ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အပူချိန်တွေတိုးလာတာကို ဘယ်လိုရင်ဆိုင်မလဲ
ပြီးခဲ့တဲ့ တစ်ပတ်လောက်က စပြီး အပူဒဏ်ကို မြန်မာနိုင်ငံ အထက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ သိသိသာသာ ခံနေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ဒီကနေ့ ဧပြီလ ၁၉ ရက် နေ့လယ် စစ်ကိုင်းတိုင်း ကလေးဝမြို့မှာ အပူချိန် ၄၄ ဒီဂရီ စင်တီဂရိတ်အထိ ရှိလာပြီး ပြီးခဲ့တဲ့ရက်တွေကထက် ပိုပြီး ပူလာတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“နေ့လယ်ပိုင်း အပြင်သွားရင် မီးဖိုထဲ ဖြတ်သွားနေရသလို”ပဲ လို့ သူက ဆိုပါတယ်။
၂၀၂၃ ခုနှစ် ဧပြီလလယ်လောက်ကစပြီး မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံတွေနဲ့ တရုတ်နိုင်ငံမှာ နေ့အပူချိန် အမြင့်မားဆုံးကာလကို ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့မှာလည်း နေ့အပူချိန်တွေ ဆက်လက်မြင့်တက်နေပြီး အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကနေ ၄၅ ဒီဂရီစင်တီဂရိတ်အထိ ရှိနေတယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဧပြီလလယ်ပိုင်း နေ့အပူချိန်တွေက ပုံမှန်ဧပြီလရဲ့ ဖြစ်မြဲအပူချိန်တွေထက် ကျော်လွန်နေတယ်လို့ ဧပြီလ ၁၉ ရက် နေ့လယ် ၂ နာရီမှာ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်း ဒေသကြီးတွေမှာ နေ့အပူချိန်တွေ မြင့်တက်နေပြီး ကျန်ဒေသတွေမှာလည်း အပူချိန်တွေတိုးနေပေမဲ့ စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်းတွေလောက် အပူချိန်မများဘူးလို့လည်း ဆိုပါတယ်။
အပူဆုံးနေရာလို့ သတ်မှတ်ထားတဲ့ မကွေးတိုင်း ချောက်မြို့နယ်မှာတော့ ဒီကနေ့ အပူချိန်က ၄၅ ဒီဂရီစင်တီဂရိတ်ကို ရောက်ရှိ ခဲ့ပါတယ်။
မကွေးတိုင်းမှာ အမြင့်ဆုံးဖြစ်ခဲ့တဲ့ အပူချိန်ကတော့ ၂၀၂၀ခုနှစ်၊ မေလမှာ ချောက်မြို့ဟာ ၄၈ ဒီဂရီစင်တီဂရိတ် အထိကို စံချိန်တင်ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
အခုတိုင်းတာချက်တွေက မိုးလေဝသ စခန်းရှိတဲ့နေရာတွေရဲ့ အဓိကအပူချိန်တွေ ဖြစ်ပါတယ်။
ဒါကြောင့် ဒေသ အလိုက် သစ်ပင်ပေါများမှုနဲ့ ရှားပါးမှု၊ ကာဗွန်ထုတ်လွှတ်မှုများပြားတဲ့နေရာနဲ့ နီးကပ်မှု၊ လေထုစိုထိုင်းဆ အနည်းအများတို့အပေါ် မူတည်ပြီး ထုတ်ပြန်ထားတဲ့ အပူချိန်တွေထက် ပိုမြင့်မားတဲ့အပူချိန်ကို အများစုက ခံစားနေကြရတာလို့ မိုးဇလပညာရှင်တွေက ထောက်ပြပြောဆိုထားပါတယ်။
“မိုးက နည်းတယ်၊ ဆက်ပူမယ့် သဘောတော့ရှိတယ်၊အများကြီးတော့ မတက်နိုင်တော့ဘူး” လို့ ဧပြီလ လက်ကျန် ၁၀ရက်ကနေ အနောက်တောင်မုတ်သုံလေ မဝင်မီအထိ မြန်မာနိုင်ငံအတွင်းဖြစ် ပေါ်နိုင်တဲ့ အပူချိန်တွေကို မိုးဇလက ညွှန်ကြားမှုး ဦးလှထွန်းက ပြောပါတယ်။
မိုးဇလကတော့ လေပွေလှိုင်းတွေနဲ့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့က တိမ်တိုက်တွေကြောင့် ဧပြီ ၂၁ ရက်ကနေ ၂၅ ရက်အတွင်း အချိန်အခါ မဟုတ်မိုးရွာမယ်လို့ မနေ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။
မိုးရွာသွန်းမှုရှိတဲ့အခါ အပူချိန်တွေကျဆင်းနိုင်တယ်လို့ ဆိုပေမဲ့ မြန်မာပြည်အထက်ပိုင်းနေရာအချို့သာ မိုးအနည်းငယ်ရွာနိုင်ပြီး ရန်ကုန်၊ မကွေးအပါအဝင် နေရာအများအပြားမှာ မိုးရွာနိုင်တဲ့အခြေအနေ မရှိသေးဘူးလို့လည်း မိုးလေဝသနဲ့ဇလဗေဒဌာနက သိရပါတယ်။
အပူချိန်တွေ ဆက်တိုက်မြင့်တက်လာဖို့ရှိတဲ့ လက်ရှိနွေရာသီတွေမှာတော့ အပူကြောင့်ဖြစ်စေတဲ့ အသက်အန္တရာယ်ပါ ထိခိုက်စေတဲ့ အပူလျှပ်တာ သို့မဟုတ် အပူကြောင့်လေဖြတ်ခြင်း၊ အပူကြောင့်သွေးလန့်ခြင်းနဲ့ အပူကြောင့်ကြွက်တက်ခြင်းတို့ ဖြစ်စေနိုင်တယ်လို့ အထွေထွေရောဂါကုသမားတော်ကြီးတစ်ဦးက သတိပေး ပါတယ်။
အဲဒါအပြင် ရုတ်တရက်အပူအအေး ပြောင်းလဲမှုက တဆင့် အသက်သေဆုံးတဲ့အထိဖြစ်နိုင်တဲ့ အကြောင်းလည်း သမားတော်ကြီးက ရှင်းပြပါတယ်။
လူတွေရဲ့ ကိုယ်ခန္ဓာဟာ နှင်းမုန်တိုင်းထဲမှာ ရောက်နေတာပဲ ဖြစ်ဖြစ်၊ အပူလှိုင်းရာသီဥတုမှာ ရောက်နေတာပဲ ဖြစ်ဖြစ် ကိုယ်တွင်း အပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ်မှာ ထိန်းထားနိုင်အောင် ကြိုးစားလေ့ ရှိပါတယ်။
ဒီအပူချိန်ပမာဏဟာ လူ့ ခန္ဓာကိုယ် ပုံမှန် အလုပ်လုပ်နိုင်အောင် ဆင့်ကဲပြောင်းလဲ တည်မြဲလာခဲ့တဲ့ ပမာဏလည်း ဖြစ်ပါတယ်။
ပြင်ပရာသီဥတုအပူချိန် တက်လာတဲ့ အခါမှာ ဆိုရင်လည်း လူ့ ခန္ဓာကိုယ်အနေနဲ့ ကိုယ်တွင်း တစ်သမတ်တည်း အပူချိန်ကို ထိန်းထားနိုင်အောင် အရေပြားနဲ့ နီးတဲ့ သွေးကြောတွေကို ကျယ်စေပြီး ချွေးထွက်အောင် လုပ်ခြင်းအားဖြင့် အပူဓာတ်တွေကို အပြင်ကို ပို့ဖို့ ကြိုးစားပါတယ်။
အခုလို ထွက်လာတဲ့ ချွေးတွေ အငွေ့ ပျံသွားပြီဆိုရင် ခန္ဓာကိုယ်က အပူဓာတ်ကလည်း အများကြီးလျော့ကျ သွားလေ့ရှိပါတယ်။
အိမ်မှာဆိုရင်လည်း နေရောင်ထိုးတဲ့ဘက်က ပြတင်းပေါက် ခန်းဆီးတွေကို ပိတ်ထားသင့်ပြီး အရည်များများ သောက်ရမှာဖြစ်သလို အရက်ကိုလည်း အများကြီး မသောက်သင့်ဘူးလို့ ဆိုပါတယ်။
အပြင်ထွက်တဲ့ အခါမှာဆိုရင်လည်း မွေးကင်းစနဲ့ ကလေးငယ်တွေ၊ အိမ်မွေးတိရိစ္ဆာန်တွေကို ကားထဲမှာ သော့ပိတ်မထားခဲ့သင့်ဘဲ နေရောင် အပြင်းဆုံး မနက် ၁၁ နာရီက မွန်းလွဲ ၃ နာရီ အထိ ကာလအတွင်း အပြင်မထွက်သင့်ပါဘူး။
အပြင်ထွက်ရတဲ့ အချိန်တွေမှာလည်း ရေဆောင်သွားပြီး အရိပ်ထဲမှာ တတ်နိုင်သမျှနေသင့်ပါတယ်။ နေလောင်တာနဲ့ ခရမ်းလွန်ရောင်ခြည် ကာကွယ်နိုင်စွမ်းမြင့်တဲ့ ခရင်မ်တွေကို လိမ်းသင့်သလို ဗြက်ကျယ်တဲ့ ဦးထုပ်လည်း ဆောင်းသင့်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အပူချိန်အမြင့်ဆုံး အချိန်တွေမှာ လေ့ကျင့်ခန်း လုပ်တာမျိုးလည်း ရှောင်သင့်ပြီး အပူရှောင်တဲ့အနေနဲ့ မြစ်ရေ၊ ကန်ရေအတွင်း ရေဆင်းချိုးရာမှာလည်း ရေထဲမှာ ရှိနေနိုင်တဲ့ ခန္ဓာကိုယ် ထိခိုက်နိုင်တဲ့ အတားအဆီးတွေကို ဂရုပြုရမယ်လို့ ကျန်းမာရေးအဖွဲ့စည်းတွေက အကြံပေးထားပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ဒေသအချို့မှာ အပူချိန်တွေ စံချိန်တင်မြင့်တက်လာပြီးတဲ့နောက် ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ ဧရာဝတီ၊ မကွေး၊ ကရင်၊ ရခိုင်၊ နေပြည်တော် စစ်ကိုင်းစတဲ့ တိုင်းနဲ့ပြည်နယ် ၉ ခုမှာ ၁ လကျော်ကာလအတွင်း အပူလွန် ကဲမှုကြောင့် (heat stroke ) ဖြစ်ပွားသူ ၁၄၉ ဦးရှိတဲ့အနက် သေဆုံးသူ အယောက် ၃၀ ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေ၊ သဘာဝဘေးဌာနခွဲ က ဘီဘီစီကို ပြောပါတယ်။
ပတ်ဝန်းကျင်မှာ အပူရှိန်များတဲ့အခါ လေဝင်လေထွက်ရတဲ့နေရာ၊ အပူလျော့နည်းနိုင်တဲ့နေရာ၊ ပန်ကာ၊ ယပ်တောင်အစရှိတာတွေကို အသုံးပြုပြီး ခန္ဓာကိုယ်ကလက်ခံနိုင်တဲ့ အပူချိန်ပမာဏရှိအောင် ထိန်းညှိကြဖို့လည်း လိုအပ်တယ်လို့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေက တိုက်တွန်းပါတယ်။
နေအပူမှာ အလုပ်လုပ်ရသူတွေ၊ အပူကြောင့်ချွေးထွက်များနေသူတွေကလည်း လိုအပ်တဲ့ ရေဓာတ်အပြင်၊ ဓာတ်ဆားဓာတ်ကိုပါ ပြန်လည်ဖြည့်တင်းပေးတဲ့ ဓာတ်ဆားရေသောက်သုံးခြင်းနဲ့ အပူကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ကာကွယ်နိုင်တယ်လို့ အထူးကုသမားတော်တွေက ပြောပြကြပါတယ်။