နာဂစ် ဆိုင်ကလုန်း ၁ဝ နှစ်

မေလ ၂ ရက် မှာ မြန်မာနိုင်ငံ မြစ်ဝ ကျွန်းပေါ် ဒေသကို နာဂစ် ဆိုင်ကလုန်း မုန်တိုင်း ပြင်းပြင်းထန်ထန် တိုက်ခတ်ခဲ့တာ ၁ဝ နှစ် တင်းတင်း ရှိခဲ့ပြီ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ ခန့်မှန်းချက် အရ နာဂစ်ကြောင့် လူ တသိန်းလေးသောင်း ဝန်းကျင် အသက် ဆုံးရှုံး ခဲ့ရပြီး ရန်ကုန်နဲ့ ဧရာဝတီ တိုင်းတွေက လူပေါင်း နှစ်သန်းခွဲ နီးပါးရဲ့ ဘဝတွေ ထိခိုက် ခဲ့ရပါတယ်။

အခုလို နာဂစ် ၁ဝ နှစ်လွန် ကာလမှာရော ထိခိုက် ခဲ့ရသူတွေရဲ့ ဘဝတွေ ပြန်လည် နာလန် ထူလာနိုင်ခဲ့ပါပြီလား။

မြန်မာနိုင်ငံတွင်း သဘာဝဘေး တုံ့ပြန်ကိုင်တွယ်ရေးမှာ စွမ်းဆောင်နိုင်ရည် အခြေအနေ ဘယ်လို ရှိနေပါသလဲ။

မြန်မာနိုင်ငံ အခြေစိုက် အကူအညီပေးရေး ဆိုင်ရာ ကုလသမဂ္ဂ ယူအန်အိုချာရဲ့ ပြန်ကြားရေး တာဝန်ခံ ပြဲ ပီယွန် ကို ဘီဘီစီက ဆက်သွယ် မေးကြည့်တော့

ပီယွန်: ဝမ်းနည်းစဖွယ် ဖြစ်ရပ်ဆိုးရဲ့ ၁ဝ နှစ်တာ ကာလ အလွန်မှာ၊ နာဂစ်ဒဏ် ခံခဲ့ရသူတွေ အနေနဲ့ သူတို့ အိုးအိမ်တွေ၊ ဘဝတွေကို ပြန်လည် ထူထောင်လာနိုင်ပါတယ်။

အဓိက တိုးတက်မှုကတော့ နာဂစ်ဒဏ် ခံခဲ့ရတဲ့နောက် ပြင်းထန်တဲ့ သဘာဝ ဘေးဒဏ် ကြုံလာရင် အလျင်အမြန် တုံ့ပြန် ကိုင်တွယ်ဖို့ ဘယ်လောက် အရေးတကြီးလိုသလဲ ဆိုတာကို သိမြင်လာပြီး ဒိအတွက် ကြိုးစား လာကြတာ ဖြစ်ပါတယ်။

ဒီနောက်ပိုင်းနှစ်တွေ အတွင်း မြန်မာ နိုင်ငံမှာ အပြောင်းအလဲ တွေ ဖြစ်လာပြီး နိုင်ငံတွင်း အခြေစိုက် လှုပ်ရှားတဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ အများအပြား ရှိလာပါတယ်။

သဘာဝဘေးဒဏ် တုံ့ပြန်ကိုင်တွယ်နိုင်စွမ်း တိုးမြင့်ရေးမှာ ကုလသမဂ္ဂ အနေနဲ့ မြန်မာ အစိုးရနဲ့ကြား နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက် နေပါတယ်။

မေးပူးပေါင်းဆောင်ရွက် နေတယ်ဆိုတာမှာ ဘဏ္ဍာရေး ဆိုင်ရာ ထောက်ပံ့တာလား၊ နည်းပညာ ပိုင်းဆိုင်ရာ အကူအညီ ပေးတာမျိုးလား ဆိုတာ ဥပမာ တချို့ ပေးပြီး ပြောပြနိုင်မလား။

ပီယွန်: ဥပမာ ပြောရရင် ပြီးခဲ့တဲ့ နှစ်ကနဲ့ ၂ဝ၁၆ တုန်းက ရေကြီးမှုတွေ ဖြစ်တော့ နိုင်ငံတကာ နဲ့ ပြည်တွင်း NGO တွေ၊ ပုဂ္ဂလိက ကုမ္ပဏီတွေပါ အစိုးရနဲ့ကြား နီးနီးကပ်ကပ် ပူးပေါင်းပြီး အကူအညီပေးရေး လုပ်ငန်းတွေ ဆောင်ရွက် နိုင်ခဲ့ပါတယ်။ လိုအပ်တဲ့ နေရာတွေကို အထောက်အပံ့ အကူအညီတွေ အချိန်မီ ရောက်ဖို့ လုပ်ဆောင် နိုင်ခဲ့ပါတယ်။ အဲဒီလို တုံ့ပြန် ဆောင်ရွက်နိုင်စွမ်း တိုးမြင့်လာအောင် ကျွန်တော်တို့ ပူးပေါင်း လုပ်ဆောင် ခဲ့ပါတယ်။

ငလျင်ဒဏ်နဲ့ မုန်တိုင်းဒဏ် ကြုံလာပြီ ဆိုရင် ဘယ်လို တုံ့ပြန် မလဲ ဆိုတဲ့ တင်ကြို အစမ်းလေ့ကျင့်ခန်းတွေကို အိုချာ အဖွဲ့ အပါအဝင် ကုလသမဂ္ဂ အနေနဲ့ မြန်မာ အစိုးရနဲ့ ပူးပေါင်းပြီး အခုနှစ်ပိုင်းတွေမှာ လုပ်ဆောင် နေပါတယ်။

မေး။ သဘာဝဘေး ကြုံလာပြီ ဆိုရင် တုံ့ပြန်နိုင်ဖို့ အတွက် ဘယ်အချက်တွေက အရေးကြီးဆုံး ဖြစ်မလဲ။

ပီယွန်: သဘာဝဘေးဒဏ် အကြီးအကျယ် ခံရချိန်မှာ လက်တွေ့မြေပြင်မှာ ရှိနေသူတွေရဲ့ တုံ့ပြန်မှုက အရေးအကြီးဆုံးပါပဲ။ အရပ်သားတွေ အပါအဝင် ဒေသခံ ဘုန်းကြီးကျောင်းနဲ့ ခရစ်ယာန် ဘုရားကျောင်းတွေက ဒုက္ခသည်တွေဆီ အရင်ဆုံး ရောက်ပြီး ကူညီကြတာပါ။ ဒုက္ခသည် ကူညီရေးမှာ လူတွေဟာ အင်မတန်မှ တက်ညီလက်ညီနဲ့ ရက်ရောကျတာမျိုး မြန်မာနိုင်ငံမှာ အစဉ်အဆက် တွေ့နေ ရပါတယ်။

မေး။ အရပ်သားချင်း ကူညီတာမျိုး မဟုတ်ဘဲ နာဂစ်လောက်ကြီးတဲ့ သဘာဝ ဘေးဒဏ်မျိုးကို တုံ့ပြန်ဖို့ဆို အခုအချိန်မှာ အစိုးရ အနေနဲ့ အသင့်ရှိနေပြီလို့ ပြောနိုင်ပြီလား။

ပီယွန်: သဘာဝဘေးဒဏ် ကြီးကြီးမားမား ကြုံရပြီ ဆိုရင် ဘယ်သူ့ အကူအညီမှ မယူပဲ ကိုယ့်ဘာသာ သီးသန့် ကိုင်တွယ်နိုင်စွမ်း ရှိတဲ့ နိုင်ငံမျိုးဆိုတာ ကမ္ဘာမှာ အလွန်ရှားပါတယ်။ ဘယ်လောက် အမြန်ဆုံး နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး တုံ့ပြန် ကိုင်တွယ်နိုင်သလဲ ဆိုတာ အဓိကပါ။ ရေကြီးတာတွေ တနိုင်ငံလုံး အနှံ့ ကြုံခဲ့ရတုန်းက မြန်မာ အစိုးရ အနေနဲ့ နိုင်ငံတကာ အကူအညီကို လျင်လျင်မြန်မြန်ပဲ တောင်းခံ ခဲ့ပြီး အတူတကွ ပူးပေါင်းဆောင်ရွက်တာကို တွေ့မြင် ခဲ့ရပါတယ်။ ဒီတော့ အခုနှစ်တွေ အတွင်း လူသားချင်း စာနာ နားလည်မှု ဆိုင်ရာ အထောက်အပံ့တွေ ပေးရေးမှာ နိုင်ငံတကာနဲ့ မြန်မာ အကြား ဆက်ဆံရေးတွေ တိုးတက် လာခဲ့တာ အပါအဝင် အခြေအနေတွေ ပြောင်းလဲလာပါတယ်။

မြန်မာ အစိုးရ ကိုယ်နှိုက် စွမ်းဆောင်နိုင်ရည်တွေ တိုးမြင့် လာတာကိုလည်း တွေ့ရပါတယ်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာ ချထားရေး ဝန်ကြီး ဌာန အပါအဝင် တခြား အစိုးရ ဌာနတွေ အနေနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နိုင်စွမ်း တိုးမြင့်ဖို့ လုပ်ဆောင်လာတာ တွေ့ရပါတယ်။ အရေးပေါ် အခြေအနေတွေမှာ တုံ့ပြန်ရေး လုပ်ငန်းတွေကို ကွပ်ကဲမယ့် ရုံးတွေကို နေပြည်တော် အပါအဝင် တခြား နေရာတွေမှာ ဖွင့်လှစ် ထားရှိလာပါတယ်။ ဘယ်လို သဘာဝ ဘေးမျိုး ကြီးကြီးမားမား ကြုံလာရရင် ကုလသမဂ္ဂ အဖွဲ့တွေ အနေနဲ့လည်း ကူညီဖို့ အသင့် ရှိနေပါတယ်။