ငလျင်ဘေးသင့် မြန်မာပြည်သူတွေအတွက် ၀မ်းနည်းကြောင်း ချားလ်စ်ဘုရင် သတင်းစကားပါး

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၁၈၆ နှစ်အတွင်း အဆိုးရွားဆုံး ငလျင်ဒဏ် ကြုံခဲ့ရပြီးနောက် ငလျင်ဒဏ် ခံခဲ့ရတဲ့ ပြည်သူတွေ အတွက် ဝမ်းနည်းကြောင်း ဗြိတိန်က ချားလ်စ် ဘုရင်ကြီးက သတင်းစကားပါးလိုက်ပါတယ်။

ချားလ်စ် ဘုရင်ကြီးနဲ့ သူ့ကြင်ယာတော် ဘုရင်မ တို့ဟာ လူပေါင်း ၁၆၀၀ ကျော် သေဆုံးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အံ့သြ တုန်လှုပ်ခဲ့ရပြီး မြန်မာပြည်သူတွေ အတွက် ဝမ်းနည်း စိတ်မကောင်း ဖြစ်ရပါတယ်လို့ လူမှုကွန်ရက်မှာ ရေးပြီးဖော်ပြခဲ့ပါတယ်။

အိမ်ယာမြေ နဲ့ လူမှုဘဝတွေ အပြင် ချစ်ခင်မြတ်နိုးရတဲ့ မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေ သူငယ်ချင်း ဆုံးရှုံးရသူတွေအတွက် "အထူးပဲဝမ်းနည်း ကြေကွဲရပါတယ်" လို့ ဖော်ပြ ထားပါတယ်။

ဘုရင်ကြီးဟာ ကင်ဆာ ကုသမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ကုစားဖို့ အခု သီတင်းပတ် အစောပိုင်းကတည်းက လုပ်လက်စ တာဝန်တွေ ရပ်ဆိုင်းကာ ဆေးရုံတက်ခဲ့ရပြီး လက်ရှိမှာ Highgrove မှာရှိတဲ့ စံအိမ်မှာ နေထိုင်လျက် ရှိတယ်လို့ ယူဆရပါတယ်။

မြန်မာနိုင်ငံမှာ မနေ့ မတ်လ ၂၈ ရက်နေ့ နေ့လယ်ပိုင်းမှာ မန္တလေးမြို့နားကို ဗဟိုပြုပြီး ပြင်းအား ၇.၇ ရစ်ချ်တာ စကေးရှိတဲ့ ငလျင် လှုပ်ခတ်သွားခဲ့ပါတယ်။

အင်အားပြင်း ငလျင်ဒဏ်ကို မိုင်ပေါင်း ရာချီ အကွာမှာ ရှိတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ တရုတ် နိုင်ငံ၊ အိန္ဒိယနိုင်ငံ တို့မှာလည်း ခံစားခဲ့ရပါတယ်။

မြန်မာနိုင်ငံ အလယ်ပိုင်း စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ အဆောက်အအုံတွေ ပြိုကျပြီး ပုထိုး စေတီတော်တွေလဲ မြေခမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ပါတယ်။

မြန်မာအာဏာပိုင်တွေ ထုတ်ပြန်ချက် အရ လတ်တလော အချိန်အထိ သေဆုံးသူပေါင်း ထောင့်ခြောက်ရာကျော်ပြီး နှစ်ထောင့် သုံးရာကျော် ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။

"ကျွန်တော့် မိန်းမနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံက ငလျင်သတင်းကြောင့် အကြီးအကျယ် တုန်လှုပ်ပြီး စိတ်မကောင်း ဖြစ်ရပါတယ်၊ လူအမြောက်အမြား သေဆုံးပြီး အိုးအိမ်၊ တိုက်တာ အဆောက်အုံတွေ အကြီးအကျယ် ပျက်စီး ထိခိုက် ခဲ့ရတယ်။ စေတီ ပုထိုး၊ ဘုန်းကြီးကျောင်း နဲ့ တခြား ဝတ်ပြုရာနေရာတွေ ထိခိုက်ပျက်စီးခဲ့တဲ့အပေါ် များစွား ဝမ်းနည်းရပါတယ်" လို့ ချားလ်စ် ဘုရင်ကြီးက ရေးသားထားပါတယ်။

ဒါ့အပြင် မြန်မာ ပြည်သူတွေဟာ အခက်အခဲတွေ၊ အသက်ဆုံးရှုံးမှုတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်သွားလိမ့်မယ်ဆိုတာ သူ့အနေနဲ့ သိရှိပါကြောင်းနဲ့ မြန်မာတွေရဲ့ အနှိုင်းမဲ့ တောင့်ခံနိုင်တဲ့ စိတ်ဓါတ်ကိုလည်း ဘုရင်ကြီး အနေနဲ့ လေးစား အားကျမိပါတယ်လို့ ဖော်ပြထားပါတယ်။

ဗြိတိန် ဘုရင်ကြီးဟာ သက်တော် ၇၆ နှစ်ရှိပြီး ပြီးခဲ့တဲ့ သောကြာနေ့က ဘာမင်ဟမ်မြို့ကို သွားမယ့် အစီအစဉ်ကို ကျန်းမာရေး အခြေအနေကြောင့် ဖျက်သိမ်းလိုက်တယ်လို့ ဘာကင်ဟမ် နန်းတော်က ထုတ်ပြန် ကြေညာထားပါတယ်။

အဲဒီရက်မတိုင်ခင်က ဘုရင်ကြီးဟာ ဆေးရုံမှာ ခဏ သွားရောက် ကုသမှု ခံယူခဲ့ပါသေးတယ်။

ချားလ်စ် ဘုရင်ဟာ လန်ဒန်က သူစံနန်းတော် Clarence House ကနေ ပြီးခဲ့တဲ့ သောကြာနေ့က Gloucestershire အရပ်မှာ ရှိတဲ့ စံမြန်းရာနေရာကို ရောက်သွားပြီ ဖြစ်ပါတယ်။

ဘုရင်ကြီးမှာ ကင်ဆာ ဝေဒနာ စွဲကပ်နေပြီဆိုတာကို ၂၀၂၄ ဖေဖော်ဝါရီလတုန်းက ထုတ်ပြန် ကြေညာခဲ့ပြီး ကင်ဆာရောဂါ ဘယ်အဆင့်မှာ ရောက်နေပြီလဲ ဆိုတာနဲ့ လတ်တလော သူခံစားနေရတဲ့ ဘေးထွက်ဆိုးကျိုး စတာတွေကို နန်းတော်က အတိအကျ ထုတ်ပြန် ကြေညာတာ မရှိသေးပါဘူး။