စပ်မိုးများလာနိုင်တယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။

အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ဒဏ်သင့်ခဲ့တဲ့ နေပြည်တော်၊ မန္တလေး နဲ့ စစ်ကိုင်းကဒေသခံတွေဟာ အမိုးအကာအောက်နေထိုင်ဖို့လိုအပ်လာသလို ပြိုကျအဆောက်အအုံတွေအနီးက မြေ၊ ရေတွေကြောင့် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲအန္တရာယ်တွေကိုပါ သတိထားကြရမယ့်အချိန်ပါ။

သင်္ကြန်မတိုင်ခင် မုန်တိုင်းဖြစ်လာနိုင်လား

ဧပြီလ ပထမအပတ်မှာတော့ နေ့အပူချိန်မြင့်တက်ရာကနေ အပူပြန်တက်တဲ့ တိမ်တွေဖြစ်ပေါ်လာပြီး ရေခိုးရေငွေ့ပါတဲ့လေတွေနဲ့ တွေ့ဆုံတဲ့အခါ မိုးတိမ်တောင်တွေ ဖြစ်လာပါတယ်။

မိုးတိမ်တောင်တွေ ရွေ့လျားရာ တလျှောက်မှာ မိုးရွာတာနဲ့အတူ လေပြင်းတိုက်ခတ်၊ မိုးထစ်ချုန်း၊ မိုးကြိုးပစ်၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတဲ့ မိုးလေဝသဖြစ်စဉ်တွေကို သတိပြုကြရမှာပါ။

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ လေပွေလှိုင်းရဲ့ အရှိန်ကြောင့်ရော တရုတ်ပြည်မကြီးပေါ်က လေဖိအားကြီးရပ်ဝန်းဒေသကနေ ရွေ့လျားလာတဲ့ လေအေးတွေကြောင့်ပါ အချိန်အခါမဟုတ်မိုးရွာသွန်းနိုင်ပါတယ်။

"မန္တလေးမှာ မနေ့ (ဧပြီ ၅ ရက်) ညက လေအတော်ကြမ်းတယ်။ ကျွန်တော်ကားပေါ်မှာရှိနေတော့ ကားပါ ယိမ်းထိုးသွားတာပါ။ ကျုံးဘေးပတ်လည်မှာထိုးထားတဲ့ တဲတွေလည်း လမ်းမပေါ်အထိ လွှင့်ကုန်တယ်" လို့ ငလျင်ဒဏ်သင့် မန္တလေးမြို့ခံတွေကို ပြန်လည်ထူထောင်ရေးကူညီပေးနေတဲ့ လူငယ်အမျိုးသားတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

မတ် ၂၈ ရက်က အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ဒဏ်သင့်ခဲ့တဲ့ မန္တလေးနဲ့ စစ်ကိုင်း လူထုဟာ ဧပြီ ၅ ရက်ညမှာတော့ အချိန်အခါမဟုတ် မိုးရွာလေပြင်းတိုက်တာနဲ့ ရင်ဆိုင်ခဲ့ရပြန်ပါတယ်။

အချိန်အခါမဟုတ်မိုးရွာသွန်းတာနဲ့အတူ ဧပြီ ၆ ရက်မှာထပ်မံသိရှိရတဲ့ မိုးလေဝသသတင်းက ဘင်္ဂလား ပင်လယ်အော်မှာ ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ လေပွေလှိုင်းရဲ့ အရှိန်ကြောင့် ဖြစ်ပါတယ်။

"၆ ရက်နေ့ နေ့လယ် ၁၂ နာရီကနေ နောက် ၄၈ နာရီအတွင်းဆိုတော့ ၈ ရက်နေ့မှာ လေဖိအားနည်းရပ်ဝန်း ဖြစ်လာနိုင်မယ်။ ဒါပေမယ့် မုန်တိုင်းဖြစ်လာနိုင်ခြေနည်းတယ်" လို့ မိုးဇလပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဦးလှထွန်းက ဘီဘီစီကို ပြောပါတယ်။

ပုဂ္ဂလိကမိုးလေဝသလေ့လာနေသူ ဦးဝင်းနိုင်ကတော့ မုန်တိုင်းဖြစ်ပေါ်လာနိုင်ခြေကို စောင့်ကြည့်တဲ့ ECMWF မိုဒယ်ကနေ ဖော်ပြချက်အရ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း ပင်လယ်ပြင်အတွင်း မုန်တိုင်းဖြစ်နိုင်ခြေရှိတယ်လို့ ပြောပါတယ်။

"ဒီလေဖိအားနည်းရပ်ဝန်းက ဘင်္ဂလားပင်လယ်အော်ရဲ့အရှေ့မြောက်ဘက်ကိုရွေ့ရင် မြန်မာ့ကမ်းရိုးတန်းကို ရောက်မယ်။ မုန်တိုင်းမြန်မာကို ဝင် မဝင်က ဧပြီ ၁၁ နဲ့ ၁၂ ရက်မှာ ပိုသေချာသိနိုင်မယ်" လို့ ဦးဝင်းနိုင်က ပြောပါတယ်။

ဒါကြောင့် ဘင်္ဂလားပင်လယ်အော်မှာမုန်တိုင်းဖြစ်လာနိုင်ခြေရှိနေပေမယ့် မြန်မာကို မုန်တိုင်းဝင်လာမယ်လို့ ဧပြီ ၆ ရက်အထိ တထစ်ချ မပြောနိုင်သေးတဲ့အခြေအနေလို့ နားလည်ရပါတယ်။

ပုံမှန်အရသင်္ကြန်မတိုင်မီ မြန်မာမှာ မုန်တိုင်းဖြစ်လေ့မရှိပေမဲ့ အင်အားပြင်းငလျင်ဒဏ်သင့်ထားတဲ့ မြန်မာအတွက် သဘာဝဘေးဖြစ်စဉ်တွေကို ထည့်သွင်းသတိပြုရမယ့်ကာလဖြစ်နေတယ်လို့ ဦးဝင်းနိုင်က ထောက်ပြပါတယ်။

"ငလျင်ကြောင့် မုန်တိုင်းဖြစ်တာ မဟုတ်ပါဘူး။ ၂၀၂၄ ဒီဇင်ဘာလမှ ာဖြစ်တဲ့ အစွန်းရောက်ရာသီဥတုဖြစ်စဉ် အားပျော့တဲ့ လာနီညာရဲ့ အကျိုးဆက်ဖြစ်လာတာပါ" လို့ သူက သုံးသပ်ပါတယ်။

အစွန်းရောက်လာနီညာဖြစ်စဉ်ဟာ မြန်မာမှာ လာမယ့် မေ၊ ဇွန် နဲ့ ဇူလိုင်မှ ပြီးဆုံးမှာဖြစ်ပါတယ်။

ဘီဘီစီမေးမြန်းကြည့်ခဲ့တဲ့ မိုးလေဝသလေ့လာသူနှစ်ဦးရဲ့ အပြောအရ ဘင်္ဂလားပင်လယ်အော်ကလေဖိအား နည်းရပ်ဝန်းကြောင့် ဧပြီ ၈ ရက်နောက်ပိုင်းမှာ ငလျင်သင့်မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေသာမက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မိုးများလာမှာဖြစ်ပါတယ်။

ဒီမိုးဟာ သင်္ကြန်အကြိုမိုး ဒါမှမဟုတ် သင်္ကြန်လက်ဆေးမိုးလို့သိကြတဲ့ မိုးကြိုကာလနဲ့ ဆက်စပ်သွားနိုင်ခြေလည်းရှိပါတယ်။

ဧပြီ ၁၆ ရက် မိုးကြိုကာလအကူးနဲ့ ဆက်စပ်သွားမှာဖြစ်ပြီး မေလဒုတိယအပတ် အနောက်တောင် မုတ်သုံလေဝင်ချိန်အထိ မိုးလေဝသဖြစ်စဉ်တွေကို နိုင်ငံတဝန်းမှာ သတိပြုနေထိုင်ကြရမယ်လို့ မိုးလေဝသ ပညာရှင်တွေက ထောက်ပြပါတယ်။

အနောက်တောင်မုတ်သုံလေဝင်ချိန်ဟာ မြန်မာမှာ မုန်တိုင်းတွေဖြစ်ပေါ်လေ့ရှိတဲ့ကာလပါ။ မိုခါနဲ့ နာဂစ် မုန်တိုင်းတွေဟာ မြန်မာမှာထင်ရှားပြီး ဖျက်ဆီးအားပြင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းတွေဖြစ်ပါတယ်။

ငလျင်ဒဏ်သင့်ဒေသတွေမှာ မိုးအတွက်ဘာတွေပြင်ဆင်ရမလဲ

နိုင်ငံတဝန်းမှာ အချိန်အခါမဟုတ်မိုးရွာနိုင်ကြောင်း ဧပြီ ၅ ရက် ည ၇ နာရီမှာ မိုးဇလရဲ့ ဖေ့စ်ဘုတ် စာမျက်နှာကနေကြေညာခဲ့ပါတယ်။

ငလျင်ဒဏ်အလူးအလဲခံခဲ့ရတဲ့ မန္တလေးနဲ့ စစ်ကိုင်းမြို့ပေါ်မှာတော့ ည ၈ နာရီခန့်မှာ လေပြင်းတိုက် မိုးရွာသွန်းတာကို ငါးမိနစ်ကျော် ရင်ဆိုင်ခဲ့ရပါတယ်။

"အချိန်အခါမဟုတ်မိုးရွာနိုင်တယ်ဆိုတဲ့ မိုးလေဝသသတင်း ဘာမှမသိရဘူး။ ရပ်ကွက်လူကြီးကလည်း လိုက်အော်ပေးတာမရှိသလို အင်တာနက်မရတဲ့အတွက် သတင်းမကြည့်နိုင်ဘူး" လို့ ငလျင်ဒဏ်သင့် စစ်ကိုင်းမြို့ခံတစ်ဦးက ပြောပါတယ်။

အင်အားအလွန်ပြင်း ငလျင်လှုပ်ခတ်ပြီးတာ တစ်ပတ်ကျော်ကြာလာပေမဲ့ ဒီဒေသတွေမှာ ဖုန်းလိုင်း၊ အင်တာနက်နဲ့ လျှပ်စစ်မီးတွေပြန်လည်မကောင်းမွန်သေးပါဘူး။

စစ်ကိုင်းနဲ့ မန္တလေးမှာ ဧပြီ ၆ ရက်မနက်ကလည်း မိနစ်အနည်းငယ်ကြာအောင် မိုးထပ်မံရွာသွန်းခဲ့တာ ကြောင့် ငလျင်ဒဏ်သင့်တွေရဲ့ နေထိုင်မှုပုံစံ နောက်ထပ်တစ်မျိုး ပြောင်းလဲကြရပါတယ်။

ပြိုကျနေတဲ့ အဆောက်အအုံရှေ့၊ လမ်းဘေးဝဲယာမှာ ခြင်ထောင်ကာ ဖျာခင်းနေရာကနေ မိုးလုံလေလုံ တဲတွေ တည်ဆောက်လာကြတာပါ။

မိုးရေလုံမယ့်မိုးကာတွေအပြင် သောက်သုံးရေအတွက် ရေသန့်စက်၊ အိမ်သာတည်ဆောက်ရေးတို့အတွက် အလှူရှင်တွေက ပြောင်းလဲကူညီနေကြပြီလို့ စစ်ကိုင်း၊ မန္တလေးတို့က မြို့ခံနဲ့ ကူညီရေးလုပ်နေသူတချို့ဆီက သိရပါတယ်။

မန္တလေးမြို့ပေါ်က မိုးကာဆိုင်တစ်ဆိုင်ကို ဘီဘီစီက မေးမြန်းဖို့ဖုန်းဆက်ချိန်မှာတောင် ဝယ်ယူသူတွေ များပြားနေတဲ့အသံကို ကြားနေရပြီး ပြန်လည်ဖြေကြားဖို့ မအားလပ်ခဲ့ပါဘူး။

"မိုးရွာမယ့်အခြေအနေကို ပြည်သူတွေ စတင်သတိထားမိလာပြီ။ ပြန်လည်ထူထောင်ရေးအတွက် အမိုးအကာတဲတွေကို ရန်ကုန်ကနေလည်း စသယ်လာပြီ။ မိုးခံနိုင်အောင်စီစဉ်နေပြီ" လို့ ဧပြီ ၆ ရက်တမနက်လုံး ရန်ကုန်ကနေမန္တလေးကို ဝင်လာတဲ့ကူညီရေးပစ္စည်းတွေကို စိစစ်ပေးနေတဲ့ ကူညီရေးအဖွဲ့ဝင်လူငယ် တစ်ဦးက ပြောပါတယ်။

သွားလာရခက်ခဲတဲ့ စစ်ကိုင်းမြို့ပေါ်မှာတော့ ရပ်ကွက်တချို့မှာသာ သံချောင်းအသုံးပြု မြေစိုက်တဲတွေကို ဆောက်လုပ်နေတယ်လို့ မျက်မြင်မြို့ခံဆီက သိရပါတယ်။

"ကျောင်းတွေ ရပ်ကွက်က မြေကွက်လပ်မှာနေနေတဲ့ တချို့နေရာမှာပဲဆောက်တာပါ။ မိုးဇာ၊ ပိုးတန်း၊ ပါရမီနဲ့ ဇေယျကွက်သစ် ရပ်ကွက်တွေ ဘက်မှာတော့ ပြိုကျနေတဲ့ အိမ်ရှေ့မှာပဲ ပြန်နေကြတာတွေ့ရတယ်" လို့ ဧပြီ ၆ ရက်မနက်မြင်ကွင်းအကြောင်း စစ်ကိုင်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြန်ပြောပြပါတယ်။

မိုးလေဝသပညာရှင် ဦးလှထွန်းနဲ့ လေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်တို့ကတော့ မိုးများလာခဲ့ရင် ငလျင်ဘေးသင့်ဒေသတွေရဲ့ ပြိုကျအဆောက်အအုံတွေက မြေတွေကို အထူးသတိထားရမယ်လို့ ပြောပါတယ်။

"အက်ကွဲကြောင်းတွေကြား ရေဝင်ပြီးတော့ မြေပြိုတာတွေ သတိထားရမယ်။ ဒီပြိုကျအဆောက်အအုံ တွေကတဆင့် စီးဆင်းလာမယ့်ရေတွေကလည်း ကျန်းမာရေးထိခိုက်နိုင်လို့ သတိထားရမယ်" လို့ မိုးဇလရဲ့ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။

နေအိမ်ဆုံးရှုံးခဲ့ရတဲ့ ငလျင်ဒဏ်သင့်သူတွေဟာ ကွင်းပြင်တွေမှာ နေထိုင်နေကြရတာကြောင့် လေပြင်းတိုက်ခတ်တာအပြင် မိုးကြိုးအန္တရာယ်ကိုပါ သတိထားရမှာပါ။

"ညဘက် လျှပ်စီးလက်တာတွေ့ပြီဆိုရင် သဘာဝပတ်ဝန်းကျင်ကိုလေ့လာပြီး မိုးလေဝသဖြစ်စဉ်တွေကို သတိထားကြရမယ်" လို့ ပုဂ္ဂလိကမိုးလေဝသလေ့လာသူ ဦးဝင်းနိုင်က ပြောပါတယ်။

ငလျင်ဒဏ်သင့်ခဲ့တဲ့ဒေသတွေမှာ သဘာဝဘေးအန္တရာယ်တွေကိုပါ ဂရုပြုအလေးထားရမယ့်အချိန် ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

အင်တာနက်နဲ့ ဖုန်းလိုင်းအခက်အခဲရှိနေတဲ့ ငလျင်ဒဏ်သင့် ဒေသတွေမှာ မိုးရွာသွန်းမှုသတိပေးချက် အပါအဝင် မိုးလေဝသဖြစ်စဉ်တွေကို အာဏာပိုင်တွေက အချိန်နဲ့တပြေးညီသတိပေးကြဖို့ မြို့ခံတွေက မျှော်လင့်နေကြပါတယ်။

"မိုးထပ်ရွာရန်မလွယ်ဘူး။ တိုက်တွေကရေတွေပိုဝင်ပြီး ကျွံကုန်လိမ့်မယ်။ မိုးလေဝသသတင်း ပိုသိဖို့ လိုနေတယ်" လို့ စစ်ကိုင်းမြို့ခံတစ်ဦးက သူ့အမြင်ကိုပြောပြထားပါတယ်။