ငလျင်ဒဏ်အဆိုးဆုံးခံရပြီး လူထောင်ချီသေဆုံးခဲ့တဲ့ မန္တလေးမြို့ ဘာဆက်ဖြစ်နေလဲ

မြန်မာမှာ စစ်ကိုင်းပြတ်ရွေ့ကြောင့် ပြင်းအား ၇ ဒသမ ၇ ရစ်ချ်တာစကေး အဆင့်ရှိတဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့တာ ဧပြီ ၄ ရက်မှာ သီတင်းပတ် တစ်ပတ်ပြည့်ပါပြီ။

မန္တလေးတိုင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီး တစ်ပတ်ပြည့်တဲ့အထိ ပြိုကျအဆောက်အဦတွေကြားထဲမှာ အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ထုတ်နေဆဲဖြစ်သလို ပိတ်မိသေဆုံးခဲ့သူတွေကိုလည်း တွေ့ရှိနေဆဲဖြစ်ပါတယ်။

မန္တလေးမြို့အတွင်းက နေရာတချို့မှာ ပြိုကျအဆောက်အဦတွေကို ရှင်းလင်းရေး စလုပ်နေပေမယ့် တချို့နေရာတွေမှာတော့ အဆောက်အဦတွေကို ရှင်းလင်းဖယ်ရှားပြီး ရှာဖွေမှာကို လက်မခံတာကြောင့် ပိတ်မိနေတဲ့သူတွေကို တစ်ပတ်ပြည့်တဲ့အထိ ထုတ်လို့မရသေးပါဘူး။

လူအများအပြားပိတ်မိနေသေးတယ်လို့ ပြောဆိုချက်တွေရှိတဲ့ မန္တလေးက ဂရိတ်ဝေါလ်ဟိုတယ်ထဲမှာတော့ ပိတ်မိနေသူတွေကို ငလျင်လှုပ်ခတ်ခဲ့တာ တစ်ပတ်ပြည့်တဲ့အထိ ကယ်ဆယ်နိုင်တာမရှိသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

ဂရိတ်ဝေါလ်ဟိုတယ်ရဲ့ကယ်ဆယ်ရေးဘာဆက်ဖြစ်

မတ် ၂၈ ရက် အင်အားပြင်းငလျင်ကြီးလှုပ်ပြီး နောက်တစ်နေ့မှာပဲ အလုံးလိုက်နီးပါး ယိုင်လဲပြိုကျခဲ့တဲ့ မန္တလေးက ဂရိတ်ဝေါလ်ဟိုတယ်ကို ကယ်ဆယ်ရေးတွေ အမြန်ဆုံးရောက်ခဲ့ပါတယ်။

ဒါပေမဲ့ ကယ်ဆယ်ရေးအဖွဲ့ ထင်သလောက်လုပ်ကိုင်ခွင့်မရခဲ့တဲ့ ဂရိတ်ဝေါလ်ဟိုတယ်မှာ တစ်ပတ်ပြည့်တဲ့အထိ ပိတ်မိနေတဲ့သူတွေ ရှိနေသေးတယ်လို့ ပိတ်မိနေသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

ဟိုတယ် ပြိုကျပြီးတစ်ပတ်မပြည့်ခင်မှာတော့ ဟိုတယ်ထဲ ပိတ်မိနေသူတွေကို ကယ်ဆယ်ပေးဖို့ မိသားစုဝင်တွေ ငိုကြွေးတောင်းဆိုနေတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်ကတဆင့် ပျံ့နှံ့ခဲ့ပါတယ်။

ဂရိတ်ဝေါလ်ဟိုတယ်ကို ငလျင်လှုပ်ပြီးနောက်တစ်နေ့ မတ် ၂၉ ရက်မှာပဲ မီးသတ်တပ်ဖွဲ့အပါအဝင် ရုရားနဲ့ တရုတ်ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာခဲ့ပြီး ကယ်ဆယ်ရေးတွေ စတင်ခဲ့ပါတယ်။

မတ် ၃၁ ရက် ညပိုင်းမှာတော့ ဟိုတယ်က တာဝန်ရှိသူတချို့ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းစဉ်တချို့ ရပ်တန့်ခဲ့ရတာလို့ ပိတ်မိနေသူတချို့ရဲ့ မိသားစုဝင်တစ်ဦးဖြစ်တဲ့ မယင်းမာက ပြောပါတယ်။

"မတ် ၃၁ ရက် ညပိုင်းကနေ ဧပြီ ၃ ရက်အထိ တစိတ်တပိုင်းရပ်တန့်သွားတာ" လို့ သူကဆိုပါတယ်။

ငလျင်လှုပ်ချိန် မယင်းမာရဲ့ ကလေးငယ် ၂ ဦးအပါအဝင် မိသားစုဝင် ၄ ဦးက ဟိုတယ်ထဲမှာ ကျန်နေခဲ့ပြီး မယင်းမာကတော့ အဆောက်အဦပြိုကျချိန် အပြင်တစ်နေရာရောက်နေတာကြောင့် အန္တရာယ်ကနေ လွတ်ခဲ့တယ်လို့ သူက ရှင်းပြပါတယ်။

လူအများပိတ်မိနေတဲ့ရက် ကြာလာတာကြောင့် အဆောက်အဦကို ဖြိုချခွင့်ပေးဖို့ မိသားစုဝင်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက တောင်းဆိုပေမယ့် ဟိုတယ်ရဲ့ တာဝန်ရှိသူတချို့က ကန့်ကွက်ခဲ့တယ်လို့ သူက ဆိုပါတယ်။

"ဟိုတယ်က ခွင့်မပြုတာမဟုတ်ဘဲ နိုင်ငံတော်က ခွင့်မပြုတာ"လို့ ဟိုတယ်ဘက်က တုံ့ပြန်တဲ့အကြောင်း မယင်းမာက သူကြားသိထားတာကို ပြောပါတယ်။

နိုင်ငံတော်လို့ ပြောပေမဲ့ ဘယ်အဆင့် အာဏာပိုင်တွေလဲဆိုတာကိုတော့ တိတိကျကျသိရတာမရှိသလို ဘာကြောင့် ခွင့်မပြုတာလဲဆိုတဲ့ အကြောင်းအရင်းကိုလည်း သိရတာမရှိပါဘူး။

အလားတူ မတ် ၂၈ ရက်က ဟိုတယ်မှာ တည်းခိုခဲ့တဲ့ ဧည့်သည်စာရင်းကိုလည်း ဟိုတယ်တာဝန်ရှိသူတွေက ထုတ်မပေးဘူးလို့ သူက ဆက်ပြောပါတယ်။

တစ်ဖက်မှာလည်း ကယ်ဆယ်ရေးလုပ်ငန်း မြန်ဆန်အောင် ဟိုတယ်အဆောက်အဦ ဒီဇိုင်းပုံကို ဟိုတယ်ရဲ့ တာဝန်ရှိသူတွေဆီကို တောင်းခဲ့ပေမယ့် ၃ ဖက်မြင်(3D) အခန်းပုံတချို့သာပြပြီး ဒီဇိုင်းပုံကိုတော့ ထုတ်မပေးဘူးလို့ မြေပြင်မှာ ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောပါတယ်။

အဆောက်အဦ ဒီဇိုင်းပုံဟာ အဆောက်အဦ တည်ဆောက်ပုံနဲ့ အခန်းဖွဲ့စည်းပုံတွေကို စနစ်တကျ ဆွဲထားတာကြောင့် လေ့ကျင့်သင်ကြားထားတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေအတွက် အဲဒီပုံရတာနဲ့ ကယ်ဆယ်မယ့်လမ်းကြောင်း၊ ဖြိုချမယ့်နေရာတွေကို အမှတ်အသားလုပ်လို့ရတယ်လို့ အင်ဂျင်နီယာတစ်ဦးက ထောက်ပြပါတယ်။

"အဆောက်အဦတစ်ခုက ခိုင်ခံ့မှုရှိမရှိ၊ အရည်အသွေးပြည့်မီမှုရှိမရှိ ဒီဇိုင်းပုံကို ကြည့်ရင် သိနိုင်တယ်"လို့ သူက ဆိုပါတယ်။

ဒီဇိုင်းပုံတစ်ခုအပေါ်မှာ အရည်အသွေး QC(ကျူစီ) လို့ခေါ်တဲ့ အရည်အသွေးပိုင်းဆိုင်ရာ စစ်ဆေးပြီးကြောင်း တာဝန်ခံထားတဲ့သူရဲ့ လက်မှတ်ပါသလို ဆောက်လုပ်ခွင့်ပြုခဲ့တဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ တာဝန်ရှိတဲ့သူ နာမည်၊ လက်မှတ်တွေလည်း ပါတယ်လို့ သူက ရှင်းပြပါတယ်။

ဒါပေမဲ့ မန္တလေးမြို့ခံ ဗိသုကာပညာရှင်တစ်ဦးကတော့ ပြိုလက်စအဆောက်အဦကို ထပ်ဖြိုချဖို့ဆိုတာ မလွယ်ကူဘူးလို့ ထောက်ပြပါတယ်။

ဂရိတ်ဝေါလ်ဟိုတယ်ရဲ့ ကားလမ်းတစ်ဖက်ခြမ်းမှာ ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တွေရှိတာကြောင့် အဆောက်အဦကို ဖြိုချတဲ့အခါ အပျက်အစီးတွေက ကားလမ်းကိုကျော်ပြီး တဖက်က လူနေအိမ်တွေကို ထိခိုက်စေနိုင်တယ်လို့ သူကဆိုပါတယ်။

"အကုန်လုံးက ငလျင်ဒဏ်ခံထားရတာ၊ ဖြိုချတာ လွဲချော်ရင် တခြားအသက်တွေပါ ထိခိုက်သွားနိုင်တယ်" လို့ သူက ရှင်းပြထားပါတယ်။ ဒါပေမဲ့ တစ်ပတ်ပြည့်တဲ့ (ဧပြီ ၄ ရက်)မှာတော့ ဂရိတ်ဝေါလ်ဟိုတယ်ကို ရှာဖွေရေးနဲ့ ရှင်းလင်းရေး‌တွေ ဆက်လုပ်နေပြီလို့ ပိတ်မိသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

ပိတ်မိတဲ့သူတွေထဲက အသက် ၇၀ အရွယ် သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးကို ဧပြီ ၄ ရက် မနက်ပိုင်းမှာပဲ အသက်ရှင်လျက် ကယ်ထုတ်ထားနိုင်တယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

"ဆေးရုံအရေးပေါ်အခန်းမှာ ကုသပေးနေတယ်။ မိသားစုဝင်တွေနဲ့တော့ တွေ့ခွင့်မပေးသေးဘူး" လို့ သူက ဆိုပါတယ်။

ဒါ့အပြင် နောက်ထပ် အသက်ရှင်ကျန်တဲ့ အမျိုးသမီးတစ်ဦးကိုလည်း ရှာဖွေတွေ့ရှိထားပြီး ပိတ်မိနေတဲ့နေရာမှာပဲ အောက်ဆီဂျင်ပေးရင်း ကုသမှုတချို့ လုပ်ပေးနေတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောပါတယ်။

ငလျင်လှုပ်ပြီး တစ်ပတ်အကြာအထိ ဂရိတ်ဝေါလ်ဟိုတယ်ကနေ ကိုယ်ဝန် ၆ လရှိတဲ့ အမျိုးသမီးတစ်ဦးအပါအဝင် ၃ ဦးကယ်ထုတ်ထားနိုင်ပြီး ရုပ်အလောင်း ၂ လောင်းရှာဖွေတွေ့ရှိထားတယ်လို့ မြေပြင်က ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဂရိတ်ဝေါလ်ဟိုတယ်မှာ အဆောက်အဦ ၂ ခုရှိပြီး အထပ် ၈ ထပ်စီ ရှိပါတယ်။ ငလျင်ကြောင့် အဆောက်အဦးတစ်ခုရဲ့ အောက်ဆုံး ၂ ထပ် ရေပြင်ညီအတိုင်း မြေကြီးထဲ ပြိုကျကျွံဝင်ထားပါတယ်။

နောက်အဆောက်အဦတစ်ခုရဲ့ အောက်ဆုံး ၃ ထပ်ကတော့ တိမ်းစောင်းပြီး ကျွံဝင်ခဲ့တာဖြစ်ပါတယ်။

ငလျင်လှုပ်တာ တစ်ပတ်ပြည့်တဲ့ ဧပြီ ၄ ရက်မှာတော့ ၃ ထပ် အဆောက်အဦကို ရုရှားကယ်ဆယ်ရေးအဖွဲ့က စတင်ဖြိုချခဲ့ပါတယ်။

မြေအောက်ကို ၂ ထပ်အထိ ကျွံဝင်နေတဲ့ အဆောက်အဦကိုတော့ တရုတ်ကယ်ဆယ်ရေးအဖွဲ့ကတာဝန်ယူထားပြီး ပိတ်မိနေတဲ့သူတွေ အသက်ရှင်ကျန်တာရှိ၊ မရှိ အသံလှိုင်းစက်ပစ္စည်းတွေနဲ့ ရှာဖွေပေးနေတယ်လို့ မယင်းမာက ပြောပါတယ်။

"ဆက်ကယ်ပေးရင်လည်း ကျေးဇူးတင်ရမှာပဲ၊ မကယ်ပေးတော့ရင်လည်း စိတ်ဆိုးစရာမရှိဘူး၊ အလောင်းမရဘဲနဲ့တော့ ရက်လည်မလုပ်နိုင်ဘူး" လို့ သူကပြောပါတယ်။

မြို့အနှံ့ မဖြန့်ကြက်နိုင်တဲ့ ကယ်ဆယ်ရေး

ငလျင်ကြောင့် ပြိုကျခဲ့တဲ့ မန္တလေးမြို့ထဲက နာမည်ကြီး အဆောက်အဦတချို့မှာပဲ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိနေပြီး မြို့ထဲက လူနေအိမ်အများစုနဲ့ တခြားအဆောက်အဦတွေမှာ ကယ်ဆယ်ရေးမလာလို့ မထုတ်နိုင်သေးတဲ့ အလောင်းတွေရှိနေတုန်းပဲလို့ မြို့ခံတွေက ပြောပါတယ်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကတော့ မန္တလေးမှာ ပြိုကျခဲ့တဲ့ Sky Villa ကွန်ဒိုနဲ့ Golden Country ဟိုတယ်အပါအဝင် ဘာသာရေးအဆောက်အဦ ၅ ခုထက်မနည်းမှာ ကယ်ဆယ်ရှင်းလင်းရေးတွေ ဆက်လုပ်နေတယ်လို့ ဓာတ်ပုံတွေနဲ့အတူ ဧပြီ ၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မြို့ခံတချို့ရဲ့ လူမှုကွန်ရက်အကောင့်တွေမှာတော့ ပြိုကျပိတ်မိသေဆုံးနေတဲ့အလောင်းတွေကနေ အနံ့တွေ ထွက်လာတာကြောင့် အနီးနားပတ်ဝန်းကျင်ကသူတွေ နေလို့မရဖြစ်နေတယ်လို့ ရေးသားထားကြပါတယ်။

ပိတ်မိနေတဲ့သူတွေကို ကယ်ထုတ်ဖို့နဲ့ အပျက်အစီးပုံတွေကို ရှင်းလင်းဖို့ ကယ်ဆယ်ရေးပစ္စည်းတွေက မလုံလောက်ဘူးလို့ ဘီဘီစီမေးမြန်းခဲ့တဲ့ လူမှုကူညီရေးအဖွဲ့ ၃ ဖွဲ့ထက်မနည်းက ပြောထားပါတယ်။

နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေဆီမှာ ပါလာတဲ့ စက်ပစ္စည်းကိရိယာတွေကိုပဲ အားကိုးနေရတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေက ဖွင့်ပြောပါတယ်။

"သူတို့(နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေ) လည်း အကန့်အသတ်ရှိနိုင်တယ်၊ အသုံးများတဲ့ပစ္စည်းမျိုးပဲ ပါလာကြတာ၊ ပစ္စည်းတစ်ခုလိုတိုင်း အဆင်သင့်မရှိဘူး" လို့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ပစ္စည်းကိရိယာလိုတိုင်း အချိန်ယူပြီးရှာနေရတော့ ပိတ်မိနေသူတွေကို အရေးပေါ်ကယ်ဆယ်ရမယ့် အချိန်တွေမှာ အဲဒီသူတွေအတွက် အသက်ရှင်ဖို့ အခွင့်အလမ်းပိုနည်းစေတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ဆိုပါတယ်။

မန္တလေးမှာ ငလျင်ဒဏ်ကြောင့် နာမည်ကြီး Sky Villa ကွန်ဒိုနဲ့ ဟိုတယ် ၁၀ လုံးထက်မနည်းအပြင် အခြားလူနေအိမ် ဆယ်နဲ့ချီ ပြိုကျပျက်စီးခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

မတ် ၂၈ ရက် က ပြင်းအားအဆင့် ရစ်ချ်တာစကေး ၇ ဒသမ ၇ နဲ့ အင်အားအလွန်ပြင်းထန်စွာလှုပ်ခတ်ခဲ့တဲ့ အဲဒီငလျင်ကြောင့် သေဆုံးသူ ၃,၁၄၅ ဦး ရှိလာပြီဖြစ်ပါတယ်။

မန္တလေးတိုင်းထဲမှာ ၂,၀၅၃ ဦးနဲ့ ငလျင်ကြောင့်သေဆုံးသူ အများဆုံးဒေသဖြစ်ခဲ့ပါတယ်။ မန္တ‌လေးတိုင်းထဲကမှ အမရပူရ မြို့နယ်မှာ ၃၁၁ ဦးနဲ့ အများဆုံး သေဆုံးခဲ့ကာ ပျော်ဘွယ်မှာတော့ ၂၃၃ ဦး သေဆုံးခဲ့ပြီး တခြားမြို့နယ်တွေမှာ ‌‌သေဆုံးသူ ၁၅၀၀ ‌‌ကျော်ရှိခဲ့ပါတယ်။