ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာငလျင် - ရေရှည်ကုစားဖို့ ကမ္ဘာကြီးရဲ့ ဖေးမမှုလိုအပ်နေ
ယူကေနိုင်ငံက ပရဟိတ အဖွဲ့တွေ စုပေါင်းပြီး ဖွဲ့ထားတဲ့ DEC လို့ အင်္ဂလိပ်လို အတိုကောက် ခေါ်တဲ့ "အရေးပေါ် ကပ်ဘေးဆိုင်ရာ ကော်မတီ" ဟာ မြန်မာနိုင်ငံ ငလျင်ဘေး အတွက် အကူအညီတွေ ပေးဖို့ ရန်ပုံငွေတွေ ရှာဖွေတာမှာ ပထမ ၃ ရက် အတွင်းမှာကို ပေါင် ၁၀ သန်း ရခဲ့တယ်လို့ ဆိုပါတယ်။
ရရှိတဲ့ အလှူငွေတွေကို DEC အဖွဲ့ဝင် ပရဟိတ ၁၅ ဖွဲ့ လုပ်ဆောင်နေတဲ့ လူ့ အသက်တွေကို ကယ်နိုင်ရေး အရေးပေါ် အကူအညီတွေမှာ သုံးစွဲ သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လူတွေ နေဖို့ ယာယီတဲတွေ၊ အစားအစာနဲ့ သန့်ရှင်းတဲ့ရေတွေ ထောက်ပံ့ ရာမှာသာမက ရုပ်ပိုင်း စိတ်ပိုင်း ကျန်းမာရေး စောင့်ရှောက်မှု ပေးတဲ့ ကဏ္ဍတွေမှာပါ ငွေတွေကို သုံးစွဲမယ်လို့လည်း ဆိုပါတယ်။
DEC ရဲ့ အဖွဲ့ဝင် အသင်းအဖွဲ့တွေ ထဲမှာ ဗြိတိသျှ ကြက်ခြေနီ အသင်း၊ Save the Children၊ ဝေါလ်ဒ်ဗီးရှင်း၊ နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီ၊ Plan International စတဲ့ အဖွဲ့တွေနဲ့ တခြား နိုင်ငံတကာမှာ လူသိများတဲ့ ပရဟိတ အဖွဲ့တွေ ပါဝင်ပါတယ်။
ဧပြီ ၃ ရက်က စပြီး အများပြည်သူတွေထံက အလှူငွေတွေ တောင်းခံခဲ့တာမှာ ပထမရက်မှာတင် ပေါင် ၇ သန်းခွဲ ရခဲ့တယ်လို့ ဆိုပါတယ်။
"DEC ရဲ့ မြန်မာငလျင် အတွက် မေတ္တာရပ်ခံ ပန်ကြားချက် အပေါ် ထည့်ဝင် ကြသူတွေ အားလုံးကို အင်မတန် ကျေးဇူးတင်တယ်" ဆိုပြီး DEC ရဲ့ အမှုဆောင် အရာရှိချုပ် ဆာလား ဆာအိဒ်က ဆိုပါတယ်။
"ယူကေပြည်သူတွေဟာ အကူအညီ လိုအပ်နေသူတွေ အပေါ် ဖေးမလိုစိတ် ဘယ်လောက် ရှိတယ်၊ အလှူအတွက် ရက်ရောကြတယ် ဆိုတာကို မပျက်မကွက် ထပ်ပြီး ပြသခဲ့ပြန်ပါတယ်" လို့လည်း ဆိုပါတယ်။
DEC ကို အမြဲ ကူညီ အားပေးတဲ့ ယူကေ ဘုရင်ကြီးနဲ့ မိဖုရားကြီးတို့ဟာ အခု မြန်မာ အရေးမှာလည်း ရက်ရက်ရောရော ထည့်ဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
DEC အဖွဲ့ဟာ ယူကေ ပြည်သူတွေ ချစ်ကြတဲ့ နာမည်ကြီး အနုပညာသည်တွေ၊ ထင်ရှားကျော်ကြားသူတွေရဲ့ အကူအညီကို ယူပြီး ဘီဘီစီ အပါအဝင် နိုင်ငံရဲ့ ရုပ်သံလိုင်းတွေ၊ ရေဒီယိုတွေမှာ မြန်မာငလျင် အတွက် အလှူငွေတွေ တောင်းခံနေတာ ဖြစ်ပါတယ်။
အခုလို ပရဟိတ အဖွဲ့တွေက ရန်ပုံငွေတွေ ထူထောင်ထားကြသလို၊ ယူကေ အစိုးရ အနေနဲ့လည်း ပြောထားတာထက် နောက် ပေါင် ၁၀ သန်း ထပ်ဆောင်းပေးမယ် ဆိုပြီး ကတိပေးတဲ့ အတွက်၊ အခု ဆိုရင် ယူကေ အစိုးရက မြန်မာ ငလျင်ဘေး အတွက် ကူညီပေးမယ့် ပမာဏဟာ ပေါင် ၂၅ သန်း ထိ ရှိသွားပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံထဲမှာ ဧပြီ ၈ ရက် အင်္ဂါနေ့ အထိ နောက်ဆက်တွဲ ငလျင် aftershock လှုပ်ဆဲ ဖြစ်ပါတယ်။ ဝမ်းတွင်းမြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် ၁၀ မိုင်ဝန်းကျင်ကို ဗဟိုပြုပြီး အင်အား ၃ ဒသမ ၇ ပြင်းအား ရှိတဲ့ နောက် ဆက်တွဲ ငလျင်ငယ်တစ်ခု လှုပ်ခတ်ခဲ့ပါတယ်။
ငလျင်ကြီး လှုပ်ခဲ့အပြီး ၁၀ ရက်ကျော်အကြာ အခုအချိန်မှာ ငလျင်ဘေးသင့် ပြည်သူတွေဟာ ကျန်းမာရေး ဆိုင်ရာ ပြဿနာတွေနဲ့ ကြုံတွေ့ နေကြရတယ်လို့ ကုလသမဂ္ဂ အေဂျင်စီတွေက သတိပေးနေပါတယ်။
လူတွေဟာ ငလျင် အန္တရာယ်နဲ့ ပြန်တွေ့မှာကို ကြောက်စိတ်နဲ့ အမြဲပဲ နေထိုင် နေကြရပြီး၊ အဆောက်အအုံတွေထဲ ဝင် မနေကြရဲသေးပါဘူး။ အပြင်မှာပဲ နေနေကြဆဲ၊ ည အိပ်နေကြဆဲ ဖြစ်တဲ့အတွက် ကလေးသူငယ်တွေ၊ အသက်အရွယ် ရလာသူတွေ အတွက် အပူ အအေး ရာသီဥတုဒဏ် ခံနေရတယ်လို့ ကုလက သတိပေးပါတယ်။
နောက်ဆုံး ထွက်လာတဲ့ တရားဝင် ကိန်းဂဏန်းတွေ အရ မြန်မာ ငလျင်ဘေးကြောင့် သေဆုံးသူ ၃၆၀၀ ကျော် ရှိသွားပြီ ဖြစ်ပါတယ်။ ဒဏ်ရာရသူ အယောက် ၅၀၀၀ ကျော် ရှိပြီး၊ အယောက် ၂၀၀ ဝန်းကျင် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ ကူညီကယ်ဆယ်ရေး အေဂျင်စီရဲ့ အကြီးအကဲ တွမ်ဖလက်ချာလည်း မြန်မာနိုင်ငံကို ရောက်ရှိနေပြီး၊ ကုလ အေဂျင်စီတွေရဲ့ ကူညီရေး အစီအစဉ်တွေကို ကိုယ်တိုင်ကြီးကြပ်နေပါတယ်။
"မြန်မာနိုင်ငံမှာ ကုလသမဂ္ဂ ရှိနေပါတယ်။ ကျွန်တော်တို့ဟာ ဒီမှာ ဆက်နေဦးမှာ ဖြစ်ပြီး၊ အကူအညီတွေကို ဆက်ပြီး အရောက်ပေးပို့ နေဦးမှာ ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ နောက်မှာ ကမ္ဘာကြီးကလည်း ရပ်တည်ပေးဖို့လိုတယ်။ ပိုပြီး အရေးကြီးတာက ကိုယ့်ဘဝကိုယ် ပြန်ပြီး ထူထောင်ကြရမယ့် မြန်မာနိုင်ငံက သူတွေရဲ့ နောက်မှာ ကမ္ဘာကြီး ရပ်တည်ပေးဖို့ လိုပါတယ်" ဆိုပြီး မစ္စတာ ဖလက်ချာက ဆိုပါတယ်။
"ငလျင်ဆိုတာ ဘယ်သူဘယ်ဝါ မခွဲခြား အားလုံးကို ပြိုင်တူ ထိခိုက်စေတာ မှန်ပေမယ့်၊ ပြန်လည် တုံ့ပြန်ဖို့ မတတ်နိုင်တဲ့၊ ရင်းမြစ်တွေ မရှိတဲ့ ဆင်းရဲသူတွေ အတွက် ရေရှည်မှာ အဆိုးဆုံး ခံရတာမျိုး ဖြစ်တယ်" လို့လည်း မစ္စတာ ဖလက်ချာက ထောက်ပြပါတယ်။
မြန်မာ ငလျင်ကြောင့် ထိခိုက်ရတဲ့ ကဏ္ဍထဲမှာ ပညာရေး ကဏ္ဍလည်းပါ၀င်ပါတယ်။
စစ်ကောင်စီရဲ့ စာရင်းအရကို ထိခိုက်ပျက်စီးသွားတဲ့ ကျောင်း အရေအတွက် ၁၈၂၄ ကျောင်း ရှိပါတယ်။ ကုလသမဂ္ဂရဲ့ ကလေးသူငယ်များ ဆိုင်ရာ ရန်ပုံငွေ အဖွဲ့ ယူနီဆက်ဖ်က "အလွယ်ဆုံး အမြန်ဆုံး ကုစားနိုင်တဲ့ နည်း မရှိဘူး" လို့ ဆိုပါတယ်။
"ကလေးသူငယ် အများအပြားဟာ မိဘတွေ၊ သူငယ်ချင်းတွေ ဆုံးရှုံးသွားပါတယ်။ သူတို့အတွက် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ပေးနိုင်တဲ့နေရာ၊ ပုံမှန်ဘဝပုံစံ ပြန်ရနိုင်တဲံ နေရာမျိုးတွေ ဖန်တီးဖြည့်ဆည်းပေးနိုင်ဖို့ လိုပါတယ်" ဆိုပြီး ယူနီဆက်ဖ်ရဲ့ ဆက်သွယ်ရေး အရာရှိ အယ်လီနာ ဒရာကိုပိုလော့စ်က ပြောပါတယ်။
မြန်မာပြည်သူတွေ ကြုံတွေ့ခဲ့ရတဲ့ ကြီးမားတဲ့ ဝမ်းနည်းဖွယ် ဖြစ်ရပ်ကြီးကနေ ပြန်လည် နာလံထ ကုစားနိုင်ဖို့ရာ ရေရှည်သဘော အကူအညီ အထောက်အပံ့တွေ လိုနေတယ်လို့လည်း မစ္စ ဒရာကိုပိုလော့စ်က ဆိုပါတယ်။