မိုးကြီးရေလျှံမှုရဲ့လက်သည် - ဖျက်အားကောင်းလာတဲ့ ကောင်းကင်မြစ်တွေ

    • ရေးသားသူ, နဗင် စင်း ကတ်ဒ်က
    • ရာထူးတာဝန်, သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းထောက်၊ ဘီဘီစီကမ္ဘာတလွှား

မကြာခင်ကမှ ရေကြီးတဲ့ဒဏ်ခံစားခံရတဲ့ တရုတ်၊ ကနေဒါ နိုင်ငံတွေအပါအဝင် ကမ္ဘာတလွှားက ဆိုးရွားတဲ့ ရေကြီးမှုတွေဟာ လေထုပူနွေးမှုတွေ ခပ်မြန်မြန်ဖြစ်လာနေတဲ့အကြောင်း အသိပေး ခေါင်းလောင်းတွေလိုပါပဲ။ ဒါဟာ အရင်အချိန်တွေထက် လေထုထဲပိုပြီးစိုထိုင်းလာတဲ့ အခြေအနေလို့ သိပ္ပံပညာရှင်တွေက ထောက်ပြပါတယ်။

၂၀၂၃ ခုနှစ်၊ ဧပြီလတုန်းက အီရတ်၊ အီရန် ၊ ကူဝိတ် နဲ့ ဂျော်ဒန် နိုင်ငံတွေမှာ မိုးကြိုးပစ်တာ၊ မိုးသီးကြွေတာ နဲ့ ပုံမှန်မဟုတ်တဲ့ မိုးရွာသွန်းတာတွေကြောင့် ရေကြီးတဲ့ဒဏ်ကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒီဖြစ်ရပ်ပြီးတဲ့နောက် မိုးလေဝသပညာရှင်တွေ တွေ့ရှိခဲ့တာက အဲဒီဒေသတွေရဲ့ ‌ကောင်းကင်ပေါ်မှာ စံချိန်တင်စိုထိုင်းမှုတွေများနေခဲ့ပြီး ၂၀၀၅ ခုနှစ်တုန်းက ပုံစံတူဖြစ်ရပ်ထက်တောင် ပိုပြင်းထန်ခဲ့ ပါတယ်။

နှစ်လအကြာမှာတော့ ချီလီနိုင်ငံမှာ သုံးရက်အတွင်း မိုးရေချိန် ၅၀၀ မီလီမီတာအထိ ရှိပြီး မိုးကြီးခဲ့ပါတယ်။ အင်န်ဒီးစ်တောင်တန်းရဲ့ အစိတ်အပိုင်းအချို့က နှင်းတွေအရည်ပျော်တာကလည်း ချီလီရဲ့ ကောင်းကင်ပြင်မှာ ရေအများအပြားစုဝေးစေခဲ့ပြီး ဆိုးရွားတဲ့ ရေကြီးရေလျှံတဲ့ဖြစ်စဉ် ဖြစ်လာကာ လမ်း၊ တံတား နဲ့ ရေအရင်းအမြစ်တွေကို ဖျက်ဆီးခဲ့တာကြောင့်ပါ။

တစ်နှစ်အကွာ ၂၀၂၂ ခုနှစ်တုန်းကလည်း နိုင်ငံရေးသမားတွေက “မိုးဗုံး” လို့သုံးနှုန်းတဲ့ဖြစ်စဉ် သြစတြေးလျနိုင်ငံမှာဖြစ်ခဲ့ပြီး လူအယောက် ၂၀ ကျော်သေဆုံးခဲ့သလို လူဦးရေထောင်နဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဒီဖြစ်စဉ်တွေဟာ ပိုမိုကျယ်ပြန့်ရှည်လျားပြီး ကြမ်းတမ်းဖျက်ဆီးအားပိုကောင်းလာတဲ့ လေထုမြစ်တွေရဲ့ အကျိုးဆက်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ နာဆာရဲ့ အပြောအရလည်း လေထုမြစ်တွေကြောင့် ကမ္ဘာတလွှားက လူဦးရေ သိန်းသန်းချီဟာ ရေကြီးတဲ့ဒဏ်ကို ရင်ဆိုင်နေရ တာပါ။

အဲဒီ “ကောင်းကင်ထဲက မြစ်တွေ” ဒါမှမဟုတ် “ပျံသန်းနေတဲ့ မြစ်တွေ” ဟာ ရှည်လျားကျယ်ပြန့်ပြီး ငွေ့ရည်ဖွဲ့ရေငွေ့တွေ စုဝေးနေသလို အပူပိုင်းဇုန်ကနေ စတင်ပြီး ဝင်ရိုးစွန်းတွေဆီကို ရွေ့လျားလေ့ရှိပါတယ်။ ကမ္ဘာ့အလယ်ပိုင်းလတ္တီကျုတွေကို ဖြတ်သန်းစီးဆင်းလာတဲ့ ဒီမြစ်တွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ ငွေ့ရည်ဖွဲ့ ရေငွေ့တွေပါဝင်နေတာပါ။

လေထုမြစ်တစ်စင်းဟာ ပျမ်းမျှ ကီလိုမီတာ ၂၀၀၀ ဝန်းကျင်ရှည်လျားပြီး ကီလိုမီတာ ၅၀၀ ကျယ်ဝန်းကာ ၃ ကီလိုမီတာနီးပါး နက်ပါတယ်။ လက်ရှိမှာတော့ ဒီမြစ်တွေဟာ ပိုမိုကာ ရှည်လျားကျယ်ပြန့်လာနေပြီး တချို့မြစ်တွေဆို ကီလိုမီတာ ၅၀၀၀ ကျော်ရှည်လျားပါတယ်။

သေချာတာတစ်ခုက ဒီမြစ်တွေကို တိမ်တွေလိုမျိုး လူသားတွေရဲ့ မျက်လုံးနဲ့ မမြင်တွေ့နိုင်ပါဘူး။

“သူတို့တွေကို အနီအောက်ရောင်ခြည်နဲ့ မိုက်ခရိုဝေ့ဗ် ကြိမ်နှုန်းအောက်မှာပဲ မြင်နိုင်တယ်” လို့ နာဆာရဲ့ ဓာတ်ခွဲခန်းတစ်ခုဖြစ်တဲ့ Jet Propulsion Laboratory က လေထုဆိုင်ရာ သုတေသီ ဘရိုင်ယန် ခမ်း က ပြောပါတယ်။

“အဲဒါကြောင့်ပဲ ... ကမ္ဘာတဝန်းက ငွေ့ရည်ဖွဲ့ရေငွေ့တွေနဲ့ လေထုမြစ်တွေကို ရှာတွေ့နိုင်ဖို့ ဂြိုဟ်တုစူးစမ်းလေ့လာမှုတွေက သိပ်အသုံးဝင်တယ်။”

ကြီးမားသန်မာတဲ့ လေထုမြစ်တွေဟာ မြောက်အမေရိကက အသန်မာဆုံး မစ္စစ္စပီမြစ်ထက် ရေငွေ့ ရွေ့လျားပေးနိုင်စွမ်း ၁၅ ဆ ပိုများပါတယ်။

ရေထုတ်လွှတ်မှုပမာဏကို ပျမ်းမျှအနေနဲ့နှိုင်းယှဉ်ပြောရရင် ကမ္ဘာ့အကြီးဆုံး အမေဇုန်မြစ်ထက် လေထုမြစ်တွေဟာ ၂ ဆခန့် ပိုပြီးစီးဆင်းကြပါတယ်။

လေထုမြစ်တွေဟာ အရင်ကတည်းက တည်ရှိနေတာလို့ဆိုပေမဲ့ ကမ္ဘာကြီးပူနွေးမှုကြောင့် မြေပြင်ပေါ်က ရေပမာဏအတော်များများဟာ အချိန်တိုအတွင်း ကောင်းကင်မှာစုဝေးသွားပြီး နောက် ငွေ့ရည်ဖွဲ့ကာ များပြားတဲ့ ရေငွေ့တွေကို ဖြစ်ပေါ်လာစေသလို ပုံမှန်မဟုတ်တဲ့ ရေကြီး၊ မြေပြိုတာ တွေပါ ဆက်တိုက်ပေါ်ပေါက်လာစေတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

လေ့လာချက်တွေမှာ မီးမောင်းထိုးပြနေတာက ၁၉၆၀ ပြည့်နှစ်ကစလို့ တကမ္ဘာလုံးမှာ လေထုတွင်း ရေငွေ့ပါဝင်မှု ၂၀ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး အပူချိန်မြင့်တက်လာတာနဲ့အတူ ရေငွေ့ပါဝင်နှုန်း လည်း ဆက်ပြီးမြင့်လာဖို့ ရှိနေပါတယ်။

အပူပိုင်းဒေသတွေဖြစ်တဲ့ တောင်အမေရိက၊ မြောက်အမေရိက၊ အရှေ့အလယ်ပိုင်း နဲ့ အရှေ့တောင်အာရှ ဒေသတွေမှာ လေထုမြစ်တွေဟာ ခပ်ကြာကြာတည်ရှိနိုင်တယ်လို့ ဂျာမနီနိုင်ငံ၊ ပေါ့စ်ဒမ် (Potsdam) တက္ကသိုလ်ရဲ့ ဘူမိသိပ္ပံ အင်စတီကျုရဲ့ နောက်ဆုံးထုတ်စစ်တမ်းမှာ ဖော်ပြပါတယ်။

အဲဒါက မိုးရေတွေ ပိုများလာစေပြီး မြေပြင်မှာ အပျက်အစီးတွေ ပိုကြီးစေပါတယ်။

ဒါဟာ ၂၀၂၃ ခုနှစ် ဧပြီလတုန်းက အရှေ့အလယ်ပိုင်းမှာဖြစ်ခဲ့တာနဲ့ တူညီတယ်လို့ နောက်ထပ်စစ်တမ်းတစ်ခုဖြစ်တဲ့ အာရပ်စော်ဘွားများပြည်ထောင်စုမှာရှိတဲ့ ခါလီဖာ (Khalifa) တက္ကသိုလ်ရဲ့ စစ်တမ်းအရ သိရပါတယ်။

“အရည်သွေးမြင့် ကြည်လင်ပြတ်သားတဲ့ မိုးလေဝသဆိုင်ရာတိုင်းထွာချက်တွေရဲ့ ကောင်းကင်ကနေ သည်းသည်းထန်ရွာကျတာကနေ လေထုမြစ်တွေတည်ရှိနေတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီမြစ်တွေဟာ အာဖရိကအရှေ့မြောက်ဘက်ကနေ အနောက်အီရန်အထိ အရှိန်ကောင်းကောင်းနဲ့ စီးဆင်းနေပါတယ်” လို့ စစ်တမ်းရဲ့ အဆုံးသတ်မှာ ဖော်ပြထားပါတယ်။

ပိုဖြစ်လာမယ့် မြေပြိုမှု နဲ့ ရုတ်တရက် ရေကြီးမှုတွေ

အခြားဒေသတွေမှာပါ လေထုမြစ်ဖြစ်ပေါ်တဲ့အကြိမ်ရေ မြင့်တက်လာနေတယ်လို့ ပေါ့စ်ဒမ် တက္ကသိုလ်မှာ အလုပ်လုပ်ကိုင်နေတဲ့ မစ္စဆာရာ အမ် ဗာလီဂျို ဘားနဲလ် ရဲ့ လေ့လာချက်အရ တွေ့ရပါတယ်။

“အရှေ့အာရှမှာ အကြိမ်ရေပိုတိုးလာတာကို ၁၉၄၀ ပြည့်နှစ်နောက်ပိုင်းကတည်းက သိသိသာသာ တွေ့ခဲ့ရပြီး မက်ဒါဂက်စကာ၊ သြစတြေးလျ နဲ့ ဂျပန် တို့မှာ ပိုများလာပါ” လို့ မစ္စဆာရာ က ဆက်ပြောပါတယ်။

တရုတ်အရှေ့ပိုင်း၊ ကိုရီးယား နဲ့ ဂျပန်အနောက်ပိုင်းတို့မှာ မုတ်သုံရာသီအစောပိုင်းကာလ (မတ် နဲ့ ဧပြီ)လတွေမှာ ဖြစ်ခဲ့တဲ့ မိုးသည်းထန်ခဲ့တဲ့ ဖြစ်စဉ်တွေရဲ့ ၈၀ ရာခိုင်နှုန်း ဟာ လေထုမြစ်တွေ နဲ့ ဆက်စပ်နေတယ်လို့ ၂၀၂၁ ခုနှစ်ထုတ် ဘူမိရူပဆိုင်ရာ သုတေသနဂျာနယ်တစ်စောင်မှာ ဖော်ပြခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ အိန္ဒိယမိုးလေဝသပညာရှင်တွေလထုတ်ပြောလာတာက အိန္ဒိယသမုဒ္ဒရာ ပိုပြီးပူပြင်းတာနဲ့အတူ “ကောင်းကင်ပေါ်ကမြစ်တွေ” ကို ပိုဖန်တီးလာစေပြီး ဇွန် နဲ့ စက်တင်ဘာ လတွေကြားမှာ ဒေသတွင်းဖြစ်လေ့ရှိတဲ့ မုတ်သုံမိုးရွာသွန်းမှုအပေါ်လည်း လွှမ်းမိုးနိုင်စွမ်းရှိတယ် ဆိုတဲ့အချက်ပါ။

“အကျိုးဆက်ကတော့ နာရီပိုင်း၊ ရက်ပိုင်းလိုမျိုး အချိန်တိုအတွင်းမှာ လေထုမြစ်တွေကနေ စွန့်ထုတ်လိုက်တဲ့ စိုထိုင်းဆတွေကြောင့် အပူပိုင်းပင်လယ်ပြင်တွေမှာ ကာလတိုရာသီဥတု ဖြစ်စဉ်တွေ ဖြစ်ပေါ်လာပါတယ်” လို့ အိန္ဒိယရဲ့ အပူပိုင်းဒေသ မိုးလေဝသဌာနက လေထုဆိုင်ရာသိပ္ပံပညာရှင် ဒေါက်တာ ရိုဆဲ မက်သော်ကိုးလ် က ပြောပါတယ်။

“ဒါဟာ နိုင်ငံတဝန်းမှာ မြေပြိုမှု နဲ့ ရုတ်တရက်ရေကြီးမှုတွေ ပိုများလာစေပါတယ်။”

ဒါပေမဲ့ ရေကြီးမှု၊ မြေပြိုမှု အကုန်လုံးကတော့ လေထုမြစ်တွေကြောင့် ဖြစ်လာတာမဟုတ်ပါဘူး။ ဆိုင်ကလုန်းမုန်တိုင်း၊ မိုးကြီးလေပြင်းကျသလို ကြမ်းတမ်းတဲ့ရာသီဥတုဖြစ်စဉ်အပြင် အခြားအကြောင်းအရာတွေကလည်း ဒါတွေကိုဖြစ်စေပါတယ်။

လေထုမြစ်တွေဟာ နေရာအသစ်တွေဆီ အမြဲရောက်လေ့ရှိပါတယ်။ ဒီမြစ်တွေဖြစ်စေတဲ့ နောက်ထပ်အချက်တစ်ချက်ကတော့ ရာသီဥတုပြောင်းလဲတာနဲ့အတူ လေတိုက်ခတ်တဲ့ ပုံစံ နဲ့ လေစီးကြောင်း (ကမ္ဘာကြီးကို အနောက်ကအရှေ့ကို လည်ပတ်တိုက်ခိုက်နေတဲ့ ကျဉ်းမြောင်းလျင်မြင်တဲ့ လမ်းကြောင်း) တွေ ပြောင်းလဲလာတာကြောင့်ပါ။

“လေစီးကြောင်းတွေ ပိုပြီးကွေ့ကောက်လာတာဟာ သူတို့ရဲ့ မူလလမ်းကြောင်းကနေ သွေဖည်သွားလာနေတာနဲ့ လမ်းကြောင်းတလျှောက် အကွေ့အကောက်ပိုများလာတာကို ပြသနေတယ်” လို့ ချီလီနိုင်ငံ၊ ဗလ်ပါရိုက်ဇို တက္ကသိုလ်က မိုးလေဝသပညာရှင် ဒန်နစ် ဘိုဇ်ကက် က ပြောပါတယ်။

“ဒါဟာ ရှုပ်ထွေးပွေလီတဲ့ လမ်းကြောင်းတွေရှိတဲ့ လေထုမြစ်တွေကို ဖြစ်ပေါ်စေသလို မြစ်ဖြစ်ပေါ်စေတဲ့ကာလအပိုင်းအခြားနဲ့ မတူညီတဲ့ဒေသတွေအပေါ် သက်ရောက်မှုတွေလည်း ပိုများလာနိုင်မယ့် ဖြစ်နိုင်ခြေတွေလည်းရှိနေပါတယ်။”

ဟာရီကိန်းမုန်တိုင်းတွေကို အမျိုးအစားခွဲခြားသလိုမျိုး ကမ္ဘာတဝန်းမှာဖြစ်ပွားနေတဲ့ ရုတ်တရက် ရေကြီး၊ မြေပြိုတာတွေရဲ့ သက်‌ရောက်မှု အန္တရာယ်ပေါ် မူတည်ပြီး လေထုမြစ်တွေကိုလည်း သူတို့ရဲ့ အရွယ်အစားနဲ့ အင်အားအလိုက် အမျိုးအစား ၅ မျိုး ခွဲခြားနိုင်ပါတယ်။

လေထုမြစ်အကုန်လုံးက ဖျက်ဆီးအားကောင်းတာမျိုးမဟုတ်ဘဲ လေထုမြစ်တွေမှာသိပ်သည်းဆနည်းရင်လည်း ဆိုးရွားတဲ့သက်ရောက်မှုမရှိစေပါဘူး။ မိုးခေါင်နေတဲ့ ဒေသတွေအပေါ်ကို အားမကောင်းတဲ့ လေထုမြစ်တွေ ကျရောက်လာခဲ့ရင်တော့ သက်ရောက်မှုအချို့ ရှိနိုင်ပါတယ်။

ဒါပေမဲ့ လေထုမြစ်တွေကို စောင့်ကြည့်ဖို့ နဲ့ ခန့်မှန်းချက်တွေထုတ်ဖို့အတွက် ဆယ်စုနှစ်နဲ့ချီ သုတေသနလုပ်ငန်းတွေလုပ်ကိုင်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အနောက်ဘက်ကမ်းရိုးတန်း မှာတောင် အကန့်အသတ်အများကြီးရှိနေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

“ဒေသတွင်း မိုးလေဝသခန့်မှန်းချက်တွေအတွက် လေထုမြစ်နဲ့ဆက်စပ်အကြောင်းအရာတွေ နဲ့ ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်ဖို့ နဲ့ အသိပညာပေးဖို့မှာ အကန့်အသတ်တွေရှိနေပါတယ်” လို့ ဗလ်ပါရိုက်ဇို တက္ကသိုလ်က မိုးလေဝသပညာရှင် ဘိုဇ်ကက် က ပြောပါတယ်။

“လေထုမြစ်တွေစီးဆင်းရာ ရှုပ်ထွေးတဲ့လမ်းကြောင်းမြေပုံလိုမျိုး အချက်အလက်တွေ ရှားပါးတာက အဓိက စိန်ခေါ်ချက်ပါ။”