ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာ့ငလျင်- သေဆုံးစာရင်းတိုးပြီး ကူညီကယ်ဆယ်ရေးတွေ လိုအပ်နေဆဲ
မတ်လ ၃၁ ညနေပိုင်း စာရင်းတွေအရ ငလျင်ကြောင့် သေဆုံးသူ ၂၀၅၆ ဦးရှိလာပြီး ဒဏ်ရာရသူ ၃,၉၀၀ ကျော်နဲ့ ပျောက်ဆုံးသူ ၂၇၀ ကျော် ရှိနေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
မနေ့က တရားဝင်ထုတ်ပြန်တဲ့ စာရင်းတွေအရ သေဆုံးသူ ၁,၇၀၀ ကျော်ပဲရှိလို့ တစ်ရက်အတွင်း ၃၅၀ ကျော်တိုးလာတာ ဖြစ်ပါတယ်။
အလားတူ ဒဏ်ရာရသူကလည်း လူ ၅၀၀ ကျော်တိုးလာပါတယ်။
တဆက်တည်းမှာပဲ အကူအညီအမြောက်အများလည်း လိုအပ်နေဆဲဖြစ်ပါတယ်။
ငလျင်ဒဏ်သင့်ခဲ့သူတွေကို အသက်ကယ်ဆယ်ကုသရေးအတွက် အကူအညီငွေ ဒေါ်လာ ၈ သန်း အရေးပေါ် လိုအပ်နေတယ် လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ဒါဟာလာမယ့် ရက်ပေါင်း ၃၀ အတွင်း မရှိမဖြစ် လိုအပ်တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေအတွက်ပဲ ရှိသေးတာပါ။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာအသုံးပြုတဲ့ အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းတွေ လိုအပ်နေတယ်လို့ နိုင်ငံတကာကို စစ်ကောင်စီ သတင်းပြန်ကြားရေး တာဝန်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ် ၃၁ ရက်မှာ တောင်းဆိုလိုက်ပါတယ်။
လက်ရှိ မန္တလေးနဲ့ နေပြည်တော်မှာ ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့ ပြည်ပကူညီရေးအဖွဲ့အစည်းတွေ၊ ပြည်တွင်းကယ်ဆယ်ရေးအဖွဲ့တွေနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံအပြီးမှာ ဒီလိုအပ်ချက်တွေကို သိရှိခဲ့ရတာ ဖြစ်ပါတယ်။
စစ်သုံးစရိတ်နဲ့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသုံးစရိတ်
မြန်မာနိုင်ငံမှာ မတ် ၂၈ ရက် နေ့လယ် ကစလို့ ရစ်ခ်တာစကေး ၇ ဒသမ ၇ အင်အားရှိ ပြင်းအားပြင်း ငလျင်လှုပ်ခတ်ပြီးတဲ့နောက် မတ် ၃၁ ရက်အထိ နောက်ဆက်တွဲငလျင်ပေါင်း ၄၁ ကြိမ် လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ခဲ့ပါတယ်။
မတ် ၂၈ ရက် ငလျင်ကြီး လှုပ်ခတ်ပြီးချိန်ကစလို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနနဲ့ ပရဟိတလူမှုကူညီရေးအဖွဲ့တွေက ကူညီကယ်ဆယ်ရေးတွေ စတင်လုပ်ဆောင်ခဲ့ပါတယ်။
ပြိုကျပျက်စီးသွားတဲ့ အဆောက်အဦတွေထဲမှာ အသက်ရှင်သန် ပိတ်မိသူတွေ၊ သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကို ရယူဖို့ ကြုံသလို၊ ရသလို အခွင့်အရေးတွေနဲ့ လုပ်ဆောင်ခဲ့ကြရပါတယ်။
" တတ်နိုင်တဲ့ အကာကွယ်တွေ ဝတ်ဆင်ထားပေမဲ့ ပြိုကျတဲ့ မာကြောတဲ့ အုတ်တွေ၊ အင်္ဂတေတွေ ၊ သံချောင်းတွေ ဖယ်ထုတ်နေတာ မြင်ရမှာပါ။ သူတို့မှာ ဘာလက်အိတ်မှ စွပ်ထားတာ မတွေ့ရပါဘူး။ အကာအကွယ် ဦးထုတ် မပါပါဘူး။ ဒါနဲ့ ပတ်သက်ပြီး နိုင်ငံတကာက တတ်နိုင်သမျှ အကူအညီပေးပါ"လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖျက်အားပြင်း ငလျင်ဒဏ်ခံရပြီး ၄ ရက်အကြာ မတ် ၃၁ ရက်မှာ နိုင်ငံတကာကို အကူအညီတောင်းလာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ စစ်ကောင်စီဟာ စစ်အသုံးစရိတ်ကို ကျပ်ဘီလီယံ ၅၆၀၀ ကျော် သတ်မှတ်ခဲ့ပါတယ်။
ငလျင်ဒဏ်မကြုံရခင် ရက်ပိုင်းအလို ၂၀၂၅ ခုနှစ် မတ် ၂၄ ရက်မှာ ကျင်းပတဲ့ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်အစည်းအဝေးမှာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် စစ်သုံးစရိတ် ထပ်တိုးမြှင့်ထားတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့ပေမဲ့ ဘယ်လောက်တိုးမြှင့်ထားတယ်ဆိုတာတော့ မသိရပါဘူး။
ကြိုတင်မမျှော်မှန်းနိုင်တဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ နေရပ်စွန့်ခွာပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စတွေအတွက် အရေးပေါ် ရန်ပုံငွေကို ငွေကျပ် ဘီလီယံ ၂၀၀ ကို အဲဒီအစည်းအဝေးမှာ ခွင့်ပြုခဲ့ပါတယ်။
ငလျင်ဒဏ်ခံစားရတဲ့ ပြည်သူတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ချိန်မှာတော့ လိုအပ်တဲ့ အကာအကွယ် ပစ္စည်းတွေအပြင် ပြန်လည်ထူထောင်ရေးတွေအတွက်ပါ နိုင်ငံတကာကို အကူအညီတောင်းလာတာ ဖြစ်ပါတယ်။
အပျက်အစီးပုံအောက်မှာ ရက်တွေကြာလာ
ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးတဲ့ အဆောက်အဦတွေကြားက အသက်ရှင်ကျန်သူတွေကို ကယ်တင်ရမယ့် ရက်တွေဟာ ၄ ရက်မြောက်ရောက်လာပြီဖြစ်တဲ့အတွက် မျှော်လင့်ချက်တွေ တဖြည်းဖြည်းနည်းပါးလာ တယ်လို့ ငလျင်ဒဏ်သင့် ပြည်သူတွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေက ပြောကြပါတယ်။
ငလျင်ဒဏ်ကြောင့် အဆောက်အဦပြိုကျ ပျက်စီးတဲ့အထဲ ရောက်ရှိသွားသူတွေအတွက် အသက်ရှင်ကျန်နိုင်တဲ့ ရာခိုင်နှုန်းဟာ ၂၅ နာရီအတွင်းမှာ ၅၀ ရာခိုင်နှုန်း၊ ၃၆ နာရီကနေ ၄၈ နာရီအတွင်းမှာ ၃၀ ရာခိုင်နှုန်းနဲ့ ၇၂ နာရီ အထိဆို ၁၀ ရာခိုင်နှုန်းသာ ရှိတယ်လို့ သဘာဝဘေးအန္တရာယ် ကူညီရေးတွေမှာ လုပ်ကိုင်ပေးတဲ့ အတွေ့အကြုံ ၁၂ နှစ်ကျော်ရှိတဲ့ မေတ္တာသင်္ဂဟ နာရေးကူညီမှုအဖွဲ့က ဦးမင်းဒင်က ပြောပါတယ်။
ထိခိုက်ပျက်စီးပြီး လူသေဆုံးမှုများတဲ့ စစ်ကိုင်းမြို့မှာလည်း အရင်ရက်တွေက ရှိတဲ့ မြို့နယ်ထဲမှာ ရှိတဲ့ အဖွဲ့အစည်းတွေနဲ့ တတ်နိုင်သလောက် ကယ်တင်ခဲ့ကြပါတယ်။
လမ်းတွေပျက်စီးတာ၊ တံတားတွေ ပျက်စီးတာကြောင့် ကူညီကယ်ဆယ်ရေးမှာ လိုအပ်တဲ့ စက်ယန္တရားတွေလည်း ချက်ချင်း ရောက်မလာနိုင်ကြပါဘူး။
မတ် ၃၀ ရက် ညနေပိုင်းမှာတော့ မလေးရှားနိုင်ငံက ကူညီကယ်ဆယ်ရေးအဖွဲ့တွေ စတင်ရောက်ရှိပြီး မတ် ၃၁ ရက် မနက်ပိုင်းကစလို့ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်နေကြပြီလို့ ကယ်ဆယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။
ဒါပေမဲ့လည်း အသက်ရှင်ကျန်သူတွေ မရှိသလောက်ဖြစ်သွားပြီး သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကိုသာ ရှာဖွေဖို့ဖြစ်လာပြီလို့လည်း ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။
ဒီနေ့မှာတော့ ပုဂ္ဂလိက ကူညီပေးချင်သူတွေက စက်ယန္တရားတွေနဲ့ လာကူညီတာတွေ ရှိလာပါပြီ။
"ပိနေတဲ့ နေရာတွေကို ဘတ်ဟိုးတွေနဲ့ အင်အားသုံးပြီး ဖယ်နေတာပေါ့လေ။ အသက်ရှင်ရက်တော့ ပြန်မတွေ့တော့ဘူးပေါ့။ အဲဒီတော့ ပိသွားလို့ သေဆုံးသူတွေကိုပဲ ဦးစားပေးရှာဖို့ ဖြစ်သွားတာပေါ့။ တချို့ အလောင်းတွေက ထုတ်မရသေးတာရှိသေးတယ်။ အဲဒီနေရာတွေဆို အနံ့တွေ ထွက်နေပြီ"လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူက ပြောပါတယ်။
စစ်ကိုင်းမြို့ထဲမှာ မကယ်ထုတ်နိုင်သေးတဲ့ မြတ်ကိုယ်ပိုင် အထက်တန်းကျောင်းက ကျောင်းအုပ်နဲ့ ကျောင်းသား ၃ ယောက်၊ နွေရာသီ ဓမ္မစကူး ဖွင့်ထားတဲ့ လေးကျွန်းမြေ အုတ်ကျောင်းက ခန့်မှန်း ကျောင်းသား ၂၅ ယောက်တို့ ရှိတဲ့ နေရာတွေမှာလည်း အနံ့အသက်တွေ ထွက်လာပြီလို့ ဒေသခံတွေက ပြောပါတယ်။
ပျော်ဘွယ်မြို့မှာဆိုရင်လည်း စင်ကာပူနိုင်ငံက ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ နဲ့ ရှာဖွေရေး ခွေး နှစ်ကောင် မတ် ၃၀ ရက် နေ့လယ် ၂ နာရီက ရောက်လာကြပါတယ်။
ကမ္ဘောဇဘဏ်ဝန်ထမ်း ၉ ယောက် နဲ့ ဘဏ်သုံးစွဲသူ အပါအဝင် ၁၄ ယောက် ဝန်းကျင်ကို ကယ်ထုတ်ဖို့ ရှိနေတာပါ။
"စင်ကာပူ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက သူတို့ ဆန်းစစ်ပြီးတဲ့နောက်မှာ အသက်ရှင်ကျန်တဲ့သူ မရှိတော့ပါဘူးလို့ အတည်ပြုသွားတဲ့အတွက် စက်ယန္တရားတွေသုံးပြီး သေဆုံးသူတွေကို ပြန်ထုတ်ဖို့ ကြိုးစားနေပါတယ်။ အနံ့တွေတော့ ထွက်နေပြီပေါ့" လို့ ပျော်ဘွယ်မီးသတ်ဦးစီးဌာန ၊ မီးသတ်ဦးစီးမှူးက ဘီဘီစီကို ပြောပါတယ်။
ငါးထပ်အမြင့်ရှိတဲ့ ကမ္ဘောဇဘဏ်ဟာ ဗွီပုံစံလိုမျိုး ပြိုကျပျက်စီးသွားပြီး မြေညီထပ်နဲ့ ပထမထပ်မှာ ပိပြီး ပိတ်မိသူများတာကြောင့် ရှာဖွေဖို့ ခက်ခဲနေတာဖြစ်ပါတယ်။
ပြိုကျပျက်စီးတဲ့ ကမ္ဘောဇဘဏ်ကနေ လူတွေကို ကယ်ဆယ်ရင်း မီးသတ်တပ်ဖွဲ့ဝင်တွေ ရှာတွေတဲ့ ငွေကျပ် သိန်း ၁၅၀၀ ကျော်ကို ဘဏ်တာဝန်ရှိသူတွေကို ပြန်အပ်ခဲ့တယ်လို့လည်း သိရပါတယ်။
အလောင်းသယ်အိတ်တွေလည်း ဈေးတက်ပြီ
ငလျင်ဒဏ်ခံစားရသူတွေအတွက် တတ်နိုင်တဲ့ဘက်က ကူညီလှူဒါန်းပေးနေသူတွေ ရှိကြသလို ဖြစ်ပေါ်လာတဲ့ အခြေအနေကို အခွင့်အရေးယူပြီး ဈေးနှုန်းမြှင့်တင်လိုက်တာတွေလည်း ရှိကြပါတယ်။
သေဆုံးသူတွေကို ထည့်သွင်းသယ်ယူဖို့အတွက် မဖြစ်မနေ အသုံးလိုတဲ့ အလောင်းသယ်အိတ် စျေးတွေဟာ နှစ်ဆကျော် ခုန်တက်သွားပါတယ်။
အရင်က အလောင်းသယ်အိတ် တစ်အိတ်ကို ငွေကျပ် ကိုးထောင်ကနေ ငလျင်လှုပ်လို့ လူသေဆုံးမှု မြင့်တက်လာချိန်မှာ ငွေကျပ် တစ်သောင်းကနေ နှစ်သောင်းကြားအထိ ဈေးမြင့်တက်သွားတယ်လို့ ရန်ကုန်မြို့ မေတ္တာသင်္ဂဟ နာရေးကူညီမှုအဖွဲ့က ဦးမင်းဒင်က ပြောပါတယ်။
မေတ္တာသင်္ဂဟ နာရေးကူညီမှုအဖွဲ့ဟာ မန္တလေးနဲ့ စစ်ကိုင်းမြို့က လူမှုကူညီရေးအသင်းတွေဆီ အလောင်းသယ်အိတ်တွေကို ပြန်ဖြန့်ဝေပေးနေတာ ဖြစ်ပါတယ်။
"အသင်းအဖွဲ့တွေဆီရောက်ဖို့က တော်တော်ခက်ခဲနေတယ်။ အခုတော်တော်လိုအပ်နေတာက အသင်းအဖွဲ့တွေမှာ အလောင်းသယ်အိတ်၊ လက်အိတ်၊ ပိုးသတ်ဆေးရည် လိုအပ်တာပေါ့နော်" လို့ ဦးမင်းဒင်က ပြောပါတယ်။
ရက်ပိုင်းလောက်ကြာပြီဖြစ်တဲ့အတွက် သေဆုံးသူတွေရဲ့ ခန္ဓာကိုယ်တွေဟာ ယိုယွင်းပျက်စီးလာပြီဖြစ်ပါတယ်။
အဲဒီကနေတဆင့် ရောဂါပိုးတွေ မကူးစက်အောင်လည်း အလောင်းသယ်အိတ်တွေက အရေးပါတဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။
"ခန္ဓာကိုယ်က ၃၊ ၄ ရက်ကြာပြီဆိုတော့ ပျက်စီးပြီလေ၊ ဒီတော့ ဒါတွေကို မဖိတ်စင်အောင် အလောင်းသယ်အိတ်တွေက မဖြစ်မနေ လိုအပ်တယ်"လို့ ပျော်ဘွယ်မီးသတ်ဦးစီးမှူးကလည်း ပြောပါတယ်။
လူရာချီသေဆုံးတဲ့ စစ်ကိုင်းမှာလည်း သေဆုံးသူတွေကို ထည့်သွင်းဖို့အတွက် အလောင်းသည်အိတ်တွေ အနည်းငယ်သာ ကျန်တော့တာကြောင့် အလှူရှင်တွေရဲ့ အကူအညီတွေ ယူနေရတယ်လို့လည်း ကယ်ဆယ်ရေးလုပ်ဆောင်သူတွေက ပြောပါတယ်။
ရှမ်းပြည်နယ်၊ အင်းလေးဒေသမှာလည်း သေဆုံးသူ ၉၀ ကျော်ရှိခဲ့ပြီး အလောင်းထည့်အိတ်တွေ မလုံလောက်တာ၊ ဈေးနှုန်း သုံးဆလောက် မြင့်တက်သွားတာကြောင့် အလှူရှင်တွေက ကူညီပေးခဲ့ကြတယ်လို့ အရုဏ်ဦးအဖွဲ့က ပြောပါတယ်။
လူသေဆုံးမှု များပြားတဲ့ကာလမှာ အလောင်းသယ်အိတ်တွေ ဈေးတင်ရောင်းတာ၊ လိုအပ်ချက်တွေ များတာကြောင့် ရန်ကုန်မြို့ ပလတ်စတစ်စက်ရုံတစ်ရုံက ပလတ်စတစ်အိတ်တွေ အခမဲ့ပေးမယ်လို့ ကြေညာထားပါတယ်။
"အိတ်ချုပ်ရင် အချိန်မမီမှာစိုးလို့ ပလက်စတစ်အလိပ်တွေ လိုသလိုဖြတ်သုံးလို့ရအောင်ပေးတာပါ။ အခု အကူအညီ တောင်းတဲ့ ဖုန်းခေါ်လာတာ အကြိမ် ၁၀၀ လောက်ရှိပါပြီ" လို့ ဒေါ်မြသန်းနဲ့သားများ ပလက်စတစ် စက်ရုံပိုင်ရှင်က ဘီဘီစီကို ပြောပါတယ်။
လတ်တလော ရန်ကုန်က စက်ရုံကိုလာယူသူတွေကို ရှိသလောက် ထုတ်ပေးနေပြီး စစ်ကိုင်းနဲ့မန္တလေး ဘက်ကို မနက်ဖြန် ကားဂိတ်သွားချပေးမယ်လို့ သူကပြောပါတယ်။
လိုအပ်ချက်တွေ မြင်းမားနေဆဲ
ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ငလျင်ဒဏ်ခံရတဲ့ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ နေပြည်တော် အပါအဝင် မြို့နယ်တော်တော်များများမှာ လျှပ်စစ်မီး ပြတ်တောက်တာတွေက ၄ ရက်ကြာခဲ့ပြီ ဖြစ်ပါတယ်။
မိသားစု ဆုံးရှုံးရတာ၊ နေအိမ်ပျက်စီးတာ၊ နောက်ဆက်တွဲ ငလျင်ဒဏ်တွေကို စိုးရိမ်ရတာတွေကြောင့် လူတွေမှာလည်း ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်ခံစားနေကြရတယ်လို့လည်း ကူညီပေးရေး အဖွဲ့တွေက ပြောကြပါတယ်။
"အခုချိန်မှာ အသက်ရှင်ကျန်သူတွေအတွက်လည်း တော်တော်ထိခိုက်ခံစားကြရတယ်။ ညဘက်ဆိုလည်း အိပ်ကောင်းခြင်း မအိပ်ရ၊ နေ့ဘက်ဆိုလည်း စားသောက်ဖို့ဆိုတာ အသက်ရှင်ရုံပဲ စားနိုင်ကြတော့တယ်။ ရေပြတ်၊ မီးပြတ်နဲ့ မသေထမင်း မသေဟင်းပဲ"လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် မန္တလေးနဲ့ အနီးဝန်းကျင်က တံတားဦးနဲ့ အင်းဝမှာဆိုရင်လည်း လူသေဆုံးတာတွေ ရှိပေမဲ့ အကူအညီပေးရေးတွေ မရောက်ဘူး ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တံတားဦးမြို့နယ်မှာဆိုရင် မြို့နယ်တွင်း ကယ်ဆယ်ရေးအဖွဲ့တွေကသာ တနိုင်တပိုင် မြေတူးစက်တွေငှားပြီး ရှာဖွေနေကြရပါတယ်။
"မိသားစုလိုက် သေဆုံးတာတွေလည်းပါတယ်။ အခုကတော့ ပိတ်မိနေသူတွေလည်း သေလောက်ပါပြီ။ အခုဆို ပုပ်နံ့တွေထွက်နေကြပြီ၊ ကျွန်မတို့အိမ်လည်း ပျက်စီးသွားတော့ ဘုန်းကြီးကျောင်းမှာ နေရတယ်"လို့ တံတားဦးမြို့နယ် ဒေသခံအမျိုးသမီးက ပြောပါတယ်။
အင်းဝဘက်မှာဆိုလည်း ရှေးဟောင်းဘုရား စေတီတွေ တော်တော်များများ ထိခိုက်သလို နေအိမ်တွေလည်း ထိခိုက်ပျက်စီးကြပါတယ်။
"အင်းဝဘက်မှာလည်း ကိုယ်ထူကိုယ်ထ လာကူတဲ့ အဖွဲ့တွေပဲ ရှိတယ်။ အသေအပျောက်များတယ်"လို့လည်း အင်းဝဒေသခံက ပြောပါတယ်။
တံတားဦး၊ အင်းဝ၊ စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်၊ နေပြည်တော် စတဲ့ မြို့ခံတွေကို ဘီဘီစီက ဆက်သွယ်မေးမြန်းတဲ့အခါ အားလုံးတူညီတဲ့အချက်က လျှပ်စစ်မီး မရတဲ့အတွက် သောက်သုံးရေတွေပါ အခက်အခဲ ဖြစ်နေကြတယ်လို့ ပြောကြပါတယ်။
"ငလျင်လှုပ်လို့ အိမ်တွေပြိုကျချိန်မှာ ဒဏ်ရာ ကြီးကြီးမားမား မရလို့ ဆေးရုံမသွားဖြစ်ဘဲ အိမ်မှာပဲ ကိုယ့်ဘာသာ ကုနေရတာတွေရှိတယ်၊ အခုက ဆေးတွေလည်း ဈေးတက်တယ်၊ ဆေးခန်းတွေလည်း မဖွင့်ကြတော့ တော်တော်ခက်ခက်ခဲခဲ ဖြစ်နေတာ"လို့ မန္တလေး မြို့ခံက ပြောပါတယ်။
အင်းလေးဒေသမှာလည်း အရင်ကတည်းက ရေရှားပါးတဲ့ ဒေသဖြစ်တာကြောင့် အခုဆိုရင် သောက်သုံးရေ လိုအပ်ချက်လည်း ပိုမြင့်လာသလို ဆေးဝါးဈေးနှုန်းတွေလည်း တက်လာတယ်လို့ အာရုဏ်ဦးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
"ပါရာစီတမော အကိုက်အခဲပျောက်ဆေးဆို အရင်က ငွေ သုံးရာကနေ ရှစ်ရာအထိ တက်သွားတယ်"လို့ သူက ပြောပါတယ်။
ငလျင်ဒဏ်သင့်ထားတဲ့ စစ်ကိုင်းမြို့မှာ ဆိုရင်လည်း"ပိုက်ဆံရှိတောင် ရောင်းမယ့်သူမရှိတာပါ။ အဓိက လိုနေတာ အစာနဲ့ရေပါပဲ" လို့ မြို့ခံတစ်ယောက်ကပြောပါတယ်။
မီးမလာတာနဲ့ တွင်းရေတွေပါ ပျက်စီးတာ၊ ရေသန့်စက်ရုံတွေ ပြိုကျတဲ့အထဲ ပါသွားတာတွေကြောင့် သောက်ရေကို ကူညီသူတွေ လာဝေမှ ရနိုင်ကြတာပါ။
"ဆေးရုံမှာလည်း လူနာတွေပုံနေသေးတယ်။ ဆေးဝယ်မရဘူး။ တချို့သွားရခက်တဲ့နေရာကဆို ဒဏ်ရာရလည်း ဆေးမရှိလို့ ဒီတိုင်းနေနေရတယ်" လို့ စစ်ကိုင်းမြို့ပေါ်နေသူက ပြောပါတယ်။
စစ်သုံးစရိတ် တိုးမြှင့်ထားတဲ့ စစ်ကောင်စီကတော့ ထိခိုက်ပျက်စီးတာတွေနဲ့ ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့လည်း နိုင်ငံတကာကို အကူအညီတောင်းထားပါတယ်။