ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သဘာဝဘေးတွေကို ရင်ဆိုင်နိုင်စွမ်းလျော့လာတဲ့ အင်းလေးကန်ကို ဘယ်လိုထိန်းသိမ်းမလဲ
အင်းလေးဒေသမှာ ဆိုးရွားတဲ့ရေကြီးမြင့်တက်မှုလို သဘာဝဘေးအန္တရာယ်တွေ ဆက်တိုက်ဖြစ်လာချိန်မှာ အဲဒီဒေသရဲ့ အဓိကသွေးကြောဖြစ်တဲ့ အင်းလေးကန်ကို အရေးတကြီး ထိန်းသိမ်းဖို့ လိုအပ်နေပြီလို့ သဘာဝရင်းမြစ်များ စီမံခန့်ခွဲမှုဆိုင်ရာအတွေ့အကြုံရှိတဲ့ ပညာရှင်တွေက ထောက်ပြ ဆော်သြလာပါတယ်။
အင်းလေးကန်ကို ခြေထောက်နဲ့ လှေလှော်တဲ့ အင်းသားတွေရှိတဲ့ တောင်ပေါ် ရေကန်၊ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး ရေချိုကန်၊ အာဆီယံအမွေအနှစ်ဥယျာဉ်လို့ သတ်မှတ်ခံထားရပါတယ်။
"အင်းလေးကန် တိမ်ကောလာနိုင်တဲ့ အသိသာဆုံးအချက်က နွေမှာ ရေခမ်းပြီး မိုးမှာ ရေလျှံတယ်။ ဒါက နုန်းတွေကြောင့် ကန်ရဲ့ ကြမ်းပြင် ပြောင်းလဲမှု ရှိလာလို့ပဲ" လို့ အင်းလေးကန်ကို ၂၀၂၅ ၊ ဇူလိုင်အတွင်းက သုတေသန လုပ်ခဲ့တဲ့ ဘူမိဗေဒဆိုင်ရာ ကျွမ်းကျင်သူ ဦးစိုင်းလတ်က ပြောပါတယ်။
အင်းလေးကန်နဲ့ တွဲလျက် ပြယုဂ်လိုဖြစ်နေတဲ့ ရေပေါ်မှာ ဆောက်ထားတဲ့အိမ်တွေ ရာနဲ့ချီ ရေကြီး နစ်မြုပ်မှုဒဏ် ကို ကြုံနေရတာ နှစ်နှစ် ဆက်တိုက် ရှိလာပါပြီ။
အင်းလေးကန် ထိန်းသိမ်းရေးအတွက် အစိုးရအဆက်ဆက်မှာ လုပ်ကိုင်ခဲ့သလို ပြည်ပအကူအညီတွေလည်း ရယူခဲ့ပေမဲ့ ရေကြီး၊ရေလျှံ မှုတွေကြုံလာရတဲ့ အင်းလေးကန်ဟာ ထိန်းသိမ်းရေး အစီအစဉ်တွေ လိုအပ်နေတယ်ဆိုတာကို လက်ရှိအခြေအနေတွေက ထင်ဟပ်နေပါတယ်။
နုန်းတက်လာတဲ့ အင်းလေးကန်
အင်းလေးကန် ရှိတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှာ ကျေးရွာပေါင်း ၄၀၀ ကျော်ရှိပြီး အင်းလေးကန်ထဲမှာ ကျေးရွာပေါင်း ၂၀၀ ဝန်းကျင် ရှိနေတာပါ။
အခုဆိုရင် အင်းလေးကန်ထဲက ကျေးရွာတွေနဲ့ ညောင်ရွှေမြို့နယ်ထဲက ကျေးရွာတွေထဲက နေအိမ်တွေထဲမှာပါ ရေကြီးနစ်မြုပ်မှုဒဏ်ကို ခံလာရတာလို့ Save The Inle Lake က အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လတ်က ပြောပါတယ်။
Save The Inle Lake အဖွဲ့ကတော့ အင်းလေးကန် ထိန်းသိမ်းရေးအတွက် ဆယ်စုနှစ်ကြာ လုပ်ကိုင်နေတဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်း ဖြစ်ပါတယ်။
သမိုင်းကို ပြန်ကြည့်ရင် အင်းလေးဒေသ ရေကြီးနစ်မြုပ်မှုဖြစ်စဥ် စံချိန်တင်ခဲ့တဲ့ ၁၉၉၂ ခုနှစ်မှာ အင်းလေးရေကန်ရဲ့ ရေမျက်နှာပြင်က ၉ ပေကျော်အထိ တက်ခဲ့ဖူးပါတယ်။
နှစ်ပေါင်း သုံးဆယ်ကျော်အကြာ ၂၀၂၄ ခုနှစ် စက်တင်ဘာ ရေဘေးမှာတော့ ရေမျက်နှာပြင် က ၁၂ ပေကျော်ထိ တက်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ်မှာတော့ ဇွန်၊ ဇူလိုင်၊ ဩဂုတ်မှာ ရေဆက်တိုက်ကြီးခဲ့ပြီး ဩဂုတ် လလယ်အထိ ရေက ၇ ပေကျော်မှာ ရှိနေပါတယ်။
"နှစ်တိုင်းလည်း မိုးများရင် ရေကြီးတတ်တယ်။ ဒါပေမဲ့ အိမ်တွေထဲ ရေမဝင်ဘူး။ အခု ၂၀၂၄ ကစပြီး နှစ်နှစ်ဆက်တိုက် ရေကြီးတယ်။ အိမ်ထဲမှာ ဆင့်တွေ ထိုးပြီး နေကြရတယ်"လို့ Save The Inle Lake က အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လတ်က လက်ရှိ အင်းလေးအခြေအနေကို ပြောပြပါတယ်။
လူနေအိမ်တွေထဲကို ရေတွေဝင်ရုံသာမက စပါးခင်း၊ ပဲခင်း အပါအဝင် စိုက်ခင်းတွေထဲမှာပါ ရေနစ်မြုပ်တဲ့အတွက် စိုက်ဧက တစ်သိန်းနီးပါးလည်း ထိခိုက်ခဲ့ကြပါတယ်။
ရေကြီးမှု ဒဏ်ကို ကြုံလာရတဲ့ အင်းလေးဒေသမှာ ၂၀၂၅ ခုနှစ် မတ်လ မှာ လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းပြတ်ရွေ့ ငလျင်မှာလည်း နေအိမ်ပေါင်း ၂,၀၀၀ ဝန်းကျင် ပျက်စီးခဲ့ကြပါတယ်။
နောက်ထပ် ဩဂုတ်လကုန်ကနေ စက်တင်ဘာ ဒုတိယပတ်အထိ အင်းလေးကန်မှာ ရေဖုံးလွှမ်းနိုင်မှုက အနီရောင်အဆင့်မှာ ရှိနေတယ်လို့ မိုးလေဝသ ကျွမ်းကျင်သူ ဦးဝင်းနိုင်က ဆက်တိုက် သတိပေးထားပါတယ်။
အင်းလေးကန် ရေဝေရေလဲဒေသဟာ ဧရိယာ စတုရန်းမိုင် ၁,၄၀၀ ကျော်ရှိပြီး အင်းလေးကန်က ၆၃ စတုရန်းမိုင်ရှိနေတာပါ။
ဒါ့အပြင် အင်းလေးကန်ထဲကို ရှမ်းပြည်နယ်တောင်ပိုင်း တောင်ပေါ်ဒေသ ချောင်းငယ် ၂၉ ချောင်း၊ ချောင်းကြီး ၄ ချောင်းက ရေတွေ စီးဝင်ပေမဲ့ ရေထွက်ပေါက်ကတော့ မိုးဗြဲဆည်နဲ့ လောပိတရေအားလျှပ်စစ်ကို စီဆင်းတဲ့ ဘီလူးချောင်းသာ ရှိပါတယ်။
"မိုးရွာလိုက်တာနဲ့ ရှမ်းတောင်က ရေတွေရော၊ နုန်းတွေရော၊ အမှိုက်တွေရော အကုန်လုံးက အင်းလေးကန်ထဲဝင်လာကြတာ။ အရင်ရှိထားတဲ့ နုန်းတွေရော၊ နောက်ပါလာတဲ့ နုန်းတွေက အင်းလေးကန်ထဲမှာ နုန်းတွေများလာတာပဲ" လို့ ရှမ်းပြည်နယ်တောင်ပိုင်း ဆည်မြောင်းဦးစီးဌာနမှာ တာဝန်ယူခဲ့တဲ့ အငြိမ်းစားဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ရေအဝင်များပြီး အထွက်နည်းတာ၊ အင်းလေးကန်ထဲမှာ နုန်းတွေ များနေတာကြောင့် ရေကြီးတာတွေ ဖြစ်နေတာလို့ သုံးသပ်ကြပါတယ်။ ဒီလိုအခြေအနေတွေကြောင့် အင်းလေးကန်ဟာ မိုးများတိုင်း ရေကြီးနေတော့မှာလို့ ထိန်းသိမ်းရေး လုပ်ဆောင်သူတွေက သတိပေးကြပါတယ်။
အင်းလေးကန်ကို ထိခိုက်စေတဲ့ အချက်တွေ
အင်းလေးကန်မှာ ရင်ဆိုင်နေရတဲ့ အချက်တွေကတော့
- ရေဝေရေလဲ ဧရိယာတွေမှာ စိုက်ပျိုးမြေတိုးချဲ့လာတာတွေကြောင့် သစ်တောပြုန်းတီးတာ
- ကန်ထဲမှာ ရှိနေတဲ့ နုန်းတွေကို ထိထိရောက်ရောက် မဆယ်ထုတ်နိုင်တာ
- အင်းလေးကန်ထဲက ကျွန်းမျောစိုက်ခင်း ဧရိယာတွေ ပိုများလာတာ
စတဲ့ အချက်တွေကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူတွေ၊ ဒေသခံတွေ၊ စစ်ကော်မရှင်ရဲ့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်တွေက သဘောထားတူစွာ ပြောကြပါတယ်။
အင်းလေးကန်ရဲ့ ရေဝေရေလဲ ဒေသတွေက တောင်ကြီးခရိုင်ထဲမှာ တောင်ကြီး၊ ကလော၊ ရပ်စောက်၊ ညောင်ရွှေ၊ ဖယ်ခုံဖြစ်ပါတယ်။
ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေထဲမှာ ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုံး နဲ့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေထဲက ရွာငံ၊ ပင်းတယ စတဲ့ ဒေသတွေ ဖြစ်ပါတယ်။
ကမ္ဘာ့သစ်တောပြုန်းတီးမှုတွေကို စောင့်ကြည့် ထုတ်ပြန်နေတဲ့ Global Forest Watch ရဲ့ ထုတ်ပြန်ချက်အရ ရှမ်းပြည်နယ် အင်းလေး ရေဝပ်ဒေသထဲက တောင်ကြီးမှာဆိုရင် ၂၀၂၄ ခုနှစ်မှာ ဧက ၃ ထောင်နီးပါး သစ်တောပြုန်းတီးသွားတာကို တွေ့ရပါတယ်။
၂၀၂၀ ပြည့်နှစ်မှာ ၂ ဒသမ ၆၉ သန်းဧက ကနေ ၄ နှစ်တာကာလအတွင်းမှာ ဧက ၃ ထောင်နီးပါး ဆုံးရှုံးသွားခဲ့တာဖြစ်ပါတယ်။
တောင်ကြီး သာမကဘဲ ကျန်တဲ့ အင်းလေးကန် ရေဝေရေလဲ မြို့တွေမှာလည်း အာလူးသီးနှံ အပါအဝင် ရွှေ့ပြောင်းတောင်ယာ စိုက်ခင်းတွေ ပိုများလာတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
"ဒီလေးနှစ်အတွင်းမှာ သစ်တောတွေကို ကြပ်ကြပ်မတ်မတ် မထိန်းနိုင်ကြတော့ အင်းလေးကန် ဧရိယာတွေထဲမှာ ရွှေ့ပြောင်းတောင်ယာတွေ ချဲ့ထွင်လာတာပဲ။ အရင်က မရှိဘူးလေ။ အခုတော့ ကန်ထဲကနေ လှမ်းကြည့်လိုက်ရင် တောင်ကမ်းပါးယံတွေမှာ စိုက်ခင်းတွေကိုမှ အများကြီးပဲ"လို့ လေးနှစ်အတွင်း ပြောင်းလဲလာတာကို ဦးခင်မောင်လတ်က ပြောပါတယ်။
နုန်းကျမှုများပြီး ရေမျက်နှာပြင် လျော့လာတာကတော့ အင်းလေးကန် တောင်ဘက်ပိုင်း ညောင်ရွှေမြို့နယ်မှာ ပိုများတယ်လို့ တစ်လကျော်ကြာ ပုဂ္ဂလိက သုတေသန လုပ်ခဲ့တဲ့ ဘူမိဗေဒ ကျွမ်းကျင်သူ ဦးစိုင်းလိတ်က ပြောပါတယ်။
"အင်းတောင်ဘက်မှာ ကျွန်တော်ကိုယ်တိုင် ရေထဲဆင်းကြည့်တော့ ပုံမှန်ဆို လူတစ်ရပ်မြုပ်ရမယ့် နေရာက ရင်ခေါင်းလောက်ပဲ ပေါ်တော့တယ်" လို့ သူက ပြောပါတယ်။
အင်းလေးကန်ရဲ့ အကျယ်အဝန်းဟာ ၂၀၀၇ ခုနှစ်မှာ ၆၃ မိုင် ကျယ်ဝန်းတယ်လို့ အာဏာပိုင်တွေက ၂၀၂၃ ခုနှစ်မှာ ထုတ်ပြန်ခဲ့ပေမဲ့ လက်ရှိအကျယ်အဝန်းကိုတော့ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
ကန်ရေမျက်နှာပြင် လျော့လာတဲ့ ကိန်းဂဏန်းပမာဏကို အတိအကျ မပြောနိုင်ပေမဲ့ အင်းလေးကန် ကျဉ်းလာတာကိုတော့ မြေပြင်အချက်အလက်အခြေအနေအရ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူတွေက သေချာသိနေကြပါတယ်။
မသုံးဖြစ်တဲ့ ဒေါ်လာတစ်သန်းတန် နုန်းစုပ်စက်
အင်းလေးကန် ထိန်းသိမ်းရေးအတွက် အဓိကလိုအပ်ချက်တစ်ခုဖြစ်တဲ့ အင်းလေးကန်ထဲက နုန်းတွေကို ဖယ်ရှားဖို့ နုန်းစုပ်စက်ဝယ်ပေးဖို့ ဒေသအရပ်ဖက်အဖွဲ့အစည်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တို့က ဦးသိန်းစိန် အစိုးရလက်ထက်က တောင်းဆိုခဲ့ကြပါတယ်။
၂၀၁၅ ခုနှစ်မှာ ဒေါ်လာ တစ်သန်းတန် နုန်းစုပ်စက် ရခဲ့ကြတယ်လို့ ဦးအောင်ကြည်ဝင်း က ပြောပါတယ်။
သူက ၂၀၁၀ ပြည့်နှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ရှမ်းပြည်နယ် လွှတ်တော်အမတ်၊ အခုချိန်မှာတော့ စစ်ကော်မရှင်ရဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဆောင်ရွက်နေသူပါ။
နယ်သာလန်နိုင်ငံထုတ် နုန်းစုပ်စက်ရရှိခဲ့ပေမဲ့ အသုံးပြုတဲ့နည်းပညာကို မကျွမ်းကျင်တာ၊ နုန်းစုပ်စက် အမျိုးအစားကို မှားယွင်းဝယ်မိတာတွေကြောင့် စက်ရဲ့လုပ်နိုင်စွမ်းနဲ့ အင်းလေးကန်ရဲ့ ရေမြေအနေအထားနဲ့ မကိုက်ညီခဲ့ပါဘူး။
နုန်းစုပ်တဲ့ စက်တွေထဲမှာ ပင်လယ်ပြင်သုံး၊ မြစ်ချောင်းသုံးနဲ့ အင်းအိုင် ကန်တွေမှာ သုံးစွဲတဲ့ အမျိုးအစားတွေ ကွာခြားတယ်လို့ ဆည်မြောင်းအငြိမ်းစားဝန်ထမ်းက ပြောပါတယ်။
ပင်လယ်ပြင်သုံးနုန်းစုပ်စက်ကို မှားယွင်းဝယ်ခဲ့ကြပြီး အသုံးပြုချိန်မှာ စက်ပျက်သွားတာကြောင့် ပြန်အစားထိုးရမယ့် ပစ္စည်းကလည်း မဝယ်နိုင်ကြတာ ဆယ်နှစ် နီးပါး ရှိလာခဲ့ပါပြီ။
"အဲဒီနုန်းစုပ်စက်ကြီးကိုလည်း ပြင်မရ၊ သုံးမရနဲ့ ဒီအတိုင်းပဲ ထားရတာပဲ။ ဆည်မြောင်းမှာရှိတဲ့ နုန်းဆည်တဲ့စက်တွေကလည်း ၁၉၉၂ ခုနှစ်က ထုတ်ထားတဲ့ စက် ၃ လုံးလားရှိတာ။ ဒီတော့ လမ်းသွားလမ်းလာလို့ရအောင် နုန်းဖယ်ရုံပဲ လုပ်လို့ရတယ်"လို့ ရှမ်းပြည်နယ်တောင်ပိုင်းကဆည်မြောင်းအငြိမ်းစား ဝန်ထမ်းက ပြောပါတယ်။
စစ်ကော်မရှင်ရဲ့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းကလည်း "ရှိတဲ့စက်နဲ့ နုန်းဆယ်တာကတော့ ရေတို ဖြေရှင်းနည်းတစ်ခုပါပဲ။ ရေရှည်အတွက်ဆို နိုင်ငံတော်အဆင့် နှစ်ရှည်စီမံကိန်းတွေနဲ့ လုပ်မှ အဆင်ပြေမှာ"လို့ မှတ်ချက်ပေးပါတယ်။
တကယ်တမ်း အင်းလေးကန်မှာ ရှိနေတဲ့နုန်းတွေကို ထိထိရောက်ရောက် ဆယ်ယူဖို့ဆိုရင်တော့ နုန်းစုပ်စက်ပေါင်း ရာနဲ့ချီ လိုအပ်တယ်လို့ ပြောပါတယ်။
နုန်းတွေများပြီး အင်းလေးကန်ဘောင် ကျယ်လာတဲ့အတွက် ကျွန်းမျောစိုက်ခင်းလို့ ခေါ်ကြတဲ့ ခရမ်းချဥ်သီး စိုက်ခင်းတွေကလည်း ရေနက်တဲ့နေရာကို တိုးစိုက်လာကြပါတယ်။
စိုက်တဲ့ဧကတွေကလည်း အရင်ကထက် များလာတာကြောင့်လည်း စက်လှေသွားလာဖို့ လမ်းကြောင်းတွေ ကျဉ်းလာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ပျက်စီးမှုဆီ ဦးတည်လာတဲ့ ကန်ရဲ့အပြောင်းအလဲတွေကြောင့် အင်းလေးကန်ရဲ့ လက်ရှိအခြေအနေဟာ အရေးတကြီး ထိန်းသိမ်းဖို့ လိုအပ်နေပြီး ဒီအတိုင်း ဆက်သွားရင်တော့ နောင် နှစ်ပေါင်း ၅၀ လောက်မှာ တိမ်ကောသွားနိုင်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကျွမ်းကျင်သူ ဦးအောင်ဆက်က ပြောပါတယ်။
အင်းလေးကန်ကို ထိန်းသိမ်းနေကြပေမဲ့
အင်းလေးကန်ဟာ ၂၀၀၃ ခုနှစ်မှာ အာဆီယံအမွေအနှစ်လို့ သတ်မှတ်ခံထားရရုံမက မြန်မာနိုင်ငံရဲ့ ပထမဆုံး လူသားနဲ့ ဇီဝအဝန်းနယ်မြေအဖြစ် ယူနက်စကိုက ၂၀၁၅ မှာ အတည်ပြုခဲ့ပါတယ်။
ဒါ့အပြင် ၂၀၁၈ ခုနှစ်မှာ ရမ်ဆာရေဝပ်ဒေသ၊ ၂၀၂၀ ပြည့်နှစ်မှာ အရှေ့အာရှ - ဩစတြေးလျ ငှက်ပျံသန်းရာ လမ်းကြောင်းအဖြစ်လည်း သတ်မှတ်ခံထားရတဲ့ သဘာဝအမွေအနှစ်ဒေသတစ်ခုပါ။
သစ်တောပြုန်းတီးတာ၊ စိုက်ခင်းတွေ တိုးချဲ့လာတာကြောင့် တဖြည်းဖြည်းနဲ့ ထိခိုက်လာတဲ့ အင်းလေးကန် ပြန်ထိန်းသိမ်းဖို့ သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ်ကစပြီး တစ်နှစ်ကို ရန်ပုံငွေ သိန်း ၇၀၀ ချပေးခဲ့ပါတယ်။
"၁၀ နှစ်ကြာတဲ့အထိလည်း ဒီနှုန်းထားအတိုင်းပဲ၊ ရန်ပုံငွေက ပုံသေဆိုပေမဲ့ ကုန်ဈေးနုန်းက မတူတော့ဘူးလေ။ အင်းထဲက နှုန်းတွေကို ဆယ်ပြီး ကန်နဲ့ဝေးတဲ့နေရာကို သွားပစ်ဖို့က ဆီဖိုးမတတ်နိုင်တော့ ကန်ဘေးမှာပဲ နေရာသတ်မှတ်ပြီး နုန်းတွေ ပြန်ချထားရတာ"လို့ အငြိမ်းစား ဆည်မြောင်းဝန်ထမ်းက ပြောပါတယ်။
မိုးများပြီး ရေတက်လာတဲ့အခါ အဲဒီနုန်းတွေက ရေစီးနဲ့ ပြန်ပါသွားတဲ့အတွက် လုပ်နေပေမဲ့လည်း ထူးမခြားနား ဖြစ်နေကြတာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွေမှာ နှစ်တို၊ နှစ်ရှည် စီမံကိန်းတွေ ရေးဆွဲခဲ့ကြပါတယ်။
နော်ဝေအစိုးရကလည်း ၂၀၁၂ ကနေစပြီး အင်းလေးကန် ထိန်းသိမ်းရေးမှာ ပံ့ပိုးခဲ့ပါတယ်။
အရပ်သား အစိုးရလက်ထက် ၂၀၁၈ ခုနှစ်မှာဆိုရင် အင်းလေးကန် ထိန်းသိမ်းရေးအတွက် ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) နဲ့ နော်ဝေသံရုံးတို့ ပူးပေါင်းပြီး ရန်ပုံငွေပံ့ပိုးမှုအတွက် သဘောတူညီခဲ့ကြပါတယ်။
ဒါပေမဲ့ အခုချိန်အထိ ပူးပေါင်းလုပ်ဆောင်မှုတွေ ဆက်ရှိနေလားဆိုတာ မသိရတော့တဲ့အတွက် UNDP ကိုလည်း အီးမေးနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။
အင်းလေးကန် ထိန်းသိမ်းးဖို့အတွက် အင်းလေးကန်ရေဝေရေလဲ ဧရိယာထဲက သစ်တောတွေ ပြန်ထိန်းသိမ်းဖို့၊ ချဲ့ထွင်ထားတဲ့ စိုက်ပျိုးမြေတွေကို ပြန်စိစစ်ဖို့၊ အင်းထဲမှာ ထပ်တိုးလာတဲ့ ကျွန်းမျောစိုက်ခင်းတွေကို ပြန်ထိန်းချုပ်ဖို့လို ကိစ္စတွေလုပ်နိုင်မှသာ အင်းလေးကန် မတိမ်ကောအောင် ထိန်းသိမ်းနိုင်မှာ ဖြစ်တယ်လို့ ပြောကြပါတယ်။
ဒါပေမဲ့ ဒီလုပ်ငန်းစဉ်တွေဟာ အင်းလေးကန်ထိန်းသိမ်းရေး အရပ်ဖက် အဖွဲ့အစည်းတွေ၊ ဒေသခံတွေ၊ ပြည်နယ် အစိုးရအဖွဲ့ အင်အားနဲ့ မတတ်နိုင်ဘဲ နိုင်ငံအဆင့် စီမံဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တွေက ဆော်သြနေပါတယ်။