ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်ကိုင်း ပြတ်ရွေ့ကြော ကို လေ့လာမယ်
နိုဝင်ဘာ ၁၅ ရက်နေ့စတင်ပြီး စစ်ကိုင်း ပြတ်ရွေ့ရဲ့ မန္တလေး အမရပူရကနေ နေပြည်တော် အပိုင်းကို မြန်မာနိုင်ငံ မြေငလျင် ကော်မတီ၊ မြေတိုင်း ဦးစီးဌာနနဲ့ စင်္ကာပူအခြေစိုက် ကမ္ဘာမြေ စောင့်ကြည့် လေ့လာရေး အဖွဲ့တို့ ပူးပေါင်း လေ့လာမှာ ဖြစ်ပါတယ်။
၂၀၁၂ မှာ သပိတ်ကျင်း မြေငလျင် လှုပ်ခဲ့တာကလွဲရင် စစ်ကိုင်းပြတ်ရွေ့ ကြော ကျန်တဲ့ အပိုင်းက မလှုပ်ခဲ့သလောက် ဖြစ်နေတဲ့ အတွက် ရွေးချယ် လေ့လာရတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ မြေငလျင် ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မျိုးသန့်က ရှင်းပြပါတယ်။
၁၈၃၉က ၁၉၅၆ အတွင်း လှုပ်ခတ်ခဲ့တဲ့ အင်း၀၊ ဆွာ၊ ပဲခူး၊ ဖြူး စစ်ကိုင်းငလျင်တွေက စစ်ကိုင်း ပြတ်ရွေ့ရဲ့ အစိတ်အပိုင်းတွေကနေ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီလိုလေ့လာရာမှာ စစ်ကိုင်း ပြတ်ရွေ့နဲ့ ဆက်နွယ်နေတဲ့ ချောက်မြို့နယ် အတွင်းမှာ ရှိနေတဲ့ ဂွေးချို နဲ့ ကဘော် ပြတ်ရွေ့တွေကိုပါ ပူးတွဲလေ့လာသွားဖို့ ရှိနေပါတယ်။
အတိတ်ကာလက လှုပ်ခဲ့တဲ့ ငလျင်တွေရဲ့ပြင်းအား၊ ဒီငလျင်တွေကြောင့် ရွေ့သွားတဲ့ အနည်အနှစ် တွေကို နည်းပညာတွေအသုံးပြုကာ လေ့လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြတ်ရွေ့တွေရဲ့ ရွေ့လျားမှုနှုန်း အလျား အနက်တွေကို တိုင်းတာမှာလည်း ဖြစ်ပါတယ်။
အခု စစ်ကိုင်း ပြတ်ရွေ့ လေ့လာမှုက တဆင့် နောင်အနာဂတ်မှာ လှုပ်ခတ်လာနိုင်မယ့် ငလျင်တွေကို ခန့်မှန်းနိုင်မယ့်အကြောင်းကို ဒေါက်တာ မျိုးသန့်က ပြောပါတယ်။
ဒါပေမဲ့ အနာဂတ်မှာ လှုပ်ခတ်မယ့် ငလျင်တွေကို မှန်မှန်ကန်ကန် ခန့်မှန်းဖို့ အကန့်အသတ်တွေ ရှိနေလို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဘေးတိုက် အထက်အောက် တွန်းတင်နေတဲ့ ပြတ်ရွေ့ အမြောက် အမြား ရှိနေပြီး ဒီအထဲမှာ စစ်ကိုင်း၊ ကဘော်၊ ဂွေးချို၊ အနောက် ပဲခူးရိုးမ၊ ကျောက်ကြမ်း၊ နမ့်ပွန်၊ မိုးမိတ်၊ နမ့်မ စတဲ့ ပြတ်ရွေ့တွေက ထင်ရှားတယ်လို့ သူက ရှင်းပြပါတယ်။
၂၀၁၆ မတ်လကလည်း မြန်မာနိုင်ငံ တဝန်း တက္ကသိုလ် ဘူမိဗေဒဌာနက ငလျင် အကြောင်း သုတေသန လုပ်ဆောင်နေတဲ့ ဆရာ ဆရာမတွေ၊ မြေငလျင် ကော်မတီနဲ့ စင်ကာပူ အခြေစိုက် ကမ္ဘာမြေ စောင့်ကြည့် လေ့လာရေး အဖွဲ့တို့ ပူးပေါင်းပြီး စစ်ကိုင်းမြို့ ပတ်ဝန်းကျင်မှာ လေ့လာခဲ့ကြပါတယ်။